Sunday, October 27, 2013

တပြည်လုံး အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ၂၀၀၈ သို့ဒူးထောက်ပွဲ


October 27, 2013 at 3:23am
"တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်"Nationwide Ceasefire Accord ဆိုတာဟာ ပြည်တွင်း စစ်ရဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့တိုင်းရင်းသားတန်းတူအခွင့်အရေးချို့တဲ့မှုပြဿနာနဲ့ ဒီမိုကရေစီအခွင့်အရေး ချို့တဲ့မှုပြဿနာတွေကိုရှောင်လွှဲထားတယ်။ တိုင်းရင်းသားတွေ ဆိုးသွမ်းလို့၊ စစ်သွေးဆာလို့၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းလို့၊ ပြည်ထောင်စုကိုဖြိုခွဲချင်လို့ စစ်ပွဲတွေဖြစ်ရတာလို့ဘဲ တဖက်သတ်မြင်နေပြီးပဋိပက္ခရဲ့အရင်းခံ အကြောင်းတရားကို အသိအမှတ်မပြုဘဲနဲ့ ပဋိပက္ခကို ဘယ်လိုမှဖြေရှင်းနိုင်မှာမဟုတ်ပါ။အခုတွေ့တာက တိုင်းရင်း သားတွေအနေနဲ့ သူတို့ကို 'ကြော'တာလို့ ရှုမြင်ထားတဲ့၊ အင်မတန်ရွံမုန်းလှတဲ့'ဒို့တာဝန်အရေးသုံးပါး' ('ပြည်ထောင်စု ၏အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှု နှင့် တိုင်းပြည်၏နယ်နိမိတ်တည်တံ့ခိုင်မြဲရေးတို့နှင့်ပတ်သက်သည့်တာဝန် များ') ဆိုတာကို တဖက်လှည့်နဲ့ လက်မှတ်ထိုးခိုင်းတာ ဖြစ်နေတယ်။

နှစ်ဖက်တပ်များပြန်လည်ပြောင်းရွှေ့နေရာချရေးလို့ဆိုတာ အဓိကအားဖြင့် ဗမာစစ်တပ်တွေအတွက်ဘဲ ဖြစ်ရမယ်။တိုင်းရင်းသားနယ်မြေထဲက တိုင်းရင်းသားတပ်တွေကတော့ ထပ်ဆုတ်ရရင် နယ်စပ်ကျော်ပြီး ယိုးဒယားနိုင်ငံ၊တရုတ် နိုင်ငံတွေထဲ ဝင်ဖို့ဘဲရှိတော့တယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေထဲရောက်နေတဲ့တိုင်းရင်းသားမဟုတ်တဲ့တပ်တွေ ပြန်လည်ပြောင်းရွှေ့နေ ရာချထားရေးဘဲ အဓိကဖြစ်ရမယ်။ အစိုးရဘက်က ဘာတပ်မှမရုပ်ဘဲ လက်မှတ်အရင်ထိုးခိုင်းနေတာ ယုံစရာမရှိဘူး။ ထိုးပြီးမှ တပ်ရုပ်တာ ဆွေးနွေးမယ်ဆိုတော့ အဲဒီအချိန်ကျမှ မရုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားတွေဘက်က ခံရဖို့ဘဲရှိတော့တယ်။

အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ 'ပူးတွဲအပစ်အခတ်ရပ်စဲရေးကော်မတီ' ဖွဲ့ဖို့ပြောထားပေမဲ့ အင်မတန်ယေဘုယျဆန်ပြီး လုပ်ပိုင်ခွင့်နည်းလှတာတွေ့ရတယ်။ ဒီလိုအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ထိန်းသိမ်းမှုမှာ ဘက်မလိုက်တဲ့ ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေ၊ မီဒီယာတွေမပါမဖြစ် ပါရမှာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုနဲ့ပတ်သက်လို့ကျွမ်းကျင်ပညာရှင် ဗမာပြည်မှာ မရှိပါဘူး။

အပစ်အခတ်ရပ်စဲရေးကိစ္စမှာကော်မတီတွေ မျက်စိနောက်လောက်အောင်ဖွဲ့ထားပြီး ပြည်သူတွေနဲ့ တိုင်းရင်းသားတွေ မျက်စိလည်ရှုပ်ထွေးသွားအောင်လုပ်ထားတယ်။ 'ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ'တဲ့၊ 'ပူးတွဲအပစ်အ ခတ်ရပ်စဲရေးကော်မတီ' တဲ့၊ 'ပူးတွဲငြိမ်းချမ်းရေးတည်ဆောက်မှုအကြံပေးကော်မတီ'တဲ့။ ပြီးတော့ 'လူ့အခွင့်အရေး စောင့်ကြည့်ရေးကော်မတီများ' ဆိုတာလည်းရှိသေးတယ်။ ရှင်းနေတဲ့ကိစ္စကိုရှုပ်အောင်လုပ်ဖို့ ရည်ရွယ်ထားမှန်း သိသာနေတယ်။ အားလုံးရဲ့အပေါ်မှာ 'ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ'ဆိုတဲ့လူတွေက ချုပ်ကိုင်ကစားမယ့်အကြောင်း ဗြောင်ပြောထားတယ်။

မတရားသင်းဥပဒေပယ်ဖျက်ရေးကိစ္စကိုလည်း တိတိကျကျပြောမထားဘဲ 'ပယ်ဖျက်ပေးရန် သဘောတူညီသည်' လို့ဘဲ ပြောထား တယ်။အရင်ကလည်း ဝန်ကြီး ဆိုသူက တပတ်အတွင်း ဖျက်ပေးမယ်၊ တလအတွင်း ဖျက်ပေးမယ် အမျိုးမျိုးပြောခဲ့သလိုမတရား သင်းဖျက်ပြီးသားအဖွဲ့အစည်းတွေကို အကြောင်းအမျိုးမျိုးပြ မတရားအနိုင်ကျင့်ခဲ့တာတွေ တွေ့ခဲ့ပြီးလို့ ယုံစရာမရှိပါဘူး။ ဒီကိစ္စတွေ ကို စောင့်ကြည့် ကြီးကြပ်ဖို့ လုပ်ပိုင်ခွင့်အာဏာဘယ်သူ့ကိုမှပေးထားတာ မတွေ့ရပါဘူး။

'နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ'ကျင်းပနိုင်ရန် 'ကတိပြု'ထားပြီး အချိန် ၂ လ - ၄ လ စသဖြင့် ပြောထားပေမဲ့ 'ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ' ဆိုတာနဲ့ သက်ဆိုင်ပုံလည်း မတွေ့ရ။ အချိန်သတ်မှတ်ချက်ပါတာကလွဲလို့ ဘာမှရေရာတိကျတာ မပါ။ တကယ်တော့ တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူအခွင့်အရေးတွေဟာ၂၀၀၈ အခြေခံဥပဒေနဲ့ တိုက်ရိုက်ကော သွယ်ဝိုက်ကော ပတ်သက်နေတာ ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေပါပုဒ်မ တော်တော်များများကို လုံးဝပယ်ဖျက် အစားထိုးမှရမှာဖြစ်တယ်။ ဒါကြောင့် ဒီ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဟာပင်လုံ စိတ်ဓာတ်အခြေခံတဲ့ တိုင်းပြုပြည်ပြု အမျိုးသား ညီလာခံနဲ့ ချိတ်ဆက်နေရမှာ ဖြစ်ပါတယ်။

ဒီလိုမလုပ်ဘဲဒို့တာဝန်အရေးသုံးပါး တို့၊ မင်းအောင်လှိုင်ပြောတဲ့ အခြေခံဥပဒေကို လုံးဝမပြင်စတမ်း အသေခံထိန်းသိမ်းကာကွယ် မယ့်တပ်မတော် တို့၊ တပ်မတော်မူ ၆ ချက်တို့လို ထိပ်တိုက်ရင်ဆိုင်ရေးကိုဆုပ်ကိုင်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ရင် တိုင်းပြည်ဟာ ဒုံရင်း ဒုံရင်းဘဲပြန်ရောက်ပါလိမ့်မယ်။ သိန်းစိန်-ရွှေမန်း-မင်းအောင်လှိုင်တို့က ဒါတွေကို အရင်စွန့်လွှတ်ဖို့လိုတယ်။

ဒီ"တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်" ထဲမှာ အဆိုးဆုံးကတော့သဘောတူညီချက်တွေကို လွှတ်တော် ဆိုတာကြီးကို 'တင်ပြ' ပြီး 'အတည်ပြုချက်ရယူ' သွားဖို့ဖြစ်တယ်။တနည်းအားဖြင့် တိုင်းရင်းသားအား လုံးကို ၂၀၀၈ အခြေခံ ဥပဒေအောက် ခေါင်းငုံ့ဝင်ခိုင်းတာ၊၂၀၁၀ အရပ်ဝတ်လဲ အရေခြုံစစ်အာဏာအောက် ဒူးထောက်ခိုင်းတာဘဲ ဖြစ်ပါတယ်။

(တိမ်ကြားမင်းခေါင်တင်ပြသည်)



No comments: