Sunday, October 20, 2013

ငှက်တို့ ရဲ့ သမိုင်း


*****************

အားကောင်းမောင်းသန်
အမြင့်ဆုံးကို ပျံနိုင်ဖို့ 
အတောင်ပံတစ်စုံ သူ့ မှာရှိတယ်။

နေကို
စူးစူးရဲရဲကြည့်နိုင်လောက်အောင်
တောက်ပတဲ့ မျက်လုံးက
သားကောင်ကို ရှာဖွေရာမှာ အသုံးကျတယ်။

ချွန်မြမြ အစွယ်တစ်ချောင်းလို
ဖြောင်းခနဲ ရိုက်ချိုး
အဆီးအတားကို ထိုးဖောက်
သူ့ နှုတ်သီးဟာ
အရာရောက်တယ်

ကုပ်မိသမျှ
သားကောင်ကို ဆုတ်ဖြဲစေတဲ့
ခြေသည်းတွေက ဓားထက်ထက်လို ပြတ်ရှတယ်။

မုန်းတိုင်းကို မကြောက်တဲ့ငှက်
တိမ်ထက်မှာ လှိုင်းစီး
အတောင်ပံကို လျှော့ပြီး
အလိုက်သင့် ပျံနိုင်တယ်

အဲဒီငှက်ဟာ....နှစ်ပေါင်းလေးဆယ်လည်း ကြာရော....

အမွေးအတောင်တွေ ရှည်လျား
လိုရာကိုသွက်သွက်ပျံဖို့ ခက်လာတယ်

နှုတ်သီးဟာ
ရှည်လျားကွေးကောက်
ထွင်းဖောက်နိုင်စွမ်းမဲ့သွားတယ်
ခြေသည်းတွေက
ရှည်လျားပျောင်းပျော့
ကုတ်ခြစ်နိုင်မှုလျော့သွားတယ်

ကျန်နေသေးတဲ့ သက်တမ်းသုံးဆယ်မှာ
' အစာငတ်ခံသေမလား'
'အသစ်တစ်ဖန်မွေးဖွားခြင်းဖြင့် နေမလား '

'သေမလားlနေမလား'
စဉ်းစား စဉ်စား
လင်းယုန်ငှက်များရဲ့ 
ချောက်ချားစရာ
သွေးပျက်စရာ

ကာလတစ်ခု....
ယခု ရောက်လာခဲ့ပါပြီ။

အစာရှာမရ ဖွေမရ
အငတ်ခံပြီး သေကြတဲ့လင်းယုန်တွေ...

ပျံသန်းရင်းက အတောင်ကိုရုပ်ချ
မြေကြီးပေါ်ပြုတ်ကျပြီး
အသေခံတဲ့ လင်းယုန်တွေ

သတ္တိရှိတဲ့ လင်းယုန်ငှက်တွေကျတော့
ဘဝ လွယ်လွယ်အရှုံးမခံ
ကျန်နေတဲ့ သက်တမ်းကို
'ပြောင်းလဲခြင်း'ဖြင့် လက်ကမ်းကြိုကြတယ်။

ပြောင်းလဲခြင်းမှာ
ိနာကျင်မှုနဲ့ အခက်ခဲဆိုတာ
ဝတ်ရုံတစ်ခုပါပဲ။

အဲဒီဝတ်ရုံကို ဆင်မြန်း
ရှင်သန်ခြင်းဆီပျံသန်းလို့ 
ဒုတိယ သက်တမ်းကို တံတားထိုးချင်တယ်။

သူတို့ ဟာ
အမြင့်ဆုံးတောင်ထိပ်တွေဆီ ပျံတက်
နေထိုင်ဖို့ ငှက်သိုက်တစ်ခုကို တည်ဆောက်တယ်။

အဲဒီမှာနေတုန်း
အသုံးမကျတော့တဲ့ နုတ်သီးကို
ဓားထက်ထက်နဲ့ လှီးဖြတ်သလို
ကျောက်ချပ်တွေနဲ့ ပွတ်တိုက်
ရိုက်ချိုးဖြတ်ခွာ
အနာခံဖယ်ထုတ်
အငုတ်နုနုလေးပဲ ကျန်စေတယ်။

နှုတ်သီးနုနုလေးရင့်ကျက်
နှုတ်သီးထက်ထက် အသစ်မွေးဖွားလာတယ်။

အဲဒီအခါ
ဒဏ်ရာတွေ ဗရပွ
သွေးအလိမ်းလိမ်းစီးကျအောင်
ကိုယ်ပေါ်က အမွေးတွေကို ဆွဲနုတ်ပစ်တယ်

ကုပ်အားမဲ့တဲ့ ခြေသည်းဟောင်းတွေကို ဖြတ်လှီး
ဒဏ်ရာဒဏ်ချက်တွေကိုသည်းခံ
အသိုက်ထဲမှာ ငါးလလောက်
မပျံနိုင်ပဲ နေကြရတယ်။

အဲဒီနောက်မှာတော့
လင်းယုန်တွေဟာ
အမွေးအတောင်အသစ်
နှုတ်သီး ခြေသည်းအသစ်တွေနဲ့ 
'ဒုတိယအကြိမ်မွေးဖွားခြင်း'
အဖြစ်ကို စတင်
ခောတ်တစ်ခောတ်ရဲ့ ကောင်းကင်မှာ ပျံဝဲ
မုန်တိုင်းထဲကို တိုးဝင်သွားတော့တယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

No comments: