(မန္တလေးကရှေ့နေလုပ်စားနေသူတဦးသို့)
အမှုတွေ ပွေလိမ်ရှုပ်လို့
အကျွနုပ်ရှေ့နေလုပ်မယ်
မဟုတ်မမှန် ဖေါက်ပြန်တဲ့အမှုဆို
ငွေထုကြီးဘယ်ကလောက်ပေးပေး
ဆွေးနွေးခွင့်မရအောင် ဝေးဝေးကရှောင်
လူ့ဘောင်မှာ ပွေလိမ်ရှုပ်တဲ့
လူယုတ်တွေကို အမှုမှန်ဖေါ်ထုတ်
လက်လုပ်လက်စား လူဆင်းရဲသားတွေ
မတရားအလှီးခံ နည်းမမှန်တာတွေကို
သီးမခံဘဲ အာရုံစိုက်
သူ့တို့အကြိုက် ရှေ့နေလိုက်မယ်။
ခေတ်မဟောသဓါ
လှစ်ဖေါ်ကာ အမှန်တရား
အစဉ်လိုက်စားမယ့်ကျနော်ပါ
မတော်သာ လာမလုပ်နဲ့
ဘာမဟုတ် ညာမဟုတ်
ပါတာတွေ အကုန်ပြုတ်လို့
လူယုတ်စာရင်းထဲ ထည့်ပေးလိုက်မယ်။
မကောင်းမှုဆိုတာ
ဆိတ်ကွယ်ရာမရှိ ဘယ်လိုဖိဖိ
ဘယ်လိုပိရိ မီးထိတဲ့ချိတ်လို
တဖိတ်ဖိတ်နဲ့ အရည်ပျော်
အမှုတော် မကွယ်ပြုန်း
ငှက်ပျောတုံးလိုပေါ်လိမ့်မနော်။
ဥပဒေအထက်
ဘယ်သူမှ ကျော်တက်လို့မရ
မင်းကအစ ပြည်သူအဆုံး
အားလုံးကတန်းတူ လှမ်းကူဖို့မကြံနဲ့
အမှန်တရားအောက်
လမ်းတလျှောက် ဖြောင့်ဖြောင့်သာသွားမှာ
မျက်နှာနှစ်မျိုး လိုက်ရိုးမရှိ
အသိမိတ်ဆွေ ဥပဒေမှာမရှိ
ကိုယ်ငြိကိုယ်ခံ မမှန်တာမလုပ်
မဟုတ်တာမကြံ လမ်းမှန်ရာနောက်
လျှောက်နိုင်ပါမှ လောကလူရွာ
အေးချမ်းပါမယ်
ရပ်ရွာအေးချမ်းရေးနဲ့
တရားဥပဒေစိုးမိုးရေးသာ
လူ့လောကရဲ့ အနှစ်သာရပါ။
ဥပဒေကိုရိုသေ
လူတကာရိုသေတဲ့
ပြည်သူ့ရှေ့နေမျိုး
ဂုဏ်မညှိုးအောင်
အကျွနုပ်ကြိုးစားလုပဆောင်ပါ့မယ်။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ- ၀၆- ၂၀၁၂
No comments:
Post a Comment