Sunday, October 27, 2013

ခွေးကန်းများ ကိုက်ဆွဲနေသော အကန်းတို့ရွာ


ကျနော်နေသောရွာသည် အတော်ပင်ကြီးမာ၏၊ ကျနော်၏ရွာတွင် ပေါင်းစုံအမယ်စုံ ရှိသည်။ ကျနော်တို့ရွာတွင် မှူးချုပ်ကြီးဆိုသူက အုပ်ချုပ်ကာ မှူးကြီး၏ အစီမံဖြင့် အကန်းအဖွဲ့ကြီးတခု အုပ်ချုပ်ရေး ဌာနတခုလုံး၏အောက်တွင် စစ်တပ် ၊ရဲတပ်ဖွဲ့ ၊တရားရုံး နှင့် အုပ်ချုပ်ရေးယန္တများ အစုံလင်ရှိပြီး ပညာရေး စီးပွါးရေး မြေပေါ်ကုန်သွယ်ရေး အပြင် တရွာလုံးမသိအောင် မြေအောက်ကုန်သွယ်ရေးသည်လဲ အလွန်ထွန်းကားလေ၏။ ကျနော်တို့ရွာသည် ရွာ၏ အနောက်ဘက်မှ ကျူးကျော်လာသော သူများ၏လက်အတွင်းသို့ကျကာ ထိုကျူးလာသူတို့မှ ကျနော်တို့ရွာသူ ရွာသားများအား မည်သို့သော အကြောင်းကိစ္စနှင့်မဆို “ရာဇသတ်” ဥပဒေဟုခေါ်သော ရာဇ၀တ်မှုကျူးလွန်သောသူများအဖြင့် သတ်မှတ် အုပ်ချုပ်ခဲ့လေ၏။
ကျနော်တို့ရွာက သည်အတိုင်း ဘယ်သောအခါမှ ငုံ့မခံပါ ရရာလက်နက်ဖြင့် ဖြစ်ချင်ရာဖြစ် နေရာအနှံ့ သူပုန်ထကာ ထတိုက် ကြ၏။ နောက်ဆုံး အရှုံးများစွာဖြင့် ကျနော်တို့ရွာအားအုပ်ချုပ်သော အနောက်ဘက်သားများ ထွက်ခွါလက်လွှတ်ပေးသွားခဲ့ကြသည်။ ကျနော်တို့တရွာလုံး ပျော်မဆုံး ၊မော်မဆုံးဖြစ်ခဲ့ပါ၏။ ကျနော်တို့၏ ပျော်ရွှင်မှုကား ကြာမြင့်စွာမခံစားလိုက်ကြရပါ ၊ကျနော်တို့ ရွာသားထဲမှ မျက်လုံးအစုံကန်းနေသူများ ဖြစ်လင့်ကစား ၄င်းတို့မှာ သြဇာတချို့ ရှိနေလေတော့ ကျနော်တို့ ရွာအား အုပ်ချုပ်ရေးအာဏာကိုရယူကာ အုပ်ချုပ်လိုက်ကြလေသည်။
အဆိုပါ အကန်းများ တက်လာသောအခါ ကျနော်တို့ရွာသားများက အကန်းတို့အုပ်ချုပ်မှုအား ဆန့်ကျင်သူများရှိလာခဲ့ကြလေသည်။ ထိုအခါ အုပ်ချုပ်ရေး အာဏာရနေကြသော အကန်းများက ပထမဆုံး ဆန့်ကျင်သူ တော်လှန်သူများကို ဖမ်းဆီးကာ ၄င်းတို့၏ မျက်လုံးများအား ပုံစံမျိုးစုံဖြင့် မျက်လုံးအစုံပေါင်းများစွာအား အပြီးပိုင် ထိုးဖေါက်ပြကာဆက်လက်အုပ်ချုပ်လေသည်။ ထိုအုပ်ချုပ်ရေးစနစ်သည် မည်သည့်နေရာတွင်မှ မရှိသော အုပ်ချုပ်ရေးစနစ်တခုအဖြင့် ဇဗ္ဗူလက်ယာ တောင်ကျွန်းတွင် အထူးထင်ရှားသောအုပ်ချုပ်ရေး စနစ်ဖြစ်လေ၏။ အုပ်ချုပ်ရေး၏ သမိုင်းတွင် အမည်နာမမှာ”( ပါးစပ်သတ်)” အုပ်ချုပ်ရေးဟု အမည်တွင်လေသည်။
ယခု ရေးဆွဲပြဌာန်းသော ဥပဒေထက်ပင် အစွမ်းထက်မြက်သော ပါးစပ်ဖြင့် အမိန့်ပေးစေခိုင်း မောင်းနှင်သော အုပ်ချုပ်ရေးတခုဖြစ်သည်။ ကျနော်တို့ရွာ၏ သမိုင်းအား အသေခြာလေ့လာပါသော် ရွာ၏ စတင်ဖြစ်ပေါ်မှုမှ ယခုအချိန်ထိ အုပ်ချုပ်ရေးစနစ် (၂)မျိုးသာ ထွန်းကားကြောင်းတွေ့နိုင်သည်။
(၁) ၇ာဇသတ်ဖြင့် အုပ်ချုပ်သော ရာဇ၀တ်မှုပုဒ်ထီးပုဒ်မဖြင့် စီရင်အုပ်ချုပ်သောစနစ်
(၂) ပါးစပ်ဖြင့်ပြောဆို အမိန့်ပေး ညွန်ကြားသော ပါးစပ်သပ် အုပ်ချုပ်ရေးစနစ် ဖြစ်ပါသည်။
ကျနော်တို့ရွာက ရွာသားများ၏ ဇွဲကလည်းမခေပါ၊ မျက်လုံးများ အလုံးစုံ ဖေါက်ခံထားကြရလင့်ကစား မိမိတို့၏မှီရာမိရာများဖြင့်ဆက်လက်တော်လှန်ကြပြန်လေသည်။ ထိုအခါ အုပ်ချုပ်သူ အကန်းကြီးများ က မျက်စေ့ကန်းနေသော ခွေးများအကြီးအကျယ်မွေးမြူကာ ကျနော်တို့နှင့် ထိပ်တိုက် ရှူးတိုက် ကိုက်ခိုင်းကာ အနိုင်ကျင့်အုပ်ချုပ်ရေးယန္တယားထွင်လာခဲ့လေသည်။
ကျနော်တို့ရွာတွင် အုပ်ချုပ်သူအကန်းကြီးများ မွေးမြူထားသော ခွေးများတွင် အမျိုးစား(၄)မျိုးရှိလေ၏။
(၁) အနံ့ကြောင့် အကောင်းအဆိုးမသိပဲ ဟောင်သောခွေး
(၂) အာရုံကြောင့် ရန်သူမိတ်ဆွေ မခွဲခြားပဲဟောင်သောကိုက်သောခွေး
(၃) အမိန့်တစုံတခု၏ အသံကြောင့် အမှားအမှန် မခွဲခြားပဲ ကိုက်သောခွေး
(၄) ဘာမှမသိပဲ ရှိရှိသမျှ ကြားကြားသမျှ တို့အား ဟောင်သော ကိုက်သော ခွေး တို့ဖြစ်ကြ၏။
ယခု ခွေးစိမ်းခွေမဲများက သောင်းကျန်းနေသနည်းဟုမေးလျှင် လူစည်ကားသော အရပ်မှ ရွာ၏ လူနေကျဲကျဲဖြစ်သော လျှိုချောင်များပါမကျန် မျက်ကန်းခွေးများကြက်ပျံမကျ များပြားစွာ လှည့်လည်ကြက်စားကြသည်။
ရွာသူ ရွာသားများအဖို့ကလည်း မျက်ကန်းခွေးများ အား ရှောင်ရင်းတိမ်းရင်းဖြင့် စမ်းစမ်း သွားလာကြ၇သည်။ အခန့်မသင့်ပါက မျက်ကန်းခွေးများ ၀င်တိုက်ခြင်းခံရပြီး ခွေးကန်းများ၏ ကိုက်ဆွဲဝါုခြင်းများလည်း ခံကြရသည်။ ကျနော်တို့ရွာတွင် ခွေးကိုက်ခံရသောသူ ခွေးကိုက်ခြင်း မခံရဘူးသေးသောသူ မရှိသလောက်ရှားပါးသော ရွာဖြစ်နေပါသည်။ ယခုလက်ပံတောင်း စစ်ကိုင်းတိုင်းဟု ခေါ်သော မြန်မာပြည်အလယ်ခေါင်တည့်တည့်မှ အရပ်လေးမျက်နှာ တိုင်းပြည်တနှံတလျား ရပ်သူရပ်သားများအားလုံးတို့သည် ကူညီပါရစေဆိုသည့် ခွေးကန်းများ နေ့စဉ်နှင့် အမျှ သခင်အားရအောင် ၀င်ရောက်ကိုက်ဆွဲနေပါကြောင်း…………………
ကျေးဇူးတင်ပါသည် (ဂိုလ်ရှယ်လေး)

No comments: