အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့..ဆိုပြီး အန်အယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့.. ဆိုတဲ့ ရိုးသားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထု နှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုံး၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်း အသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်အယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဖို့အတွက် အန်အယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည်လုံးအသိပါ။
ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့ အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမယ့်လည်း....
မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန့်ခူးစား...ကလိန်ကကျစ်ကျနေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဖို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စုကလည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက်ဖို့ ကြိုးစား ခဲ့ပါသေးတယ်။
နိုင်ငံတကာနဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဖို့ နအဖ စစ်အုပ်စုက တဘက်သတ် ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာပဲ အသားထဲကထွက်တဲ့ လောက်ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ.. တိုင်းပြည်ကိုနစ် သထက် နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ အချောင်သမား အခွင့်အရေးသမားတွေကို လူထုအနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန်တခုလုံးအနေနဲ့ သော်၎င်း.. ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှု ကျော်လွန်ဲပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်တိုက်ဖျက်သွားရေးကိုသာ ကျနော်ယုံကြည်ပါတယ်။ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ့ ရိုးသားစွာ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူဟာ ကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ ပေမယ့်လည်း ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့်လွှတ်နိုင်ပါသေးတယ်။
အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ကို သုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာမည့်အချောင်သမားများသာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။အန်အယ်လ်ဒီ ကနေ နှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်းပါတယ် ။ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်အယ်လ်ဒီ ကို ပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော်သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်း မမှားစေလိုသောကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ )သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က မွေးဖွားပေးခဲ့သော လူထုပါတီတရပ်ဖြစ်သည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .။
(မောင်မောင်စိုး)
jul22,2010
အပိုင်းအလိုက် ဆက်လက် ဖော်ပြသွားပါမည်။(ဟစ်တိုင် စာတည်းအဖွဲ့)
-------------------------------------------
" ရှစ်လေးလုံးစိတ်ဓာတ်(၂)"- (မောင်မောင်စိုး)-jul27,2010
၁၉၄၁ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှာ ဒို့ဗမာအစည်းအရုံး သခင်များ၏ အစီအစဉ်နဲ့ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နိုင်ငံကို စစ်ပညာများသင်ကြားရန် သွားရောက်ခဲ့ကြပါတယ်။ ဗြိတိသျှကိုလိုနီထက် ဆိုးတဲ့ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး လွတ်လပ် ရေး အရယူမယ်ဆိုတဲ့ မဟာဗျူဟာကို နိုင်ငံရေးခေါင်းဆောင်တချို့ က သဘောမကျကြပါဘူး။ ဒါပေမယ့်လည်း ဗြိတိသျှ ကိုလိုနီအစိုးရကို ပင်းပြီး ဒီမဟာဗျူဟာကြီးပျက်အောင် "ဒီခေတ်လို" ကလိမ်ကကျစ်ကျ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးလုပ်စားသူ မရှိခဲ့သလို၊ ဂျပန်ကိုပြန်တိုက်တော့ လည်း တညီတညွတ်တည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း မှတ်တိုင်များရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာတော့ ဒီနေ့ ဒီမိုကရေစီရေး တိုက်ပွဲကာလနဲ့ ခပ်ဆင်ဆင်တူပြီး တိုက်ပွဲလမ်းကြောင်းတွေေ၀၀ါးနေခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှ ကျွန်ဘ၀ အဓွန့်ရှည်စေမည့် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ဌာနအုပ်ချုပ်ရေး၊ ဟုမ်းရူးအုပ်ချုပ်ရေး စသည့် အခွင့်အရေးများမှတဆင့် လွတ်လပ်ရေးကို အရယူဖို့ အာသီသ ပြင်းပြတဲ့ ခေါင်းဆောင်များလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝလွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးတိုက်ပွဲပန်းတိုင်နှင့်အတူ့ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊လွတ်လပ်ရေးသည် တတိယ၊ ဆိုတဲ့ တိုက်ပွဲခေါ်သံနောက်မှာ အားလုံးအတူတကွ တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအောင်ပန်းကို အရယူခဲ့ကြပါတယ်။
ယနေ့ခေတ် ဒီမိုကရေစီတိုက်ပွဲတလျှောက်မှာတော့ ဒီမိုကရေစီနည်းလမ်းကျ ကိုယ့်သဘောကိုယ်ဆောင် ထင်ရာတွေလုပ်နေကြတာကြောင့် တိုက်ပွဲလမ်းကြောင်းတွေ လွဲချော်နေပြီး အောင်ပွဲနဲ့ဝေးနေတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် တခုတည်းသော မဟာဗျူဟာ ဦးဆောင်မှု ရှိမနေခြင်း၊ တခုတည်းသောတပ်ပေါင်းစု(သို့မဟုတ်)တခုတည်းသော ဦးဆောင်မှုအောက်တွင် တိုက်ပွဲမ၀င်နိုင်ခြင်းတို့ကြောင့် အောင်ပွဲနဲ့ဝေးနေရခြင်းဖြစ်ပါတယ်။ တော်လှန်ရေးကာလသတ်မှတ်ချက်နှင့် တခုတည်းသော ဦးဆောင်မှုအောက်တွင် နည်းဗျူဟာမျိုးစုံ၊ အသုံးပြု တိုက်ပွဲဆင်နိုင်မှသာ ဒီမိုကရေစီအောင်ပန်းကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ " ဒီမိုကရေစီရှိမှသာလျှင် တန်းတူရေးနှင့်သာတူညီမျှရေးရှိလာမည်၊ တန်းတူရေးနှင့်သာတူညီမျှရေးရှိမှသာလျှင် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ "
ရှစ်လေးလုံးကာလကိုပြန်ကြည့်ပါက ဘာကြောင့်ပြည်သူတရပ်လုံး တခဲနက်ပါဝင်လာပြီး အောင်ပွဲခံနိုင်ခဲ့ပါသလဲ၊ နိုင်ငံရေးဆရာ့ ဆရာကြီးများက အမျိုးမျိုးပြော နေကြသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ ကျောင်းသားများ၏ ဦးဆောင်မှုတခုတည်းအောက်တွင် တိုက်ပွဲဝင်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့် နယ်ဘက်ဒေသများတွင် ပိုပြီးထင်ရှားပါသည်။ ရန်ကုန်က ကျောင်းသားသမဂ္ဂရဲ့ ကြေညာချက်အရ ဘယ်နေ့ဘယ်ရက်မှာ ပြည်လုံးကျွတ်ဆန္ဒပြကြမည်ဆိုသည့် တဆင့်စကား လက်ဆင့်ကမ်း တိုက်ပွဲခေါ်သံများဖြင့် လူထု တရပ်လုံး လမ်းမများပေါ်မှာ ရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တကယ်တော့ နယ်တွင် ဦးဆောင်နေသော ကျနော်တို့ကိုယ်တိုင် ထိုကြေညာချက်များကို မရရှိခဲ့စေကာမူ -စိတ်ထဲတွင် တကယ်ယုံကြည် စွဲမြဲနေသည့် ဦးဆောင်မှု တိုက်ပွဲခေါ်သံများပင်ဖြစ်ခဲ့ပါတယ်။
အဲဒီ့အချိန်က ရန်ကုန်ရှိ ဘယ်ကျောင်းသားသမဂ္ဂက (ဗကသ၊ မကသ၊ ရကသ၊ စသ ဖြင့်) ဦးဆောင်နေတယ်ဆိုတာလဲ ကျနော်တို့မသိခဲ့။ သိဖို့လိုသည်ဟုလည်း မထင်မိခဲ့ပေ။ ကိုယ့်မြို့နယ်တွင်းရှိ ကောလိပ်ကျောင်းသားများကို ဗဟိုထားပြီး အခြားသောသမဂ္ဂများနှင့်ညှိနှိုင်းဆောင်ရွက်ရင်း လုံးဝညီညွတ်မှုအပြည့်ရှိခဲ့ကြသော ကာလများပင်ဖြစ်ပါတယ်။ သပိတ် တပ်သားအချင်းချင်းလည်း ယုံကြည်မှုအပြည့် ကိုယ်စီရှိခဲ့ကြပါတယ်။ တိုက်ပွဲလမ်းကြောင်း ကြွေးကြော်သံများနှင့်အညီ တပါတီအာဏာရှင် ဦးနေ၀င်းနဲ့ မဆလပါတီကို တကယ်ပင်ဖြုတ်ချ နိုင်ခဲ့ပါတယ်။
"ခါးသည်းတဲ့အတွေ့ အကြုံအရ အတုမရှိ ခေါင်းဆောင်ကြီးဝါဒကို ပယ်ရှားပြီး၊ ပါတီတွင်း ဒီမိုကရေစီကို အပြည်အ၀လိုက်နာကျင့်သုံးမယ်" ဆိုပြီး၊ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲဝင်မည့်လူတစု၏ ခေါင်းဆောင်တယောက်(-------) က အန်အယ်လ်ဒီပါတီမှနုတ်ထွက်စဉ် က ကြုံးဝါးခဲ့ပါတယ်။ ဒါဟာ မှားယွင်းလွဲချော်နေတဲ့ ကိုယ်ကျိုးရှာဝါဒ တခုသာဖြစ်ပါတယ်။ တိုက်ပွဲကာလမှာ ဗဟိုဦးစီးစနစ်နဲ့ တိကျတဲ့ခေါင်းဆောင်ဆိုတာ ရှိကိုရှိရပါမယ်။
တိကျတဲ့တိုက်ပွဲ မဟာဗျူဟာနဲ့ တိကျတဲ့တိုက်ပွဲခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးတရပ်ဟာ စက်ခေါင်းတွဲနဲ့ စက်ခေါင်းမောင်းသူမပါတဲ့ မီးရထားတစင်းလိုပါပဲ။ အရှေ့သို့ရွေ့လျား တိုးတက်မှု အလျင်းမရှိ -အောင်ပွဲနဲ့အလှမ်းဝေးနေကြရဦးမှာ မလွဲပေ။
ဒီမိုကရေစီတိုက်ပွဲတလျှောက် အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြကုန်သော သူရဲကောင်းအပေါင်းလည်း မနည်းတော့ပြီ။ ဆိုးရွားရက်စက်လှသော အကျဉ်းထောင်များအတွင်း တခါမှမကြားဘူးသော နှစ်ရှည်ထောင်ကျခံ ပေးဆပ်နေသူများလည်း မျက်ဝါးထင်ထင်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်နေကြသူတွေလည်းရှိ။ ၉၀ ရွေးကောက်ပွဲ လူထုသဘောထားအရ ပါတီမှတ်ပုံမတင၊် ရွေးကောက်ပွဲမ၀င်ဘဲ၊ တောင့်ခံ သပိတ်တိုက်ပွဲဝင်တဲ့ ပါတီက၀င်။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ့်လမ်းဖောက်နေကြ။ ခေါင်းပေါင်းတပြင်ပြင်နဲ့တိုင်းပြည်ရဲ့အဆီအနှစ်တွေကို ထိုင်ဝါးမယ့်သူတွေကလည်းအဆင်သင့်။ လက်နက်အသင့် ကိုယ့်နယ်မြေနဲ့ကိုယ် စီးပွားရှာ ဆက်ကြေးကောက်စားမယ့်အုပ်စုတွေကလည်း ကိုယ့်အကြံအစည်နဲ့ကိုယ်။ ဒီကနေ့ ဒီလိုအခြေအနေတွေဟာ ဗိုလ်သန်းရွှေတို့ အကြိုက် စစ်အာဏာရှင်သက်ဆိုး ရှည်စေမည့် သူတဗိုလ် ငါတမင်း-ကသောင်းကနင်း အခြေအနေတွေပါပဲ။ ဒီအခြေအနေတွေအောက်မှာတော့ ကျနော်တို့ ခင်ဗျားတို့တိုင်းပြည် နလံထူဖို့ တယ်မလွယ်လှပါဘူး။
ဒီလိုကသောင်းကနင်းဖြစ်နေရတာဟာ တိကျတဲ့ခေါင်းဆောင်မှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုတိုက်ရိုက်ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တခုလုံးကို ခေါင်းဆောင်ဖို့ အသင့်တော်ဆုံးအချိန် အခါပါပဲ။ သူမရဲ့ အရည်အချင်း နှလုံးရည်ပြည့်ဝမှုတွေကို အသာထားပြီး အောက်ပါအချက်(၃)ချက်နဲ့ပင် ခိုင်လုံနေပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏အသည်းနှလုံးဖြစ်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ယုံကြည်လေးစားခံရသူဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက အလွန်ကြောက်ကြသည်။
ဒါပေမယ့်လည်း အချို့ သောဒီမိုကရေစီခေါင်းဆောင်များနှင့် တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အမှန်စင်စစ် လက်တွေ့အားဖြင့် မခံယူလိုကြပေ။ သဘောတရားအရ မငြင်းဆန်ကြခြင်းသာဖြစ်သည်။
ထိုအချက်သည်ကား ဒီမိုကရေစီတိုက်ပွဲ၏ အဓိကသော့ချက်ပင်ဖြစ်တော့သည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား မွေးဖွားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်သည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ၊
(မောင်မောင်စိုး)
၁-၂၆၀-၄၂၆ ၄၁၂၁
ဂျူလိုင်လ(၄)ရက်၊၂၀၁၀။
အပိုင်း(၃)ဆက်လက်ဖော်ပြပါမည်။(ဟစ်တိုင်)
---------------------------------
"ရှစ်လေးလုံးစိတ်ဓာတ် (၃)"-(မောင်မောင်စိုး)
၁၉၄၀၊ဇွန်လ(၁)ရက်နေ့ -ဟင်္သာတ စီရင်စု ဇလွန်မြို့ ဒို့ ဗမာအစည်းအရုံးညီလာခံ အပြီး ညပိုင်းတရားပွဲတွင် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)တို့ဟောပြောကြလေသည် ။ ထိုအခိုက် ပုလိပ်အရာရှိတဦးရောက်လာပြီး သခင်အောင်ဆန်းအား စာတစောင် ပေးလေသည်။ ထိုစာမှာ သခင်အောင်ဆန်းအား ချင်းတောင်နယ်အကြောင်း ထည့် မဟောပြောရန် -ဗြိတိသျှအစိုးရမှ တားမြစ်သည့်အမိန့်စာဖြစ်သည်။ ဒါပေသိ သခင်အောင်ဆန်းကတော့ ထိုတားမြစ်မိန့်အား စိုးစဉ်းမျှဂရုမစိုက်ဘဲ ဗြိတိသျှအစိုးရက ဒို့ဗမာအစည်းအရုံးဝင် ချင်းခေါင်းဆောင် သခင်ဝမ်းသူမောင်အား ကိုယ်မှာကြိုးကွင်းစွပ် ဖမ်းခေါ်လာပြီး မြေပြင်မှာ မြင်းနဲ့ဒရွတ်တိုက်ဆွဲ လက်တွေ့ ရက်ရက်စက်စက် နှိပ်စက်ကာ ချင်းအမျိုးသားတွေအနေနဲ့ နောက်နောင် ဗြိတိသျှအစိုးရကို လုံးဝမဆန့်ကျင်ရဲအောင်လုပ်ပြခဲ့သည့်အကြောင်း ဟောပြောခဲ့ပါတယ်။
(ဒီသမိုင်းကို ကျနော်ခြုံငုံကြည်တဲ့အခါမတော့ လူမျိုးစုတခုတည်းအတွက် ရည်ရွယ်ရင်း မရှိဘဲ ၊ တမျိုးသားလုံး တနိုင်ငံလုံးလွတ်လပ်ရေးအတွက် သခင်မျိုးဟေ့-ဒို့ဗမာ ကြွေးကြော်သံနဲ့ အတူ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့-ချင်းအမျိုးသားခေါင်းဆောင် သခင်ဝမ်းသူမောင် ကို အထူးကြည်ညိုလေးစားမိ၊ဂုဏ်ယူမိပါတယ်။ ဒီခေတ်ဒီကာလ လူမျိုးစုခေါင်းဆောင်အချို့ုနှင့် ခံယူချက်ကွာဟမှုတွေကို တွေ့ရှိရပါတယ်။)
ဒါကြောင့် အစိုးရကိုအကြည်အညိုပျက်အောင်ဟောပြောမှု ပုဒ်မ၁၂၄(က)တပ်ကာ သခင်အောင်ဆန်းကို ဖမ်းဝရန်းထုတ်ပါတယ်။ ဒီအဖြစ်အပျက်က လွတ်လပ်ရေးတိုက်ပွဲအတွက် အဓိကကျတဲ့အပြောင်းအလဲဖြစ်ပါတယ်။ အဲဒီ့ ၀ရန်းကြောင့်ပင် သခင်အောင်ဆန်းသည် အဖမ်း မခ၊ံ ထောင်အကျမခံဘဲ၊ သခင်လှမြိုင်နှင့်အတူ ဟိုင်လီသင်္ဘော ပေါ်တက်၊ တရုပ်ပြည်ကို ထွက်၊ ဂျပန်နဲ့ဆက် -နိုင်ငံခြားအကူအညီ ရယူပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲ နိုင်ခဲ့ပေသည်။ ထိုအလှည့်အပြောင်းမှတဆင့် လွတ်လပ်ရေးရသည့်အထိ တော်လှန်ရေး အရှိန် အဟုန်မြှင့်တင်နိုင်ခဲ့ပေသည်။
ဒီကနေ့ နောက်ကြည့်မှန် ထဲတွင် ပြန်လည်မြင်ယောင်နေမိသော ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က သူ့စာအုပ်ထဲမှာတော့ "တောထဲသွားရမလား၊ မြို့မှာပဲဆက် လှုပ်ရှားရမလား၊ တိုင်းပြည်အတွက် တော်လှန်ရေးခရီးရှည် ဆက်လှမ်းဖို့ရာ ချစ်သူ ညို ကို ထားရစ်ခဲ့လေပြီ။" နောက် တကယ့်လက်တွေ့ဘ၀မှာတော့ ထောင်အနှစ်(၂၀) ကျခံရပါတယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ဘ၀၊ လူ့သဘာဝအရ အပျော်ရွှင်ရဆုံးအချိန်တွေကို အများအကျိုးအတွက် (၁၇)နှစ်ကျော်ကျော် စတေးခံခဲ့ရပြီး၊ သူ ထောင်ကပြန်လွတ်လာပြီးနောက် ၂၀၀၇ ခု၊ သြဂုတ်လ(၁၈)ရက်နေ့ လောင်စာဆီဈေးတက်မှု ကန့်ကွက်ဆနွပြပွဲကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအနေဖြင့် ဦးဆောင်ပါဝင်ခဲ့ သောကြောင့်- သြဂုတ်လ(၁၉)ရက်နေ့တွင် ထပ်မံအဖမ်းခံရပြီး၊ ထောင် ၆၅ နှစ်နဲ့ ၆လ ကျခံနေရပါတယ်။
ကိုမင်းကိုနိုင်ဟာ သြဂုတ်(၁၈)ရက်နေ့ လှုပ်ရှားမှုပြီးတော့ ထိုညမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ့ကိုလည်း မကြာခင်လာရောက်ဖမ်း ဆီးတော့မှာကို ကြိုသိနေခဲ့ပါတယ်။ ဒါကို သူဘာဖြစ်လို့ ဒုတိယအကြိမ် အဖမ်းမခံ ထောင်အကျမခံဘဲ တိမ်းရှောင်ထွက်ပြေးခြင်း မပြုခဲ့ပါသနည်း။ အခုချိန် ကိုမင်းကိုနိုင် တယောက် အဖမ်းမခံဘဲ နယ်စပ် ထိုင်းနိုင်ငံ သို့မဟုတ် တတိယနိုင်ငံ တခုခုတွင် လွတ်မြောက် ရောက်ရှိနေပါလျှင် သူဘာတွေလုပ်နိုင်မည်နည်း။ ပိဋက အိုးကွဲ + ပါရဂူဘွဲ့တွေယူပြီး ပညာရှင်တယောက်အဖြစ် တလွဲကြပ်အသံလွှင့်မှုတွေ လုပ်နေလေမလား။
နာမည်တလုံးနဲ့ အဖွဲ့တွေ လိုက်ဖွဲ့၊ ရှိသမျှတပ်ပေါင်းစုတွေမှာ နေရာတွေ ၀င်ယူနေလေမလား။
ကျနော့်အထင်တော့ ကိုမင်းကိုနိုင်ဟာ ဒါတွေကို ကြိုသိနေပြီး စိတ်ပျက်တာကြောင့် အပြင်ကို ထွက်တိမ်းရှောင်ခြင်းမပြုဘဲ ထောင်ထဲမှာပဲ တိုက်ပွဲကြမ်းကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားဖို့  ဆုံးဖြတ်ထားပုံရပါတယ်။ အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်။
တကယ်တော့အပြင်ဘက်မှာက တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားရည်မှန်းချက်နှင့် တခုချင်းစီ၏ အကျိုးစီပွားရည်မှန်းချက်များဟာ အပစ်ရပ်သဘောတူညီမှုများ နောက်ပိုင်း ကာလများမှစပြီး ဆက်စပ်မရ-ကွာဟလာရပြီး တပ်ပေါင်းစုရဲ့ဦးဆောင်မှုနဲ့ နယ်စပ်ဒေသ အင်အားစုများရဲ့ ညီညွတ်ရေးဟာ သိသိသာသာ အားနည်းလို့လာပါတယ်။
တပ်ပေါင်းစု၏ သြဇာအရှိန်အ၀ါ ကျဆင်းလာရပြီး တခုချင်းစီ၏ အကျိုးစီးပွားများကိုသာ ဦးစားပေးလာကြသောကြောင့် တခုလုံး၏အမျိုးသား အကျိုးစီးပွား ထိခိုက်ယုတ်လျှော့လာခြင်း ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေအနေနဲ့လည်း စစ်အုပ်ဆီက နိုင်ငံရေး လိုက်လျောမှု တစုံတရာအကျိုးအမြတ် မရရှိကြသလို တော်လှန်စစ်အတွက် မိမိတပ်အင်အား၊ လက်နက်အင်အားများ ပိုမိုဖြည့်တင်း ပြင်ဆင်လာမှုများလည်း တိုးတက်မှုတစုံတရာ မတွေ့ရ။
ဗိုလ်သန်းရွှေတို့ နည်းပရိယာယ်အောက်မှာ ကျနော်တို့အတိုက်အခံ အင်အားစုအားလုံး ညီညွတ်ရေးဆောက်တည်လို့ မရနိုင်အောင်ဖြစ်နေပါတယ်။ တိုင်ရင်းသားလက်နက်ကိုင်အင်အားစု များအကြား ညီညွတ်ရေး နဲ့ ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေး နှစ်ရပ်လုံးမှာ ကော်ကပ်ထားတဲ့ အပေါ်ယံညီညွတ်ရေးအစား တကယ့်ညီညွတ်ရေးကိုတည်ဆောက်ရန်မှာ ယနေ့အခါသမယသည် ကုန်လေပြီးသော အခြားအချိန်များထက် ပိုမိုအရေးကြီးလှကြောင်း ခေါင်းဆောင်အားလုံးကို သတိပေးနှိုးဆော်အပ်ပါတယ်။
တယောက်တပေါက်ဗျူဟာနဲ့ကိုယ့်အကျိုးစီးပွား ကိုယ်ရှာရေးမူများကိုသာ ကျင့်သုံးနေကြတာတွေကို ပြန်လည်သုံးသပ်ကြဖို့ အချိန်ရောက်နေပါပြီ။ နအဖ စစ်အုပ်စုဟာ သူတို့ချမှတ်ဆောင်ရွက်နေတဲ့ ရုတ်မက်(၇)ချက်..လို့ အားလုံး နားလည်နေတဲ့ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်အဆင့်ဆင့်ကို အကောင်အထည်ဖော်လာခဲ့ရာ ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၄င်းတို့ရဲ့ အရေးအကြီးဆုံးလှည့်ကွက်အဖြစ် နောက်ဆုံး အဆင့်တက်ရမည့် အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီအလှည်အပြောင်းမှာ ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ နဲ့အတူပြည်သူလူထု တရပ်လုံး (ကျနော်တို့အားလုံး) တက်ညီလက်ညီ လက်တွဲတိုက်ပွဲဝင်ပါမှ အာဏာရှင်စနစ်နိဂုံး ချုပ်စေပြီး တတိုင်တပြည်လုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်မှာဖြစ်ပါတယ်။
သို့မဟုတ်ပါက ဗိုလ်ချုပ်ကြီး နေ၀င်းကနေ တပါတီအာဏာရှင်ကြီး ဦးနေ၀င်းအဖြစ်ပြောင်းပြီး ၂၆နှစ်ကြာ ဂုတ်သွေးစုတ်အုပ်ချုပ်ခဲ့သလိုမျိုး... ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စစ်ဖိနပ်အောက် ပြားပြားမှောက်ရောက်ကြရ အုံးမှာ ဖြစ်ကြောင်း အထူးသတိပြုစေလိုပါတယ်။ တကယ်တော့ အန်န်အယ်လ်ဒီကို ၁၉၉၀ ခု၊မေလ(၂၇)ရက်နေ့ ကတည်းက ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးနဲ့ စစ်ဖိနပ်အောက်လွတ်မြောက်ရေးအတွက် ပြည်သူလူထုတရပ်လုံးက တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အန်န်အယ်လ်ဒီဟာ လူထုကို ဦးဆောင်မှုပေးရမည့် လူထုရဲ့တပ်ဦးပါတီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တာဝန်ရှိသူ နအဖစစ်အုပ်စုမှ တနည်းနည်းဖြင့်အသိအမှတ်ပြု အကောင်အထည်မဖော်သေးသမျှ နောက် ထပ်မည့်သည့်ရွေးကောက်ပွဲကိုမှ(၂၀၁၀ရွေးကောက်ပွဲ၊ သို့မဟုတ်-၂၀၁၁ သို့ရွှေ့ပြောင်းခဲ့လျှင်သော်၎င်း။) လက်ခံစရာ အကြောင်းမရှိပေ။ ထို့အတူ အန်အယ်လ်ဒီ၏ရပ်တည်ချက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေးအား စစ်အုပ်စု၏ ကြံ့ဖွံပါတီမှလွဲလျှင် အခြား အတိုက်အခံ ပါတီအားလုံး တပြိုင်နက်တည်း ရွေးကောက်ပွဲ မ၀င်ဘဲ တညီတညွတ်တည်း သပိတ်မှောက်ကြမည်ဆိုပါက အတော့်ကို ထိရောက်သည့် ထိုးချက်ပင်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ၏ အရှိုက်ကို တည့်တည့်ထိမှာဖြစ်ပါတယ်။ ဒါကို အန်အယ်လ်ဒီ ပါတီနှင့်တကွ ကျနော်တို့ အားလုံးအနေနဲ့ ရွေးကောက်ပွဲဝင်မည့် အဖွဲ့အစည်းများကို ဖျောင်းဖျစည်းရုံးပြီး ရွေးကောက်ပွဲ မ၀င်ကြဘဲ တညီတညွတ်တည်းသပိတ်မှောက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးစားသွားရမှာဖြစ်ပါတယ်။
ဒုတိယအဆင့် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်သည့်အတိုင်း ပြည်သူလူထုအနေနဲ့ မဲမပေးဘဲနေပြီး တိုက်ပွဲဝင်သွားနိုင်ရေး ကိုကြိုးစားသွားရမှာဖြစ်ပါတယ်။ အသိခေါက်ခက် အ၀င်နက်လှသည့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြသော ပါတီများကို ဖျောင်းဖျစည်းရုံးရန်မှာ အတော်မလွယ်ကူသည့်အလုပ်ပင်ဖြစ်ပါတယ်။
ရသလောက် နေရာဝင်ယူပြီး လွှတ်တော်ထဲမှာ (စည်းဝိုင်းထဲကနေ) ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားကြမယ်လို့ ကြွေးကြော်နေကြသော်လည်း၊ တကယ်တန်းကျတော့ တိုင်းပြည်အတွက် တကယ်စေတနာပါသည်ဖြစ်စေ -မပါသည်ဖြစ်စေ စစ်အုပ်စု၏ လက်ညိုးထောင်+ခေါင်းညှိမ့် လက်ပါးစေအဆင့် သာ ရရှိကြမှာ သေချာလှပါတယ်။ လွှတ်တော်သုံးရပ်လုံးတွင် မိမိတို့ရရှိမည့် နေရာများမှာ အနည်းစုဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များနှင့်ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ အများစု ဖြစ်ပါတယ်။ ဒါကြောင့် ဘာဘဲဆုံးဖြတ်ဆုံးဖြတ်ပါစေ စစ်အာဏာရှင်တို့၏ အမိန့်အတိုင်းပင်၊ ပြည်သူလူထုကတော့ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်ပေ။ ဒီမိုကရေစီတိုက်ပွဲဝင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များကတော့ မိမိတို့ကိုယ်ပိုင် ရပိုင်ခွင့်များကို အပြည့်အ၀ သုံးကာ ဘီလျံနာသူဌေးကြီးများ ဖြစ်လာကြပေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
နအဖစစ်အုပ်စုကတော့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို သူ့ကိုယ်တိုင် ချိုးဖောက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရွေးကောက်ပွဲ မစခင်ကတည်းက ထင်တိုင်းပြု နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ စစ်ဗိုလ်ချုပ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာလည်း အတိုက်အခံ အင်အားစုအားလုံး မမေ့လျော့သင့်ပေ။
ကြုံကြိုက်ခိုက်တွင် ၁၈၈၆ ခုကာလများ မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရိုင်း လို မထင်မရှား သူရဲကောင်းတဦးကို ဗြိတိသျှလူမျိုး ဖီးလ်ဒင်ဟော(Fielding Hall) ကိုယ်တိုင် ချီးကျူး ရေးသားဂုဏ်ပြုထားတဲ့ အကြောင်း ပြောပြလိုပါတယ်။ မန္တလေးမြို့ အထက် ဧရာဝတီ မြစ် အနောက်ဖက်ကမ်းတွင် ရှိန်မကား ခေါ်မြို့ကလေးတမြို့ရှိလေရာ၊ထိုမြို့လေးမှာ ဆားချက် လုပ်ငန်းနှင့် ဆိပ်ကမ်းကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေးကောင်းမွန်သဖြင့် ချမ်းသာကြွယ်ဝသောဆိပ်ကမ်းမြို့ကလေးဖြစ်ပါတယ်။ မြို့နောက်ပိုင်းဒေသတလျှောက်မှာတော့ ဗိုလ်ရိုင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတစု စခန်းချစိုးမိုးထားပါတယ်။ ဗိုလ်ရိုင်း အတွက် တပ်အင်အားအလိုရှိလာသော် ထိုနယ်တ၀ိုက်ရွာများမှ တော်လှန်ရေးသမား တပ်အင်အား နှစ်ရာ သုံးရာ ချက်ချင်းစုရုံးလာကြပါတယ်။ ထိုအချိန် ရှိန်မကားမြို့တွင် ဗြိသျှစစ်တပ် လာစွဲနေသောအခါ၊ လူအင်အား လက်နက်အင်အား မမျှသဖြင့် ရင်ဆိုင်တိုက်ပွဲများတွင် သူ့တော်လှန်ရေး ရဲဘော်များ အကျအဆုံး မများစေရန် ဗိုလ်ရိုင်း၏ တိုက်ပွဲဗျူဟာကို ပြောင်းလဲ ပစ်လိုက်ပေသည်။ ထို့ကြောင့် မြန်မာပြည်ဘွား တိုင်းရင်းသားမှန်သမျှ ရန်သူ့လက် အောက်တွင်အမှုမထမ်းရ၊ ရန်သူအား ရိကွုာမထောက်ပံ့ရ၊ ရန်သူအား လမ်းမပြရ၊ ရန်သူအား မည်သည့်အားပေးကူညီမှုမျှ မပြုရ ...ဟုကျေညာအမိန့် ထုတ်ပြန်လေသည်။ ထို့နောက် ဗြိသျှစစ်တပ်အား မြို့သူမြို့သားများမှ မည်သည့်နည်းနှင့်မျှ မကူညီ မထောက်ပံ့နိုင်ရန်အတွက် မြို့သူမြို့သားများအား မြို့မှ အခိုက်အတန့်အားဖြင့် ရှောင်ပေးရန် အထူးသတိပေးလိုက်သည်။ သို့သော် ထိုမြို့သူမြို့သားများ၏ စိတ်ဓာတ်မှာ ကိုယ့်အကျိုး စီးပွားတခုတည်းသာ ကြည့်တတ်သောသူများဖြစ်ကြသည်။ မိမိတို့စည်းစိမ်ဥစွုာများ တည်မြဲရေး နှင့်ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေစေရေးကိုသာ အဓိကထားကြလေသည်။ ဗိုလ်ရိုင်းတို့ တော်လှန်ရေးတပ်သည် ဗြိတိသျှစစ်တပ်ကို နိုင်အောင် မတိုက်နိုင်ကြဟု ယူဆကာ ရန်သူ ဗြိတိသျှတပ်နှင့်ပူးပေါင်းကြသည်။ ဗြိတိသျှတပ်ရှိနေသောကြောင့် ဗိုလ်ရိုင်းတို့အား ငွေကြေး စားနပ်ရိကွုာများထောက်ပံ့စရာ မလိုသောကြောင့် ဗိုလ်ရိုင်း၏သြဇာကိုမခံဘဲ မြို့မှမရှောင်ပေးကြဘဲနေလေသည်။ ထိုအကြောင်းအချက်ကိုသိနေသော ဗိုလ်ရိုင်းက မြို့သူမြို့သားများ မထွက်သွားပါက တမြို့လုံးကို မီးတိုက်ပစ်မည်ဟု ထပ်မံအကြောင်ကြားလိုက်လေသည်။ ဘာပြောပြော မြို့သူမြို့သားများကတော့ ဗိုလ်ရိုင်း၏တပ်သည် ဗြိတိသျှတပ်များကိုကျော်လွန်ပြီး မြို့တွင်းသို့ မ၀င်ရောက်နိုင်ပါဘူးဟု အထင်သေးကာ အရေးမစိုက်ခဲ့ကြပေ။
ညသန်းခေါင်ယံကျော်အချိန်တွင် ဗြိတိသျှတပ် ဂေါ်ရခါးစစ်သားများစခန်းချရာ တောင်ကုန်းအား အတင်းဝင်ရောက်တိုက်ခိုက်လေရာ ညာသံပေး တခဲနက်ဟစ်ကြွေးပြီး ကြေး မောင်းများတီးကာ ဗြိတိသျှတပ်များ ယောက်ယက်ခတ်နေချိန်တွင် မြို့တခါးနောက်ပေါက်မှ ၀င်ကာ တမြို့လုံး မီးရှို့ လိုက်လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ ဗိုလ်ရိုင်း၏ တိကျပြတ်သားသည့်တော်လှန်ရေးစိတ်ဓာတ်ကို (The Soul of a people) စာအုပ်တွင် ရန်သူဗြိသျှကိုယ်တိုင် ချီးကျူးမှတ်တမ်းတင်ထားခဲ့ပေသည်။
ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲ တလျောက် တွင် ထိုကဲ့သိုအခွင့်အရေးသမား =သူ့လူ ကိုယ့်ဘက်သား အချောင်သမားများ အစဉ်အဆက် ရှိလာခဲ့ကြပေရာ ဗိုလ်ရိုင်းကဲ့သို့ပင် ပြတ်ပြတ်သားသား အပြစ်ပေး အရေးယူမှုများ ပြုလုပ်ပါမှ တိုက်ပွဲအရှိန်အဟုန်ကို မြှင့်တင်နိုင်မှာဖြစ်ပြီး..... အဆုံးသတ်တိုက်ပွဲကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်တော်လှန်ခဲ့ပေရာ . . ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)မျိုးဆက်ကျောင်သားများသည် အာဏာရှင်ကို ဒူးမထောက်စတမ်း ပြတ်သားစွာ စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်လျှက်ရှိပေသည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
(မောင်မောင်စိုး)
----------------------------
" ရှစ်လေးလုံးစိတ်ဓာတ်(၄) ”(မောင်မောင်စိုး) aug 3,2010
ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ် သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါတယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။
ဟုတ်ပါတယ် ။ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ဆာလောင် မွတ်သိပ်နေတဲ့ ပြည်သူလူထုရဲ့သစွုာကို စောင့်ထိန်းပြီး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည်လျှက် ပြည်သူ့အတွက် လွတ်လပ်ရေးအရယူဖို့အတွက် သူခေါ်လာတဲ့ဂျပန်ကို သူကိုယ်တိုင် ပြန်တိုက်ခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေးအတွက်၊ ဒါဟာ ပြည်သူ့အတွက်ဖြစ်ပါတယ်။ ပြည်သူလူထုကို နှိပ်စက်မတရားပြုနေတဲ့ ဘယ်လိုအုပ်ချုပ်မှုမျိုးကိုမှ သစွုာခံဖို့ မလိုပါဘူး။ ပြည်သူလူထုရဲ့သစွုာကို စောင့်သိခြင်းနဲ့ လူထုအကျိုးကိုရှေ့ရှုစေတနာထားခြင်းသာလျှင် မွန်မြတ်သည့် လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ထားမျိုး ဒီကနေ့ တပ်မတော်သား တွေမှာ ထားရှိဘို့လိုအပ်ပါတယ်။ တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ တပ်မတော်သားများ၊ တပ်မတော်အရာရှိများ အနေနဲ့ ကောက်ကျစ်စဉ်းလဲ ယုတ်မာလှတဲ့ ဗိုလ်သန်းရွှေရဲ့ လက်အောက်မှာ မှားယွင်းတဲ့သစွုာကို စောင့်သိနေမယ့်အစား လူထုရဲ့ဘ၀ ဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်ရန် ပြည်သူ့သစွုာကိုသာ စောင့်သိလာမည်ဆိုပါက အတိုင်းထက်အလွန်တန်ဘိုးကြီးလှမှာ ဖြစ်ပါတယ်။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှာလည်း ပြည်သူချစ်တဲ့ တပ်မတော်သားများ၊ ပြည်သူ့ အတွက် သစွုာစောင့်သိခဲ့ကြတဲ့ တပ်မတော်သားများဟာ ကျောင်းသားပြည်သူတရပ်လုံးနဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေကို ဓားဓားချင်း-လှံလှံချင်း ပြန်လည်စိန်ခေါ်ခဲ့တဲ့ - ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ကျောင်းသားတပ်မတော် လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း တောခိုလာတဲ့ ပြည်သူ့တပ်မတော်သားများဟာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ သမိုင်းသာဓက များစွာရှိခဲ့ပါတယ်။
ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုက စစ်ခေါင်းဆောင်များဟာ ပြည်သူလူထုတရပ်လုံးကို အမျိုးမျိုးလိမ်လည်လှည့်ဖျားပြီး ဂုတ်သွေးစုပ် ဖိနှိပ်အုပ်ချုပ်နေရုံတင် မကပါဘူး၊ သူတို့ကိုသစွုာခံတဲ့ တပ်မတော်သားအားလုံးကိုလည်း လုံးဝညှာတာထောက်ထားခြင်းမရှိဘဲ၊ ကန့်သန့်ချုပ်မှုတွေနဲ့ မဝ ရေစာ ကျွေးမွေးကာ ခေါင်းဆောင်ကြီးများ၏ အာဏာတည်မြဲရေးတခုတည်းအတွက်သာ အသုံးချနေခြင်းဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှု မရှိ၊ ငါ့ဘို့၊ ငါ့အတွက်၊ ငါ့အာဏာတခုတည်းကိုသာ အမြဲကြည့်တဲ့ ဗိုလ်သန်းရွှေဟာ စစ်ခေါင်းဆောင်များအားလုံးထဲမှာ အဆိုးဆုံးအရက်စက်ဆုံးလူဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ မသေသေးသရွေ့ -သူ့ရဲ့အာဏာကို ရှယ်ယာခွဲဝေပေးရမယ့် အလုပ် ။တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အလုပ်တွေ ဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။
တွေ့ဆုံဆွေးနွေးညှိနှိင်းအဖြေရှာရေးဆိုတဲ့နည်းလမ်းဟာ မည်သည့်နိုင်ငံမှာ မဆိုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဘို့ အကောင်းဆုံးနည်းတခုပါဘဲ။ ပြည်သူလူထုတရပ်လုံးကို ထိခိုက် နစ်နာစေမှု မရှိစေဘဲ၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆိုတာက အာဏာရှင်တွေအပေါ်မှာသာ အဓိကကျပါတယ်။ အာဏာရှင်ဆိုတာ သူ့ကိုယ်ကျိုး၊ သူတို့ အာဏာတည်မြဲရေးကိုသာ စိုက်လိုက်မတ်မတ် ရည်ရွယ် အားထုတ်လာသူတွေ ဖြစ်ပါတယ်။
၁၊ လက်ရှိအာဏာရစစ်အုပ်စုမှာ တိုင်းသူပြည်သားတွေကို တကယ်စေတနာထားပြီး တိုင်းပြည်ရဲ့ ကောင်းကျိုးကိုရှေ့ရှု့လိုတဲ့ စိတ် အပြည့်အဝရှိပါမှ........။
၂၊ အတိုက်အခံအင်အားစုများက လက်ရှိ အာဏာရ စစ်အုပ်စုအပေါ် အသာစီးရနေပါမှ...၊
၃၊ အာဏာရစစ်အုပ်စုကို အထိနာစေမယ့် ခြိမ်းခြောက်မှုတွေနဲ့ အပေးအယူလုပ်နိုင်စရာရှိပါမှ....၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းဟာ အထမြောက်လာမှာဖြစ်ပါတယ်။
နံပါတ်တစ်ကတော့ လူတိုင်းသိပြီးသားပါပဲ၊ တိုင်းသူပြည်သားတွေကို စေတနာထားပြီး တိုင်းပြည်ကောင်းကျိုးကို ထည့်တွက်ဖို့ ဝေးရော..။ သူတို့စစ်အာဏာရှင်တွေကို ပုခုံးထမ်း တင်ပေးနေတဲ့ တပ်မတော်သားတွေကိုတောင်မှ ငတ်ငတ်သေသေ လှည့်မကြည့်ပါ။
နံပါတ်နှစ် =ကျနော်တို့ အတိုက်အခံအင်အားစုများကလည်း အသာစီးရနေခြင်းမရှိသေးပါ၊
ဒီကနေ့ အဓိက ဆွေးနွေးချင်တာကတော့ နံပါတ်သုံးအချက်ပဲဖြစ်ပါတယ်။ အာဏာရှင်တွေဟာ သူတို့အာဏာကို သူတို့ဆနွုအလျှောက် အလျှော့ပေးပြီး အတိုက်အခံအင်အားစုများနဲ့ တွေဆုံဆွေးနွေးပြီး ညင်ညင်သာသာနဲ့လူထုရဲ့အကျိုးကို ရှေ့ရှုပြီး အဆုံးသတ်လေ့မရှိကြပါဘူး။ ဖိလစ်ပိုင်က အာဏာရှင် ဖာဒီနန်ဒ်မားကို့စ်( Ferdinand Emmaunel Edralin Marcos) ကတော့ ၁၉၆၅-၈၆ အထိ အာဏာရှင်အဖြစ်နဲ့တိုင်းပြည်အပေါ် ထင်တိုင်းပြုခဲ့ပါတယ်။ သူနဲ့သူ့မိန်းမ အီမယ်ဒါမားကို့စ် (Imelda Marcos) ကတော့ ဒေါ်လာသန်းထောင်ပေါင်းများစွာသော တိုင်းပြည်ရဲ့ ပိုက်ဆံတွေကိုခိုးယူပြီုး ဆွစ်ဇာလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဝှက်ထားခဲ့ပါတယ်။ အာဏာရှင် မားကို့စ် ကျန်းမာရေးမကောင်းလို့ သေခါနီးအချိန်မှာတောင်မှ တိုင်းပြည်အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဘို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဆီနိတ်တာဟောင်း အတိုက်အခံ ခေါင်းဆောင် နီနွိုင်အကွီနို(Benigno Simeon Ninoy Aquino)ကို သူ့ကိုကြိုဆိုနေကြတဲ့ လူထုရှေ့မှောက် မနီလာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။ အဲဒီိကစပြီးလူထုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံး လူထုစွမ်းရည်လှုပ်ရှားမှုတော်လှန်ရေး (People Power Revolution) ၊ သို့မဟုတ် အဝါရောင် ဖဲကြိုးးများကိုအမှတ်အသားပြုပြီး (Yellow Revolution) လို့လည်း လူသိများခဲ့တဲ့ လူထုတိုက်ပွဲနဲ့ ၁၉၈၆ ဖေဖော်ဝါရီလ(၂၂-၂၅)ရက်နေတွေ့မှာတော့ အာဏာရှင်မားကို့စ် ကို အလဲဖြိုပြီး ပြည်သူ့အောင်ပွဲ အနိုင်နွှဲခဲ့ကြပါတယ်။ ဒီလူထုတိုက်ပွဲရဲ့ ထူးခြားချက်ကတော့ ဗိုလ်ချုပ်ကြီးဖီဒယ်ရာမို့စ် (Fidel V. Ramos) လူထုနဲ့ပူးပေါင်းလာတဲ့အတွက်ကြောင့်လည်း လူထုတိုက်ပွဲ အရှိန်အဟုန် အမြင့်ဆုံး မြှင့်တင် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၃ စက်တင်ဘာ(၁၁)ရက်နေ့မှာ ချီလီနိုင်ငံရဲ့အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုချေးတ် (Gen. Augusto Pinochert) ဟာ သမတအယ်လန်ဒေး(Salvator Allende) အစိုးရထံမှ စစ်အာဏာ သိမ်းယူခဲ့ပြီး ၁၉၉၀ခုနှစ်အထိ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ သမတ အယ်လန်ဒေးလဲ အသတ်ခံလိုက်ရပါတယ်။ ပီနိုချေးတ် အာဏာရရချင်း တလအတွင်းမှာတင် လူပေါင်း (၂၁၁၅)ဦး သတ်ပစ်ခဲ့ပြီး၊ အသက်(၁၂)နှစ်အောက် ခလေး(၈၈)ယောက်အပါအဝင် လူပေါင်း (၃)သောင်းလောက်ဟာ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ်ကစပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် အမျိုးသမီးလှုပ်ရှားမှုများပေါ်ပေါက်လာပါတယ်။ ၁၉၈၀မှာ အာဏာရှင်သက်ဆိုးရှည်မယ့် ဖွဲ့စည်းပုံဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် သမတပီနိုချေးတ်အဖြစ် ဆက်လက်အာဏာရယူခဲ့ပါတယ်။
၁၀နှစ်အကြာ ပြည်သူအများစု၏ မဲဖြင့် ၁၉၉၀ မတ်လ(၁၁)ရက်နေ့ မှာ သမတအဖြစ်မှ ဖယ်ရှားခံရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး၊ အလွဲသုံးစားမှု၊ အခွန်တော်ရှောင်လွှဲမှု စသဖြင့်ရာဇဝတ်မှုပေါင်း (၃၀၀)ကျော်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ အင်္ဂလန်တွင် ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပီနိုချေးတ် ဟာ ၂၀၀၆ ဒီဇင်ဘာလ(၁၀)ရက်နေ့ သေဆုံးချိန်အထိ ထိုအမှုများကို ရင်ဆိုင်နေခဲ့ရပါတယ်။
ဒီနေရာမှာ တခုသတိထားမိတာက ဗိုလ်ချုပ်ကြီးပီနိုချေးတ် စစ်အာဏာသိမ်းတဲ့အချိန်မှာ အာဏာရ ချီလီဆိုရှယ်လစ်ပါတီ လက်ဝဲဝါဒီများကို အာဏာသိမ်းတာဖြစ်လို့ အမေရိကန် အစိုးရက အများကြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီနိုချေးတ် အာဏာရှင်ဖြစ်လာပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိလာတော့ အမေရိကန်အစိုးရ အမြင်မှန်ရကာ ထောက်ခံမှု မပေးတော့ပါဘူး။ ထို့အတူပဲ အိန္ဒိယနဲ့ တရုပ်နိုင်ငံအနေနဲ့လဲ ရာဇဝတ်မှုတွေကို နေ့တဓူဝ ကျူးလွန်နေပြီး လူ့အခွင့်အရေးတွေကို ထမင်းစား ရေသောက်သလို ချိုးဖောက်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အာဏာရှင်အုပ်စုကို ထောက်ခံကူညီမှုတွေရပ်ဆိုင်းသင့်ပါပြီ။အမြင်မှန်ရသင့်ပါပြီ။ ဆူဒန်က ဒုဗိုလ်ချုက်ကြီးအိုမာအယ်ဘရှာ(Lt. General Omar Al-Bashir) ကတော့ ဗိုလ်သန်းရွှေတို့ရဲ့ ဆရာပါ။ ၁၉၈၆ ဇွန်လ(၃၀)ရက်နေ့ စစ်အာဏာသိမ်းတဲ့အချိန် ဗိုလ်မှုကြီး အိုမာအယ်ဘရှာ အဆင့်သာရှိသော်လည်း အဲဒီ့အာဏာသိမ်မှုကိုဦးဆောင်ခဲ့တာကြောင့် အမျိုးသား ကယ်တင်မှုတော်လှန်ရေးကောင်စီ(Revolutionary Command Council for National Salvation) ကိုစတင်ဖွဲ့စည်းတဲ့အခါ ဥက္ကဋ္ဌနေရာကို ရယူခဲ့ပါတယ်။ ဝန်ကြီးချုပ်၊စစ်ဦး စီးချုပ်၊ကာကွယ်ရေးဝန်ကြီး စတဲ့ရာထူးတွေယူပြီး အာဏာရှင် အိုမာအယ်ဘရှာဟာ ၁၉၉၃ အောက်တိုဘာ(၁၆)ရက်နေ့မှာတော့ သူ့ကိုယ်သူ သမတအဖြစ်ကျေညာခဲ့ပါတယ်။ သူ့လက်ထက် ဒါဖောအရေးအခင်း(The Darfur Conflict) မှာ ပြည်သူ(၄)သိန်းကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ဇူလိုင်လမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(International Criminal Court)မှာ ဥပဒေ အကျိုးဆောင်လွစ်မော်နိုအိုကမ်ပို(Luis Morno Ocampo) ကမကထပြုပြီး အာဏာရှင် အိုမာအယ်ဘရှာအား လူမျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု နှင့် လူ့အခွင့်အရေးဖောက်ဖျက် သည့်ရာဇဝတ်မှုများဖြင့်တရားစွဲဆိုခဲ့ပြီး ၂၀၀၉ မတ်လ(၄)ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားများ ပိုမို ခိုင်မာလုံလောက်စွာရရှိလာသဖြင့် ၂၀၁၀ ဇူလိုင်လ (၁၂)ရက်နေ့တွင် ဖမ်းဝရမ်း ထပ်မံထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(Women's League of Burma)နဲ့ Nobel Women's Initiative အဖွဲ့တို့မှ စီစဉ်ဆောင်ရွက်သော မြန်မာနိုင်ငံအမျိုးသမီးများအပေါ် စစ်အုပ်စုမှရာဇဝတ်မှု ကျူးလွန်မှုများကို ဖော်ထုတ်ကြားနာတဲ့ ပြည်သူ့ခုံရုံးကြားနာပွဲမှာ ဗိုလ်သန်းရွှေတို့စစ်အုပ်စုဟာ လူ့အခွင့်အရေးနှင့် လူသားတို့အပေါ်မတရားကျူးလွန်နေသည့်ရာဇဝတ်မှုများ နေ့စဉ်ချိုးဖောက် ကျူးလွန်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ထိုပြည်သူ့ခုံရုံးကြားနာပွဲကို နယူးယောက်မြို့ နယူးယောက် စီးတီးယူနီဗာတီ မှာ ၂၀၁၀ မတ်လ(၂)ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။ အီရန်နိုင်ငံက(၂၀၀၃) နိုဘယ်လ် ဆုရှင်ဒေါက်တာရှီရင်အီဘဒီ(Dr. Shirin Ebadi) ၊အမေရိကန်က(၁၉၉၇)နိုဘယ်လ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams)၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းယူနီဗာစီတီမှ ဥပဒေပါမောကွု ပရော်ဖက်ဆာ ဝီတစ်မန်တဘွန်း(Prof. Vitit Muntarbhorn) ၊ တောင်ကိုရီးယားနိုင်ငံမှ စီဒေါ ဥပဒေရေးရာ ကျွမ်းကျင်သူ ယူအန်အမှုထမ်းဟောင်း ဒေါက်တာဟိုင်စိုးရှင် (Dr. Heisoo Shin) တို့က ခုံရုံးသမာဓိ တရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို ကိုယ်တိုင်ခံလာခဲ့ရတဲ့ မြန်မာတိုင်းရင်းသားအမျိုးသမီး(၁၂)ဦးမှ သက်သေထွက်ဆိုခဲ့ကြပါတယ်။
စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေရုံသာမကဘဲ နိုင်ငံတကာရာဇဝတ်မှုဥပဒေများကိုပါ ချိုးဖောက်လျက်ရှိကြောင်း... ပြည်သူ့ခုံရုံးတော် ခုံသမာဓိ တရားသူကြီးများက တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက် နိုဘယ်ဆုရှင်များနှင့်အတူမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှ ဗဟိုသဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်တို့မှ ထိုကြားနာချက်များနဲ့ ပြည်သူ့ခုံရုံးတော် စီရင်ချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းထံသို့ ကိုယ်တိုင်တိုယ်ကျ တွေ့ဆုံရှင်းပြဆွေးနွေးပြီး တရားဝင် တင်သွင်းခဲ့ကြပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံးတော်မှာ မြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုး ပါဝင်ထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်က တိုက်ရိုက် ကိုင်တွယ်ခွင့် မရှိသေးသော်လည်း စစ်အုပ်စု၏ရာဇဝတ်မှုကျူးလွန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂအနေနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက် (တရုပ်နဲ့ရုရှားတို့ရဲ့ ဗီတိုပါဝါ ပယ်ဖျက်မှုကို ) စိုးရိမ်စရာ မလိုဘဲ ဝင်ရောက်စုံစမ်း စစ်ဆေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ရာဇဝတ်မှု အမှန်များပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် ပြစ်မှုကျူးလွန်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးတော်(ICC)မှ ဥပဒေ အကျိုးတော်ဆောင်တဦးဦး(Prosecutor)မှ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်သူ စစ်ခေါင်း ဆောင်တဦးဦး ဒါမှမဟုတ် ၄င်းရာဇဝတ်များနဲ့ပတ်သက်ဆက်နွယ်လျှက်ရှိသူများ၊ သွယ်ဝိုက်တာဝန်ရှိသူများကို တိုက်ရိုက်စုံစမ်းစစ်ဆေးမေးမြန်းမှုတွေကိုပြုလုပ်ပိုင်ခွင့်ရှိပါတယ်=(ICC; Article25 <2002>)။
အဲဒီ့ရာဇဝတ်ကောင်များကိုလည်း လက်ရှိစစ်အစိုးရမှ တရားသေ လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်မရှိပါဘူး=(ICC; Article27 <2002>)။
ဒါကြောင့် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ လူသားတို့အပေါ် ရာဇဝတ်မှုများကျူးလွန်မှုများကို ဖော်ထုတ်တရားစွဲဆိုရေး ဆောင်ရွက်ချက်များမှာ အလွန်တရာ ထိရောက်သော ထိုးနှက်ချက် ဖြစ်ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်မှု =ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မှုများကို ရပ်တန့်မနေဘဲ ဆက်လက်ဖော်ထုတ်အရေးယူသွားဖို့ လိုအပ်ပါတယ်။ သို့ပါမှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို နိုင်ငံတကာတရားဥပဒေနဲ့အညီ နိုင်ငံတကာ တရားဥပဒေဘက်တော်သားများမှ ကာကွယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အမျိုးသမီးများအပေါ်မှာသာ ရာဇဝတ်မှုတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာမဟုတ်ပါဘူး၊ အမျိုးသားများ ခလေးသူငယ်များ သက်ကြီးရွယ်အိုများပါမကျန် လူမျိုး ဘာသာမရွေး စစ်အုပ်ချုပ်ရေးလက်အောက်က မြန်မာပြည်သူလူထုရပ်လုံး ပြားပြားမှောက်ကာ နေ့ စဉ်နဲ့ အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပါတယ်။ ဒါကို အခြားသောပြည်ပအဖွဲ့အစည်းများအနေနဲ့လည်း ကျြိုးစားဖော်ထုတ်ကာ စစ်အုပ်စုကို ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။
NLD အနေနဲ့ နအဖ စစ်အုပ်စုကို ပထမအကြိမ်တရားစွဲဆိုမှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ သို့ပေမယ့် NLD အနေနဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု (Legal Process)များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၂၁)ရက်နေ့ က NLD က နအဖစစ်အုပ်စုအား အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ အရ ဆက်လက်တရားစွဲသွားမှာဖြစ်ကြောင်း အကြောင်းကြားစာကို ပေးပို့လိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီ့အပြင် ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးကလည်း ဥပဒေပုဒ်မ ၄၂ အရ စစ်အုပ်စုကို တရားစွဲဆိုထားခဲ့ပါတယ်။
ကိုယ်တိုင်ရေးဆွဲထားတဲ့ဥပဒေကို၎င်း၊ နိုင်ငံတကာဥပဒေတွေကိုသော်၎င်း- နအဖ စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ်။ ဒါ့ကြောင့် ဥပဒေကြောင်းအရ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဟာ ဒီကနေ့နိုင်ငံရေးလှည့်အပြောင်းတခုကို ဗြောင်လိမ်ဗြောင်စား တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာမှအသိအမှတ်ပြုရေးကို ကျြိုးစားနေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကို တရားစွဲဆိုရေး လုပ်ငန်းစဉ်များဟာ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ ထိုးစစ်ဗျူဟာတရပ်ဖြစ်ပါတယ်။ NLD အနေနဲ့ ရှေ့ဆက်ပြီး ILOနဲ့  ပူးပေါင်းကာ အလုပ်သမားများအခွင့်အရေးရာများနဲ့ ကလေးစစ်သားများ စုဆောင်းမှု၊ အတင်းအကြပ်ကိုင် လုပ်အားပေးခိုင်းစေမှုများကိုပါ ဖော်ထုတ်တရားစွဲသွားမှာဖြစ်ကြောင်း ......ဦးတင်ဦးက ထုတ်ဖော်ပြောကြားရင်း ထပ်မံစိန်ခေါ်လိုက်ပါတယ်။
စစ်အာဏာရှင် နိဂုံးချုပ်ရေးနဲ့ဒီမိုကရေစီရေး လိုလားသူ အဖွဲ့အစည်အားလုံးနဲ့ ပြည်သူတရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အလွန်တရာ ထိရောက်ပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ထိုသို့ တရားစွဲဆိုရေး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများဖြင့် စစ်အုပ်စုကို အကြပ်ရိုက်စေပြီ့း အပေးအယူများရှိလာကာ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းဆီ အမြန်တွန်းပို့နိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာ ကြားကောင်းအောင်- စတိတ်မန့်ထုတ်နေရုံနဲ့တော့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ဗိုလ်နေဝင်းနဲ့စစ်အာဏာရှင်တို့ကို ထိပ်တိုက်ရင်ဆိုင် အောင်ပွဲခံခဲ့ဖူးသော လူထုတိုက်ပွဲနှင့် ရှစ်လေးလုံးစိတ်ဓာတ် -သို့တည်းမဟုတ် -ခွပ်ဒေါင်းစိတ်ဓာတ်ကို ပြန်လည် နှလုံးသွင်းကာ ပေါင်းစည်းညီညာသော လူထုတိုက်ပွဲကို ဆင်နွှဲအောင်ပွဲခံကြပါစို့။ ။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
(မောင်မောင်စိုး)
၁-၂၆၀-၄၂၆ ၄၁၂၁
-----------------------------ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်စစ်ဗိုလ်တွေက သူတို့အပေါ် သစွုာဖောက်ခဲ့တယ်လို့ မြင်ကြပါတယ်။ ဒီစကားကို ဂျပန်ခေတ်က မြန်မာပြည်မှာ ဂျပန်စစ်အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ မစွုတာ တကာမီ ဆိုသူက ၁၉၆၁ ခုနှစ် တိုကျိုမြို့မှာ ပြုလုပ်တဲ့ ဂျပန်မြန်မာအသင်း ဧည့်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။

ဟစ်တိုင် မှ
(http://hittai.net/?show=bonem&table=home5&fa=hg&active=5) ကူးယူဖော်ပြပါသည်။
(မောင်အိုး)
ကိုမောင်မောင်စိုးအမှတ်တရ ဂုဏ်ပြုမှတ်တမ်း
http://hittai.net/?show=rm&fileid=91&t=home7&id=7
ကိုမောင်မောင်စိုး (၁၉၆၃-၂၀၁၁)အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်၊ဖို့ဝေးမြို့က ၁၉၈၈ တောခိုကျောင်းသား ကိုမောင်မောင်စိုးတယောက် အဆုတ်အအေးပတ်ပြီး၊၂၀၁၁ နိုဝင်ဘာ၂၈ တနင်္လာနေ့ ည၁၀နာရီကျော်မှာ ဆုံးသွားကြောင်း ကြားသိရသဖြင့် ဟစ်တိုင်ဝိုင်းတော်သားများက ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ်။
ကိုမောင်မောင်စိုးဟာ ဟစ်တိုင်မှာလည်း "၈လေးလုံးစိတ်ဓါတ်" အခန်းဆက်ဆောင်းပါး အပါအ၀င် နိုင်ငံရေးဆောင်းပါးတွေ ရေးခဲ့ပါသဖြင့်- ဟစ်တိုင်မှ အမှတ်တရဖြစ်စွာ ၊ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
"၈လေးလုံးစိတ်ဓါတ်" အခန်းဆက် ဆောင်းပါးများ ဖတ်ရန် လင့်ခ်များ-
http://hittai.net/?show=rm&fileid=22&t=home5&id=5
http://hittai.net/?show=rm&fileid=24&t=home5&id=5
http://hittai.net/?show=rm&fileid=25&t=home5&id=5
http://hittai.net/?show=rm&fileid=26&t=home5&id=5
(နိုင်ငံတကာရောက် ဟစ်တိုင်ဝိုင်းတော်သားများ)
-----------------------------------------------------
”ရဲဘော် မောင်မောင်စိုး ၏ ကိုယ်ရေးအကျဉ်း”
ရဲဘော်
မောင်မောင်စိုးကို မြန်မာနိုင်ငံ။ပဲခူးတိုင်း။ဖြူးမြို့ နယ်။ဇေယျဝတီမြို
နေ အဖဦးအောင်ခင်နှင့် အမိဒေါ်မြခင်တို့ မှ ၁၉၆၃ ခုနှစ် ဇန္န၀ါရီ ၈ ရက်နေ
့တွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ( ၆ ) ယောက် အနက် -( ၅ )ယောက်မြောက်
သားဖြစ်သည်။ရဲဘော်မောင်မောင်စိုးသည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာဘွဲ့ ရရှိခဲ့ပြီး ၊ ၁၉၈၇ ခုနှစ်တွင် ဖြူးမြို့ နယ်။ကျူအင်းကျေးရွာ၊အလယ်တန်းပြ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် လူထုအရေးတော်ပုံကြီးတွင် ဖြူးမြို့နယ် ဇေယျဝတီဒေသ၊ သပိတ်စခန်း အထွေထွေ အတွင်းရေးမှူးတစ်ဦးအဖြစ် တက်ကြွ ရဲရင့်စွာ ပါဝင် လှုပ်ရှားခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်- အောက်တိုဘာလတွင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ( ၃ )၊ တပ်ရင်း( ၈ ) မှ တဆင့်- စောထာကျေးရွာကို ညီအကိုတော် လုပ်ဖော်ကိုင်ဘက်များနှင့်အတူ ရောက်ရှိခဲ့ပြီး စောထာစခန်းကို တည်ထောင်ခဲ့သောသူဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ကရင်နယ်မြေ ကျောင်းသားများကော်မတီတွင် တွဲဘက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူခဲ့ပြီး၊ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးတွင် ကျန်းမာရေးဌာန တွဲဘက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် တတိယအကြိမ် စခန်းကော်မတီ ဖွဲ့ စည်းရာတွင် တပ်ရင်း ၂၁၀။စောထာစခန်း ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တချိန်ထဲမှာပင် မ က ဒ တ ဗဟိုကော်မတီဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ပါရမီဖြည့်ဘက် မအဲမိုင်စိုးနှင့် နှစ်ဦး သဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြသည်။
၁၉၉၃ ခုနှစ်အထိ မ က ဒ တ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ ချုပ်တွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး။ ထိုင်းနိုင်ငံ။ဘန်ကောက်မြို့ တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသော ကျောင်းသားများအတွက် ဘာသာပြန်တာဝန်ကို ထမ်းဆောင်ခဲ့သည် ။
၁၉၉၆ ခုနှစ်တွင် ကနေဒါ သံရုံးတွင်လည်း ဘာသာပြန် တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၉၇ ခုနှစ်အထိ ထိုင်းအစိုးရမှ ဖွင့်ထားသော တတိယ ကမ္ဘာ့နိုင်ငံများသို့  ထွက်ခွာမည့်သူများအား ခေတ္တ နေထိုင်ရာ လပ်ပူရီခရိုင်။မနီလွိုင်ကျေးရွာရှိ ၊ ခိုလှုံရေး စခန်းတွင် နေထိုင်စဉ်အတွင်း မြန်မာကျောင်းသားများ အစည်းအရုံး နှင့် အခြား ကျန်းမာရေး။လူမှုရေး ကိစ္စများ။ နိုင်ငံခြားသို့ ထွက်ခွာ မည့်သူများအား ပြင်ဆင်ပေးမှုများကို တက်ကြွစွာ ကူညီပေးခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့  ရောက်ရှိခဲ့ပြီး၊ အင်ဒီယားနာပြည်နယ်။ဖို့ ဝိန်းမြို့ တွင် လူမှုရေးရာ၊ နိုင်ငံရေးဆိုင်ရာများကို စတင်ဆောင်ရွက်ခဲ့သည်။
ဖို့ ဝိန်းမြို့တွင် ၁၉၉၉ခုနှစ်။စက်တင်ဘာလ ၉ ရက်နေ့ တွင် ကျင်းပသော ( ၉ ) လေးလုံး ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သော Burmese Democratic Society အဖွဲ့ တွင် ဥက္ကဌ အဖြစ် ဘ၀ နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
(၂၀၀၃ခုနှစ် ၊ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံ(ဖို့ ဒ်ဝိန်း)တွင် တိုင်းရင်းသားခေါင်းဆောင်များ နှင့်အတူ ကိုမောင်မောင်စိုးကို တွေ့ရစဉ်။)
၂၀၀၃ ခုနှစ်။၂၀၀၅ ခုနှစ်။၂၀၀၇ ခုနှစ်။၂၀၁၀ ခုနှစ်တွင် ဖို့ ဝိန်းမြို့တွင် ကျင်းပသော ဒီမိုကရေစီ ညီလာခံကြီးတွင် ဦးဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်၊။
၂၀၀၇ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ ရှိ Ivy Tecch Collage ကောလိပ်တွင် Electrical Engineering ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို -့ N C U B တာဝန်ခံအဖြစ် နောက်ဆုံးအချိန် အထိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ဖက်ဒရယ်ပြည်ထောင်စု (မြန်မာနိုင်ငံ)တွင် လွှတ်တော် ဥက္ကဌ၏ အတွင်းရေးမှုးအဖွဲ့ ဝင် အဖြစ် နောက်ဆုံးကာလ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
တိုင်းရင်းသား ကရင်အမျိုးသား တော်လှန်ရေးအင်အားစုများ တည်ရှိရာ (စောထာ) ဒေသသို့ စတင် ရောက်ရှိခဲ့သည့် သမိုင်းဖြစ်စဉ်နှင့် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ရဲဘော်အပေါင်းတို့ ကို အလေးအနက် ဂုဏ်ပြုလျှက် (စောထာဖေါင်ဒေးရှင်း) ကို တည်ထောင်ခဲ့သည်၊။
တေးရေး+အဆိုရှင် (ငြိမ်းစေ) အမည်ဖြင့် ”စောထာ ဒဏ္ဍာရီ ”သီချင်းခွေကို ထုတ်ဝေခဲ့သည်။
ကိုမောင်မောင်စိုးသည် အမေရိကန်ပြည်ထောင်စု။ အင်ဒီးယားနားပြည်နယ် ၊ဖို့ဝိန်းမြို့တွင် ဇနီးဖြစ်သူ (မအဲမိုင်စိုး)၊သားကြီး(မောင်ဗစ်တာစိုး) ၊ သားလတ်(မောင်ဂျွန်စိုး) ၊ သားငယ် (လီယိုစိုး) တို့နှင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရင်း သက္ကရာဇ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ ။ ၁၀နာရီ ၂၀ မိနစ် တွင် အဆုတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်၊။
ရဲဘော်ကိုမောင်မောင်စိုးသည် နောက်ဆုံးအချိန်အထိ ပေးအပ်သည့် တော်လှန်ရေး။ နိုင်ငံရေး။လူမှုရေး တာဝန်များကို အသက်စွန့် သွားသည့် တိုင်အောင် တာဝန်ကျေပွန်စွာ ဦးလည်မသုန် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ရဲဘော် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ခဲ့ပါသည်၊။
(ကိုဒေါင်းနီ ပေးပို့သည်။)
No comments:
Post a Comment