Thursday, October 24, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ၍သာ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

10.24.19
အောက်တိုဘာ ၂၄ ရက်က လွှတ်တော် ခန်းမဆောင်တွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားနေသည့် သူရဦးရွှေမန်း (ဓာတ်ပုံ- ကျော်ဇင်ဝင်း)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ၍သာ ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ှStreet View ဂျာနယ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးတို့နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ လှုပ်ရှားမှုများ ရှိလာပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှ ဖိအားပေးမှုများ ရှိလာပါက သုံးသပ်ထင်မြင် ယူဆချက်အား သိရှိလိုကြောင်း မေးမြန်းမှုကို နာယကက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံ၊ မိမိတို့ နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါ...


''ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးတော့ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အခါမှာ ဦးတည်ချက် သုံးရပ် ချမှတ်ခဲ့တယ်။ ဒါလည်း အားလုံးအသိ ဖြစ်မှာပါ။ ဒီဘောင်အတွင်း ကနေပြီးတော့ မိမိတို့နိုင်ငံ၊ မိမိတို့ နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။
8.1.1
အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ
ဆက်လက်၍ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တစ်ခါရေးပြီးတိုင်း တောက်လျှောက် အတည်ဖြစ်ရမည်ဟု မမှတ်ယူပါကြောင်း၊ ထို့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်၍ ဦးတည်ချက် သုံးရပ်ဖြစ်သည့် အချိန်ကာလနှင့် အခြေအနေပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားဖြစ်အောင် ရေးဆွဲမည်ဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ ဆောင်ရွက်ဖို့က ပထမအချက် ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းများအတွက် အထောက်အကူ ပြုရေးနှင့် လက်ရှိဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ နိုင်ငံတော် သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ Free and Fair (လွတ်လပ်ပြီး တရားမျှတမှု) ဖြစ်စေရန် အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ယင်းအရည်အချင်း သတ်မှတ်ချက်ကြောင့် ၂၀၁၅ တွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတနေရာအတွက် ယှဉ်ပြိုင်ရာတွင် တရားမျှတမှု ရှိပါမည်လားဟူသော သတင်းထောက် တစ်ဦး၏ မေးခွန်းကို သူရဦးရွှေမန်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်...

''ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး တပ်မတော် အပါအ၀င် ပါတီအလိုက် လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိရာ မည်သည့်အချက်များကို ပြင်သင့်၊ မပြင်သင့် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရားများနှင့် ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃)ပုဒ်မ ၅၉(စ)တွင် 'မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ' ဟု သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ ဖော်ပြထားသည်။
လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်သည်။

No comments: