ကြံစိုက်သူများ
|
|||
|
Written by ညိုထွန်းလူ
|
Monday, 30 April 2012 16:35
|
ကိုသိန်းဆောင်တဲ့။ သည်မြို့လေးကို ရောက်ရောက်ချင်း သူ့နာမည်ကို အဦးဆုံး မေးမိလိုက်တယ်။ ဖြစ်နိုင်ရင် သူနဲ့ တွေ့ချင်မိတယ်။
ဘာအကြောင်း
ကိစ္စမှ မရှိဘူး။ တွေ့ချင်ရုံသက်သက်ပဲ။ ကိုသိန်းဆောင်နဲ့ မတွေ့တာ ဆယ့်လေး ငါးနှစ်မက
ရှိနေပြီ။ မြို့ခံမိတ်ဆွေက ဘယ်အရပ်က ကိုသိန်းဆောင်လဲ။ ဒီမှာ ကိုသိန်းဆောင်
နှစ်ယောက် ရှိတယ်။ အလယ်ရပ်မှာ တစ်ယောက်။ နန်းဦးရပ်မှာ တစ်ယောက်၊ ဘယ်သူဆိုတာသိရင်
ရှာရတာ လွယ်ပါတယ်လို့ ပြောလိုက်တော့ ကျွန်တော်လည်း နည်းနည်း အစဉ်းစားရ
ကျပ်သွားတယ်။ သည်မြို့ကလေးမှာ သူနေတယ်လို့ပဲ သိတာ။ သူ့လိပ်စာ လည်းမသိ၊
ပြီးတော့ တစ်မြို့ တည်းမှာ နာမည်တူ နှစ်ယောက် ရှိမှန်းလည်း မသိ။ တယ်လည်း
ခက်ပါကလား။
“မပြောတတ်ဘူး ခင်ဗျ။ ကျွန်တော့် မိတ်ဆွေကတော့ အရင်တုန်းက ကျောက်တွေလည်း တူးဖူးတယ်။ သစ်လုပ်ငန်းလည်း လုပ်တယ်လို့ သိရတယ်” အမှတ်မထင် ပြောလိုက်တဲ့ ကျွန်တော့် စကားကြောင့် မြို့ခံမိတ်ဆွေမှာ ပဟေဠိ အဖြစ်မှန် ရသလို မျက်နှာမှာ ၀င်းလက်ပြုံးရွှင် သွားတယ်။
“ဒါဆို နန်းဦးရပ်မှာ နေတဲ့ ကိုသိန်းဆောင်ပဲ။ အခု သူကမြို့ထဲမှာ မနေတော့ဘူး။ မြို့နဲ့တစ်မိုင်လောက် ဝေးတဲ့ နေရာမှာ ကြံစိုက်နေတယ်။ အဲဒီမှာပဲ နေတယ်။ ခင်ဗျား သွားချင်ရင် လိုက်ပို့ပေးမယ် လေ။ ဆိုင်ကယ်မောင်းလို့ရ တယ်။ ဆိုင်ကယ်နဲ့ ဆိုရင် ခဏလေးပဲ”
ကျွန်တော် ပျော်သွား တယ်။ အစတုန်းက ကိုသိန်း ဆောင် နှစ်ယောက်ရှိတယ် ဆိုလို့ ဘယ်ကိုသိန်းဆောင် မှန်း မသိ၊ ရှာရခက်မယ်ထင် နေရာက လွယ်လွယ်ကူကူ ဖြစ်သွားခဲ့တယ်လေ။ မပြန် ခင်တစ်နာရီလောက် တွေ့ချိန်ရတယ်။ အမှန်တော့ ကိုသိန်းဆောင် ရှိတဲ့ ဒီမြို့လေးကို လာစရာအကြောင်း မရှိဘူး။ ရောက်ချင်တော့လည်း ကြံကြံဖန်ဖန် ရောက်လာတာလို့လည်း ပြောနိုင်တယ်။ မနေ့က အဖိုးတန် ကျောက်မျက် ရတနာတွေ ထွက်တဲ့ မြို့ကြီး ကို ကျွန်တော် ရောက်လာခဲ့တယ်။ အကြောင်းကိစ်္စက ကျွန်တော့် မိတ်ဆွေရဲ့သားနဲ့ ရတနာမြို့ကြီးက မိန်းကလေး မင်္ဂလာဆောင်မှာမို့ အဲသည် ပွဲကို ချီးမြှင့်ဖို့ သတို့သား မိဘများနဲ့အတူ လိုက်လာခဲ့ တာပါ။
မင်္ဂလာပွဲက မနက်ဖြန် မှ ကျင်းပမှာပါ။ ကျွန်တော်လည်း တစ်နေကုန် ဘယ်လို အချိန်ဖြုန်းရ ကောင်းမတုံးလို့ စဉ်းစားနေတုန်း ဗီဒီယိုဆရာ မောင်ညွန့်မင်းက သည်မြို့ ကလေးကို ခဏသွားစရာ ရှိတယ်။ ဆရာ ပျင်းရင်လိုက် ခဲ့ပါလားလို့ ပြောတာကော။ ကျွန်တော်ကလည်း နှစ်ခါ မခေါ်ရဘူး။ သည်မြို့ကလေးမှာ ကျွန်တော့်မိတ်ဆွေ ကိုသိန်းဆောင် ရှိတာကိုး။ မြို့ ကလေးကိုလည်း ရောက်ဖူး၊ မတွေ့တာကြာတဲ့ ကိုယ့်မိတ် ဆွေနဲ့လည်း တွေ့ရမှာမို့ အဆင်ကို ပြေလို့။
ရတနာမြို့ကြီးနဲ့ ကိုသိန်းဆောင်ရဲ့မြို့က မိုင် ၃၀ နီးပါးလောက်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးက လည်း ကြမ်းတယ်။ ဒါပေမဲ့ ဒီခေတ်က ဆိုင်ကယ်ခေတ် ဖြစ်တော့ လမ်းတွေကြမ်း လည်း ဆိုင်ကယ်ကို ဒုန်းစိုင်း မောင်းလိုက်ရင် ခဏလေးနဲ့ ရောက်သွားနိုင်တယ်။ ဒီလိုနဲ့ နေ့လယ်ခင်းလောက်မှာ ဆိုင် ကယ်နဲ့ ကျွန်တော်တို့နှစ် ယောက်သား ထွက်လာကြတယ်။ မောင်ညွန့်မင်းက သည်မြို့ကလေးကိုရောက်ရင် နှစ်နာရီလောက်ကြာမယ်လို့ ပြောတယ်။ ပြီးရင်ပြန်မယ်ပေါ့။ ဆိုင်ကယ်ကလည်း တကယ့်ပြိုင်မြင်းတစ်ကောင် အလား။ ဆိုင်ကယ်သမား တွေအခေါ် “ဒို” တဲ့။ ပေါ့ပေါ့ ပါးပါးနဲ့ လီဗာတင်ရင် တင် သလောက်ပြေးတယ်။ မော်တော် ကားလမ်းကတောင် ပေါ်အဆင်းလမ်း။ အကွေ့ အကောက်တွေကများသလို ချိုင့်တွေကလည်း ပေါပါ ဘိသနဲ့။ ဒါပေမဲ့ ကိုယ့်လူ ကဆိုင်ကယ်စီး အင်မတန်မှ ကျွမ်းကျင်တယ်။ ချိုင့်တွေကို ရှောင်ရင်း ဘီးတစ်ဘီးစာ လောက်ချလို့ ရတဲ့နေရာကိုပဲ ရအောင် မောင်းတယ်။ ဆောင့်တာ လှုပ်တာ၊ နံဘေး ကို ယိမ်းထိုးသွားတာမျိုး ခပ်နည်းနည်းရယ်။ စီးရတာ သက်သောင့်သက်သာ ရှိတယ်။
“ဆရာကလည်း ကျွန်တော်တို့ ကင်မရာမင်းတွေနဲ့ ဆိုင်ကယ်က ခွဲလို့မရ ဘူးဗျ။ မြို့ထဲမှာပဲဖြစ်ဖြစ် နယ်တွေပဲသွားသွား ဆိုင် ကယ်ရှိမှ ခရီးတွင်၊ အလုပ်လည်း တွင်တာ”
မောင်ညွန့်မင်းက ဆိုင် ကယ်စီးရင်း ကျွန်တော့်ကို ခေါင်းငဲ့ပြီး ပြောလိုက်တယ်။ တောင်အဆင်းလမ်းကို အရှိန် မြန်မြန် မောင်းရတဲ့ အထဲ ကျွန်တော့်ဘက် ခေါင်းငဲ့ စကားပြောတော့ ရင်ထိတ် နေမိတယ်။ လမ်းက သစ်ပင်တွေ ဖုံးလွှမ်းထားတဲ့ တောင် ကိုပတ်ပြီး ဖောက်ထားတယ်။ တစ်ဖက်က တောင် နံရံ၊ တစ်ဖက်ကတော့ ချောက်ကမ်းပါး။ ပုံမတော် ချွတ်ချော်သွားရင် ဘယ်လို လုပ်မလဲ။
အသက်ကြီးလာတော့ အရင်ကလို မဟုတ်တော့ဘဲ သတ္တိတွေ နည်းပါးပြီး စိုးရိမ် စိတ်တွေ များလာတယ်။ ဒါပေမဲ့ တောင်တွေရဲ့ တိတ် ဆိတ်ငြိမ်သက်နေတဲ့ ရှုခင်းက ကျွန်တော့်ကို ဆွဲဆောင်နေ တယ်။ ဆောင်းဝင်စ အချိန် ရာသီဥတုကလည်း အေးစိမ့် နေတယ်။ တောင်အဆင်း အချိုးတစ်ကွေ့ကိုရောက်တော့ အဝေးဆီက ကိုသိန်းဆောင်ရဲ့ မြို့ကလေးကို ဘွားခနဲတွေ့ လိုက်ရတယ်။ နံဘေးပတ် ပတ်လည်က တောင်တန်းတွေ ၀န်းရံထားပြီး လွင်ပြင် ကျယ်ကြီးထဲမှာရှိတဲ့ မြို့ ကလေးတစ်မြို့။ လှလိုက် တာ၊ စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊ ၀င်းမှည့် ရွှေစင်အိတဲ့ စပါးခင်းတွေက မြို့ကလေး ကို ၀န်းရံထားတယ်။
လွင်ပြင်ကျယ်ရဲ့အနားသတ်အဝေး တစ်နေရာမှာတော့ တောအုပ် ညို့ညို့ကို တွေ့ရတယ်။ သည်မှာပဲ “ဆရာထွန်းရာ ကျွန်တော်တို့ မြို့နားမှာ သစ်တောဝါးတောကြီးဗျ၊ စပါးနဲ့ အခြားစိုက်ပျိုးစရာ မြေပြန့် လည်း ရှိတယ်။ ရတနာ တချို့လည်း ထွက်သေးဗျာ။ ငါး ဆိုတာလည်း ချောင်းထဲမှာ ဆင်းပြီးဖမ်းရုံပဲ” ဆိုတဲ့ ကိုသိန်းဆောင်ရဲ့စကားကို အမှတ်မထင် သတိရလိုက်မိ တယ်။ သူပြောတုန်းက သူ့မြို့ကို ဂုဏ်တင်လှချည် လားလို့ တွေးမိသေးတယ်။ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့တော့မှပဲ အဟုတ်ပေကိုး လို့ ယုံကြည် လိုက်ရတော့တယ်။ စိုက်ပျိုး သီးနှံဖွံ့ဖြိုး တဲ့မြို့၊ သစ်ဝါး ပေါများတဲ့ မြို့၊ မြေကြီးထဲမှာလည်း တွင်းထွက် ရတနာတွေ ရှိတဲ့ မြို့။ သည်လိုမြို့လေးမှာ နေထိုင်ရရင် အသက်ရှည် ကျန်းမာမှာ သေချာပါတယ်။
ကိုသိန်းဆောင်နဲ့ မိတ်ဆွေ ဖြစ်ရတာ ရေစက်ကြောင့် လို့ ပြောရမလား။ သူတို့မြို့ ကို အခုမှပဲ ကျွန်တော်ရောက် ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် တို့နှစ်ယောက် ခင်မင်ကြတာ နှစ်အစိတ်လောက်တောင် ရှိပြီထင်ရဲ့။ ဆိုင်ကယ်စီးရင်း ပတ်ဝန်းကျင်ကို ငေးမောနေ တဲ့ ကျွန်တော့်စိတ်အာရုံတွေ ဟာ အဝေးကို ဖျတ်ခနဲလွင့် မျောသွားပါတယ်။ မျက်လုံး ထဲမှာ ကျွန်တော့်သူငယ်ချင်း တိရစ္ဆာန်ဆေးကုဆရာဝန် ကိုအောင်ကျော်တင်နဲ့ မန္တလေးကို အတူလိုက်လာတဲ့ ကိုသိန်းဆောင်ကို မြင်တွေ့ လိုက်ရတယ်။ လူပုံက အသားညိုညို၊ တုတ်တုတ် ခိုင်ခိုင် တစ်ဖက်လူကိုခင်လွယ် ချစ်လွယ်တဲ့ လူတစ်ယောက်။ ကျွန်တော်တို့နှစ် ယောက် ခဏလေးနဲ့ရင်းနှီး သွားကြတယ်။ ကျွန်တော့် သူငယ်ချင်း တိရစ္ဆာန်ကု ဆရာဝန်ကို ဆရာလေးတဲ့၊ ကျွန်တော့်ကိုတော့ ဆရာထွန်း တဲ့။ ရို့ရို့ကျိုးကျိုး လေးလေး စားစားနဲ့ ဆက်ဆံတဲ့သူတစ် ယောက်ပါ။
အကြောင်းမသိ ခင်တုန်းကတော့ သူက မွေးမြူရေး သမားမို့ ကျွန်တော့် သူငယ်ချင်းနဲ့ လုပ်ငန်း သဘောအရ ခင်မင်တယ်လို့ ထင်တာ၊ မဟုတ်ဘူး ဘာမှ မဆိုင်ဘူး။ အဲဒီအချိန်က ကိုသိန်းဆောင်က ကျောက် တူးသမား၊ ညနေတိုင်းမြို့ ကလေးက အရက်ဆိုင်မှာ ကျွန်တော့်သူငယ်ချင်းနဲ့ ဆုံရင်း ခင်မင်သွားကြတာ တဲ့။ အခု ကျွန်တော်နဲ့ထပ် ပြီး ခင်မင်သွားကြပြန်ပြီ။ အဲဒါကို အမှတ်တရအနေနဲ့ စားသောက်ဆိုင်မှာ သူက ဧည့်ဝတ်ပြုပါရစေတဲ့။ ကျွန်တော်လား ဘယ်ငြင်း လိမ့်မလဲ။ မြို့မှာနေပေမဲ့ စားသောက်ဆိုင်နားကပ်နိုင် တဲ့သူ မဟုတ်လို့ ဒီလို ဒကာခံမယ့်သူကိုပဲ မျှော်နေရ တာကော။ နောက်တော့ ကျွန်တော့်သူငယ်ချင်း မပါ လည်း မန္တလေးကို ရောက် တိုင်း ကျွန်တော့်ဆီ သူ ရောက်လာတတ်တယ်။
ပြီးတော့ စားသောက်ဆိုင်ကို သွားကြတာပေါ့။ ကျွန်တော် ကတော့ သူ့ဒါနလေးကို ပြီး မြောက်အောင် ကူညီတဲ့ အနေနဲ့ ထုံးစံအတိုင်း ချီးမြှင့်ပေးရ တာပေါ့။ သူနဲ့စားရင်း သောက်ရင်း စိတ်ကူးတည့်ရာ စကားတွေပြောကြရင်း သူ့ အကြောင်းကို တဖြည်းဖြည်း သိလာရတယ်။ သူ့ရဲ့ရိုးသား ပွင့်လင်းမှု၊ စိတ်ကောင်းရှိတဲ့ နှလုံးသား၊ ကျွေးချင်မွေးချင် တဲ့စေတနာ။ ပြီးတော့ ကျောက်တူးသမား သူ့ဘ၀ တစ်စိတ်တစ်ပိုင်းစသဖြင့်ပေါ့။ တကယ်တော့ ကိုသိန်းဆောင် က ကျောက်တူးတယ်ဆိုပေမဲ့ တွင်းပိုင်ရှင် မဟုတ်ဘူး။
သူဌေးရဲ့ကိုယ်စားလှယ်တဲ့။ မန္တလေးကို ရောက်လာတာလည်း ကျောက်တွင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ တဲ့။ စိန့်လူမျိုး သူ့သူဌေးက မန္တလေးမှာ နေတယ်။ ဒီတော့ လေးလ တစ်ကြိမ်လောက် သူရောက်လာတတ်တယ်။
သူတို့ကျောက်တွင်းက မြို့နဲ့ဆယ့် လေးငါးမိုင်လောက် ဝေးတဲ့ တောနက်ကြီးမှာပါ။ အလုပ်သမားတွေနဲ့ အဲဒီမှာပဲ အိပ်၊ အဲဒီမှာပဲစား၊ ဘယ် လောက်ပင်ပန်းဆင်းရဲမလဲ၊ ဖျတ်လတ် သွက်လက်တောင့် တင်းတဲ့ သူ့ကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။ တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ အဆင်မသင့် ရင် အလစ်ဝင်လာမယ့် ရောဂါတွေကလည်းရှိ။ သူ့ခန္ဓာကိုယ် ဟာ တစ်ချိန်မဟုတ်တစ်ချိန် ထိတော့မှာ သေချာတယ်။ ကျောက်မထွက်လို့ တွင်းကို ပိတ်လိုက်ရင် သူဌေးက ရင်း နှီးထားတဲ့ငွေကြေးဆုံးရှုံးပေမဲ့ သူကတော့ သူ့ခန္ဓာကိုယ်ကြီး ပေးဆပ် လိုက်ရမှာပါလားလို့ ကျွန်တော် တွေးမိလိုက်တယ်။ အဲသမှာ သူ ကျွေးတဲ့ အစား အစာတွေကိုတောင် ပါးစပ် တော် အာခေါင်ဝထဲ သွင်းရ မှာ မ၀ံ့မရဲဖြစ်သွားတယ်။
ဒီအစားအစာတွေ စားရတာ သူ့အသွေးအသားတွေ စား နေရသလိုပဲ။ ပြီးတော့ ဘယ့် နှယ်ကြောင့်ရယ်မသိ သူ့ သူဌေး စိန့်လူမျိုးရဲ့ ပုံရိပ်ကို လည်း မှန်းဆကြည့် လိုက်မိတယ်။ အမှန်ဖြစ်သင့်တာ တော့ ကိုယ်က နယ်ခံပဲ၊ ဘာဖြစ်လို့ ငွေကြေးစိုက် ထုတ်သူရဲ့အမအစနဲ့ လုပ်မလဲ။ တတ်နိုင်တဲ့နည်းနဲ့ ကိုယ့်ဘာသာတူးပေါ့။ ဒီလို လည်း မဖြစ်ဘူး။ ကျောက် တူးတယ်ဆိုတာ မသေချာမှု တွေအပေါ်မှာ လမ်းခင်းပြီး လျှောက်ရတာ။ နယ်ခံဖြစ်ပြီး နယ်မြေအကြောင်း ခရေစေ့ တွင်းကျသိပေမဲ့ ကုန်ကျ စရိတ်အတွက် စိုက်ထုတ်ရ မယ့် အရင်းအနှီးမရှိတော့ ချို သည်ခါးသည် မရွေးနိုင်ဘဲ ကိုယ့်ဆီကိုရောက်လာတဲ့ သူဌေးနဲ့ ပေါင်းပြီး သူခိုင်း သမျှလုပ်ရုံပဲ ရှိတော့တာပေါ့။
ကျောက်တူးရင်းနဲ့ အဖိုးတန် ကျောက်ကောင်းတစ်စေ့ရရင် သူ့အတွက် အစွန်အဖျားဝေစု တစ်စုရနိုင်ကောင်းရဲ့လို့ မျှော် လင့်ချက်နဲ့ ဘ၀ကြမ်းကြမ်း ထဲကို ခုန်ဆင်းနေရရှာတာပါ။ အဲဒီမျှော်လင့်ချက်က သူ့ရဲ့ အင်အားသတ္တိတွေကို မြှင့် တင်ပေးနေတယ်။ အခုထက် ထိတော့ ထမင်းစားကျောက် တွေပဲရသတဲ့။ ထမင်းစား ကျောက်ဆိုတာ အဖိုးစားနား သိပ်မကြီးတဲ့ကျောက်ကို ပြောတာပါ။ ညမိုးချုပ်ဆိုင် သိမ်းလို့ လမ်းခွဲကြတော့ ပျော် ရွှင်ပေါ့ပါးနေတဲ့သူ့လက်ကို အားရပါးရဆွဲပြီး နှုတ်ဆက် လိုက်ရင်း နောက်တစ်ခေါက် မန္တလေးကိုလာရင် သိန်းရာ ဘရိတ်၊ ထောင်ဘရိတ်ရတဲ့ ကျောက်တွေအောင်ပြီး လာ နိုင်ပါစေဗျာလို့ ဆုတောင်း ပေးလိုက်ပါတယ်။ သူလည်း ကျွန်တော့်စကားကြောင့် အား တက်သွားတယ်။ စိတ်ချ ဆရာထွန်း၊ အဲဒီ ကျောက်များ ရလို့တော့ ဆရာထွန်းဆီကို အမြန်လာခဲ့မယ်တဲ့။ အဲဒီတုန်း က မျှော်လင့်ချက်အလင်း ရောင်ကို ဖမ်းဆုပ် ထားတဲ့သူ့ အမူအရာကို အခုထက်ထိ မြင်ယောင်နေတုန်းပဲ။
တိတ်ဆိတ်အေးချမ်း ပြီး နေချင့်စဖွယ်ကောင်းတဲ့ ကိုသိန်းဆောင်ရဲ့မြို့ကလေး။ အိမ်ခြံဝန်းတွေကလည်းကျယ် တယ်။ ကွမ်းပင်၊ အုန်းပင်နဲ့ သစ်ပင်ကြီးတွေအုပ်ဆိုင်းပြီး တိုင်လုံးကြီးကြီးတွေနဲ့ ခြေတံ ရှည်သွပ်မိုးအိမ်ကြီးတွေ၊ တချို့အိမ်တွေကတော့ သက် ကယ်မိုး။ အသွားအလာရှင်း တဲ့လမ်းပေါ်မှာ မောင်ညွန့် မင်းက ဆိုင်ကယ်ကို ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့တယ်။ ကျွန်တော်ကတော့ နံဘေးဝဲယာကို ဟိုကြည့် ဒီကြည့်နဲ့ပေါ့။ ဗီဒီယိုရုံကိုလည်း တွေ့ရတယ်။ လက်ဖက်ရည်ဆိုင်နဲ့ အဝေးပြေး မော်တော်ကား ဂိတ်ကိုလည်း မြင်လိုက်ရတယ်။
ပြီးတော့ ကွမ်းယာဆိုင်။ ခဏနေတော့ စည်ဘီယာဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရတဲ့ အခါ ကျွန်တော် အံ့သြသွားတယ်။ အဲသမှာ တစ်ခါက ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောတဲ့ စကားကို အမှတ်မထင် သတိ ရလိုက်မိတယ်။ သူက မြို့ တစ်မြို့ရဲ့ စီးပွားရေး ကောင်း မကောင်းသိချင်ရင် မြို့ရဲ့ ဈေးစည်ကားမှု အခြေအနေ အကဲခတ်တာနဲ့ အကြမ်းဖျင်း သိနိုင်တယ် ဆိုတာ မှန်တယ်။ ဒီခေတ်တော့ ဈေးအထိသွား ကြည့်စရာမလိုဘူး။ မြို့မှာ စည်ဘီယာဆိုင်နဲ့ ကွမ်းယာဆိုင် ဘယ်လောက်ရှိလဲ ကြည့်လိုက်ရင် အဲဒီမြို့ရဲ့ စီးပွားရေးမြင်ကွင်းကို ခန့်မှန်း လို့ရတယ်ဟ...တဲ့။
“ကြံကြံဖန်ဖန်ကွာ အပေါ်ယံလောက်ကြည့်ပြီး အတွေး မတိမ်စမ်းပါနဲ့”
အတည် ပေါက်ပြောနေ တဲ့ သူငယ်ချင်းကို ဘရိတ် အုပ်လိုက်ပေမဲ့ ဒီကောင်က မလျှော့ဘူး။ “ငါ့အမြင်ပြော တာပဲလကွာ။ ဘီယာက အရက်ထက်ဈေးကြီးတယ်ကွ။ တစ်ခွက်ဆိုရင် လေးငါး ခြောက်ရာ၊ အရက်တစ်ပက် အဲလောက်ထိမပေးရဘူး။” အရက်ဈေးနဲ့ယှဉ်ပြောတော့ ကျွန်တော်လည်းပြန်ပြီး စောဒကတက်ရမှာ ခက်သွား တယ်။ ကိုသိန်းဆောင်တို့မြို့ ကလေးမှာ စည်ဘီယာဆိုင် က တစ်ဆိုင်တည်းမဟုတ် ဘူး။ နှစ်ဆိုင်တောင် ရှိတယ်။ ဘီယာသောက်ရင်း စလောင်း ကလွှင့်တဲ့ ဘောလုံးပွဲကြည့် နေကြတဲ့သူတွေကို တွေ့လိုက် ရတယ်။ အမယ် သည်မြို့ ကလေးမှာ အဲသလောက်နဲ့ ဘယ်ဟုတ်လိမ့်မတုံး။ ဘိလိ ယက်ခုံတစ်ခုံလည်း တွေ့လိုက်ရတယ်။ ဘီယာသောက်၊ ဘောလုံးပွဲကြည့်၊ ဘိလိယက် ထိုး စည်းစိမ်ကောင်းတဲ့ ဘကုန်းသုံးလုံးပေါ့။
ဈေးထောင့်နားလေး က အိမ်တစ်အိမ်ရှေ့မှာ မောင် ညွန့်မင်းက သူ့ဆိုင်ကယ်ကို ရပ်လိုက်တယ်။ တယ်လီဖုန်း ကြိုဆက်ထားလို့ သူ့မိတ်ဆွေက အဆင်သင့် စောင့်နေတယ်။ သူတို့အချင်းချင်း အလုပ်ကိစ်္စ ပြောနေတဲ့ အချိန်မှာ ကျွန်တော် တော့ ရေနွေးကြမ်း တဖူးဖူး မှုတ်သောက်ရင်း အိမ်ထဲက မျက်လုံးတည့်ရာကိုပဲ ငေးနေ မိတယ်။ ကိုသိန်းဆောင် အကြောင်း မေးချင်ပေမဲ့ သူတို့အလုပ်ကိစ္စပြောတာကို ပြီးအောင်စောင့်နေရတယ်။ လေးငါးဆယ်မိနစ်လောက် ကြာတော့ အိမ်ရှင်က တစ်ယောက်တည်း ဖြစ်နေတဲ့ ကျွန်တော့်ကို အားနာသွားဟန် တူရဲ့။ စားပွဲပေါ်ကပိတောက် သားနဲ့ပြုလုပ်ထားတဲ့ လက် ဖက်အုပ်ကို ကျွန်တော့်ဘက် တိုးပေးလိုက်ရင်း သုံးဆောင် ပါခင်ဗျာလို့ စကား စလိုက် တယ်။ ပိတောက်သားလက် ဖက်အုပ်ကို မြင်ကတည်းက မေးချင်နေတာ ကြာပြီ။ကျောက်၊ စိုက်ပျိုးသီးနှံ၊ သစ် တောစတဲ့ သဘာဝသယံဇာတ ကြွယ်ဝတဲ့ သည်မြို့ကလေးရဲ့စီးပွားရေး ပြဒါးတိုင်ကို သိချင်နေမိတယ်။ ပြဒါးတိုင် က အညွှန်းပြ အမှတ်အသား ဟာ ဒီဂရီအမြင့် တစ်နေရာ ကို ဖော်ပြမယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကျွန်တော့် အတွေးနဲ့ တက်တက်စင် အောင် လွဲချော်နေတယ်။
“ကျောက်ထွက်တယ် ဆိုတာလည်း ဟိုတုန်းကတဲ့၊ အခုမဟုတ်တော့ဘူးတဲ့။ သစ် ဆိုတာကလည်း ကိုယ့်အနားဝန်းကျင် ရှိပေမဲ့ ကိုယ်နဲ့ မဆိုင်ဘူး။ သစ်လုပ်ကွက်ရတဲ့ ကုမ္ပဏီတွေ လာလုပ်ကြတာ တဲ့”။ “ကိုညွန့်မင်းနှယ် လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက် က မြို့အပြင် ထွက်လိုက်တာနဲ့ သစ်တောကြီးဗျ၊ နောက် ပိုင်း သစ်ကုမ္ပဏီတွေရောက် လာတော့ သစ်တောတွေက မြို့နဲ့ဝေးရာကို ဆုတ်သွားတယ်။ အခုဆိုရင် သစ်တော ရှိတဲ့နေရာကို နေ့ဝက်လောက် သွားမှရောက်တယ်။ လမ်းမှာ သစ်တင်ကားတွေမြင်ကြရဲ့ မဟုတ်လား။ လမ်းပျက်တာ အဲဒီ သစ်တင်ကားတွေကြောင့်ဗျ။ လမ်းပျက်တော့ ကျွန်တော် တို့က စုပြီးပြင်ရတယ်။ ကုမ္ပဏီတွေက ပိုက်ဆံမထည့် ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ မသိ ချင်ယောင်ဆောင်နေကြတယ်။ လမ်းပျက်လို့ပြင်လိုက်၊ သစ်ကားတွေ ဖြတ်လို့ ပြန်ပျက် သွားလိုက်၊ ပျက်လိုက်ပြင် လိုက်နဲ့ နှစ်တိုင်း သံသရာလည် နေတာပါပဲဗျာ။ သစ်တော မရှိတော့မှပဲ သစ်ကားတွေ လာတာ ရပ်သွားတော့မှာ”
အိမ်ရှင် မိတ်ဆွေ စကားကို ဘာမှ မှတ်ချက်ပေးစရာ မလိုဘဲ ခေါင်းတညိတ်ညိတ် နဲ့ နားထောင် နေမိတယ်။ ကျွန်တော် တစ်မျိုးတွေး ကြည့်လိုက်တယ်။ သည်မြို့ ကလေးဝန်းကျင်မှာရှိတဲ့ စီးပွားရေး မက်လောက်စရာ အကွက်အကွင်းတွေက မြို့ ကလေးအတွက် အကျိုးစီး ပွားမဖြစ်ဘဲ အန်္တရာယ်ကို ဖိတ်ခေါ်နေသလားပေါ့။ ဘီယာဆိုင်မှာ လူစည်တယ် ဆိုတာ မြို့ကလေးကို ရောက် လာတဲ့သစ်လုပ်ငန်းက လူ တွေအထိုင်များသတဲ့။ မြို့ခံ တွေက နည်းသတဲ့။ ဒါပေမဲ့ လူငယ်တွေက အဲသည်လိုနေ ရတာကို အားကျပြီး ငွေကို ဘယ်လိုနည်းနဲ့ရရ မဖြစ်ဖြစ် အောင်ရှာဖို့ ကြိုးစားလာကြ သတဲ့။
“ဒါဖြင့် မြို့ရဲ့အဓိက အားထားရတဲ့ စီးပွားရေးက ဘယ်ဟာလဲ ခင်ဗျ”
“စိုက်ပျိုးရေးပေါ့ဆရာ ရယ်။ ဒီတစ်နှစ်မှာပဲ ဈေးက လည်းကောင်း၊ စပါးကလည်း ရလို့ အလှူအတန်း လေးတွေပေါ်လာတယ်။ ရွာ တွေမှာ အလှူ မင်္ဂလာပွဲတွေ များလာတော့ ကျွန်တော်တို့ ဗီဒီယိုသမားတွေလည်း အလုပ် များရတာပေါ့။ ဒီလိုမျိုး အလုပ်ဖြစ်တာကလည်း နှစ် တိုင်းမကြုံရဘူးဆရာ၊ နယ်မှာ သီးနှံ ထွက်နှုန်းမကောင်း၊ ထွက်တဲ့သီးနှံဈေးကလည်း နိမ့်နေရင် ကျွန်တော်တို့လည်း ကင်မရာ ဘေးချထားရတယ်”
သူ့စကားကြားလိုက်ရ မှ အသိရှင်းသွားပြီး ကိုယ့်နဖူးကို ရိုက်မိမတတ် ဖြစ်သွားတယ်။ မှန်ပါတယ်။ကျွန်တော် မြင်ရဲ့နဲ့သတိမပြုမိတာ။ နည်းပညာ၊ အတတ်ပညာ ဖွံ့ဖြိုး လာတော့ အရင်ကနဲ့မတူတော့ ဘူး။ စီးပွားရေး ဖွံ့ဖြိုးတဲ့ မြို့တွေမှာ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ဖို့ မြို့ကြီးတွေအထိ သွားစရာ မလိုတော့ဘူးပေါ့။ ကိုယ့်မြို့ မှာပဲ အဆင်ပြေတယ်လေ။ ဒါပေမဲ့ စောစောက ပြောသလို ဓာတ်ပုံ ဗီဒီယိုဆရာတွေလည်း တောင်သူ လယ်သမားတွေ အပေါ်မှာ မှီခို နေရတာကိုး။ ဒီတော့နယ်တစ်နယ် မြို့တစ်မြို့ ရဲ့ စီးပွားရေး အကောင်းအညံ့ကို သိချင်ရင် ဓာတ်ပုံနဲ့ ဗီဒီယို ဆရာတွေဆီ စနည်းနာလိုက် တာနဲ့ သိနိုင်တယ်။ ဒါကို အခုမှပဲ သတိပြု သွားမိလိုက် ပါတယ်။
အိမ်ရှင်နဲ့ရင်းနှီး သွားလို့ ကျွန်တော် အားနာ မနေတော့ဘူး။ ကျွန်တော် တွေ့ချင်တဲ့ ကိုသိန်းဆောင် အကြောင်း မေးဖြစ်ပါတယ်။ မြို့ထဲက အိမ်ဝိုင်းကို ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ မြေတစ်ကွက်ဝယ်ပြီး ကြံစိုက်နေတဲ့ အကြောင်း၊ သူ့စီးပွားရေးက သိပ်မကောင်းတဲ့ အကြောင်း အိမ်ရှင်မိတ်ဆွေ ပြောတာတွေ ကို နားထောင်ရင်း ကျွန်တော် ရင်ထဲမှာ မွန်းကျပ်သွားတယ်။ ကိုသိန်းဆောင်ကိုလည်း မြန်မြန် တွေ့ချင်လာမိတယ်။ ဒီလို နဲ့ အိမ်ရှင်ကိုယ်တိုင် လိုက်ပို့ ပေးတဲ့ ဆိုင်ကယ်နဲ့ ထွက်လာ တော့တယ် ဆိုပါတော့။
စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးနေတဲ့မြေပြင် မှာ အစိမ်းရောင် ခြယ်သထားတဲ့ စိုက်ခင်းတွေက တစ်မျှော် တစ်ခေါ်ကြီး။ မွန်းလွဲနေက ကျောပေါ်မှာ ခွစီးလိုက်ပါလာပေမဲ့ စိမ်းလန်း အေးမြတဲ့ ပတ် ၀န်းကျင်ရှုခင်း၊ ရှင်းသန့်တဲ့ လေပြည်တွေကြောင့် သွားရ တာ ခရီးမပန်းဘူး။ မြင်ကွင်း ကတဖြည်းဖြည်း ပြောင်းလဲ သွားတယ်။ လမ်းနံဘေး ၀ဲယာမှာ စိုက်ခင်းတွေ အစား လူတစ်ရပ်လောက်မြင့်တဲ့ ကြံခင်းတွေကို တွေ့လာရ တယ်။ တချို့ကြံပင်တွေက လမ်းနံဘေးကို ငိုက်ကျနေလို့ ဆိုင်ကယ်စီးရင်း သူတို့နဲ့ မထိ မိအောင် ခေါင်းငုံ့ရှောင်ရတာ က အလုပ် တစ်ခုလို ဖြစ်နေတယ်။ လှည်းလမ်းကြောင်း အတိုင်း ကျွန်တော်တို့ မော်တော်ဆိုင်ကယ်ဟာ မဆုံးနိုင်တဲ့ ကြံပင် ကြံတောကြီးထဲကို တိုးဝင် နေရသလား ထင်ရတယ်။
လှည်းလမ်းကလည်း ကွေ့လိုက်ကောက်လိုက်၊ လှည်းဘီးချရာ လမ်းကြောင်း နှစ်ခုကလည်း မညီမညာ။ ပြေပြေလေးဖြစ်နေရာက ဇွပ်ခနဲချိုင့်ထဲရောက်သွားတတ် တယ်။ လမ်းအခြေအနေ လည်းသိ၊ ဆိုင်ကယ်စီးလည်း ကျွမ်းကျင်တဲ့သူမို့သာ ဒီလို လမ်းမျိုးကို သွားနိုင်တယ်။ နောက်မှာတော့ ဆိုင်ကယ်ဘီး ယက်ထုတ်လိုက်လို့ ဖုန်တွေ ထပြီး ကျန်ရစ်ခဲ့တယ်။ ဆယ့် လေးငါးမိနစ်လောက် ကြာတော့ မော်တော်ဆိုင်ကယ်ဟာ ကြံစိုက်ခင်းထဲက လမ်းမြောင် လေးထဲကို ချိုးဝင်လိုက်တယ်။ အဲဒီစိုက်ခင်းလည်း ဆုံးရော အမိုးကုပ်ကုပ်နဲ့ မြေစိုက်အိမ် တစ်လုံးကို ဘွားခနဲတွေ့လိုက် ရတယ်။ အိမ်ရဲ့ရှေ့မြေကွက် လပ်မှာ အရည်ညှစ်ပြီးတဲ့ ကြံ ဖတ်တွေ ပွစာကြဲနေတယ်။
အိမ်ရှေ့ကိုရောက်တာ နဲ့ ဆိုင်ကယ်ကို ကွေ့ရပ်လိုက် ပြီး မိတ်ဆွေက ဦးသိန်း ဆောင် ဦးသိန်းဆောင်လို့ လှမ်းအော်ခေါ်လိုက်တယ်။ နောက်ကထိုင်လိုက်လာတဲ့ ကျွန်တော်လည်း ဆိုင်ကယ် ပေါ်ကဆင်းပြီး တစ်ကိုယ်လုံး မှာကပ်နေတဲ့ဖုန်တွေကိုခါထုတ် ပေါ့။ ဦးသိန်းဆောင်လို့ သုံး လေးခွန်းလောက်ခေါ်အပြီးမှာ အိမ်ထဲက လူတစ်ယောက် ထွက်လာတယ်။ ဆံပင်စုတ် တိစုတ်ဖွားနဲ့ ရှိနေကျအသက် ထက် ရင့်အိုနေတဲ့ အဲဒီလူဟာ ကျွန်တော်တို့ကို အကဲခတ် ကြည့်နေတယ်။ သူ့ကိုယ်ပေါ် က တရုတ်အနွေးထည်က လည်း နှစ်ပေါင်းဘယ်လောက် ကြာအောင် အသုံးတော်ခံနေရ မှန်းမသိလောက်အောင် အရောင်အသွေးတွေ လွင့်ပြယ် နေပြီး ချုပ်ရိုးအစတွေ ဖွာလံ ကြဲနေပါပြီ။ ကျွန်တော်တို့ကို စူးစိုက်ကြည့်နေတဲ့ သူ့မျက်နှာ ဟာ ရုတ်တရက်အမူအရာ ပြောင်းလဲသွားတယ်။ မထင် မှတ်တာကြုံလိုက်ရလို့ ပါးစပ် ဟောင်းလောင်းပွင့်ပြီး အံ့သြ နေတဲ့ပုံပါ။ ဇဝေဇ၀ါဖြစ် ရင်းနဲ့ ကျွန်တော့်ဆီကို တဖြည်းဖြည်း လမ်းလျှောက် လာတယ်။ လေးငါးဆယ် လှမ်းလောက်ရောက်တော့ သူ့ခန္ဓာကိုယ် ဆတ်ခနဲ တုန်လှုပ်သွားတယ်။
“ဟာ ဆရာထွန်း၊ ဆရာ ထွန်း ဟုတ်ပါတယ်နော်” ကျွန်တော့်အနားကို အပြေး အမြန်ရောက်လာပြီး ကျွန်တော့် လက်မောင်းနှစ်ဖက်ကို ဆွဲ လှုပ်ရင်း ၀မ်းသာအားရ ပြော လိုက်ပါတယ်။
“ဆရာထွန်း ဘယ်က ဘယ်လို ရောက်လာတာလဲ ဗျ၊ ၀မ်းသာလိုက်တာဗျာ၊ ၀မ်းသာလိုက်တာ” စိတ်လှုပ် ရှားလွန်းလို့ သူ့အသံဟာ တုန်ရီနေတယ်။ သူ့ကိုကြောင် အအနဲ့ ကြည့်နေမိတယ်။ သူ ဟာ ကျွန်တော့်မိတ်ဆွေ ကိုသိန်းဆောင်တဲ့လား။ မတွေ့ကြရတဲ့နှစ်တွေကြာ သွားပြီဖြစ်ပေမဲ့ လုံးဝမမှတ်မိ လောက်အောင်အထိ ရုပ်ခန္ဓာ အသွင်အပြင်ပြောင်းလဲသွားတဲ့ သူ့ကိုကြည့်ရင်း “ရှော့” မိ သွားသလို ဖြစ်နေမိတယ်။ ဒါပေမဲ့ ပွင့်လင်း ရိုးသားတဲ့ သူ့မျက်လုံးတွေနဲ့ သူ့ရဲ့ပြုံး ရယ်မှုကို တွေ့လိုက်ရတော့ “ဟာ ကိုသိန်းဆောင်”လို့ တအံ့တသြ အော်ခေါ်လိုက်မိတယ်။
ကျွန်တော်တို့နှစ် ယောက်စလုံး ၀မ်းသာအားရနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ ရင်ထဲက ပြောစရာ စကားလုံးတွေ ပျောက်ဆုံးကုန်ပြီး အသက်ရှူ သံပြင်းနေတယ်။ သူ့မျက်လုံး ထဲမှာ မျက်ရည်တွေဝေ့နေ တယ်။ မိတ်ဟောင်းဆွေရင်း တစ်ယောက်ကို မမျှော်လင့် ဘဲ တွေ့လိုက်ရလို့ ၀မ်းသာမှု အရှိန်နဲ့စို့တက်လာတဲ့ မျက်ရည် တွေပါ။ ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း မျက်ရည်ဝဲနေပါတယ်။ ဒါပေ မဲ့ ကိုသိန်းဆောင်နဲ့မတူဘူး။ ကိုယ့်မိတ်ဆွေ တစ်ယောက် ဘ၀ရဲ့ ခါးသီးမှုတွေထဲ ရုန်း ကန်နေရတဲ့အဖြစ်ကို မမျှော်လင့်ဘဲ မြင်လိုက်ရလို့ ရင်ထဲမှာ နင့်သွားပြီး မျက်ရည် ၀ဲရ တာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ နှစ်ယောက် စလုံးရဲ့မျက်ရည်စတွေဟာ နှလုံးသားချင်း ကူးစက် သွားစေခဲ့ပါတယ်။ ဖြစ်ရလေ ကိုသိန်းဆောင်ရယ်လို့ အသံ မထွက်ဘဲ ညည်းလိုက်မိ တယ်။ တစ်ခါက အနာဂတ် ကို လှမ်းမျှော်ရင်း ရွှင်လန်း တက်ကြွနေတဲ့သူတစ်ယောက် ကို ဒီလိုမျိုးတွေ့လိုက်ရမယ် လို့ ဘယ်သူက ထင်မှာလဲ။ ကုန်ဆုံးသွားတဲ့အချိန်ကာလ တွေက သူ့ရဲ့နုပျိုမှုကို ဆွဲနုတ် သွားတယ်။ ဆိုးရွားတဲ့ ကံကြမ္မာက သူ့ကိုခြေမဲ့လက် မဲ့နဲ့ စိတ်ဓာတ် ခွန်အားတွေ ဗုံးဗုံးလဲကျမတတ် လှုပ်ခါပစ် လိုက်တာကော။
“အမှန်ပဲဗျာ၊ ဆရာထွန်း ကျွန်တော့်ဆီကို ရောက်လာတာ အားကြီးကို ၀မ်းသာတယ်။ ကျွန်တော်ကလည်း မန္တလေးကို ဆင်းလာနိုင်တဲ့ အခြေအနေ မရှိတော့ တစ်သက် ပြန်ပြီး တွေ့ရလိမ့်မယ် လို့တောင် မထင်တော့ဘူး”
မျက်နှာချင်းဆိုင်က သူ့ ကို ကျွန်တော် ငေးကြည့်နေမိ တယ်။ သူ့ရဲ့ပွင့်လင်းမှု၊ သူ့ ပြောဟန်ဆိုဟန် အမူအရာနဲ့ သူ့လေသံက အရင်အတိုင်း ပါပဲ။ ဘာမှမပြောင်းလဲဘူး။ ဒါပေမဲ့ သူ့ခမျာ ကျန်းမာရေး သိပ်ကောင်းဟန် မတူဘူး၊ စကားသံအဆုံးမှာ အမော စွက်နေတာကို သတိပြုမိ လိုက်တယ်။ အသာအယာ ပြုံးရယ်လိုက်ရင်း ၀ါးကြမ်း ခင်းစားပွဲပေါ်က ရေနွေးကြမ်း အိုးကို မဆီမဆိုင် ကြည့်နေမိ ပြန်တယ်။ သူ့ရဲ့အိမ်ရှေ့မှာ မြေကြီးထဲကို လေးထောင့် ကွက်ကျ အသားတိုင်လေး တိုင်စိုက်ပြီး အဲဒီအပေါ်ကို ၀ါးကြမ်းတွေ သံနဲ့ရိုက်ခင်း ထားတယ်။ ရွှေ့လို့မရတဲ့စား ပွဲပေါ့။ ထိုင်စရာလည်း ထို နည်းလည်းကောင်း အတိုင်း။ မြေကြီးထဲ စိုက်ထားတဲ့ အသားတိုင် လေးတိုင်ပေါ်မှာ ၀ါးလုံးငယ်လေးတွေသံနဲ့ ရိုက်ပြီး ထိုင်စရာ အဖြစ် ဖန်တီး ထားတယ်။
အဲဒီ အပေါ်မှာ ကျွန်တော် ထိုင်တယ်။ ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ တော့ ရေနွေးကြမ်းအိုးတစ် အိုးနဲ့ ကြံသကာခဲတွေ ထည့်ထားတဲ့ သံပန်းကန်ပြားတစ် ချပ်ရှိတယ်။ ကျွန်တော်က လည်းကျွန်တော်ပဲ။ မျက်လုံး က ပစ္စုပ္ပန် တည့်တည့်ရှုနေ ပေမဲ့ စိတ်အာရုံကတော့ အတိတ်ကို ပြန်ရောက်သွားတယ်။ တစ်ခါတုန်းက စားပွဲပေါ်မှာ နိုင်ငံခြားဖြစ် အကောင်းစား အရက် ပုလင်းနဲ့ စားသောက် ဖွယ်ရာ တွေ၊ စားလိုက် သောက်လိုက်နဲ့ ရယ်မောပျော်ရွှင် စကားဝိုင်းဖွဲ့နေတဲ့ မြင်ကွင်း။ အခုတော့ အဲဒီ မြင်ကွင်းဟာ အိပ်မက် တစ်ခုလို ကျန်ရစ် သွားခဲ့ပါတယ်။
အမြင့်မှ အောက်ကို ပြိုကျသွားရှာတဲ့ သူ့အခြေအနေကို မြင်ရတဲ့အခါ ကိုယ့်ကိုယ် ကို မနည်းဣနြေ္ဒ
ဆောင်ရင်း သတိ မထားမိသလို နေလိုက်တယ်။ ရင်ထဲမှာတော့ သူ့ အတွက် စိတ်မကောင်း ဖြစ်ရတာတွေက အုံနဲ့ကျင်းနဲ့ ဖိစီးနေတယ်။ “ခင်ဗျား သစ်လုပ်ငန်း ပြောင်းပြီး အလုပ်လုပ်ရင်း မန္တလေးကို နှစ်ခေါက် လောက်ပဲ ဆင်းလာတာနော်၊ အဲဒီနောက်ပိုင်း ခင်ဗျားနဲ့ ကျွန်တော် လုံးဝကို မတွေ့ရ တော့ဘူး၊ ခင်ဗျားကလည်း နေနိုင်လိုက်တာဗျာ။ကျွန်တော့်ဆီကို အဆက် အသွယ်လေးများ မလုပ်တာ အံ့ပါရဲ့”
သူနဲ့ ကျွန်တော် နောက်ဆုံး တွေ့ဖြစ်ကြတာကို အမှတ် ရနေတယ်။ “ကျောက်မလုပ် တော့ဘူး ဆရာထွန်းရေ၊ ကျွန်တော့် သူဌေးကလည်း အလုပ် မဖြစ်လို့ နောက်ဆုတ် သွားတော့ ကျွန်တော်လည်း လုပ်ငန်း ပြောင်းရပြန်ရောဗျာ။ သစ်လုပ်ငန်းဘက် ရောက်သွား ပြန်ပြီ။ တစ်ရွာမပြောင်း သူ ကောင်းမဖြစ် စကားလိုပေါ့ ဆရာထွန်းရာ ဟဲ ဟဲ။” ရယ် ရယ်မောမော ပြောလိုက်တဲ့ သူ့ စကားကို ပြန်ပြီး ကြားယောင် နေမိတယ်။ သူတို့မြို့ကလေး ရဲ့ပတ်ပတ်လည်မှာ သစ်တောကြီးတွေ ၀ိုင်းရံထားတာ ဖြစ်တော့ ကုမ္ပဏီတွေက သစ်ထုတ် ခွင့်ရလို့ သူတို့မြို့ကလေးဆီ ရောက်လာကြတဲ့ အခါ သူ့မှာ လည်း အလုပ်မရှိတဲ့ အချိန် ကုမ္ပဏီမှာအလုပ်ဝင် လုပ် သတဲ့။ နယ်ခံလည်း ဖြစ်လို့ သစ်လုပ်ငန်းမှာလည်း သူ့ သူဌေးက သူ့ကိုအရေးပေး သတဲ့။ ဒါက ကိုသိန်းဆောင်ရဲ့ကုသိုလ်ကံလား၊ သူ့ရဲ့ရိုးသား ဖြူစင်မှုကြောင့်လား မပြောတတ်ဘူး။ ကျောက်ပဲ တူးတူး၊ သစ်ပဲထုတ်ထုတ် သူဌေးတွေက သူ့ကိုယုံယုံ ကြည်ကြည်နဲ့ တာဝန်လွှဲပေး ကြစမြဲ။ ခက်တာက အလုပ် ကံမလိုက်တော့ ဘ၀ ရပ်တည်မှု ပုံမှန် ဖြစ်ရုံလောက်ပဲ ရှိနေရှာတယ်။ ကိုသိန်းဆောင် တစ်ယောက် ဘယ်တော့မှ ကြီး ပွားမှာပါလိမ့်။
“ခင်ဗျားကလည်း နေနိုင်လိုက်တာ။ ကျွန်တော့်ဆီကို အဆက်အသွယ်လေးများ မလုပ်တာ အံ့ပါရဲ့” ပြောလိုက်တဲ့ စကားဆုံးတော့ သူ့ဆီက “ဟက်” ခနဲ ရယ်သံတစ်ချက် ထွက်လာခဲ့ပါတယ်။
“အထင်မမှားနဲ့ ဆရာထွန်းရေ။ အဲဒီတုန်းက သစ်အမှုနဲ့ ထောင်ကျနေလို့ ခင်ဗျ”
မမျှော်လင့်တဲ့ သူ့စကားကြောင့် ကျွန်တော့်မှာ ဗျာခနဲ။ အခြား လုပ်ကွက်ထဲက သစ်တွေကို ခုတ်ပြီး တစ်ဖက်နိုင်ငံကို ပို့ ရင်းလမ်းမှားအဖမ်းခံရတာတဲ့။ မော်တော်ကားနဲ့သစ်လုံးတွေ ကို အစိုးရက သိမ်းဆည်းသွား ပြီး သူက ထောင်ခုနစ်နှစ်ကျ သွားတဲ့အကြောင်းကြားရတဲ့ အခါ ကျွန်တော် အံ့သြလို့ မဆုံးတော့ဘူး။ အဲဒီ သစ်တွေကလည်း သူ့သူဌေးရဲ့ပစ္စည်း။ သူဌေးကခိုင်းလို့ သူက လုပ်ရတာ။ ဒါပေမဲ့ အမှုအခင်း ဖြစ်တော့ သူ့သူဌေးကလည်း ပစ္စည်း အဆုံးခံပြီး ရှောင်ထွက် သွားရောတဲ့။
“လူ့ဘ၀များကျပြီဆိုမှ ဖြင့် ဘယ်လို ထိန်းထိန်းမရပါ ဘူး။ ကျွန်တော် ထောင်က လွတ်လာတော့ ဘာလုပ်ရ မှန်းကို မသိတော့ဘူးဗျာ။ ကျွန်တော့် မိန်းမက တော်ရှာ ပါတယ်။ မြို့ကဈေးထဲမှာ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေ ရောင်းပြီး မိသားစုဘ၀ ကို ထမင်းနပ်မှန်အောင် ရုန်း ရှာတယ်။ ကျွန်တော့်ဗျာ ကိုယ့်အကြောင်းကို ပြောရတာ မရှက်ပါဘူး။ ကျွန်တော် ထောင်က လွတ်လာတော့ မိသားစု အခြေအနေက တော်တော်ဆိုးနေပြီ ဆရာထွန်းရဲ့။ ဘယ်လိုလုပ်ရင် ဖြစ်မလဲလို့ စီးပွားရေး အတွက် ရင်တပူပူနဲ့ နေ့တိုင်း စဉ်းစားတယ်။ ကိုယ့်မှာ ဘ၀ ၀မ်းကျောင်းနိုင်တဲ့ ခိုင်မာတဲ့ အတတ်ပညာ မရှိ။ ထောင်ကျလာခဲ့ရသူ ဖြစ်လို့ ကျွန်တော့်အပေါ် အနည်းနဲ့ အများ ယုံကြည်မှု ကင်းမဲ့ လာကြတယ်။ ဒီလိုနဲ့”
“ဒီလိုနဲ့ မြို့ထဲက အိမ်ကိုရောင်းပြီး ကြံစိုက်တယ် ဆိုပါတော့”
“ဟုတ်ပါဗျာ၊ ထွက်ပေါက်ရှာမရတဲ့ အဆုံး အိမ်ရောင်းရတဲ့ ငွေနဲ့ ကြံစိုက် ကြည့်ရတာပဲ။ အလုပ် အတွက် စဉ်းစားရင်း ကြံရာ မရဖြစ်တာနဲ့ ကြံစိုက်ရတာ ကိုးဗျ” ပြောရင်းနဲ့ သူ့စကား သူသဘောကျ သွားပြီး တဟားဟား ရယ်လိုက်ပါ တယ်။ ဒါပေမဲ့ ပေါ့ပါးအောင် တမင်ဟန်လုပ် ရယ်တဲ့ သူ့အသံဟာ ခြောက်ကပ်ကပ် ဖြစ်နေတာကို သတိပြုမိလိုက်တယ်။
နေရောင်က တဖြည်း ဖြည်းအားလျော့သွားသလို အအေးဒဏ်ကို ခံစားလာရ တယ်။ ရာသီဥတုက အေး စိမ့်စိမ့်နဲ့ နေလို့ထိုင်လို့ ကောင်း ပေမဲ့ ကျွန်တော့်မှာတော့ သူ့ဘ၀အမောတွေကို နားထောင်ရင်း ရင်ပူနေရတာ ပါ။ ကံကြမ္မာက သူ့ကိုလှည့် စား နေဟန်တူပါတယ်။ မြေ ၀ယ်ပြီး ကြံစိုက်တော့လည်း ပထမဆုံးနှစ်က လုပ်ငန်း မကျွမ်းကျင်လို့ သောက် သောက်လဲရှုံးတယ်။ နောက် နှစ်ကျပြန်တော့လည်း ကြံ အထွက်ကောင်းပေမဲ့ သကြား ဈေးကျလို့ ရှုံးရပြန်ရောတဲ့။ ဒီနှစ်တော့ သကြားဈေးမြင့် လာလို့ သူ့အတွက် မင်္ဂလာ ဖြစ်မယ့်ပုံပေါ်ပါတယ်။ ဒီနှစ် အခြေအနေကောင်းမယ် မဟုတ်လားလို့ မေးလိုက်တဲ့အခါ အင်း...ထင်ရတာပဲတဲ့။ သူပြောပုံက အားမရှိလိုက်တာ။ ဒီအခိုက် ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို တစ်ချိန်လုံးနားထောင်နေတဲ့ မြို့ခံမိတ်ဆွေက “ဦးသိန်း ဆောင် ဟိုတစ်လောကလာ တဲ့ကုမ္ပဏီက ကြံခင်းတွေကို ဈေးကောင်းပေးပြီး လိုက် ၀ယ်နေတာ ခင်ဗျားကော ဘယ်လို စိတ်ကူးရှိလဲ” လို့ မေးလိုက်ပါတယ်။ ကိုသိန်း ဆောင်က ခပ်ငေးငေး လုပ်နေရင်း “မဆုံးဖြတ်ရသေးဘူး ကွာ။ သူတို့ဝယ်တဲ့ မြေဈေးက ပေါက်ဈေးထက်များလို့ မက်လောက်စရာကြီးပါ။ ဒါပေမဲ့ ဒီမြေကိုရောင်းပြီး ငါတို့က ဘယ်နားနေ ဘာလုပ်စားရမလဲ”
ကိုသိန်းဆောင်ကပြော ရင်းနဲ့ “မလွယ်ဘူး ဆရာ ထွန်းရေ။ ကံကြမ္မာက ကျွန်တော့်ကို ပုဆိုးစုတ်ပါ မကျန် မွဲသွားအောင် နှိပ်စက် တာလား မသိပါဘူးဗျာ” လို့ ညည်းလိုက်ရှာပါတယ်။ သကြားစက်ရုံ ထောင်ထားတဲ့ ကုမ္ပဏီက ကြံခင်းပိုင်ရှင်တွေ ရဲ့မြေကွက်ကို ဈေးကောင်း ပေးဝယ်နေတာတဲ့။ ဒါပေမဲ့ ကိုသိန်းဆောင် ပြောသလို သူ့ ခမျာ ရတဲ့ပိုက်ဆံနဲ့ ဘယ်ကို သွားပြီး ဘာလုပ်စားရရှာ မလဲ။ ပိုက်ဆံ ဆိုတာကလည်း လက်ထဲမှာကြာကြာ မနေချင် တတ်ဘူး။ ကျွန်တော်တော့ သူ့အကြောင်း နားထောင်ရင်း မောသထက် မောလာတယ်။ ရင်ထဲမှာ ခဲဆွဲထားတဲ့အတိုင်း ပဲ။
“နေတော်တော်ကျ သွားပြီ၊ ခရီးဆက်ရဦးမှာဖြစ် တော့ ပြန်ကြရအောင်” မြို့ခံ မိတ်ဆွေက သတိပေးလိုက် တော့မှ ကျွန်တော်လည်း သက်ပြင်းရှိုက်ရင်း ထိုင်ရာ က လေးလေးတွဲ့တွဲ့မတ် တတ်ရပ်လိုက်မိတယ်။ ပြီး တော့ လွယ်ထားတဲ့အိတ်ကို ဇစ်ဆွဲဖွင့်ပြီး ငွေငါးသောင်း ကို ထုတ်လိုက်တယ်။ ဒီငွေ ငါးသောင်းဟာ ကိုသိန်း ဆောင် အဆင်ပြေတဲ့အချိန်က ထမင်းတစ်ဝိုင်းစာဖိုး ရှိတာ ပါ။ အခုတစ်ခါတော့ ကျွန်တော်တတ်နိုင်သလောက် ကူညီရမယ့်အလှည့်။ ကိုသိန်းဆောင်က ကျွန်တော်ပေးတဲ့ ငွေငါးသောင်းကို လက်ကာ ပြရင်း ပြူးပြူးပျာပျာနဲ့ ငြင်း ရှာတယ်။ မယူပါရစေနဲ့၊ သူ့မှာ အခက်အခဲ ရှိပေမဲ့ ခဏအကြာပြန်ပြီး ပြေလည် သွားမှာပါတဲ့။ တစ်ဖက်သား အပေါ်မှာ အင်မတန်အားနာ တတ်တဲ့ ကိုသိန်းဆောင်။ ငွေ လက်ခံအောင် မနည်းချော့မော့ ပြောလိုက်ရတယ်။ သူက ကျွန်တော့်ကို ကြံခင်းထိပ်က လှည်းလမ်းအထိ စကားပြော ရင်းလိုက်ပို့ပါတယ်။ လှည်းလမ်းပေါ်မှာတော့ ကြိုတင် ရောက်နှင့်နေတဲ့ မိတ်ဆွေက ဆိုင်ကယ်နဲ့ အဆင်သင့် စောင့် နေတယ်။
ကျွန်တော်တော့ ကိုယ့် စီးပွားရေးအတွက် ခေါင်းပူ အောင်စဉ်းစားရတိုင်း ကိုသိန်းဆောင်ရဲ့ “ကြံရာမရ ဖြစ်တာနဲ့ ကြံစိုက်ရတာကိုး ဗျာ” ဆိုတဲ့စကားကို သတိရ နေမိတယ်။ မြေကွက်တွေမှာ ကြံပင်စိုက်သလို ကိုယ့်ဦး နှောက်ထဲမှာ အကြံဉဏ်စိတ် ကူးအပင်တွေစိုက်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ ပူပင်သောကနဲ့တွေးတဲ့အခါ ခေါင်းထဲမှာ ဘယ်လိုလုပ် အကြံဉာဏ်ပင်တွေ စိုက်နိုင် ပါတော့မလဲ။ ကျွန်တော့် အဖြစ်ကလည်း ဒီအတိုင်းပဲ။ လွန်ခဲ့တဲ့သုံးနှစ်က သားတော် မောင်မင်္ဂလာဆောင်မှာမို့ ကျွန်တော် ဆန်နီကားလေးကို ရောင်းပြီး မင်္ဂလာစရိတ် အသုံးပြုလိုက်ရတယ်။ ကျန် တဲ့ပိုက်ဆံကို လေးဘီးကား လေးဝယ်၊ ကျွန်တော်ကိုယ် တိုင်တက္ကစီဆွဲ၊ ခရီးသည်မရ ရင်လည်း အလှည့်ကျ ဆီတိုင်မှာ ဆီထုတ်ပြီး ပြန်ရောင်း။ မဆိုးပါဘူး။ ခြိုးခြိုးခြံခြံနဲ့ နေတော့ မိသားစုဘ၀ အနေ လှပါတယ်။ ဒါပေမဲ့ ယာဉ်အိုယာဉ်ဟောင်း အက္ခရာ သက်တမ်း ပယ်ဖျက်တော့မယ့် အထဲမှာ ကျွန်တော့်လေးဘီး ကားလေးလည်း ပါသွားပြီ။ လေးဘီးကားကို အပ်ပြီး ရလာတဲ့ ပါမစ်နဲ့ မော်တော်ကား သစ်ဝယ်မလား။ ၀ယ်နိုင် လောက်အောင်လည်း အဲသည်လောက် ပိုက်ဆံ များများစား စားမရှိ။ ဒီလို မလုပ်ဘဲ ပါမစ် ရောင်းမယ် ဆိုရင်လည်း ဈေးကောင်း ပေးဝယ်မယ့်သူက အဆင်သင့်။ ပြဿနာက ရင်းနှီးဖို့ ရှေ့မမီ နောက်မမီ ဖြစ်နေတဲ့ ပိုက်ဆံနဲ့ စီးပွားရေး အတွက် ခရီးဆက်ဖို့ ဘယ်လို သွားရမလဲ။ တွေးရင်းတွေး ရင်းနဲ့ ကြံရာမရ ဖြစ်လာတယ်။ ကြံရာ မရလို့ ဟိုဟာ လေးဟုတ်နိုးနိုး ဒီဟာလေး ဟုတ်နိုးနိုးနဲ့ လုပ်ကြမယ့် ကြံစိုက်ကြသူတွေ ဒလဟော ပေါကုန်ကြတော့မလား မသိ။
“ကျွန်တော်တို့ မြို့ပတ် ၀န်းကျင်မှာ လယ်တွေ၊ ယာတွေရှိလို့ စားစရာ အတွက်လည်း မပူရ၊ သစ်တောကြီးလည်း ရှိလို့ နေစရာလည်း မပူရ၊ အဲဒီလို တွေးခဲ့တာကိုး ဆရာထွန်းရယ်။ အမှန်တော့ ဒီဟာတွေဟာ ကျွန်တော်တို့ နဲ့ သက်ဆိုင်တယ်လို့ ထင်နေတာ။ အခုမှ ကျွန်တော်တို့နဲ့ ဆိုင်လည်းမဆိုင်၊ ပိုင်လည်း မပိုင်မှန်း သိသွားပါပြီ။ ခက် ပါတယ်ဗျာ၊ ကျွန်တော့်မှာ ဒီ မြေဆုံးရှုံး သွားရင် ဘယ်နား ကပ်ရမှန်းတောင် မတွေးတတ် တော့ပါဘူး ဆရာထွန်းရယ်”
ကျွန်တော့်ကို လိုက်ပို့ရင်း ကြံခင်းထဲမှာ ရင်ဖွင့် လိုက်တဲ့ ကိုသိန်းဆောင်ရဲ့ စကားသံတွေဟာ ကျွန်တော့် ရဲ့ အာရုံ ထွေပြားမှုကို ရှင်းသွားအောင် ဆွဲခါလိုက်သလို ပဲ။ မှန်ပါတယ်။ ကျွန်တော် တို့မှာ ဘာတွေများ ပိုင်ဆိုင်ခဲ့ ကြသလဲ။ အမှန်တကယ်ကို ဆိုင်လည်းမဆိုင်၊ ပိုင်လည်း မပိုင်တဲ့ အဖြစ်ကို ကြုံတွေ့နေ ရတာလား။ သူ့အမြင် သူ့ ခံစားချက်ကို ရိုးရိုးသားသား ဖွင့်ပြောတဲ့ ကိုသိန်းဆောင် တော့ လွန်ခဲ့တဲ့နှစ်လက ဆုံး သွားရှာပြီတဲ့။ သေသော်မှ တည့် သြော် ကောင်း၏ဆို တာမျိုးလား ကိုသိန်းဆောင် ရယ်။

ညိုထွန်းလူ
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
No comments:
Post a Comment