Thursday, October 24, 2013

ပြည်ခိုင်ဖြိုး ပါတ်ီသည် ဒီမိုကရေစီ စံနှုန်းနှင့်အညီ ကျင့်သုံးနေသည့် ပါတီဖြစ်ပြီး မည်သည့် ပါတီနှင့်မဆို တိုင်းတာရဲကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား



Created on Thursday, 24 October 2013 23:52

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒီမိုကရေစီ စံနှုန်းနှင့်အညီ ကျင့်သုံးနေသည့် ပါတီဖြစ်ပြီး မည်သည့်ပါတီနှင့်မဆို တိုင်းတာရဲကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းသည့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဖော်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေး အောက်တွင် ပြည်ခိုင်ဖြိုး ပါတီဝင်များ လိုက်ပါပြောင်းလဲ ပါသလားဟု မေးမြန်းမှုအား နာယကက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရေးဆွဲသည့် နေရာနှင့်ပါတီစုံ ဒီမိုကရေစီ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်တဲ့နေရာ၌ ပါဝင်ခဲ့ကြောင်း၊ ထိုသို့ပါဝင်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ပါတီအား ဝေဖန်ပုတ်ခတ်မှုများ အများကြီးရှိမှာ ဖြစ်ကြောင်း၊ ယင်းသို့ ဝေဖန်မှုသည်လည်း သဘာဝကျပြီး ပါတီဝင်များက ခံယူရမှာ ဖြစ်ပါကြောင်း၊ မိမိတို့နှင့်မဆိုင် မိမိတို့လုပ်တာ မဟုတ်ဘူးဟု ပြော၍မရကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ထိုသို့မိမိတို့နှင့် ဆိုင်သည်ဟု ခံယူပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုသည့် အခါ၌လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ပါပါသလား ဆိုပါက ပါပါတယ်ဟု ပြောရမည် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ဖြစ်ရန် ပြီးခဲ့သည့် အစိုးရလက်ထက်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့်အတူ ဖော်ဆောင်ခဲ့သည်မှာ ယနေ့ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း၊ ပါတီတွင်း၌ ယခင်က ဗဟိုဦးစီးစနစ် မည်သို့ပင် ချမှတ်ချမှတ် လက်ရှိတွင် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ကျင့်သုံးရန် မိမိအနေနဲ့ တွန်းအားပေးထားပြီး မဖြစ်မနေ ဆောင်ရွက်ထားကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

''ဒီနေ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ မည်မျှလောက်အထိ ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးနေတယ် ဆိုတာကို လာရောက်လေ့လာ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်သည် ဗဟိုအလုပ် အမှုဆောင် ကော်မတီရဲ့အဆုံးအဖြတ်ပဲ။ ဦးရွှေမန်းရဲ့ အမိန့်မဟုတ်ဘူး။ ညွှန်ကြားချက် မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဦးရွှေမန်းသည် မိမိတို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေကို ဗဟိုအလုပ် အမှုဆောင် ကော်မတီမှာ တင်ပြတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးတယ်။ အဲဒီကရလိုက်တဲ့ အဖြေသည် ဆုံးဖြတ်ချက်သည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် လက်ရှိအခြေအနေ ပြောရဲတယ်။ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ် မိမိတို့ပါတီရဲ့ ဒီမိုကရေစီကျင့်စဉ်၊ ဘယ်ပါတီနဲ့ပဲဖြစ်ဖြစ် တိုင်းတာရဲတယ်'' ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

သို့ဖြစ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဒီမိုကရေစီ ကျင့်စဉ်နှင့် ဆောင်ရွက်နေပြီး ပါတီဝင်များကိုလည်း ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ခေတ်တွင် ပြည်သူများနှင့် ဆက်သွယ်ဆက်ဆံ ဆောင်ရွက်တဲ့ အခါတွင် ဒီမိုကရေစီ ကျင့်စဉ်နည်းလမ်းများ ဆောင်ရွက်ရေး၊ မိမိတို့၏ အပြုအမူကြောင့် ပါတီအပေါ် အထင်အမြင် လွဲတာမျိုး မရှိစေရေးတို့ကို မဖြစ်ပေါ်စေရေး မှာကြားထားကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ပါတီထဲမှာ ဘာပြောထားလဲဆိုရင် အများစုရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာ။ အနည်းစုရဲ့ ဆန္ဒကိုလည်း အများစုက လေးစား။ ဆုံးဖြတ်တုန်းက မဲပေးတုန်းက ကျုပ်တို့က မထောက်ခံဘူး။ ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘူး လုပ်လို့မရဘူး။ အများစုရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက လိုက်နာရမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လာလှည့်ပါ။ ကြည့်ပါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဘာများလုပ်နေသလဲ။ လာကြည့်ပါ။ မေးကြည့်ပါ။ သက်ဆိုင်ရာ ပါတီဝင်များနဲ့လည်း ဆွေးနွေးကြည့်ပါ။ တကယ်လို့ အဲဒီအတိုင်း မဟုတ်ဘူး ဆိုလို့ရှိရင်တော့ သူတို့တွေဟာ ဖောက်ပြန်တဲ့ သူတွေပဲ ဖြစ်ရမယ်။ ဖောက်ပြန်တဲ့ သူတွေလည်း ဒီမိုကရေစီ ကျင့်စဉ်အရ ဒီမိုကရေစီ နည်းလမ်းနဲ့အတူ သူ့လမ်းသူသွားရမှာ။ ပါတီကတော့ ပြောမယ်ဆိုရင် ပါတီစုံ ဒီမိုကရေစီမှာ တို့ပါတီသည် ဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံပြီး ဆောင်ရွက်နေတယ်'' ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆက်လက် ပြောကြားသည်။

ထိုကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်နှင့် အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်ပခရီးစဉ် တစ်ခု၌ NLD ပါတီကဲ့သို့ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည့်ပါတီမျိုး မြန်မာနိုင်ငံတွင် ရှိပါက ပြရန်နှင့် မိမိပါတီသည် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ တည်ဆောက်ထားသည့် တစ်ခုတည်းသော ပါတီဖြစ်ကြောင်း ပြောကြားထားသည်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

No comments: