|
Posted: 21 Mar 2012 11:05 PM PDT
အရှက် အသက်နှင့် ဂုဏ်သိက္ခာ
(ကဗျာရှင် နေရဲနီ)
ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ရှုံးတဲ့ဂျပန်တွေ
နာဇီတွေလိုစစ်ခုံရုံးအတင်မခံရပေမဲ့
သူတို့ရဲ့ဂုဏ်သိက္ခာကို အရောင်တင်ဘို့အတွက်
အရှက်ကို အသက်နဲ့ထပ်ခဲ့ကြတယ်။
ဘုရင့်နန်းရင်ပြင်ရှေ့မှာ
ဂျပန်စစ်ဗိုလ်ချုပ်တွေစုဝေးပြီး
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့ပြီး
ကိုယ့်ကိုယ်ကို ကိုယ်သတ်သေတဲ့ အခမ်းအနား
ကာမစ်ကာဇိုင်း ပွဲတော်ကို
စနစ်တကျ စည်းကမ်းသေဝပ်စွာနဲ့
တပျော်တပါးဆင်နွှဲ သွားကြတယ်။
တောင်ကိုးရီးယားသမ္မတဟောာင်း နိုမူဟွန်း
သမ္မတဘဝမှာ သူမသိလိုက်ရတဲ့
သားနဲ့မယား လုပ်ခဲ့တဲ့ ငွေကြေးကိစ္စ
သမ္မတသက်တမ်း ကုန်ပြီးတဲ့နောက်
တရားရုံးရဲ့အကြိမ်ကြိမ် ဆင့်ခေါ်ခြင်းကို ခံလိုက်ရတယ်။
သူလည်းအရှက်ကို အသက်နဲ့ထပ်လို့
တောင်ကုန်းတခုပေါ်ကနေ ခုန်ချပြီး
သူ့ဂုဏ်သိက္ခာကို ကာကွယ်သွားတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်
တနိုင်ငံလုံး ကြက်ဆူပင်စိုက်ခဲ့ကြသည်။
ဘာမှဖြစ်မလာ.......
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်
အတိုင်းအထွာမရှိ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့်
နိုင်ငံတဝှမ်း တည်ဆောက်ခဲ့သော
ရေကာတာနှင့် ဆည်ပေါင်းများစွာ
အရှုံးပေါ်နေ၍ ရပ်လိုက်ရသည်
ပြည်သူ့ဘဏ္ဍာတွေ အလဟဿ ဖြစ်ကုန်သည်.....
ဖားတုလို့ ခရုခုန်
အိုင်ပျက်ရုံသာ အဖတ်တင်
အရည်အချင်းပြည့်ဝသော ပညာရှင်မရှိသော်
ပိုးကြိုးသာကုန် မောင်ပုံစောင်းမတတ်
ပြည်သူ့ဘဏ္ဍာ အလဟဿဖြစ်ခဲ့ရပုံ
သူများယောင်လို့ ယောင်
အကြီးအကဲဆိုသူ တောင်မှန်းမြောက်မှန်းမသိ
နွားက နှင်တံကိုင်ပြီး သခင်ကိုနဖားကြိုးထိုးကာ ပြန်မောင်းသည့်ဇာတ်လမ်း
တပည့်အပေါင်းက ဆရာကို နွားမရွှံ့ပိတ်ရောင်းသည့်အကြောင်း
အညာဒေသ မြိုင်မြို့နယ်မှ အနုမြူဓာတ်ပေါင်းဖို
အသံကြောင့် သေရသောဖားကဲ့သို့
တိုင်းပြည် စစ်တလင်း မဖြစ်ခဲ့သည်မှာပင်
ကံကောင်းလှ၏။
အလုပ်လက်မဲ့နှင့် ငတ်ပြတ်နေသော
ပြည်သူများကို ဥပေက္ခာပြု၍
ငါသွားရမည့်အရပ်
အဝီစီဟူသည် မည်မျှနက်လေသနည်း
တမလွန်မရောက်ခင်
အာဏာရှင်ပီပီ ကြိုတင်၍သိလိုဇောနှင့်
ဒေါ်လာကုဋေ သိန်းသန်းချီအကုန်အကျခံကာ
တူးခဲ့လေသော ဥမင်လှိုင်ခေါင်းများ
ပြည်သူ့ဘဏ္ဍာ နှမြောစရာ....
တရုတ်ကုမ္ပဏီတွေရဲ့ တကောင်းတောင် နီကယ်စီမံကိန်း
စိုင်ကော်၍ ချုံပေါ်ရောက်ခြင်းမဟုတ်
အချင်းချင်းကို သစ္စာဖောက်ပြီး စင်ပေါ်ရောက်ခဲ့လေသမျှ
လက်နက်နဲ့ အာဏာမှ လွဲ၍ဘာမျှမရှိ
ကိုယ်တိုင်ကလည်း စဉ်းစားဆင်ခြင်ဥာဏ်နည်းလေသောအခါ
တိုင်းပြည်၏သယံဇာတ အဖိုးထိုက် အဖိုးတန်များ
နိုင်ငံခြားငွေအကြောင်းပြကာ
တိုင်းတပါးသို့ လက်ညှိုးထိုး၍ ရောင်းစားခဲ့သည်
စားကောင်းမှန်းသိသော ပေါက်ဖေါ်ကြီးကလည်း
ရလေလိုလေ အိုတစ္ဆေ တနိုင်ငံလုံးကို ဝါးမြိုချင်နေသည်။
တတ်သည့်နားလည်သည့်ပညာရှင်များအား
အနားသို့အကပ်မခံလေသောအခါ
ပြည်ပမှာတိုင်းတပါးဝန်ထမ်းနေကြသည်
ယိုစီးသွားသောဦးနှောက်များ
တိုင်းပြည်အတွက်နှမြောစရာ။
ဖော်လံဖား စားဖား ဟန်ဆောင်ကောင်းသည့် လောက်ကောင်တို့
ကိုယ်ကျိုးရှာ၍ ပေးသောအကြံဥာဏ်တို့ကို
အမှန်ထင်၍ လက်ခံမိလေသောအခါ
အနူမျက်မမြင် သူတောင်းစားလက်သို့ရောက်သော
ကျောက်ကောင်းပမာ
တန်ဖိုးမဖြတ်နိုင်သော တိုင်းပြည်၏သယံဇာတတို့
တပြားမျှမတန်သော အဖြစ်ရောက်ခဲ့ရသည်
ရင်ထုမနာ နှမြောဖွယ်ကောင်းလေစွ...
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့်
အပေါ်ယံရွှေမှုန့်ကြဲ အတွက်းနောက်ချေးခံ
ခုမြင် ခုပျောက် ရေထဲသဲသွန်စီမံကိန်းများ........
ခုဆောက် ခုပျက် အာမခံချက်မရှိသော လမ်းတံတားများ....
နေ့မြင်ညပျောက် အဆံမပါသောအဆောက်အဦများ...
ကင်းညှပ်ခံရသော လုံမငယ်
ကင်းဆိပ်တက်ကာ နာကျင်လွန်း၍
အော်ချင်သော်လည်း မအော်ရဲဘဲ
မျက်ရည်ဝဲကာကြိတ်မှိတ်ခံ ဘိသကဲ့သို့..
မလည်ပတ်သော် တစ်ကျပ်ရှုံး၏။
လည်ပတ်သည်ရှိသော် တစ်ရာရှုံး၏။
သို့သော်ငြားလည်း
မိမိနေရာပျောက်မည်ကိုစိုးရိမ်ရကား
အထက်ကိုကြောက်၍ အောင်မြင်ဟန်ပြကာ
မျက်ကန်းတစ္ဆေမကြောက်
ပြည်သူ့ဘဏ္ဍာအရှုံးခံ၍
လည်ပတ်ခဲ့ရသောစက်ရုံတို့သည်ကားအများအပြား...
ပြည်သူနဲ့တွေ့တော့ မီးလို
ရန်သူနဲ့တွေ့တော့ ပန်းလို
မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်အချို့အဝက်ကိုပင်
လူသိရှင်ကြား ဘင်္ဂလားသို့ပေးလိုက်ရပြီ....
နိုင်ငံတော်အကြီးအကဲ၏ တဦးတည်းဆန္ဒ
တရုပ်ကိုလက်ညှိုးထိုးရောင်းစားခဲ့သော
မြစ်ဆုံဆည်များကိစ္စ
အရင်းစစ်သော် အမြစ်မြေမှာ
ကော်မရှင်နှင့် ပွဲခမက်ပြီး ကိုယ်ကျိုးစီးပွားအတွက်
တိုင်းပြည်ကို မျက်နှာလွဲ ခဲပစ်လုပ်ခဲ့ကြောင်း
ရေငုပ်ပြီးချေးပါသကဲ့သို့
မစင်တုံးကား ထင်ထင်ရှားရှား ပေါလော ပေါ်ခဲ့လေပြီ။
ဆရာသမားဆိုတော့ သမာသမတ်ကျသည့် တပည့်တပမ်းများ
ပါးစပ်ဟရမည်မှာ ဝန်လေးနေကြသော်လည်း
နှာခေါင်းတော့ပိတ်ထားကြသည်
တဖြည်းဖြည်းနှင့် အနံ့ကထွက်လာသည်ကိုး
ဘယ်လိုမှဖုံးဖိ၍မရ.....
ပြည်သူ့အသံ မခံနိုင်၍
တို့လို့တန်းလန်းနှင့် ရပ်လိုက်ရသောမြစ်ဆုံဆည်
ပါးစပ်ထဲရောက်နေသော မစင်တုံး
ပြန်အနှိုက်ထုတ် ခံလိုက်ရသော သတ္တဝါကဲ့သို့
မခံချိမခံသာနှင့် သွားဖြဲကာမာန်ဖီရင်း
ပွဲခလက်လွှတ်လိုက်ရသောသူနှင့်
တရုပ်အစိုးရတို့ တကျော့ပြန်ကြိုးပမ်းနေကြသည်။
ခေါင်သော်မှမလုံငြား
တံစက်မြိတ်မှ မိုးယိုသည်မှာမဆန်း
နိုင်ငံတော်အကြီးအကဲ၏ တပည့်တပမ်းများ
ပြည်သူ့ဘဏ္ဍာ မတော်မတရားမြိုဆို့ထားကြသည်များ
တဖြည်းဖြည်းနှင့် ဘူးပေါ်သလိုပေါ်ခဲ့လေပြီ........
ငါ့မျက်ချေးသူမြင်လျှင်
သူ့ပါးစပ်မှ အာပုပ်ရည်ကြောင်းကိုလည်းငါပြောမည်
ညောင်မြစ်တူးသော် ပုပ်သင်ဥပေါ်လိမ့်မည်
တချိန်ကသွေးသောက်ညီအကိုတွေ
ကိုယ်လွတ်ရုန်းရမည့်အချိန်မှာ
သစ္စာဖောက်ဖို့လည်းဝန်မလေး။
တနွယ်ငင်သော် တစင်ပါလိမ့်မည်
ဘာမှမကြောက်လင့် ဟူ၍
ယခုပင်လျှင် ကြိုတင်ကာ
စိုးရိမ်ထိတ်လန့်တတ်သော မယားအား
တိုးတိုးတိတ်တိတ် ကြိတ်ကာ
အားပေးနှစ်သိမ့်နေကြပေလိမ့်မည်။
အကယ်၍သာ
ထိုအကြီးအကဲဆိုသူနှင့် တကွ
ပြည်သူ့ဘဏ္ဍာကို မတော်မတရား
လိုချင်တပ်မက်စားထားကြသည့်
တပည့်တပမ်းနောက်လိုက်နောက်ပါအပေါင်းတို့သည်
အထက်ကဆိုခဲ့သောပုဂ္ဂိုလ်များကဲ့သို့
မိမိတို့၏ဂုဏ်သိက္ခာကိုတန်ဘိုးထားလေသော်
အရှက်တရားအနည်းငယ်မျှ
ရှိကြမည်ဆိုပါလျှင်........
ပြည်သူ့တံတွေးခွက်၌ ပက်လက်မျောရမည့်အတူတူ
မည်သို့လုပ်သင့်ပါကြောင်း.....
ဤစာဖတ်သူ အိုအရှင်
သင်သည်လည်း ပြည်သူတစ်ယောက်ပေမို့
အောက်နားဆီတွင်
ထင်မြင်ချက်လေးများ ပေးခဲ့ကြပါကုန်....
နေရဲနီ
|
|
Posted: 21 Mar 2012 12:42 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများပေါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ
ထိခိုက်စေသော စကားလုံးများရေးသားပြီး မတ်လ ၂၀ရက်နေ့ညက
မြောင်းမြမြို့အနှံ့ လိုက်လံ ကပ်ချိပ်ထားတာကို တွေ့ရကြောင်း
မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူများ၏
ပြောပြချက်အရသိရပါသည်။
အဆိုပါ ပိုစတာများပေါ်တွင် “ထင်ပေါ်ကျော်ကြားမှုတွေကြားမှာ အလွန်သာယာနေသူပါ၊ သူ့ကိုစောင့်လျှောက်တာ အနောက်အုပ်စု ဒါကြောင့်သူက အနောက်အုပ်စုရဲ့ကျွန်၊ အနောက်အုပ်စု ခိုင်းသမျှလုပ်နေတဲ့ အသားထဲကလောက်၊ သူ့ကိုရွေးရင်တော့ အနောက်အုပ်စုရဲ့ကျွန်ဖြစ်ပြီ သေချာတယ်၊ လူထုကို ချမ်းသာအောင် လုပ်ပေးမှာလား သားနှစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးမှာလား” စတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်စေသော စကားလုံးများဖြင့် အထက(၁) ကျောင်းရှေ့၊ ဆန်စက်ကုန်သည်များအသင်းရှေ့၊ နောင်ရိုးခန်းမ၏ အုတ်နံရံများပေါ် စတဲ့နေရာတွေပေါ်မှာ (Doubled tape) နှစ်ဘက်ကပ်တိတ်များဖြင့် သေသေချာချာ စနစ်တကျ ကပ်ထားတာကို တွေ့ရကြောင်း၊ မနက်မိုးလင်းမှ တာဝန်သိပြည်သူများက ၄င်းပိုစတာများကို ခွာယူပြီး မြို့နယ်ရုံးသို့ လာရောက်ပို့ပေးမှ သိရကြောင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း မန်းဂျော်နီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် မခင်ဇော်လင်း ကပြောပါတယ်။ ထိုကဲ့သို့ မဖွယ်မရာ ကိစ္စပေါ်လာချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင် သည် မြောင်းမြမြို့သို့ ရောက်ရှိနေခိုက်နှင့် တိုက်ဆိုင်နေပြီး ၄င်းနှင့်အတူ အခွန်ဘဏ္ဍာမှ ဦးဝင်းကို မြောင်းမြမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုတင့်ဆန်း၊ ဗိုလ်ချုပ်စိုးနိုင်နှင့် အခြားအရာရှိများလည်း လိုက်ပါလာကြကြောင်း သတင်းရရှိပါသည်။ ထို့အပြင် မြောင်းမြို့ တဖက်ကမ်းရှိ ဖြိုးကိုကိုတင့်ဆန်း ၏ ဇာတိ ဖြစ်သော ကွယ်လွယ်ကျေးရွာ တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်အောင်နှင့် အတူ ဖြိုးကိုကိုတင့်ဆန်းတို့ ရောက်ရှိလာခဲ့ပြီး ရွာသူရွာသားများအား တွေ့ဆုံရာတွင် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဖြိုးကိုကိုတင့်ဆန်းအား မဲပေးကြရန်တိုက်တွန်းပြောဆိုခဲ့ပြီး ကျေးရွာကော်မရှင် ဥက္ကဌဖြစ်သူ ဦးမောင်မောင်မြင့် လည်း အဆိုပါ ဟောပြောပွဲတွင် လိုက်ပါလာခဲ့သည်ဟု သိရပါသည်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကလည်း မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် နယ်မြေခံ ရဲသားတစ်ဦးမှ ဖွင့်ပြီးကာစ ရုံးအားလိုက်လံ၍ ဓါတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကိုခေါ်၍ စစ်ဆေးမေးမြန်းခြင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပုံများ ရိုက်ယူခြင်းများကို အပြင်၊ မတ်လ (၁၆)ရက်နေ့ ကလည်း မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် မန်းဂျော်နီပုံပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ဖြတ်၍ အဖျက်ဆီးခံခဲ့ရခြင် စသည့် မင်းမဲ့စရိုက်ဆန်ုသည့် လုပ်ရပ်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စော်ကားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီရင်ခံစာများအရ သိရပါသည်။ ကော်မရှင်ထံတိုင်ကြားစာ ၀၂ ဖြစ်စဉ်မှတ်တမ်း၀၁ ဖြစ်စဉ်မှတ်တမ်း ၀၂ သတင်း... Myanmar Mediamm |
|
Posted: 21 Mar 2012 12:06 PM PDT
(ဓာတ်ပုံ အမေစုရဲ့ ပျဉ်းမနား နေပြည်တော် စည်းရုံးရေး ခရီးစဉ်)
လူထုရဲ့အမေ
NLD ရဲ့ စည်းရုံးရေးခရီးဟာ လူထုကြောင့်အောင်မြင်တယ်လို့
အမေ ပြောခဲ့။
တကယ်တော့ ...။
လူထုက အမေ။
အမေက လူထုပဲ။
“ ကျွန်မနားလည်ပါပြီ ”
လုပ်စရာရှိတာတွေလုပ်ဖို့ ကျွန်မကျန်းမာပြီး အသက်ရှည်ဖို့ လိုသတဲ့။
အမေ့ရဲ့ “ ဒီ စကား ”
တကယ်တော့...။
အမေနားမလည်သေးပါဘူး။
အမေကျန်းမာစေဖို့ ဆုတောင်းကြတဲ့
လူထုရဲ့ အသည်းနှလုံးကို
လူထုရဲ့ အမေ
ငြိမ်းချမ်းတဲ့ အမေ
ဖြူစင်လွန်းတဲ့ အမေ
ဖြောင့်မတ်လွန်းတဲ့ အမေ
ကမ္ဘာမှာ တစ်ယောက်ပဲရှိတဲ့ အမေ
မေတ္တာနှလုံးသားနဲ့ ကြင်နာတတ်တဲ့ အမေ
အမေ အသက်ရှင်လျက် ရှိနေတာကိုက
ခွန်အားတစ်ခုမို့
အမေဘာမှမလုပ်တောင်
လူထုက အမေ့ကို
ချစ်နေအုံးမှာ..
ပျဉ်းမနားမြို့က အမေ့ကိုချစ်တဲ့ သမီး
( 5.3.2012 ) နေ့ထုတ် “ ဒီလှိုင်း ” ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည် ၏ “ ဒီစကား ” ကို ရည်ညွှန်းပါသည်။ |
|
Posted: 21 Mar 2012 11:48 AM PDT
|
|
Posted: 21 Mar 2012 09:15 AM PDT
ယနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စည်းရုံးရေး ခရီးစဉ်မြင်ကွင်း၊ ဓာတ်ပုံတွေပါ..။
(ဓာတ်ပုံ AP,Getty Images, Reuters)
ကြာလာလေ
ခိုင်မြဲလေလူထု ပရိသတ်ပါ...။ ရွေးကောက်ပွဲ နီးလာလေလေ.. မတရားမှုတွေ
နေရာအနှံ ပေါ်လာလေပါပဲ..။ အမှန်တရားကို ကြောခိုင်း မမြင်ချင်ယောင်ဆောင်၊
အရှုံးကို ရင်မဆိုင်ရဲလေ အဆင်အခြင်မဲ့တဲ့ လုပ်ရပ်တွေကတော့
နေရာအနှံမှာပါပဲ...။ တခုပဲပြောချင်ပါတယ်.. ဖွတ်သောင်းကျန်းလေ
ခွပ်ဒေါင်းပန်းဝေလို့..။
|
Thursday, March 22, 2012
သတင်း
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)

















No comments:
Post a Comment