Thursday, October 17, 2013

မ-က-ဒတရဲ့ လားရာဟာ အပစ်အခတ်ရပ်စဲရေးပြီးသွားရင် ဘယ်အရပ်ဖြစ်မလဲ

17 October 2013 at 13:12
မ-က-ဒ-တ ခေါ်တဲ့ အေဘီအက်စ်ဒီအက်ဖ် အကြောင်းကို မပြောခင်မှာ.... ဗ-က-သ ခေါ်တဲ့ အေဘီအက်ဖ်အက်စ်ယူ အကြောင်းကို အရင် ပြောရပါလိမ့်မယ်...
ဘာလို့လဲ ဆိုတော့... မိခင်အဖွဲ့အစည်းမို့လို့ပါ...

ကိုလိုနီ လက်အောက်က လွတ်မြောက်ရေးတိုက်ပွဲတွေကို ဦးဆောင်ခဲ့တာ... ခေတ်ပညာတတ် လူငယ်ကျောင်းသားတွေ ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး... ထို့အတူ... စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ တပ်ဦးဟာ ကျောင်းသားတွေပဲဖြစ်ခဲ့ကြတာပါ...

ကိုလိုနီ လက်ထက်မှာတောင် တရားဝင်တည်ရှိခဲ့တဲ့ ကျောင်းသား သမဂ္ဂတွေဟာ... နေ၀င်းရဲ့ တော်လှန်ရေးကောင်စီ လက်ထက်မှာ သမဂ္ဂအဆောက်အဦးကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ အတူ  နှစ်ပေါင်း အစိတ်နီးပါး ပျောက်ကွယ်လုမတတ် အင်အားချိနဲ့သွားရတာကို
အားလုံးသိကြမှာပါ...
သို့သော်လည်း ၁၉၆၂ ခုနှစ်ကနေ မြေပေါ်က ကွယ်ပျောက်ခဲ့ရတဲ့ ဗကသ-ဟာ အချိန်ကာလ အခွင့်အရေး ရတိုင်း ပြန်လည်ဖွဲ့စည်းပြီး စစ်အာရှင်စနစ်ကို မြေအောက်လှုပ်ရှားမှုအသွင်နဲ့ တိုက်ပွဲဝင်ခဲ့တာပါ... ဒါတွေကို ဦးသန့် အရေးတော်ပုံနဲ့ မှိုင်းရာပြည့် အရေးတော်ပုံတွေမှာ အထင်အရှား မြင်တွေ့နိုင်ပါတယ်...

စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း အစိတ်ကျော် နင်းပြားဖြစ်ပြီးတဲ့အခါ... ၁၃၅၀ ပြည့် အရေးတော်ပုံကြီးလို့ ခေါ်ဆိုရမယ့်   ၈-၈-၈၈ အရေးတော်ပုံကြီးမှာ... ဗကသ-ကိုအားကောင်းစွာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တယ်... သို့သော်လည်း ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက် စစ်တပ်အာဏာသိမ်းမှုအပြီးမှာ... ဗကသ-ချီတက်ရမယ့် လမ်းကြောင်းဟာ.... လမ်းသုံးသွံယ် ဖြစ်သွားခဲ့တယ်...

ဥပဒေဘောင်အတွင်းကနေ တရားဝင် ရပ်တည်ခွင့်နဲ့ မိုးသီးဇွန်-ဦးဆောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ.... မြေအောက်လှုပ်ရှားမှုအနေနဲ့ မင်းကိုနိုင်ဦးဆောင်တဲ့ ဗကသ နဲ့... ကျန်တဲ့ ကျောင်းသားရဲဘော်တွေ ဦးဆောင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်မှာ မ-က-ဒ-တ -ဆိုပြီး အသွင် ၃ ခုနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေကို ဆင်နွဲခဲ့ကြပါတယ်...

အမည်နဲ့ လမ်းကြောင်းတွေ ကွဲပြားကြသော်လည်း... သည်အဖွဲ့အစည်း ၃ ရပ်စလုံးဟာ အနှစ်သာရအားဖြင့် ဗကသ-သာ ဖြစ်တယ်ဆိုတာ... အားလုံး သိကြပါတယ်...

သည်နေရာမှာ ပြောစရာရှိတာက... ရန်သူ စစ်အုပ်စုဟာ သည် အဖွဲ့အစည်း ၃ ရပ်စလုံးကို အဖွဲ့အစည်း တခုတည်းအဖြစ်သာ တလျှောက်လုံးသဘော ထားခဲ့တာပါ... ဒါကြောင့်လည်း ဥပဒေဘောင်အတွင်းကနေ ရွေးကောက်ပွဲ-လမ်းကြောင်းကို တက်ဖို့ ကြိုးစားတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာလည်း ဥပဒေဘောင်အတွင်းမှာ ဆက်လက် ရပ်တည်ဖို့ အကျပ်အတည်း ဖြစ်ခဲ့ရတာကြောင့် ဥက္ကဌဖြစ်သူ မိုးသီးဇွန်ုကိုယ်တိုင်... လွတ်မြောက်နေမြေကို ထွက်ခွာလာခဲ့ရပြီး... မ-က-ဒ-တ ရဲ့ စည်းရုံးရေးအောက်မှာပဲ ဥက္ကဌအဖြစ် တာဝန် ယူခဲ့ရတာပါ... ထို့အတူ မြေပေါ်မှာ ကျန်နေရစ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်တွေဟာလည်း မြင့်ဇော်နဲ့ အောင်မိုးဇော်ရဲ့ ဦးဆောင်မှုအောက်မှာ... လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အလံတော်ကို လွတ်မြောက်နယ်မြေရှိရာ မာနယ်ပလော ဌာနချုပ်မှာ ပြောင်းရွှေ့စိုက်ယူခဲ့ရတာပါ...

မင်းကိုနိုင်ဦးဆောင်တဲ့ မူရင်း ဗ-က-သ အဖွဲဝင်တွေကတော့ မြေအောက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်း ရန်သူ့ရဲ့ အဖမ်းအဆီးအနှိပ်အစက်နဲ့ ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြရပါတယ်...

မူလက ဗ-က-သ အဖွဲ့အ၀င်အချို့ ပါဝင် ဦးဆောင်ခဲ့တဲ့ မ-က-ဒ-တ သည်လည်း မူရင်း ဗကသ-ခွပ်ဒေါင်း အလံကို လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုရှိရာ လွတ်မြောက်နယ်မြေမှာ စိုက်ထူခဲ့ပါတယ်...

သို့သော်လည်း မ-က-ဒ-တ မှာ စတင်ဖွဲ့စည်းစဉ်မှာကတည်းကိုက အကျပ်အတည်းများ ရှိခဲ့ပါတယ်... ရိက္ခာ အခက်အခဲ... ဆေးကုသမှုအခက်အခဲ... စသည်တို့ဟာ အကြီးမားဆုံး အခက်အခဲများပါပဲ... မ-က-ဒ-တ တပ်ဖွဲ့ဝင်များ တည်ရှိရာ မဟာမိတ် ဒေသခံ အဖွဲ့အစည်းများက သည် အခက်အခဲများကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြသော်လည်း... ရေရှည် ရပ်တည်ရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့လိုအပ်နေခဲ့ပါတယ်.... သို့သော်လည်း လက်တွေ့အခြေအနေမှာ ကိုယ်ပိုင် နယ်မြေနဲ့ ကိုယ်ပိုင် အခြေခံဒေသ မရှိတဲ့ မ-က-ဒ-တ ဟာ အဲန်ဂျီအိုပေါင်းစုံရဲ့ ထောက်ပံ့မှုနဲ့ အသက်ဆက် ရှင်သန်နေခဲ့ကြရတာ လက်တွေ့ပါပဲ...

လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုကို ဆင်နွှဲတဲ့ မ-က-ဒ-တအတွက် အကြီးမားဆုံး အခက်အခဲကတော့ လက်နက်ခဲယမ်း မီးကျောက်ပါပဲ... စခန်းတချို့ဟာ ကိုယ့်ဒူးကိုယ်ချွန် လက်နက် တချို့ကို ကိုယ့်ဘာသာ ၀ယ်ဖို့ ကြိုးစားခဲ့ကြသော်လည်း လက်တွေ့မှာ... ဒေသခံ မဟာမိတ်ရဲ့ လက်နက်တပ်ဆင်မှုကသာ အများဆုံးဖြစ်ပါတယ်...

သည်အခါမှာ မ-က-ဒ-တရဲ့ တချို့ ဆောင်ရွက် လှုပ်ရှားမှုတွေမှာ အကန့်အသတ်ဆိုတာ ရှိလာတော့တာပါပဲ...
ဒေသခံ မဟာမိတ်နဲ့ သဘောတရာရေးဆိုင်ရာ... ပေါ်လစီရေးရာ အတိုက်အခံ ရှိလာတဲ့အခါ... မ-က-ဒ-တ ဟာ  အဲ့သည် အခြေခံဒေသမှာ ဆက်လက် ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ... သည်လိုနဲ့ မ-က-ဒ-တ ဟာ နိုင်ငံရေးအရ အကျပ်အတည်းတွေ ရှိလာခဲ့တာ အထင်အရှားပါပဲ...

ပြန်စဉ်းစားကြည့်ဖို့ကတော့ မ-က-ဒ-တ ရဲ့ လွှင့်တင်ထားတဲ့ အလံ ၄ လက်အထဲက တလက်ဟာ စစ်အာဏာရှင်စနစ် အပြီးသပ်ချုပ်ငြိမ်းရေးဖြစ်ပြီး... သည် အလံဟာ... မ-က-ဒ-တ အနေနဲ့ ဘယ်အချိန်အခါမှ အလုံတိုင်ကနေ ချလို့ မရတဲ့ အလံပါပဲ...  နောက်တလက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပါပဲ... ဒါကို နောက် အလံ ၂ လက်ဖြစ်တဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး-ဆိုတဲ့ အလံ နှစ်လက်ကို မလွှင့်တင်နိုင်ပဲနဲ့ မဖြစ်ပါဘူး...

ခုလက်ရှိ ကြုံနေရတဲ့ မ-က-ဒ-တ ရဲ့ အခက်အခဲတွေကို မ-က-ဒ-တ တပ်ဖွဲ့ဝင် ဖြစ်ဖူးသူတိုင်း ကြုံတွေ့ခံစား သိနားလည်ထားကြပြီးသားပါ... ဒါတွေဟာ ကျနော်တို့ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ကြုံတွေ့ ခံစားလာခဲ့ကြရတာတွေပါ... ခုမှ အထူးအဆန်းတွေ မဟုတ်ဘူး...

သို့သော်လည်း မ-က-ဒ-တ ရဲ့ လားရာကို မော်တော်ကား အစီး (၆၀)နဲ့ ဦးတည်ရာ ပြောင်းသွားမှာမျိုးကိုတော့ ကျနော်တို့အားလုံး မလိုလား မလိုချင်ကြပါ... မ-က-ဒ-တမှာ အကျပ်အတည်းတွေ ရှိတာကို ကျနော်တို့ အားလုံး သိပါတယ်... တခု ကျနော်တို့ ၀န်ခံရမှာက... ရန်သူဟာ စစ်ရေးအရ မ-က-ဒ-တရဲ့ ဖိအားပေးမှုကို မခံရပါဘူး... ရန်သူဟာ မ-က-ဒ-တ ကြောင့်သာ နိုင်ငံရေးအရ ဖိအားပေးခံရတယ်... ဒါကြောင့်လည်း အပစ်အခတ်ရပ်စဲရေး-ဆိုတာမျိုးနဲ့ နိုင်ငံရေး အပေါ်စီး လက်ဦးမှု ယူတာပါ... ဒါဟာ politically initiative strategic move ပဲ...

ရန်သူဟာ... ၀-သ-ပ ကို လောလောဆယ်ဆယ် မထိရဲဘူး... သူထိရဲ့တာ ကချင်၊ တအောင်းနဲ့ ရှမ်းပဲ... ကရင်နဲ့ မွန်ဟာ လက်တွေ့မှာ ရန်သူ့လက်ခုပ်ထဲက ရေသက်သက်ပဲ... ဆောင်းထဲလှောင်ထားတဲ့ ကြက်ပဲ... ခက်တာက မ-က-ဒ-တ ဟာ ကိုယ်ပိုင် အခြေခံဒေသမရှိပဲ ရပ်တည်ခဲ့ရတဲ့ အခက်အခဲကို ကနေ့အထိ မကျော်လွှားနိုင်လို့ပဲ... ကိုယ်ပိုင် အခြေခံဒေသတွေ ဖွင့်နိုင်အောင် မ-က-ဒ-တ အလုပ်အဖွဲ့တွေနဲ့ အလယ်ပိုင်း တောင်ပိုင်းတွေမှာ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု မရခဲ့ဘူး...

ကျနော့် တဦးချင်းအနေနဲ့ မြင်တာကတော့ မ-က-ဒ-တ ဟာ သူ့လက်ရှိ အထွေထွေ အခက်အခဲတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ... ဆွမ်းခံရင်း ငှက်သင့်တာပါပဲ...  ကျိမ်းသေတာ တခုကတော့ စစ်အာဏာရှင် စနစ်ကို အပြီးသပ်ချုပ်ငြိမ်းဖို့ မပြောနဲ့ မ-က-ဒ-တ အပြီးသပ် မချုပ်ငြိမ်းသွားအောင် နောက်ဆုံး ထွက်ပေါက်တခုကို ဦးတည်နေတာလို့ပဲ မြင်ပါတယ်... သည်အပေါ်မှာတော့ ကန့်ကွက်မှာ မဟုတ်ပါ... ဘာလို့ဆိုတော့ သည်အခြေအနေကို မ-က-ဒ-တရဲ့ လက်ရှိ ဗဟိုကော်မတီက ဘယ်လိုမှ မကျော်ဖြတ်နိုင်ဘူး-ဆိုတာ သိနေလို့ပါ... သို့သော်လည်း ဗဟိုကော်မတီရဲ့ ယခု လက်ရှိ ဆုံးဖြတ်ချက်ကိုတော့ မထောက်ခံနိုင်ပါဘူး...

မ-က-ဒတရဲ့ လားရာဟာ အပစ်အခတ်ရပ်စဲရေးပြီးသွားရင် ဘယ်အရပ်ဖြစ်မလဲဆိုတာ... ကျနော်တို့ အားလုံး စိုးရိမ်စွာ  စောင့်ကြည့်နေကြပါတယ်... မ-က-ဒ-တ ရဲ့ အနာဂတ်ရေးဟာ ကျနော်တို့ အားလုံးရဲ့ အရေးလည်း ဖြစ်တယ်လို့ ခံယူထားလို့ပါ...

(အောင်သာငယ်)

No comments: