Monday, March 26, 2012

မြောက်ပိုင်း ကိစ္စ ကာယကံရှင် (၂) ယောက် .. ထိပ်တိုက် တွေ့ကြပါပြီ ... (ဒေါက်တာနိုင်အောင် ပြန်ရှင်းဖို့ အလှည့်)

by Ko Htike on Monday, March 26, 2012 at 3:50pm ·
မြောက်ပိုင်း ကိစ္စက ဘာနဲ့ တူနေသလဲဆိုတော့ .. ကြမ်းပြင်က ကော်ဇောအောက်မှာ ခဲလုံး ဝင်ပြီး ခု နေသလိုပဲ။ ခဲ ခု နေတဲ့ နေရာလေးကို ပြန့်သွားအောင် ဖြန့်ပြီး ညှိလိုက်ရင် .. ခဲလုံးက နောက်တနေရာမှာ ရှိနေတာပဲ။ မရှင်းဘဲ ထားပြန်ရင်လည်း ခိုးလိုးခုလုနဲ့ ထိုင်မရ၊ ပြုမရ။ ကော်ဇော တစ်ခုလုံး လှန်ပြီး ထုတ်ဖို့ကလည်း တအိမ်လုံး ရှိသမျှ အကုန် ဖယ်ရ၊ ရွေ့ရနဲ့ လုပ်လို့လည်း မဖြစ်။ တော်တော် ဆိုးရွားတဲ့ ခံစားချက်ပဲ နေမှာ။

အဲ .. နှိပ်စက် ညှဉ်းပမ်းပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေစဉ်မှာတော့ အဲဒီလို ဖြစ်မယ်ဆိုတာ စဉ်းစားမိမှာတော့ မဟုတ်ဘူး။ နိုင်တုန်း၊ အသာစီးရတုန်း လုပ်ချင်တိုင်းလုပ်၊ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်း၊ ယုတ်မာချင်တိုင်း ယုတ်မာနေခဲ့ကြတာ။ အခု ဒီကိစ္စနဲ့ ပက်သက်ပြီး .. ကာယကံရှင် ၂ ယောက် ထိပ်တိုက် တွေ့ကြပါပြီ။ သူတို့တွေကတော့ ...

၁။ ဒေါက်တာနိုင်အောင် (အခင်းဖြစ်ပွားစဉ်ကာလများအတွင်း ABSDF ဗဟို ဥက္ကဌ ဖြစ်ခဲ့ပြီး မြေက်ပိုင်း ကိစ္စ ရှင်းလင်းသည့်စာကို မတ်လ ၂၅ ရက် ၂၀၁၂ တွင် ထုတ်ပြန်သူ)

၂။ ကိုစိုးလင်း (မြောက်ပိုင်း ကိုယ်စားလှယ် အဖြစ် ဗဟိုညီလာခံ လာရောက်တတ်ရောက်စဉ် ဒေါက်တာနိုင်အောင့် အမိန့်ဖြင့် ဗဟိုတွင် ဖမ်းဆီးနှိပ်ဆက်ခံရသူ)

ဒေါက်တာနိုင်အောင် ပြောတာကတော့ .... "မြောက်ပိုင်း ကိစ္စနှင့် ပက်သက်၍ ကိုစိုးလင်းမှ တဆင့် ကိုနေဝင်းအောင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၄င်းတို့ ၂ ဦးမှ တပ်ဖွဲ့ဝင် အများအပြား ထပ်မံ အဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များကို အသေအချာ သတိထား စီစစ်ခဲ့ပြီး၊ ၄င်းတို့ ၂ ဦးအပေါ် မှန်ကန် မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးခဲ့ပါသည်။" တဲ့။

ဒေါက်တာနိုင်အောင်တို့ ဖမ်းတာခံရပြီး လက်ရှိ မန္တလေးမှာ နေပြီး မြန်မာ့နိုင်ငံရေးကို ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် အတူ ပူးပေါင်း လုပ်ကိုင်နေသော ကိုစိုးလင်းက .... "မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့က ကျွန်တော့်ကို ဖမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင်ရဲ့ ခွင့်ပြုချက်နဲ့ပဲ လုပ်ခဲ့ကြတာပါ။ ကိုနိုင်အောင့် ရှင်းလင်းချက်မှာ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ (ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲ ရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့လူမဟုတ်တဲ့ အကြောင်း အတန်တန် ငြင်းဆိုခဲ့ပါတယ်။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ။"

ဒီတခါတော့ ... ဒေါက်တာနိုင်အောင် ရှင်းဖို့ အလှည့် ပြန်ရောက်လာပါပြီ။ ဒေါက်တာနိုင်အောင် ရှင်းဖို့ကိုလည်း တောင်းဆိုပါတယ်။

လေးစာစွာဖြင့်
ကိုထိုက်

No comments: