Saturday, July 28, 2012
ရှစ်ဆယ့်ရှစ် နဂ္ဂတစ်များ
တုန်ရီမှုန်ဝါး နေသည့် မီးအိမ်၏ အလင်းရောင်အောက်တွင် ကုတင်ပေါ်၌ အားလျားမှောက် လဲလျောင်းနေသော အဖေ့ကို သူ စိတ်မချမ်းသာဖွယ် တွေ့မြင်ရလေသည်။ အမေ၏ မျက်နှာသည်လည်း ပြိုတော့မည့် မိုးနှယ် အုံ့ဆိုင်းလျက်။ ဘာတွေဖြစ်နေပါလိမ့်…။သူ့ လွယ်အိတ်ကလေးကို သူ တိုင်တွင်ချိတ်ပြီး အမေ့ဆီ သူ လျှောက်သွားသည်။ ထိတ်လန့်ကြောက်ရွံ့ စိတ်တဝက်၊ အံ့သြစိတ်တဝက် တို့ဖြင့် အဖေ့ကို သူငေးကြည့်သည်။ မနက်ခင်း သူကျောင်းသွားသည့် အချိန်အထိတော့ သူ့ ဘဝတလျှောက် လုံးသည် သာသာယာယာ ချမ်းချမ်းမြေ့မြေ့ ရှိခဲ့သည်ချည်း ဖြစ်သည်။ အဖေ နှင့် အမေ၊ သူ့အစ်ကို သူ့နှမ၊ သူ မွေးဖွားလာသည့် အချိန်မှစ၍ တရိပ်ရိပ် တိုးတက် စည်ပင်လာသော သူ့အိမ်၏ စီးပွား။ ဘာဆိုဘာမှ လိုလေသေးမရှိ သည့်ဘဝတွင် သူ ကြီးပြင်းခဲ့ရ ပါသည်။ ယခု ဘာတွေဖြစ်ကုန်ပြီလဲ…။ သူ စဉ်းစားသည်။ ကလေးအရွယ်သာ ရှိသေးသောသူ မှန်းဆ ၍မရ။ တစုံတယောက်များ ဆုံးပါးသွားလို့လား။ ဒါမှမဟုတ်…ဘာဖြစ်သည်လဲ။ သူ အိမ်အပြန် လမ်း တွင်လည်း လူတို့သည် ရုန်းစုရုန်းစု ဖြစ်လျက်။ တစုံတရာ ကို မကျေမချမ်း ပြောဆိုရေရွတ် နေကြ သည်။ တစုံတခု ကို အရေးတကြီး တိုင်ပင်ဆွေးနွေး နေကြသည်။ ဘာတွေဖြစ်နေသည်လဲ။ မနေနိုင် တော့သည့် အဆုံးတွင် အမေ့ကို သူမေးလိုက်သည်။ အမေက ချက်ချင်းမဖြေ။ သည်တော့မှ အမေ့ မျက်ဝန်းတွင် ဝေ့သီနေသော မျက်ရည်စ တို့ကို သူ တွေ့ရလေသည်။ နောက် သူထပ်ကြားရသည်က အမေ့ နှုတ်ဖျားမှ စကားလုံးများ။ သည် စကားလုံးတွေ၏ အဓိပ္ပာယ်ကို သူ လုံးစေ့ပတ်စေ့ နားမလည် သော်လည်း အကြမ်းဖျင်း ကိုတော့ သူ ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့ မိသားစု ပိုင်ဆိုင် သမျှ၊ လက်ထဲတွင် ရှိနေသမျှ ငွေစက္ကူ အားလုံးနီးပါးသည် စက္ကူစုတ် သဖွယ် တန်ဖိုးမဲ့ ခဲ့ရပြီ ဖြစ်သည် ။ ၁၉၈၇ ခု စက်တင်ဘာလ ၅ ရက်နေ့ ဖြစ်ပါသည်။
သည့်မတိုင်မီ ရက်သတ္တပတ် အလိုခန့်က အဖေသည် ရွှေဝယ်ရန် အတွက် မြန်မာ့ စီးပွားရေးဘဏ် တွင် အပ်နှံထားသော သူတို့ မိသားစုပိုင် ငွေကြေးအတော်များများ ကို ထုတ်ယူခဲ့လေသည်။ သို့သော် သူတို့ ချက်ချင်း မဝယ်ဖြစ်။ တသက်တာပတ်လုံး ဝန်ထမ်းဘဝဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုလာခဲ့ရသည့် သူ့ မိဘနှစ်ပါးသည် ငွေ နှင့် ရွှေ ကို ဖလှယ်ရန် တုံ့ဆိုင်းတွန့်ဆုတ် ခဲ့လေသည်။ သည်လို နှင့် နောက်ဆုံး သည်အဖြစ်နှင့် ရင်ဆိုင်တိုးခဲ့ရခြင်း။ ကနဦး တွင်တော့ တရားမဝင် ကြေညာ ခံရသော ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် ငွေစက္ကူများ အား အစိုးရမှ ပြန်လည်လဲလှယ် ပေးလိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသည်။ သို့သော် သည်မျှော်လင့်ချက်က ရက်ကြာလာသည် နှင့်အမျှ ဝေဝါးမှေးမှိန်လာသည် ။နောက်ဆုံးတွင်တော့ တရားမဝင် ဖြစ်သွားသော ငွေစက္ကူများအား လျှော့ဈေးဖြင့် ရောင်းချရန် သူတို့ စီစဉ်ရသည်။ စာရင်းချုပ်လိုက်သောအခါ သူတို့ ဆုံးရှုံး သွားသော ငွေကြေး ဆယ်ပုံတပုံမျှ ပြန်လည် ရရှိခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်နေ့တွင်တော့ အားလုံး၏ စိတ်ကူးယဉ်မှု တို့ နိဌိတံ ခဲ့ရသည်။ ထိုနေ့တွင်ပင် ပြည်သူ့လွှတ်တော်က ငွေစက္ကူများ တရားမဝင် ပြုလုပ်မှုအား အတည်ပြုပြီး ၄၅ ကျပ် တန်နှင့် ၉၀ ကျပ်တန်များ အသစ်ထုတ်ဝေကြောင်း ကြေညာခဲ့သောကြောင့် ဖြစ်သည်။ ထိုစဉ်ကတော့ သည်အဖြစ်အပျက်များသည် အဟုန်ပြင်းထန် လှသည့် မုန်တိုင်းမလာမီ လေပြင်းတိုက်ခတ် ခြင်းမျှသာ ရှိသေးကြောင်း ငါးတန်းကျောင်းသား အရွယ်သာရှိသေးသော သူ ရိပ်စားမိခဲ့ ခြင်း မရှိပါ။
တခုတည်းသော ပါတီ နှင့် တဦးတည်းသော လူပုဂ္ဂိုလ်က သူ့ ငယ်စဉ်ဘဝကို အရိပ်ထိုး လွှမ်းမိုးခဲ့လေသည်။ ပါတီမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖြစ်၍ ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဖြစ်သည်။ ဘယ်သောအခါမှ အမှားအယွင်း မရှိနိုင်သော ဝါဒမှာ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ ဖြစ်သည်။ သည်ဝါဒ ၏ လမ်းညွှန်မှုကို အတိအကျ ခံယူကာ ပါတီသည် သာယာဝပြောသော ဆိုရှယ်လစ် လူ့ ဘောင်သစ်ကို မနေမနား တည်ဆောက်နေသည်။ ပြီးပြည့်စုံ၍ တန်းတူညီမျှ သော လောကသစ်ဆီ မရပ်မနား ချီတက်နေသည်။ ထိုစဉ်က သူသိသည်က သည်လောက်မျှသာ ဖြစ်သည်။ နောက် သူသိ သော ပုဂ္ဂိုလ် ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ်ကိုတော့ လွတ်လပ်ရေး၏ ဖခင်အဖြစ် တသွယ်၊နိုင်ငံတော်၏ သင်္ကေတ အဖြစ်တစ်နည်း သူ သိရှိ ခဲ့ရလေသည်။ ဗိုလ်ချုပ်၏ အထ္ထုပ္ပတ္တိ အ ကျဉ်း ကဗျာကလေးကို သူ နှုတ်တိုက်ဖွဖွ ရွတ်ဆိုခဲ့ရသည်။ သူ သုံးစွဲရာ ငွေအကြွေများ၊ ငွေစက္ကူများ ပေါ်တွင် ဗိုလ်ချုပ်၏ ရုပ်ပုံ တို့ကို သူ တရံမလပ် တွေ့ရှိ ခဲ့ရသည်။ သူ ပညာစတင် သင်ကြားရာ မူလ တန်းကျောင်းကလေး နှင့် သူ့ ဖခင်၏ ရုံးတို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗိုလ်ချုပ်ကြီး နေဝင်း တို့၏ ဓာတ်ပုံ များကို တူယှဉ်ချိတ်ဆွဲ ထားတာ သူ ကြိမ်ဖန်များစွာ မြင်ခဲ့ရသည်။ ညနေ ကျောင်းဆင်း ချိန် တိုင်းတွင် နိုင်ငံတော် သီချင်းကို သူ သီဆို ခဲ့ရသည်။ ဒါတွေက ကလေးဘဝ တွင် သူ မှတ်မိသိရှိ နေသည့် နိုင်ငံ့ရေးရာ များ ဖြစ်ကြပါသည်။
နောက် သူ မှတ်မိနေတာက ဗိုလ်ချုပ်ကြီး နေဝင်း၏ မင်္ဂလာဆောင် ဓာတ်ပုံ များ သတင်းစာများ ထဲ တွင် ပါလာခဲ့တာ ဖြစ်သည်။ "ကောင်းဖို့သည် ပထမ၊ တော်ဖို့သည် ဒုတိယ" ဖြစ်သောကြောင့် လူကောင်းလူတော် ဟုသာ သုံးစွဲရမည် ဟူသော အမိန့် ပညတ်တော် ဖြစ်သည်။ မတည်မငြိမ် ဖြစ်စ ပြု လာသော သူ့တိုင်းပြည်၏ စီးပွားရေး ဖြစ်သည်။ နောက်တစ်ခု သူ့ စိတ်ထဲစွဲထင် နေသည်က "ကြက် သား ဝက်သား ဈေးကြီးရင်လည်း ငါးကြင်းကလေး ဘာလေးနဲ့ စားကြတာပေါ့" ဟူသော ဦးနေဝင်း၏ မိန့်ခွန်း တစ်ပိုင်းတစ်စ ဖြစ်သည် (စကားလုံး အတိအကျ မမှတ်မိတော့သော်လည်း ထိုသဘော အ တိုင်း ပြောဆိုခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိသည်)။ သူ စတုတ္ထတန်းသို့ ရောက်ရှိချိန်တွင်တော့ ပါတီသည် သူ ပညာသင်ကြားရာ စာသင်ခန်းကလေးထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ နွေ ရာသီတွင် ဖွင့်လှစ်သော တေဇလူငယ် သင်တန်းသို့ တက်ရောက်ရန် သူ ရွေးချယ်ခြင်း ခံရလေသည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင် သက်ဦးဆံပိုင် ခေတ်၊ နယ်ချဲ့ကိုလိုနီ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ် စသဖြင့် နိုင်ငံရေးစကားလုံး များကို သူ ပထမဆုံး ကြုံရကြားရ ခြင်းဖြစ်သည်။ ၁၉၇၀ ပြည့် လွန်နှစ်များ တွင် မွေးဖွားကြီးပြင်း ခဲ့သောသူတို့သည် နိုင်ငံရေး ကွင်းဆက် အဖြတ်ခံခဲ့ ရလေသည်။ ၇ ဇူလိုင် ကို သူတို့ မသိ၊ ဦးသန့်၊ အလုပ်သမား အရေးအခင်း၊ မှိုင်းရာပြည့် ဆိုသည်က ဝေလာဝေး။ သည်လိုနှင့် ၁၉၈၀ ပြည့်လွန်နှစ်များ တဝိုက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ စည်းရုံးရေးက သူ့နည်းသူ့ဟန်ဖြင့် လူမမယ် ကလေးသူငယ် အရွယ်သာသာများအကြားသို့ ပျံ့နှံ့ရောက်ရှိ နိုင်ခဲ့သည်။ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေး အောင်ရမည် ဟူသော ကြွေးကြော်သံများ…..သမိုင်း အမှောင် ချထားသော နှစ်ကာလများ….သည်ကာလများ တွင်ပင် သူ မွေးဖွားကြီးပြင်း လာခဲ့ရခြင်း ဖြစ်ပါသည်။
အာအိုင်တီ(ရန်ကုန် စက်မှုတက္ကသိုလ်) တွင် ကျောင်းသားများနှင့် လုံထိန်းများ အချင်းဖြစ်ပွား နေ ကြောင်း သူ့ဖခင်၏ သူငယ်ချင်း ဖြစ်သူထံမှ ဖုန်းဝင်လာချိန်တွင် ည ၁၁ နာရီ ထိုးခဲ့ပြီ ဖြစ်သည်။ မနက် ဖြန် (မတ်လ ၁၄ ရက်နေ့) တွင် အတန်းတင် စာမေးပွဲ ဖြေဆိုရတော့မည် ဖြစ်သဖြင့် သူ မအိပ်သေး၊ စာကျက်၍ ကောင်းတုန်းဖြစ်သည်။ ထိုညက သူသိသည်က သည်လောက်မျှသာ။ နောက်တနေ့ သူ စာမေးပွဲ ဖြေပြီး အိမ်ပြန်ရောက်ချိန်တွင်တော့ အာအိုင်တီ တွင် ကျောင်းသားများနှင့် အရပ်သားများ ခိုက်ရန်ဖြစ်ပွားပြီး ကျောင်းသားတဦး သေဆုံးသွားကြောင်း မြန်မာ့အသံ မှကြေညာသွားသည် ဟု သူ့ ဖခင်က သူ့ကိုပြောသည်။ မြို့ထဲတွင်လည်း သတင်းမျိုးစုံ ပျံ့နှံ့ လျက်ရှိပြီ ဖြစ်သည်။ လမ်းပေါ်တွင် လူတို့ ဝိုင်းဖွဲ့လျက် ကြားသမျှ၊ သိသမျှ တို့ကို အချင်းချင်း ပြောဆို ဖလှယ်နေကြသည်။ မတ်လ ၁၆ ရက်နေ့တွင်တော့ နာမည်ကျော် တံတားနီ အရေးအခင်း ဖြစ်ပွားခဲ့ လေသည်။ ရန်ကုန်တက္ကသိုလ်(ပင်မ) မှ စက်မှုတက္ကသိုလ် သို့ ပြည်လမ်းအတိုင်း ချီတက်လာသော ကျောင်းသားများအား လုံထိန်းတပ်ဖွဲ့ များနှင့် စစ်တပ် က အင်းလျားကန် အနီးတွင် ပိတ်ဆို့ ချေမှုန်း ခဲ့ လေသည်။ အသေအပျောက် များစွာ ရှိခဲ့သော်လည်း အရေအတွက် အတိအကျ ကိုတော့ သူတို့ ဘယ်သောအခါမှ မသိခဲ့ရပါ။ မတ်လ ၁၇ ရက်နေ့တွင်တော့ မတ်လ ၁၃ ရက်နေ့က စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရသော ကိစ္စအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့ စည်းကြောင်း အစိုးရက ကြေညာခဲ့လေသည်။
မတ်လ ၁၈ ရက်နေ့က သူ့အတွက် စာမေးပွဲ နောက်ဆုံးနေ့ ဖြစ်သည်။ သမိုင်းဘာသာ ဖြေဆိုရမည့်နေ့ ။ ထိုနေ့နံနက် ၁၁နာရီ ခန့်တွင် မြို့ထဲသို့ ကျောင်းသားများ ချီတက်လာပြီ ဖြစ်ကြောင်း သတင်းကြားရ သည်။ ကျောင်းသွားရန်အတွက် သူ နှင့် သူ့အမေ အိမ်ကထွက်လာတော့ ၁၂ နာရီ ၁၅၊ မတ်လတွင်း ဖြစ်သော်လည်း ထိုနေ့က မိုး နည်းနည်းညို့နေတာ သူမှတ်မိသည်။ အနော်ရထာ လမ်းမကြီး တ လျှောက် လူသွားလူလာ က မရှိသလောက် ရှင်းလင်းနေသည်။ အခြေအနေ မကောင်းသည်ကို သူ့ မိခင် သိသော်လည်း အတန်းတင်စာမေးပွဲ ဖြစ်သောကြောင့် မဖြစ်မနေ လိုက်ပို့ရခြင်း ဖြစ်သည်( ထိုနေ့ က အကြောင်းအမျိုးမျိုး ကြောင့် စာမေးပွဲ လာရောက် ဖြေဆိုနိုင်ခြင်း မရှိသူများ စာမေးပွဲ ကျရှုံး ခဲ့ရပါ သည်)။ ဗိုလ်အောင်ကျော်လမ်း နားရောက်တော့ သူ့ထက်ကြီးသော အစ်ကိုကြီး တစု မျက်နှာတွင် ပုဝါများ ကို စီးနှောင်ကာ အနော်ရထာလမ်းအတိုင်း ပြေးလာကြတာကို သူ တွေ့ရသည်။ ဘယ်သူတွေပါလိမ့်…."ကျောင်းသားတွေ ကျောင်းသားတွေ" ဟူသော ဘယ်သူ အော်ဟစ်လိုက်မှန်း မသိသည့် အသံကို သူကြားရသည်။ သူ့ အမေ ကတော့ သူ့လက်ကို ဆွဲ၍ ကျောင်းဆီသာ သုတ်ခြေတင်လေ သည်။ နေ့လယ် တနာရီ စာမေးပွဲ စပြီး သိပ်မကြာ။ သူ စာမေးပွဲ ဖြေဆိုရာ အထက(၅)ဗိုလ်တ ထောင်၏ အပြင်ဘက်မှ အော်ဟစ်ကြွေးကြော် သံများကို သူ ကြားရသည်။ ထို့နောက် လူ အစုလိုက် အပြုံလိုက် ပြေးလွှားသံများ၊ သည်အသံများ နှင့်အတူ စာသင်ခန်း ပြတင်းပေါက်အနီးတွင် ရပ်ကြည့် နေသော ဆရာမ ဖြစ်သူထံမှ "ကားမီးလောင်နေပြီ ကားမီးလောင်နေပြီ" ဟူသော အသံကို သူကြားရ ပြန်သည်။ သူ အပါအဝင် စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားအချို့ မနေနိုင်ကြတော့။ မတိုင်ပင် ထားပါဘဲလျက် ဖြေဆိုရာ ခုံမှထ၍ ပြတင်းပေါက်ဆီ ပြေးသွားမိသည်။ ဘာကိုမှတော့ သဲသဲကွဲကွဲ မမြင်ရ။ ဟိုးအဝေး ဗိုလ်တထောင်ခြောက် ဘက်ဆီတွင် မီးခိုးတွေ အူထနေတာ သူ တွေ့ရသည်။ လမ်းပေါ်တွင်တော့ လူ တယောက်မှ မရှိ။ ဟာလာဟင်းလင်း ဖြစ်လျက်။ ညနေ သုံးနာရီ စာမေးပွဲပြီး ချိန်တွင်တော့ သူတို့ မိဘတွေက ကျောင်းအပြင်တွင် စောင့်ကြိုနေကြ လေသည်။ သူ့ မိခင် ကို သူရှာ သော်လည်း မတွေ့ (လမ်းပိတ်ထားသောကြောင့် သူ့မိခင် နောက်ကျ နေခဲ့ရခြင်း ဖြစ်သည်)။ တော် သေးသည်။ သူ နှင့် တလမ်းတည်း နေသူ သူငယ်ချင်း၏ ဖခင်က သူ့ကိုပါ ခေါ်သွားခဲ့လေသည်။ အနော်ရထာလမ်း နှင့် သိမ်ဖြူလမ်း ထောင့်နေရာ ရောက်တော့ ဆက်သွား၍ မရတော့။ လမ်းပိတ်ထား သည်။ စစ်သားတယောက်က အတွင်းဝန်ရုံး ရှေ့တွင် သေနတ်ကို ပိုက်၍ စောင့်ကြပ်လျက်။ မီးပွိုင့် များက ပြိုလဲနေသည်။ အုတ်ခဲကျိုး အပိုင်းအစများ၊ ကွန်ကရစ်တုံးကြီးများ နှင့် ဖန်ကွဲမှန်ကွဲစများ ကိုလည်း သူတွေ့ရသည်။ ကုန်သည်လမ်းဘက် မှပတ်၍ သူတို့ ပြန်ခဲ့ရလေသည်။ သူ အိမ်ပြန်ရောက် တော့ ညနေ လေးနာရီခွဲ တော့မည်။ သူ့ကို စိတ်ပူစွာဖြင့် စောင့်မျှော် နေသော အမေ့ကို အိမ်လှေကားရင်းတွင် သူ တွေ့လိုက်ရပါသည်။
ထိုနှစ် နွေရာသီ ကျောင်းပိတ်ရက်သည် သူကြုံဖူးသမျှ နွေကျောင်းပိတ်ရက်များထဲတွင် စိတ်လှုပ်ရှားစ ရာ အကောင်းဆုံးဖြစ်သည်။ အပြောင်းအလဲ တစ်ခုခု ဖြစ်တော့မည်ဟု လူတို့က တီးတိုး ပြောဆိုနေကြ သည်။ ထိုတနွေလုံး ပါတီဥက္ကဌ ဖြစ်သူ ဦးနေဝင်းက ခရီးထွက်ခွာနေသည်။ ဧပြီလတွင် အစိုးရက ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ အရေးအခင်းတွင် ကျောင်းသား သုံးယောက် သေဆုံးပြီး ၆၂၅ ယောက် အဖမ်းခံရကာ ၁၄၁ ယောက် (141 group ဟု လူသိများသည် ) ကို ဆက်လက်ထိန်းသိမ်း ထားသည်ဟု ကြေညာသည်။ တဆက်ထဲတွင် ဦးအောင်ကြီး က ဦးနေဝင်း ထံသို့ အိတ်ဖွင့်ပေးစာ လည်း ထွက်ပေါ်လာသည်။ မေလကုန်တွင်တော့ ပိတ်ထားခဲ့သော ကျောင်းများ ၊တက္ကသိုလ်များကို ပြန်လည် ဖွင့်လှစ်လိုက်ပါသည်။မုတ်သုန် ဝင်လာပြီမို့ မြေသင်းနံ့ က သင်းပျံ့နေခဲ့ ရပြီ ဖြစ်သည်။
ဇွန်လဆန်းတွင် သူ ဆဋ္ဌမတန်း သို့ တက်ရသည်။ ဇွန်လလယ်တွင် ရန်ကုန်တက္ကသိုလ် ၌ ဆန္ဒပြပွဲ များ ပြန်လည် ဖြစ်ပွားကြောင်း သတင်းထွက်ပေါ် လာသည်။ သည်သတင်းများ နှင့်အတူ တိုင်းပြည်၏ နိုင်ငံ ရေးအခြေအနေ က လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ကျောင်းများ၊ ဈေးများ၊ လမ်းမများ ပေါ်တွင် လူတို့က သောသောရုတ်ရုတ် ဖြစ်လာသည်။ မှတ်မှတ်ရရ နှစ်ပတ်လားပဲမသိ၊ သူ ကျောင်းတက်လိုက်ရ လေ သည်။ ဇွန်လ တတိယပတ်အတွင်း ရန်ကုန်တက္ကသိုလ် နယ်မြေကို အခြေပြု၍ ဆန္ဒပြပွဲ များ နေ့စဉ် ရက်ဆက် ဖြစ်ပွားကြသည်။ ဇွန်လ ၂၁ ရက်နေ့ တွင်တော့ ဆန္ဒပြပွဲ၏ အခြေအနေက အမြင့်မားဆုံး အဆင့်သို့ ပေါက်ကွဲရောက်ရှိ ခဲ့သည်။ ပြည်လမ်း ဆေးတက္ကသိုလ်(၁) မှ ရန်ကုန်မြို့လယ်သို့ ချီတက် ဆန္ဒပြကြသော ကျောင်းသားများ နှင့် လုံထိန်းတပ်ဖွဲ့တို့ ဟံသာဝတီ လမ်းဆုံတွင် အချင်းဖြစ်ပွားကြ သည်။ ကျောင်းသားပြည်သူ ၈၀ ခန့်နှင့် လုံထိန်း ၂၀ သေဆုံးပြီးနောက် အာဏာပိုင်များက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ လူစုဝေးခြင်းကို ရက်ပေါင်း ၆၀ ကန့်သတ်လိုက်လေတော့သည်။ တပြိုင်နက်တည်း မှာပင် ညနေ ခြောက်နာရီ မှ နံနက် ခြောက်နာရီ အတွင်း အိမ်ပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်လိုက် သည်။ ကျောင်းများ၊ တက္ကသိုလ်များ အားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြင့် တုံ့ ပြန်ခဲ့လေသည်။
သို့သော် ဆန္ဒပြပွဲ များကမရပ်။ လူထု၏ တော်လှန်ရေးဒီရေ က တရိပ်ရိပ် တက်လာခဲ့သည်။ တက္ကသိုလ်များကို ပိတ်လိုက်ပြီဖြစ်သဖြင့် ကျောင်းသားများက သပိတ်စခန်းကို ရွှေတိဂုံဘုရားသို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည်။ ပဲခူးတွင်လည်း ဇွန်လ ၂၃ ရက်နေ့တွင် ဆန္ဒပြပွဲ များဖြစ်ပွားပြီး လူပေါင်းများစွာ ပစ်သတ်ခံရပြန်သည်။ မော်လမြိုင် နှင့် ပြည် တို့တွင်လည်း ဆန္ဒပြပွဲ များဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ပထမပတ် တွင်တော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က အရေးပေါ်ညီလာခံ ကို ဇူလိုင်၂၃ တွင် ကျင်းပမည် ဟု ကြေညာသည်။ မြန်မာ့အသံ မှလည်း မတ်လအတွင်း ဖမ်းဆီးခဲ့သော ကျောင်းသား အားလုံးကို ပြန်လွှတ်ပေးမည် ဟု ကြေညာသည်။ အချိန်အနည်းငယ် လျှော့ချလိုက်သည် ကလွဲ၍ ည မထွက်ရ အမိန့်ကတော့ ရှိနေဆဲ (ဇူလိုင်ဒုတိယပတ် တွင်ပြန်လည် ရုပ်သိမ်းခဲ့သည်)။ ထိုအချိန် တဝိုက်လောက်မှာပင် ဗုဒ္ဓဘာသာ နှင့် အစ္စလမ် ဘာသာဝင်များ ဘာသာရေးအဓိကရုဏ်း ဖြစ်ပေါ် လာသည်။ ဒါကတော့ လူထုအုံကြွမှုများ ဖြစ်ပေါ်လာတိုင်း လမ်းလွှဲစေရန် အာဏာပိုင်များ အသုံးပြုနေ ကျနည်းလမ်း။ သိပ်တော့မဆန်းလှပါ။ ပြည်မြို့ နှင့် တောင်ကြီးမြို့တို့တွင် အဓိက ဖြစ်ပွားခဲ့လေသည်။
ဇူလိုင်၂၃ ရက်နေ့တွင်တော့ ပြည်သူအားလုံး စောင့်မျှော် နေခဲ့ကြသော ပါတီအရေးပေါ် ညီလာခံကို ကျင်းပသည်။ ဘာတွေများ ပြောင်းလဲမလဲ၊ နောက် ဘာတွေဆက်ဖြစ်ဦးမလဲ…။ သည်အတွေးတွေ နှင့် သူတို့ မိသားစု ညဘက် ရုပ်မြင်သံကြား ကို ရင်တခုန်ခုန် စောင့်ကြည့်ကြသည်။ ညီလာခံ ပထမနေ့ တွင် ဦးနေဝင်း က ပါတီမှ အနားယူတော့မည် ဟုပြောပြီး တပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့် သုံးရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် အဆိုတင်သွင်းသည်။ ဒုတိယနေ့တွင်တော့ တက် ရောက်လာသော ကိုယ်စားလှယ်များက ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်မည့် အစီအစဉ် ကို ကန့်ကွက်ကြ သည်။ တတိယနေ့တွင်တော့ ဦးနေဝင်းအား ပါတီဥက္ကဌ အဖြစ်မှ အနားယူမှု ကိုသာခွင့်ပြုပြီး ပြည်သူ့ ဆန္ဒခံယူပွဲ မပြုလုပ်ရန် အပြီးသတ် ဆုံးဖြတ် ခဲ့ကြလေသည်။ နောက်ဆုံးတော့လည်း ဒါပါပဲ။ ပါတီစုံ စနစ် ဖြစ်တော့မည်လား ဟု သူတို့အားလုံး ၏ မျှော်လင့်ချက်တို့ သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။ သည်ပါတီညီလာခံမှပင် ဦးနေဝင်း၏ "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ် ထောင်မပစ် ဘူး" ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မိန့်ခွန်း ကိုသူတို့ ကြားခဲ့ရခြင်း ဖြစ်သည်။ ပါတီဥက္ကဌ သစ်ဖြစ်လာသူက ဦးစိန်လွင်၊ လုံထိန်းတပ်ဖွဲ့များ၏ အရှင်သခင်ဖြစ်ပြီး အရေးအခင်းများကို သတ်ဖြတ်နှိမ်နင်းလေ့ရှိသူ "သားသတ်သမား" ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူ၊ သူတို့ လိုချင်သည်က ပြည်သူ့ဆန္ဒ နှင့် ကိုက်ညီသော အပြောင်းအလဲ။ ယခု တော့….။ သို့သော် အုပ်ချုပ်သူ တို့က အပြောင်းအလဲ ကို ငြင်းဆန်လျှင် ပြည်သူတရပ်လုံးက မိမိ ဘာသာပြောင်းလဲရန် ထိုစဉ်ကပင် ပိုင်းဖြတ်ထားခဲ့ ကြပြီး ဖြစ်ပါသည်။
ပါတီညီလာခံ ပြီးလျှင်ပြီးချင်း ဆန္ဒပြပွဲ တို့က ရွှေတိဂုံဘုရား ကို အခြေပြု၍ ပြန်လည် ပေါ်ပေါက် လာသည်။ သြဂုတ်လ ၃ရက်နေ့ တွင်တော့ ရန်ကုန်မြို့၌ မာရှယ်လော ထုတ်ပြန်ကြောင်း ကြေညာ ခဲ့သည်။ သို့သော် သည်တခါတော့ ၂၆နှစ် တိုင်တိုင် ဖိနှိပ် ခံခဲ့ရသည့် ပြည်သူတို့က တရားမျှတမှု ကင်းမဲ့သော ဥပဒေကို လိုက်နာရန် ရဲရဲဝံ့ဝံ့ ငြင်းဆန် ခဲ့ကြပြီ ဖြစ်သည်။ စစ်ဥပဒေ ကိုအန်တု၍ ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်ခဲ့ကြသည်။ သည်အချိန်မှာပင် တပြည်လုံး အတိုင်းအတာ နှင့် လူထုလူတန်း စားအသီးသီးက အထွေထွေ သပိတ်ကြီးအား ဆင်နွှဲရန် ဆုံးဖြတ်ချက်ကို သူ ကြားသိရခြင်း ဖြစ်သည်။ ဘယ်နေ့ကို ရွေးချယ်မလဲ…..ဂငယ်သုံးခု ဥသျှစ်ထု ဟူသည့် ရာဇဝင်လာ တဘောင်ကို သူ ယခု ပြန်ကြား လာရပြန်သည်။ သည်တစ်ခါက ဂငယ်လေးခု။ ဟုတ်သည်။ ရှစ်လေးလုံး ဆုံသည့် သြဂုတ်လ ရှစ်ရက် နေ့တွင် တိုက်ပွဲကို စတင်ရန် ပြည်သူတို့က ဆုံးဖြတ်ခဲ့ကြသည်။ တိုက်ပွဲခေါ်သံ ကို သူ ပြက်ပြက်ထင်ထင် ကြားခဲ့ရပြီ ဖြစ်သည်။
ထိုနေ့သည် ခါတိုင်း သူ ကြုံတွေ့နေကျ တနင်္လာနေ့ များနှင့် ဘာမှ မကွာခြားသည့် တနင်္လာနေ့တနေ့ သာဖြစ်သည်။ သို့သော် ခါတိုင်းနှင့်မတူ၊ ထိုနံနက်တွင်တော့ စိတ်လှုပ်ရှား တက်ကြွမှု အပြည့်ဖြင့် သူ နိုးထ လာခဲ့လေသည်။ မနက်ရှစ်နာရီ။ အဖေကတော့ ရုံးသွားရန်အတွက် ထမင်းစားရန် ပြင်ဆင်နေ သည်။ အမေကလည်း မီးဖိုထဲတွင်။ သို့သော် အဖေ နှင့် အမေ အပါအဝင် သူတို့ မောင်နှမအားလုံး လမ်းပေါ်မှ တစုံတရာသော အသံကို နားစွင့်နေကြသည်။ သိပ်ကြာကြာမစောင့်ရ။ မနက် ရှစ်နာရီ ဆယ့်ငါးတွင် လမ်းထိပ်ဘက်ဆီမှ "တို့အရေး တို့အရေး" ဟူသော အသံကို သူကြားလိုက်ရသည်။ သူ ဒရောသောပါး ဝရန်တာဆီ ပြေးထွက်သွားသည်။ သူ့ မိသားစု လည်း သူနှင့်အတူ။ သူ့ အခန်း နှင့် မျက်နှာချင်းဆိုင်၊ဘေးကပ်လျက် ဝရန်တာတို့ တွင်လည်း လူများ အသီးသီး ထွက်ရပ်နေကြသည်။ မကြာမြင့်မီတွင်ပင် အနော်ရထာ လမ်းမကြီးတလျှောက် ချီတက်လာသော ဆန္ဒပြ စစ်ကြောင်းအား သူ တွေ့မြင်ရလေသည်။ ထို့နောက် သူ ကြားရသည်က တညီတညွတ်ထဲ တီးလိုက်သော လက်ခုပ်သံများ၊ သူ့ လက်ခုပ်သံလည်း အပါအဝင်။ အားလုံး၏ ရင်တွင် လှိုင်းထလျက်။ ထို့နောက်တွင်တော့ နောက်ထပ် ဆန္ဒပြ အဖွဲ့တစ်ဖွဲ့။ နေမြင့်လာသည် နှင့်အမျှ ဆန္ဒပြ စစ်ကြောင်း များက စိပ်သည်ထက် စိပ်လာသည်။ ဆန္ဒပြသူများက များသည်ထက်များ လာသည်။ ခွပ်ဒေါင်းအလံ ကို သူ ပထမဆုံး မြင်ဖူး ရခြင်းဖြစ်သည်။ ပါလီမန် ဒီမိုကရေစီခေတ်က အသုံးပြုခဲ့သော ပြည်ထောင်စု အလံ ကိုလည်း သူ တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ ဓာတ်ပုံတို့ကို ကိုင်သူတို့က ကိုင်လျက်။ ထိုနေ့တနေ့လုံး ဝရန် တာတွင်သာ သူ အချိန်ကုန် ခဲ့ရလေသည်။
ညနေ အဖေ ရုံးမှ ပြန်ရောက်လာတော့ ဆန္ဒပြပွဲ သတင်းတို့ကို သူ စုံစုံလင်လင် ကြားသိရသည်။ မြို့တော်ခန်းမ ရှေ့တွင် သောင်းသိန်းချီသော လူထုကြီး ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုလည်း သိရ သည်။ ည ရှစ်နာရီ ခန့်တွင်တော့ အဖေ နှင့် သူတို့ ညီအစ်ကို နှစ်ယောက် မြို့တော်ခန်းမ ဘက်ဆီ ထွက်လာခဲ့သည်။ စိတ်လှုပ်ရှား လွန်းသောကြောင့် သူ ငြိမ်ငြိမ် မနေနိုင်။ အဖေ့ ရှေ့မှ ခုန်ဆွခုန်ဆွ ပြေးသွားမိသည်။ "မြန်မြန်လာပါ ဖေကြီးရ" ဟု အဖေ့ကို သူ လှည့်လှည့်ခေါ်သည်။ ဘားလမ်းနား ရောက်တော့ အဖေက သူ့ကို စိတ်မချတော့။ သူ့ လက်ကို တင်းတင်း ဆုပ်ထားလိုက်တော့သည်။ မြို့တော်ခန်းမ အနီးသို့ သူတို့ ချဉ်းကပ်၍မရ။ ထောင်သောင်းမကသော လူထုကြီးက ဝိုင်းရံလျက် ရှိပြီ ဖြစ်သည်။ စည်ပိုင်းပေါ်တွင် ခုံကိုဆင့်၍ တရားဟောနေသူ တို့ကိုလည်း အဝေးမှ သူ တွေ့နေရသည်။ သူ့တသက်တွင် သည်မျှ များပြားသော လူအစုအဝေးကို မမြင်စဖူး။
အားလုံး၏ မျက်နှာတွေက စိတ်ထက်သန် တက်ကြွမှုဖြင့် အရောင်ထွက်နေသလော ထင်ရသည်။ ရဟန်းသံဃာတော်တွေ ကလည်း အများအပြား။ အလံတို့ကလည်း တလူလူ။ ကမ္ဘာမကြေ သီချင်းသံက တပျံ့ပျံ့။ တို့အရေး တို့အရေး ဟူသော ကြွေးကြော်သံ တွေကလည်း တခဲနက်။ မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧမာနွေလ ဘုရားကျောင်း နားမှနေ၍ သည်မြင်ကွင်းကို သူ တပြန့်တပြော မြင်နေရသည်။ သည်မျှနှင့် အားမရသည့်အဆုံး သူ အဖေ့ကို ချီခိုင်းသည်။ ကလေးအရွယ်သာ ရှိသေး၍ သူ့ရှေ့တွင် လူတို့က ပိတ်ဆို့ကာဆီး နေသော ကြောင့် ဖြစ်သည်။ ည ကိုးနာရီ ကျော်လောက်တွင်တော့ အဖေ က ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လေထုထဲတွင် ပျံ့နှံ့စ ပြုနေပြီ ဖြစ်သော တစုံတရာကို ၁၉၆၂ ခုနှစ် ၇ ဇူလိုင် အရေးအခင်း ကို တွေ့ကြုံ ဖြတ်သန်း ခဲ့ရသည့် အဖေ ရရှိနေသောကြောင့် ဖြစ်ပါလိမ့်မည်။ အန္တရာယ် ၏ အငွေ့အသက်... ဟုတ်သည်။ အန္တရာယ် ၏ အငွေ့အသက် တို့က လေထုထဲတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
ထိုည ဆယ့်တနာရီ လောက်တွင် သူ အိပ်ရာ ဝင်ခဲ့သည်။ သို့သော် သူ အိပ်မပျော်။ တစ်နေ့လုံး တွေ့မြင်ခံစား ခဲ့ရသည့် အရောင်များ၊ အရိပ်များ၊ အသံများ က သူ စားမြုံ့ပြန် ဖို့အတွက် ခမ်းနား ကြီးကျယ်လွန်းနေသည်။ ည ၁၂ နာရီ ထိုးခါနီးတွင်တော့ ခပ်ဝေးဝေးမှ မသဲမကွဲ အသံဗလံများ သူ ကြားရသည်။ ဘာသံတွေပါလိမ့်…အိပ်ရာမှ သူ ငေါက်ခနဲ ထထိုင်သည်။ အောက်ဆင်းပြီး ဝရန်တာဆီ သွားမည်လုပ်တော့ အဖေ က သူ့ကို လှမ်းတားသည်။ နောက်တော့ ဝရန်တာမှ ခေါင်းပြူမထွက် ရန် ပြောပြီး သားအဖ နှစ်ယောက် ဝရန်တာတွင် ရပ်ကြည့်ကြသည်။ ၁၂ နာရီ ၁၅ လောက်တွင် အနော်ရထာ လမ်းဘက်ဆီမှ လူတစု ဗိုလ်တထောင်ဘက်ဆီသို့ ဦးတည်ပြေးလာ ကြတာ သူ တွေ့ရ သည်။ "ပစ်တယ်ဟ ပစ်တယ်ဟ ခွေးမသားတွေ တကယ်ပစ်တယ်" ဆိုသော စကားသံကိုလည်း သူ ကြားရသည်။ ည တနာရီ ခန့်တွင်မှ ပြေးလွှားသူများ စဲသွားသည်။ ထိုအချိန်ကျမှ သူ အိပ်ရာဝင်ခဲ့ ပါသည်။
ကိုးရက်နေ့ မနက်တွင်တော့ ည က ပစ်ခတ်နှိမ်နင်း ခဲ့မှုကြောင့် မြို့လယ်တွင် ဆန္ဒပြပွဲ များ ကျဲပါး နေခဲ့သည်။ ထိုနေ့တွင် ဆန္ဒပြပွဲ အများစု ဖြစ်ပွားသည်က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ နှင့် သာကေတ အစရှိသော မြို့ပြင် ရပ်ကွက်များတွင်( ထိုစဉ်က အနေနှင့် ဖြစ်သည်)။ တနိုင်ငံလုံး အတိုင်းအတာ နှင့်မူ မြို့ပေါင်း ၄၀ အထိ ဆန္ဒပြပွဲ များ ပျံ့နှံ့ သွားခဲ့သည်။ ထိုနေ့အတွက် အပြင်းထန် ဆုံး ပစ်ခတ်မှုမှာ စစ်ကိုင်းမြို့တွင် ဖြစ်ပွားခဲ့ပါသည်။ စစ်ကိုင်း ရဲတပ်ဖွဲ့မှ စက်သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် လူပေါင်း ၃၀၀ သေဆုံးခဲ့ရသည်။ ရန်ကုန်မြို့တွင်လည်း ပစ်ခတ်မှု များက ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားခဲ့သည်။ ညပိုင်းတွင်မူ သူတို့ မိသားစု ရေဒီယို နားမှ မခွာကြတော့။ ဘီဘီစီ၊ ဗီအိုအေ တို့မှ ထုတ်လွှင့်သော သတင်းများကို အငမ်းမရ နားထောင်ကြရ လေသည်။ ဆယ်ရက်နေ့ တွင်တော့ လူထု ၏ အမျက်ဒေါသက လောင်ကျွမ်း ပေါက်ကွဲ ခဲ့ရပြီ ဖြစ်သည်။ ဘရင်းကယ်ရီယာ များပေါ်မှ ရက်ရက်စက်စက် ပစ်ခတ်နေသော စစ်သားများအား ဓားများ၊ ဂျင်ဂလိများ အသုံးပြု၍ ပြန်လည် တိုက်ခိုက်ကြတော့သည်။ အဆိုးဆုံး ဖြစ်ရပ် တခုကလည်း ရန်ကုန်ဆေးရုံကြီး တွင် ဖြစ်ပွား ခဲ့သည်။ မွန်းလွဲ တနာရီ ခန့်တွင် စစ်ကားတစီးမှ ဆေးရုံကြီး ထဲရှိ သူနာပြုများကြားသို့ ပစ်ခတ် သဖြင့် လူ အချို့ သေဆုံးခဲ့ရ ခြင်းဖြစ်သည်။ ညနေ အဖေ ရုံးမှ ပြန်ရောက်လာတော့ သတင်းတခု သူ ကြားရပြန်သည်။ မြောက်ဥက္ကလာတွင် ဒေါသထွက်နေပြီ ဖြစ်သော လူထုကြီးက ရဲတပ်သား အချို့ အား ခေါင်းဖြတ် သတ်လိုက်ခြင်း ဖြစ်သည်။
၁၂ ရက်နေ့တွင်တော့ နိုင်ငံတော် သမတ ဦးစိန်လွင် ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းကို မြန်မာ့ အသံ မှ ကြေညာလိုက်လေသည်။ အပြီးသတ်အောင်ပွဲ မဟုတ်သေးသော်လည်း သူ အပါအဝင် ပြည်သူအများ ပျော်ရွှင် ခဲ့ကြရသည်။ သည့်နောက်ပိုင်း ရက်များတွင်တော့ ဆန္ဒပြပွဲများ နေ့စဉ် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ တတိယပတ်တွင် သမတသစ်အဖြစ် ဒေါက်တာမောင်မောင် တက်ရောက် လာသည်။ "၁၄ နှစ်ဆိုတာ (၁၉၇၄ အခြေခံဥပဒေ ကို ရည်ညွှန်းသည်) သမိုင်းအနေနဲ့ ဆိုရင် မနေ့ တနေ့ကပါ" ဟု အစချီကာ တပါတီစနစ် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ဆန္ဒခံယူပွဲ ပြုလုပ် ပေးမည်" ဟု နိဂုံးချုပ်သည်။ ထိုရက်များ အတွင်း ဆန္ဒပြပွဲ များက နေ့စဉ်ဖြစ်ပွား ခဲ့လေသည်။ သြဂုတ် လ ၂၄ ရက်နေ့တွင်တော့ မာရှယ်လောကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အပြင်ဘက်၌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထု အား မိန့်ခွန်းပြောသည်။ သြဂုတ်လ ကုန်ပိုင်းလောက်တွင်တော့ တနိုင်ငံလုံး လူထုလူတန်းစား အသီးသီး ရုပ်ရှင်သရုပ်ဆောင် များနှင့် အဆိုတော်များပါ မကျန် အထွေထွေ သပိတ်ထဲသို့ ပါဝင်ခဲ့ကြပြီ ဖြစ်သည်။ လမ်းစဉ်ပါတီ ဝင်များ ပါတီမှ အစုလိုက်အပြုံလိုက် နှုတ်ထွက်ကြပြီး ဝန်ထမ်းပေါင်းစုံ ပါဝင်လာပြီ ဖြစ်သော သပိတ် ကြီးက အစိုးရ အုပ်ချုပ်ရေး ယန္တရား ကို လုံးဝ ရပ်ဆိုင်း ပစ်လိုက်သည်။
ထိုကာလ အတောအတွင်းတော့ သူတို့ ရပ်ကွက်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေပြီ ဖြစ် သဖြင့် အဖျက်အမှောင့် လုပ်ရပ်များ မပေါ်ပေါက်နိုင်စေရန် လမ်းလုံခြုံရေးကို ရပ်ကွက်ထဲရှိ လူငယ် များနှင့် စုဖွဲ့ထားရ လေသည်။ လမ်း ဟိုဘက်ထိပ် သည်ဘက်ထိပ် တွင် ဝါးကပ်များဖြင့် ကာရံကာ လူ အဝင်အထွက်ကို စစ်ဆေးရသည်။ ည ဘက်တွင်လည်း အလှည့်ကျ ကင်းစောင့်ကြရသည်။ သူတို့ မြို့ထဲရှိ ရပ်ကွက်များတွင်တော့ မည်သည့် ပြဿနာမျှ ထူးထူးခြားခြား မဖြစ်ပွားခဲ့ကြောင်း သူ မှတ်မိ နေပါသည်။ နောက်ထပ် သူ မှတ်မိနေသည်က အစိုးရပိုင် စတိုးဆိုင်များ (ပဒုမ္မာစတိုး ဟု သူ ထင်သည်) မှ ပစ္စည်းများကို လမ်းဘေးတွင် ချရောင်းကြတာ ဖြစ်သည်။ သူတို့လို သာမန် ပြည်သူ လူထု ဝယ်ယူခွင့် မရှိသည့် ပစ္စည်းများ၊ စားသောက်ကုန်များ၊ အသုံးအဆောင်များ ဖြစ်သည်။ သုတ ရတနာသိုက် ဟု အမည်တွင်သော ကလေးများအတွက် ဖတ်ရှုစရာ စာအုပ် အကောင်းစားများ ကိုလည်း သည်တော့မှပင် သူ ဖတ်ရှုဖူးတော့ခြင်း ဖြစ်ပါသည်။
စက်တင်ဘာလ ပထမပတ်တွင် အစိုးရ ရုံးဌာန အသီးသီးက ဆိုင်ရာဆိုင်ရာ ဝန်ထမ်းသမဂ္ဂများကို ဖွဲ့စည်းလိုက်ကြသည်။ သူ့ ဖခင်၏ ရုံးတွင်လည်း ဝန်ထမ်းသမဂ္ဂ ကို သူ့ ဖခင်မှ ဥက္ကဌ တာဝန်ယူကာ ဖွဲ့စည်းလိုက်သည်။ သည်မှာပင် သူလည်း သူ့ဖခင်နှင့် နေ့စဉ်ရက်ဆက် လိုက်၍ ဆန္ဒပြဖြစ်သည်။ သူ့ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် လူထုတိုက်ပွဲ တွင် ပါဝင်ဖူးခြင်း။ သူ့ အရွယ် လူမမယ်ကျောင်းသား ငယ်ကလေးများ ကိုလည်း ဆန္ဒပြစစ်ကြောင်းများ ထဲတွင် သူ တွေ့ရသည်။ သံဃာတော်များ၊ သီလရှင် လည်းပါသည်။ မိတ်ကပ် အလှဖန်တီးရှင် များလည်းမကျန်။ အိမ်ရှင်မများ သမဂ္ဂ (ဒေါက်တာ မောင်မောင် က ဆန္ဒပြသူ များတွင် အိမ်ရှင်မများ မပါဝင်သေးကြောင်း ပြောဆိုခဲ့သောကြောင့် ဖြစ်သည်) မှ သူ့ အမေအရွယ် အမျိုးသမီး များကိုလည်း သူ တွေ့ရသည်။ ထို အချိန်တွင် ပြည်သူပိုင် သတင်းစာ များကလည်း လွတ်လွတ်လပ်လပ် ဖော်ထုတ်ရေးသား နေကြပြီ ဖြစ်သည်။ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင် စသည်…။ ပြင်ပတွင် နေ့စဉ် ထုတ်ဝေနေသော ဂျာနယ် များကလည်း သူ့ စိတ်ထင် ဆယ့်ငါးမျိုး အမျိုးနှစ်ဆယ် ရှိသည်။ ဒို့အရေး ဂျာနယ် စသဖြင့်။ သမတရုံ ၏ နဖူးစည်းတွင် WE WANT DEMOCRACY ဟူသော စာတန်းကြီးအား အနီရောင် ဖောင်းကြွ စာလုံးများဖြင့် ရေးထိုး ထားတာလည်း သူ မှတ်မိသည်။ တရက်တွင်တော့ ဝန်ကြီးချုပ်ဟောင်း ဦးနု က စင်ပြိုင်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာသည်။ ထိုနေ့ ညနေဘက်တွင် သူ ပန်းဆိုးတန်း သို့ ရောက်ရှိနေသည်။ ညနေ လေးနာရီ ခန့်တွင်တော့ သူ တခါမှ မတွေ့ဖူးသေးသော ဆန္ဒပြ စစ်ကြောင်းတစ်ကြောင်း ကို သူ တအံ့တသြ တွေ့ရှိ ရလေသည်။ တပ်မတော်ယူနီဖောင်း များကို ဝတ်ဆင်လျက်။ တပ်မတော်(လေ) မှ စစ်သည်များ။ ပြည်သူ့တပ်မတော် တို့တပ်မတော် ဟူသော လူထုကြီး၏ ကောင်းချီးပေးမှု အောက်တွင် သူလည်း ပျော်ဆင်းသွားသည်။ လမ်းဘေးမုန့်ဆိုင် မှ ပူတင်းပေါင်မုန့် တထုပ်ကို သူ ကမန်းကတမ်း ပြေးဝယ်သည်။ ထို့နောက် စစ်သည်တဦး လက်ထဲသို့ သူ ထည့်လိုက်သည်။ ဘောင်းဘီတို နှင့် ကောင်လေးတစ်ယောက်…. တပ်မတော်(လေ)မှ စစ်သည်တဦး…. ပန်းဆိုးတန်း လမ်းမထက်တွင်….။ စက်တင်ဘာလ ၉ ရက်နေ့ ဖြစ်ပါသည်။
ထို့နောက်ပိုင်း ရက်များတွင်တော့ ပြည်သူ့ရဲ များကပါ ဆန္ဒပြပွဲ၌ ပူးပေါင်း ပါဝင်လာကြသည်။ ပြည်သူ လူထုက အစိုးရ နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုလာသည်။ အစိုးရ က ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြပွဲ များ၏ အရှိန်အဟုန်က ပိုမို ပြင်းထန်လာသည်။ အချိန်က စက်တင်ဘာ တတိယပတ်ထဲတွင်။ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးခြင်း မရှိပါက ရန်ကုန်မြို့ရှိ စစ်ရေး ပစ်မှတ်များကို လေတပ် မှ ဗုံးကြဲ ၍ ရေတပ် မှ အမြောက်ဖြင့် ပစ်မည် ဟူသော ကောလဟလ ကလည်း ထွက်ပေါ် လာသည်။ တပ်မတော် တခုလုံးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှ နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကြေညာသည်။ ကြေညာပြီး နှစ်ရက်မျှသာ ကြာပါသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ လေးနာရီ ခန့်တွင် ရေဒီယိုမှ စစ်ချီသီချင်း သံများ ပေါ်ထွက်လာသည်ကို သူတို့ ကြားရသည်။ မှန်သည်။ ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်၍ တပ်မတော်မှ အာဏာသိမ်းယူ လိုက်ပြီ ဖြစ်သည်။
ထိုညသည် သူ မမေ့နိုင်သော ညဖြစ်သည်။ လျှပ်စစ်မီးများ ဖြတ်တောက်ထား၍ ရန်ကုန် တမြို့လုံး မှောင်အတိကျလျက်။ ည ကိုးနာရီ သာသာခန့်တွင် ဝုန်းခနဲ ဒိုင်းခနဲ မြည်ဟီးပေါက်ကွဲ သံကြီးများကို သူ ကြားရသည်။ သူ ကြားဖူးနေခဲ့ ပြီ ဖြစ်သည့် လက်နက်ငယ် ပစ်ခတ်သံမဟုတ်။ သူ တခါမှ မကြား ဖူးသော အသံကြီးများ (ထိုညက ရန်ကုန်မြို့လယ် တွင် နေထိုင်ခဲ့သူများ မှတ်မိလိမ့်ဦးမည် ဟု သူ ထင်သည်)။ ခြောက်သည့် လှန့်သည့် သဘောဖြင့် အသံသက်သက် ထွက်အောင် ပြုလုပ်သည်လား။ ဒါကိုတော့ ယနေ့တိုင် သူ ဝေခွဲမရ။ နောက် သူ ထပ်ကြားရသည်က သူ့ ရပ်ကွက်မှ ကင်းသမားတို့၏ ကြွေးကြော်သံများ။ "နှစ်ယောက်ကျရင် လေးယောက်တက်မယ် လေးယောက်ကျရင် ရှစ်ယောက် တက်မယ်" စသဖြင့်။ နောက်တနေ့ (စက်တင်ဘာ၁၉) တွင်တော့ ဆန္ဒပြ စစ်ကြောင်းများကို စစ်တပ် မှ အပြင်းအထန် ပစ်ခတ်နှိမ်နင်း တော့သည်။ တနေ့လုံး ပစ်သံခတ်သံ များကို သူ့ အိမ်မှ အတိုင်းသား ကြားနေခဲ့ရလေသည်။ အသံကျယ်ကျယ် မြည်ဟိန်းသော ဂျီသရီးသံ၊ တဖောက်ဖောက် အသံသာ မြည်သော ကာဘိုင်သံ အစရှိသဖြင့် သူ ကြားနေရသည်မှာ မိုးချုပ်သည် အထိဖြစ်ပါသည်။ ထို့နောက် ညဘက်တွင်တော့ သူ့ လမ်းထဲသို့ စစ်ကားတစီး ဝင်လာသည်။ ဝှက်ထားသော လက်နက် များ ရှိပါက အပ်နှံရန် နှင့် ရှာဖွေတွေ့ရှိ ပါက ပစ်သတ်ခံရမည် ဖြစ်ကြောင်း ကို အသံချဲ့စက်နှင့် ပြောင်ပြောင်တင်းတင်း ပြောတာ သူ မှတ်မိသည်။ သည်အသံကို ကြားတော့ အမေက အရေးတော်ပုံ အတွင်း သူ နေ့စဉ် ဝယ်ယူစုဆောင်း ထားခဲ့သည့် ဂျာနယ်များကို ရေစည်ပိုင်းထဲ ထည့်ဝှက်သည်။ သူ သိမ်းဆည်း ထားသော သမိုင်းမှတ်တမ်းများ ထာဝရ ပျက်စီးသွားရတော့သည်။
သူ့ အတွေးစ တွေကို ဖြတ်တောက်လိုက်တော့ ၁၂ နှစ်သား အရွယ် ချာတိတ်ကလေးက ၃၂ အရွယ် လူလတ်ပိုင်း တဦး ဖြစ်သွားသည်။ နှစ်နှစ်ဆယ် တိုင်ခဲ့ပြီပဲ….အခုတော့…။ သည် နှစ်နှစ်ဆယ် အတွင်း မှာလည်း ဇာတ်ကွက်ဇာတ်လမ်း အခန်းခန်း ကို သူ ဖြတ်သန်းတွေ့ကြုံ ခဲ့ရသည်။ တခုပဲရှိတာက သူ က ပွဲကြည့် ပရိသတ်မဟုတ်။ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သူ ဖြစ်နေခဲ့ တာပဲ ဖြစ်သည်။ သူ အပါအဝင် ပြည်သူလူထု ကြီးတရပ်လုံး။ သြော်…အနှစ်နှစ်ဆယ် တောင်တိုင်ခဲ့ပြီပဲ။ သည် အနှစ် နှစ်ဆယ်အတွင်းတွင် အခြေခံ ကျောရိုး မခိုင်မာသူ တို့ကိုလည်း သူ ဒုနှင့်ဒေး တွေ့ခဲ့ရသည်။ အသွေး အရောင် ဖြူသွားဖျော့သွား သူတို့ကလည်း မရှား။ တဖက်တွင်လည်း အာဇာနည် တို့က ကြံကြံခိုင်ခိုင် ရပ်မြဲ ရပ်တည်လျက်။ အသစ်အသစ် မွေးဖွားလျက်။ သည် အနှစ်နှစ်ဆယ် က လူ့စည်း/ ဘီလူးစည်း ကို ပိုင်းခြားပေးခဲ့ လေသည်။ သမိုင်းက ဆန်ကာတိုက်ချခြင်း…။ သူကတော့ သည်လိုပဲ ခေါ်ဝေါ် သတ်မှတ်မိသည်။ အာဏာပိုင် တို့ဘက်ကလည်း ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ၏ အခန်းကဏ္ဍ ကို ဖျောက်ဖျက် ပစ်ရန် တရံမလပ် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အရေးတော်ပုံ ၏ ဂုဏ်သိမ်က သေးသိမ် မသွား။ အရေးတော်ပုံ ၏ ဝိညာဉ်က မှေးမှိန်မသွား။ လူထုအင်အား ဖြင့်သာ အရေးတော်ပုံ က ညွှန်ပြ ခဲ့သော ပြည်သူ့လွတ်မြောက်ရေး ပန်းတိုင်ဆီ အရောက်ချီရန် ပြည်သူလူထု တရပ်လုံးက ပိုင်းဖြတ် ထားပြီး ဖြစ်သည်။ အမျှော် ကိုသော်လည်းကောင်း၊ အကြောက် ကိုသော်လည်းကောင်း အပြီးတိုင် ဖယ်ရှားပစ်ရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။ အရေမပျော် အရောင်မပြောင်း၊ ပတ္တမြား မှန်လျှင် နွံမနစ်။ စင်စစ် အာဏာရှင်စနစ် တစ်ရပ် ကို ဖြိုဖျက်ခြင်း ဟူသည် သူ ငယ်ငယ်က ဖတ်ဖူးခဲ့သော "တောင်ဖြိုခြင်း" ပုံပြင် နှင့် အလားသဏ္ဍာန်တူသည် ဟု သူ ခံစားရသည်။ အဖိုးမှသည် အဖေ၊ အဖေ မှသည် သား။ တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ….။ အဆုံးတစ်နေ့ တွင်တော့ တောင်က မုချ ပြိုရ ပေလိမ့်မည်။ သူတို့ ဆင်နွှဲ ခဲ့သမျှ တိုက်ပွဲ တိုင်းက တောင်ကို ဖြိုသည့် ပေါက်တူးချက်များ….သူတို့ ပေးလှု ခဲ့သမျှ အသက်တိုင်းက တောင်ကို ဖျက်သည့် တူရွင်းချက်များ….။ သူကတော့ သည်သို့ပဲ ယုံကြည် နေမိသည်။ ယုံကြည်ချက် နှင့် တဆက်ထဲတွင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေက ကျဆုံး သွားခဲ့ရရှာသော ညီမလေး ဝင်းမော်ဦး ၏ မျက်နှာနုနုကလေးကို သူ ကွက်ခနဲ မြင်ယောင် လာသည်။ ထာဝရ အသက်ကို ပိုင်ဆိုင်ခဲ့ကြပြီ ဖြစ်သော ညီမလေး ဝင်းမော်ဦး နှင့်တကွ အာဇာနည် များ၊ ဒီမိုကရေစီ ရမှ အမျှဝေပါ ဟု မှာကြားသွားခဲ့ ကြသော တိုင်းပြည်အတွက် စွန့်လွှတ်သွားကြ သူများ၊ သွေးရဲရဲ သံရဲရဲ….လမ်းပေါ်တွင် ပြန့်ကြဲ နေသော ဖိနပ်ကလေးများ……။ သည် ဖိနပ်ကလေး များ၏ ပိုင်ရှင် ပြည်သူလူထု တစ်ရပ်လုံး ကတော့ သူတို့ လိုလားတောင့်တရာ လွတ်လပ်ရေး ပန်းတိုင် ဆီ တစ်နေ့ မုချ ရောက်ရ ပေလိမ့်မည်။ သူတို့ခွန် သူတို့အား ဖြင့် သူတို့ပြည် သူတို့ရွာ ကို အသစ် တဖန် ပြန်လည် တည်ဆောက် နိုင်ကြ ပေဦးမည်။ သည်သို့ပင် သူ ခိုင်ခိုင်မတ်မတ် ယုံကြည်နေမိ သည်။ နောင်တွင်လည်း ယုံကြည်နေလိမ့် ဦးမည်သာ ဖြစ်ပါသည်။ ။
ရည်ညွှန်းကိုးကား။ ။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ရပ်များ ပြက္ခဒိန်၊ ကိုယ်ပိုင်မှတ်စုများ
ညိုထက်ညို
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်,
ဆောင်းပါး,
အောက်မေ့ဖွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment