Saturday, July 28, 2012

၈၈ လမ်းပေါ်မှာ ကြွေလွင့်သွားကြရသည့် မျိုးဆက်သစ်ပန်းကလေးများ…



“၈၈ လို့ပြောလိုက်တာနဲ့ သွေးအလိမ်းလိမ်းနဲ့ ရောက်လာကြတဲ့ ကျောင်းသားလူနာတွေကိုပဲ ပြန်မြင်ယောင်မိ  တယ်”ဟု အငြိမ်းစား သူနာပြုဆရာမကြီး ဒေါ်အေမီက ထိုစဉ်က ပုံရိပ်တို့ကို မြင်လာသည့်အလား ပြန်လည်  ပြောပြသည်။
၈၈ ကာလ က သူမသည် ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ကျသောသူနာပြုဆရာမတဦးဖြစ်ပြီး ၈၈ အရေးအခင်း အပြီးတွင် အာဏာပိုင်များက ပင်စင်ပေးခြင်းခံခဲ့ရသူဖြစ်သည်။ ထိုစဉ်ကထက် ရက်စက် ဆိုးဝါးသော အဖြစ် အပျက် ဆိုးတို့ကို သူမဘ၀တွင် မကြုံတွေ့ခဲ့ဘူးကြောင်း အသက် ၆၀ ကျော် အရွယ် ဒေါ်အေမီက ပြောသည်။

အဖြူအစိမ်း ၀တ်ထားသည့် အသက် ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ၊ အသက် ၁၈ နှစ် ၀န်းကျင်အရွယ် ကျောင်းသူ ကျောင်းသားလေးများ၊ အင်္ကျီအဖြူဝတ်ထားသည့် အမျိုးသားလူငယ်များ၊ အမျိုးသမီးလူငယ်တွေကို သွေးအလိမ်းလိမ်း ဒဏ်ရာအမျိုးမျိုးနှင့် ဆေးရုံကြီးကို တဖွဲဖွဲရောက်လာကြချိန်ကျမှ ဆေးရုံရှိ ကျန်းမာရေးဝန် ထမ်းများအားလုံး မင်တက်ကုန်ကြသည်။ ထို့နောက်တွင် လူမမယ်ကလေးများကို ရက်စက်သော လုပ်ရပ်အဖြစ် နာကြည်းဒေါသထွက်ခဲ့ကြသည်။


“အိုး ရောက်လာတဲ့ ကလေးတိုင်းမှာ သွေးတွေရွှဲနေတာပဲ၊ ဘယ်သူမှ မြင်မကောင်းဘူး၊ သူတို့ကို မြင်တဲ့ သူတိုင်း ရှော့ရတယ်၊ ဆရာဝန်ကြီးတွေတောင် ကြောင်တောင်တောင်နဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတွေ ဖြစ်ကုန်ကြတယ်၊ ရောက်လာသမျှလည်း အရေးပေါ်အခြေအနေတွေချည်းပဲ ဗိုက်ပွင့်တဲ့ကလေးတွေလည်း ပါခဲ့တယ်”ဟု သူနာပြု ဆရာမကြီးက ပြောပြသည်။

ဆရာဝန်များ၊ သူနာပြုများသာမက ဆေးရုံဝန်ထမ်များ၊ လူနာများပါ မကျန် ရှိရှိသမျှလူတိုင်းသည် သွေးအလိမ်း လိမ်းနှင့်ရောက်လာကြသော ကျောင်းသူကျောင်းသားများအား ကြည့်ပြီး မျက်ရည်ကျခဲ့ကြကြောင်း၊ ထိုကလေး များအား ကုသနေစဉ်မှာပင် စစ်ထောက်လှမ်းရေးများ၊ စစ်ဗိုလ်များက ဆေးရုံအတွင်းလာရောက်ခဲ့ကြပြီး ဆရာဝန် များနှင့်သူနာပြုများအား အမိန့်အမျိုးမျိုးပေးကာ ၄င်းတို့နှင့် လုံးဝ သက်ဆိုင်မှု မရှိသော ကုသရေးပိုင်းတွင် ၀င်ရောက်နှောင့်ယှက်ခဲ့ကြသည်ဟုလည်း သူက ဆိုသည်။


ထိုစဉ်က ဒဏ်ရာရကျောင်းသားများအားဆေးကုပေးနေသော်လည်း ဆေးဝါးများကိုမူ အစိုးရက ထိန်းချုပ်ထားပြီး ဆေးထုတ်မပေးခဲ့သည့်အတွက် ဆေးရုံအုပ်ကြီးနှင့်တကွ ဆရာဝန်များမှာ ရရာ ဆေးခန်း၊ ဆေးတိုက်တို့မှ လိုအပ် သော ဆေးဝါးများအား ရှာဖွေ ကုသပေးခဲ့ရကြောင်း၊ ထိုအထဲမှ ဆရာဝန်တချို့နှင့် သူနာပြုတချို့မှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းတွင်အလုပ်မှ ရပ်နားခိုင်းကာ တချို့အား ပင်စင်ပေးခံလိုက်ကြကြောင်း ဒေါ်အေမီက ပြောပြခဲ့သည်။


ယင်းသို့ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား စာရင်းပြုစု ထားခဲ့သော်လည်း ထိုစာရင်းနှင့်တကွ ဆေးမှတ်တမ်းအားလုံးအား စစ်ထောက်လှမ်းရေးများက သိမ်းဆည်းသွား ကြသကဲ့သို့၊ ဆေးရုံမဆင်းခင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြသည်များလည်း ရှိသည်ဟု ကြားခဲ့ရကြောင်း သူနာပြု ဆရာမကြီးက ပြောသည်။


“ဆေးရုံရောက်လာတဲ့ ကျောင်းသားတွေကို စာရင်းလုပ်ထားခဲ့တာတော့ မှတ်မိတယ်၊ ဘယ်လောက်လဲဆိုတာ တော့ ခုမှာ ပြန်မမှတ်မိတော့ဘူး၊ ဆုံးတဲ့သူတွေလည်း ဆုံးကုန်ကြတယ်လေ”ဟု သူနာပြု ဆရာမကြီး ဒေါ်အေမီက ဆိုသည်။


၈၈ ကာလ အင်းလျားကန်ဘောင်ပေါ်တွင် တက်ပြေးကြသော ကျောင်းသားများအား ယူနီဖောင်းဝတ် စစ်သား များက လက်ကိုင်တုတ်များနှင့် လိုက်ရိုက်သည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျောင်းသူတဦးကလည်း ထိုစဉ်က အင်းလျားကန်ရေပြင် သွေးရောင်လွှမ်းသွားခဲ့သည်ကို မှတ်မိနေဆဲဖြစ်ကြောင်း ပြောပြသည်။


“မှတ်မိသလောက်ပြောရရင် ကျောင်းသားတွေကို နောက်ကနေ သံတုတ်တွေနဲ့ လိုက်ရိုက်လို့ ကျောင်းသားတွေ ၀ရုန်းသုန်းကားနဲ့ ကန်ဘောင်ပေါ်တက်ပြေးကြတယ်၊ အချို့ကလည်း ပြည်လမ်း ဒီဘက်ကို ပြေးတယ်၊ ဘယ် ဘက်ကိုပဲ ပြေးပြေး ပြေးတဲ့သူတွေနောက်ကို စစ်သားတွေက နောက်ကနေပြေးလိုက်ပြီး ရိုက်တာ၊ အဲဒါကို ဆက် မကြည့်ရဲလို့ အဆောင်ထဲ ၀င်နေတာတောင် အဆောင်ကနေ တခွပ်ခွပ်နဲ့ ရိုက်နေတဲ့ အသံတွေ ကြားရတယ်၊ ကျောင်းသားတွေ တော်တော်ထိတယ်၊ ကျောင်းသူတွေလည်း ပါတယ်၊ လဲကုန်ကြတာ၊ အဲဒီသွေးတွေက

အင်လျား ကန်မှာကော ပြည်လမ်းမမှာကော ရဲနေတာပဲ၊ သွေးညှီနံ့တွေဆိုတာ ပတ်ဝန်းကျင်တခုလုံးကို ညှီစို့နေတာ”ဟု သူမက ပြောပြသည်။

ထိုစဉ်က သူမသည် တံတားဖြူရှိ အဆောင်တခုတွင်ငှားနေရင်း ရန်ကုန်၊ စီးပွားရေး တက္ကသိုလ်တက်ရောက်နေ ခဲ့သော ကျောင်းသူ တဦးဖြစ်ပြီး စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အာစီတူးမှ တက္ကသိုလ်ကျောင်းသားများ ပေါင်းစု ဆန္ဒပြမည်ဟု သတင်းများ ကြားခဲ့သော်လည်း၊ ကျောင်းသားအရေးအခင်းမှာ ထိုမျှလောက်ကြီးကျယ် သွားကာ ကျောင်းသားများ သွေးမြေကျသည်အထိ ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့မိကြောင်း ပြောသည်။


သူမက တံတားဖြူ အဆောင်တွင် နေသောကြောင့် အင်းလျားကန်ဘောင်ပေါ်မှ အသံများကြားရခြင်း၊ မြင်ရခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့် ခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်း စသည့် ခံစားမှုများဖြင့် ထိုစဉ်က ကျောင်းသားများ အတွက် အန္တရာယ်ကင်းရန် ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ကြောင်း ပြောပြသည်။


“အရင်တုန်းကဆို ကန်ဘောင်ပေါ်ကနေ ဖြတ်ပြီးမှ အဆောင်ပြန်တာ၊ အဲလိုဖြစ်သွားပြီးတော့ တော်တော်နဲ့ကို ကန်ဘောင်ပေါ် မသွားတော့ဘူး၊ အဲဒီမြင်ကွင်းတွေကို ပြန်မြင်ယောင်တယ်၊ အဲဒီနေ့က ကျမနဲ့အတူတူ တွေ့လိုက်ရတဲ့ သူငယ်ချင်းတွေလည်း အဲလိုပဲ ခံစားခဲ့ကြရတယ်လေ၊ အားလုံး တုန်လှုပ်ခြောက်ခြားပြီး စိတ် ထိခိုက်ကုန်ကြတာပဲ ၊ ကန်ဘောင်ပေါ်ကို မသွားတော့ဘူး”ဟု သူမက ပြောသည်။


ပြည်လမ်းမနှင့် အင်းလျား ကန်ဘောင်ပေါ်တွင်လည်း ပိုင်ရှင်မဲ့ဖိနပ်များ၊ လွယ်အိတ်များ၊ နာရီများ၊ သွေးကွက် များ ကျန်ရစ်နေခဲ့ပြီး မြင်ရသူများအဖို့စိတ်ထိခိုက်ခဲ့ကြရသည်ဟုလည်း ဆိုသည်။


လှိုင်နယ်မြေ အဆောင်များဘက်မှ ပြေးလာသော ကျောင်းသားတစုက သိပ္ပံစက်ရုံဝင်းအတွင်းသို့ ပြေးလာ သည့်အတွက် ၀ှက်ပေးခဲ့သော စက်ရုံဝန်ထမ်းတဦးအား စစ်သားများက ရိုက်နှက်ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသူ အစိုးရ၀န်ထမ်းတဦးကလည်း မှတ်မိသလောက် ပြောပြသည်။


“သူက စက်ရုံဝင်းထဲ ၀င်လာတဲ့ ကျောင်းသားတွေကို အင်္ကျီလဲခိုင်းပြီး၊ စက်ရုံရဲ့အနောက်ဘက်မှာ ရှိတဲ့ ခြုံတွေထဲ ကနေ ဟိုးဘက်ကို ဖောက်ထွက်ပြီး ပြေးခိုင်းလိုက်တာ၊ စစ်ကားတွေနဲ့ စစ်သားတွေဝင်လာရှာတော့ ကျောင်း သားတွေ မရှိတော့ဘူး၊ သူတို့ အင်္ကျီတွေပဲ တွေ့သွားတယ်လို့ ကြားတယ်၊ အဲဒီမှာ သူ့ကို စစ်ဗိုလ်တယောက်က  ပါးရိုက်တယ်၊ စစ်ဖိနပ်နဲ့ ကန်တယ်၊ ဆင့်ဆင့်ကန်တာပဲ၊ သူခွေလဲသွားတာ တွေ့လိုက်တယ်၊ ဘယ်သူမှ သွား မထူရဲဘူး၊ သူတို့ ကားပေါ်ဆွဲတင်သွားတော့ အားလုံးက သူ့အတွက် စိတ်ပူသွားကြတယ်၊ ငိုတဲ့ တပည့်က ငိုနဲ့” ဟု သူက ပြောသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဂျပန်ခေတ်က ဂျပန်စစ်ဗိုလ်များက လူများကို ရိုက်နှက်ပြီး မေးမြန်းစစ်ဆေး နှိပ်စက်သည်ဆိုသည်မှာ ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု စွဲမှတ်သွားခဲ့ကြောင်းလည်း သူက ပြောဆိုသည်။


ထိုစဉ်က သူသည် ချည်မျှင်နှင့်အထည်စက်ရုံဝန်ထမ်းအိမ်ရာတွင်နေထိုင်သူတဦးဖြစ်ပြီး၊ ထိုအိမ်ရာမှာလှိုင်နယ်မြေ အတွင်းမှ ကျောင်းသားအဆောင်များနှင့် နီးသောကြောင့် ညတိုင်းပင် စစ်သားများ အိမ်ပေါ်တက်လာကာ ပုန်းနေ သော ကျောင်းသားများ ရှိမရှိ လာမေးကြောင်း၊ ရှိလျှင်ထုတ်ပေးရန်၊ ရှာ တွေ့ပါက လက်ခံထားသူပါ အပြစ်ဒဏ် ခံရမည် ဟု ခြိမ်းခြောက်တတ်ြပီး မသင်္ကာသူရှိပါက ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း တွေ့ရကြောင်းသူက ပြောပြသည်။


“ည၈ နာရီလောက်ဆိုရင် အိမ်တံတားခေါက်ပြီးရောက်လာကြတယ်၊ တအိမ်လုံးအနှံ့ရှာကြတယ်၊ အဲဒီမှာခေါင်းမှာ ဒဏ်ရာရလို့ပဲဖြစ်ဖြစ်၊ ခြေထောက် ထော့နဲ့နဲ့ ဖြစ်နေတဲ့သူဘဲ ဖြစ်ဖြစ် ဒဏ်ရာနဲ့ လူတွေ့ရင်တော့ ဖမ်းခေါ်တာပဲ၊ ဘယ်သူမှ ၀င်ပြောလို့မရဘူး၊ ပြောမယ်ပြင်တဲ့သူကိုလည်း သေနတ်နဲ့ချိန်ထားတော့ ဘယ်သူမှလည်းမပြောရဲဘူး” ဟု သူက ဆိုသည်။


ဤသို့ ကျောင်းသားများ သွေးမြေကျခဲ့ရပြီး လူထု အရေးအခင်းဖြစ်ပွားခဲ့သော်လည်း ၁၉၈၈ခုနှစ် စက်တင်ဘာလ အတွင်း စစ်တပ်မှ အင်အားသုံးကာ သပိတ်ခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ သေနတ်နှင့် ချိန်ကာ စစ်ကားများ ဖြင့် ရန်ကုန်မြို့တွင်းအနှံ့ လှည့်လည်နေခြင်းတို့ကို မှတ်မိနေဆဲဖြစ်ကြောင်းလည်း အထက်ပါ အစိုးရဝန်ထမ်းက ပြောပြသည်။


၁၉၈၈ ခုနှစ် အရေးအခင်းသည် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ငွေစက္ကူများ သိမ်းဆည်းခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ စက်မှု တက္ကသိုလ် ကျောင်းသား ဖုန်းမော် အရေးအခင်း၊ ဇွန်လ စမ်းချောင်းအရေးအခင်းတို့ ဖြစ်ပွားမှုမှစတင်၍ တတိုင်းပြည်လုံးပါဝင်လာခဲ့သော အရေးအခင်းကြီးဖြစ်သည်။


ထိုအရေးအခင်းကြောင့် မဆလ တပါတီ အာဏာရှင် နေ၀င်းအစိုးရ ပြုတ်ကျသွားခဲ့ပြီး၊ ၁၉၈၈ ခုနှစ် စက်တင်ဘာ လတွင် စစ်တပ်က အာဏာသိမ်း၍ အုပ်ချုပ်ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

No comments: