Thursday, July 26, 2012

မျိုးဆက်ဟောင်းဖခင်များနှင့်မျိုးဆက်သစ်နိုင်ငံ့ခေါင်းဆောင်များ

 
သားတစ်ဦးအနေနှင့် ကလေးဘဝတွင် အတုယူစရာဖခင်ဖြစ်သကဲ့သို့ သမီးတစ်ယောက် သည်လည်း သူ့ဘဝ၌ အတုယူစရာသည် မိခင်ဖြစ်သည်ဆိုသည့်စကားမှာ သာမန်စကားတစ်ခုဟု သတ်မှတ်၍မရနိုင်သည့် သမိုင်းအထောက်အထားများစွာ၊ ဘဝများစွာရှိနေပါ ၏။
    Foreign Policy  မဂ္ဂဇင်းမှ သတင်းဆောင်းပါးရှင်နှင့် သုတေသီ Joshua E Keating  က ဇွန်လလယ်၌ နိုင်ငံတကာတွင် အထင် ကရ ခေါင်းဆောင်ဖြစ်လာသူများ၏ ဖခင်များကို ရှာဖွေစု ဆောင်း၍တင်ပြခဲ့သည်။

ဂျိုးဇက်ပီကနေဒီ-Joseph P Kennedy  သမ္မတ ဂျွန်ကနေဒီ၏ ဖခင်
   အမေရိကန်နိုင်ငံ၏ သမ္မတများ သမိုင်းကို ပြန်ပြောင်းသုံးသပ်ကြည့်မည်ဆိုပါက ၃၅ ယောက်မြောက် သမ္မတဂျွန်ကနေဒီ ဖြစ် လာ စေရန် နောက်ကွယ်မှနေ၍ ပံ့ပိုးပေးခဲ့သူ ဖခင် ဂျိုးဇက်ကနေဒီ၏ ဘဝဇာတ်ကြောင်းသည် သမ္မတကနေဒီထက်ပို၍ စိတ်ဝင်စား စရာဖြစ် နေပါ၏။
    အိုင်းရစ်မိသားစုမှ ပေါက်ဖွားလာသူ၊ ဘော်စတွန်ကျောင်းထွက်၊ ဟားဗတ်တက္ကသိုလ် ဆင်း၊ သူ့ဘဝတစ်လျှောက်လုံး တက္ကသိုလ် ၌ သင်ယူခဲ့သည့် စီးပွားရေး၊ ဘဏ္ဍာရေးနယ်ပယ် ၌သာနေခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည်။ အိမ်ရာလုပ်ငန်း၊ စက်မှုလုပ်ငန်း များ၌ ရင်းနှီး ကာ အားသွန်ခွန်စိုက် စိတ်ဝင်တစား ကြိုးစား ခဲ့သည်။
    ပထမကမ္ဘာစစ်ကာလ၌ သူသည် Bethlehem စတီးလုပ်ငန်း၏ GM ဖြစ်နေသည်။ သူ့အစုရှယ်ယာများပါ၍ ထိုရာထူး ရထားခြင်း ဖြစ်၏။ တစ်ချိန်တည်း၌ သမ္မတဖရန်ကလင် ရုစဗဲ့နှင့် ရင်းနှီးခဲ့သည်။
    ဂျိုးဇက်သည် ရုပ်ရှင်စတူဒီယို များရှိရာ ဟိုးလီးဝုဒ်လုပ်ငန်းများ၌ လည်း အစုရှယ်ယာများထည့်ထား၍ မြတ်စွန်းခဲ့သည်။
    ကနေဒီမိသားစု ကြွယ်ဝချမ်းသာ လာခဲ့သည်မှာ ဖခင်ကြီးဂျိုးဇက်၏ အမြော်အမြင်ကြီးမှုကြောင့်ဖြစ်သည်။
    ဂျိုးဇက်၏ဇနီးဖြစ်သူ ရို့စ် Rose သည်လည်း အိုင်းရစ်မျိုးနွယ်၊ ဘော့ စတွန်မြို့တော်ဝန်၏သမီးဖြစ်၍ အထင်ကရ အိုင်းရစ် မျိုးနွယ်ကြီးနှစ်ခု ပေါင်းစည်းမှုဖြစ်၏။
    ဂျိုးနှင့် ရို့စ်တို့နှစ်ဦး၌ သားသမီး ကိုးယောက်ထွန်းကားခဲ့သည်။ သား ဂျိုးဇက်(ငယ်)၊ ဂျွန်၊ ရောဘတ်နှင့် အက်ဒဝပ်ဆိုသည့် သားလေးဦးပါ ဝင်သည်။
    ဗြိတိန်နိုင်ငံနှင့် အမေရိကန်သံအမတ်အဖြစ်ခန့်အပ်ခံရသည်။ ဝန်ကြီး ချုပ်ချာချီနှင့် အဆင်မပြေ၍ ဟစ်တလာနှင့်တွေ့ ဆုံဆွေးနွေးကာ စစ်ကြီးမဖြစ်ရန်ရှောင်ရှားလိုသည်။ သူ့နိုင်ငံအစိုးရထံမှ ခွင့်မတောင်းဘဲ သူတစ် ဦးတည်းဆန္ဒနှင့် ကြိုးစား သည်။ နောက်ဆုံးအမေရိကန်နိုင်ငံပြန်ရသည်။
    ဂျိုးဇက်သည် ချမ်းသာကြွယ်ဝသည်။ သို့သော် သံတမန်ကိစ္စမကျွမ်းကျင်။ သမိုင်းကိုမလေ့လာ။ နိုင်ငံရေးပရိယာယ်မရှိ။ ထိုအရည် အချင်းများရှိပါလျက် သူ့သားများကို အမေရိကန်နိုင်ငံ၏ သမ္မတများဖြစ်ရ မည်ဟူသော ရည်ရွယ်ချက်နှင့် အကြိမ် ကြိမ်ကြိုးစား ခဲ့ခြင်းကတော့ အံ့မခန်းစရာဖြစ်ပါ၏။
    သားအကြီးဆုံး ဂျိုးဇက်(ငယ်) လေတပ်တိုက်လေယာဉ်မှူးသည် ဂျပန်တို့နှင့် လေကြောင်းတိုက်ပွဲဖြစ် သည့် အင်္ဂလိပ်ရေ လက်ကြား တိုက်ခိုက်မှု၌ ကျဆုံးခဲ့သည်။ ဖခင်ဂျိုးဇက် က သားကြီးကို သမ္မတဖြစ်စေရန် ကြိုးစားခဲ့မှုများ ပျက်သွားခဲ့ရသည်။
    ထိုအခါ ဒုတိယသားဂျွန်ကို သမ္မတဖြစ်စေရန် ကြိုးစားခဲ့ပြန်သည်။ လွန်ခဲ့သည့် ၁၉၆ဝ ခုနှစ်၌ ၃၅ ယောက်မြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။
    ၁၉၆၃ ခုနှစ်၌ ဒါးလစ်မြို့၌ လုပ်ကြံသတ်ဖြတ်ခံရ၍ ဂျွန်ကနေဒီ ကွယ်လွန်သည်။
    အမေရိကန်နိုင်ငံသမိုင်းတွင် ဂျွန်ကနေဒီကဲ့သို့ လူအများချစ်ခင် နှစ် သက် ထင်ပေါ်ကျော်ကြားသည့် သမ္မတ မရှိဟု ဆိုကြသည်။
    ဒုတိယသားရောဘတ်သည် အစ်ကိုဂျွန် သမ္မတဖြစ်စဉ်၌ ရှေ့နေ ချုပ်တာဝန်ယူခဲ့သည်။
    ဂျွန်ကွယ်လွန်ပြီး ၁၉၆၄ ခုနှစ်၌ ထိုတာဝန်မှထွက်ကာ လွှတ်တော်အ မတ်ဖြစ်လာသည်။ ၁၉၆၈ ခုနှစ်၌ သမ္မတရွေးကောက် ပွဲဝင်ရန် ပြင်နေချိန်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့၏။
    ဂျိုးဇက်၏သားအငယ်ဆုံး အက်ဒဝပ်သည် အစ်ကိုဂျွန်သမ္မတ ဖြစ်နေချိန်ကတည်းက လွှတ်တော် အမတ်ဖြစ်နေပြီ။ သူ့အတွက် သမ္မတ ရွေးချယ်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ။ သို့သော် ၁၉၆၉ ခုနှစ်၊ ဇူလိုင်လတစ်ည၌ သူ့အတွင်းရေးမှူးနှင့်အတူ ကားမောင်း လာစဉ် တံတားပေါ်မှ ချောင်းထဲသို့ကျခဲ့သည်။ သူကရေနစ်ရာမှ လွတ်ခဲ့သော်လည်း အတွင်းရေးမှူး မေရီကိုပင်ချီနီးကမူ ရေနစ် ၍သေဆုံးသွားသည်။ အခင်းဖြစ်စဉ် သူတစ်ဦး တည်းထွက်ခွာလာကာ မည်သူ့ကိုမျှ အကြောင်း မကြားခဲ့၍အပြစ်ဖြစ်ခဲ့ သည်။ တစ်ဘဝတာလုံး သမ္မတ အဖြစ်မှ အလွဲကြီးလွဲခဲ့ရသည်။
    ဖခင်ဖြစ်သူဂျွန်က သားများ တစ်ယောက်ပြီးတစ်ယောက် သမ္မတ ဖြစ်ရန် စီစဉ်ခဲ့သော်လည်း သားများ၏ ဘဝကသမ္မတ အဖြစ်နှင့်ရေစက်ပါ ဟန်မရှိပေ။
    သို့သော် ဖခင်တစ်ယောက်အဖြစ် တာဝန်ကားကျေခဲ့ပါ၏။

ဟို့ကာစနာ- Horst Kasner ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်၏ ဖခင်
    ၁၈၇၁ ခုနှစ်မှစ၍ ပြည်နယ် ဒေသများကို စုစည်း၍ ဂျာမနီနိုင်ငံ ကို တည်ထောင်ခဲ့ကြသည်။ အဖ ဂျာမနီနိုင်ငံဟု ခေါ်ဝေါ်၍ ဖခင်ကို ဦးထိပ်ထားသည့် နိုင်ငံ၊ ဘီထိုဗင်ကဲ့ သို့ ဂီတပညာရှင်၊ ဂိုထေး၊ နီးရှေးကဲ့ သို့သော ဒဿနပညာရှင်။ ဟာမန်း ဟက်စ်၊ သောမတ်မန်းကဲ့သို့ စာပေ ပညာရှင်များပေါ်ထွက်ရာနိုင်ငံ။ အထူး သဖြင့် ပုရိသယောက်ျားများ သာ နေရာဌာန တိုင်း၌ ရှေ့ တန်းရောက်ခဲ့ သော ဂျာမနီနိုင်ငံ။
    ထိုဂျာမနီနိုင်ငံ၌ ယနေ့အခါ အာဏာအရှိဆုံး၊ အဓိပတိဟု အမည် တွင်သည့် နေရာ၌ စီမံခန့်ခွဲအုပ်ချုပ်နေ သူကား အမျိုးသမီးဖြစ်နေခြင်းက ပို၍ ထူးခြားနေပါ၏။
    ထို့ထက်ပို အံ့အားသင့်စရာ အချက်မှာ ယနေ့ဂျာမနီနိုင်ငံ၏ အဓိ ပတိဖြစ်နေသူ အိန်ဂျလာမာကယ် Angela Merkel သည် အရှေ့ဂျာမနီ နိုင်ငံတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။
    မာကယ်သည် ဣတ္ထိယအမျိုး သမီးဖြစ်ပါလျက် စိတ်ဓာတ်ရေးရာ ပျော့ပျောင်းမှုမရှိ။ ခံစားမှုအလေးမပေး တတ်။ ထို့ပြင် လက်တွေ့ဆန်သည်။ အလုပ်ဖြစ်ရေး ဦးစားပေးတတ် သည်။ အဆိုပါအရည်အချင်းများကို မာကယ်သည် သူ့ဖခင် ဟိုကာနာထံမှ အမွေရခဲ့ခြင်းဖြစ်သည်ဟု သုတေသီ Josha Keating  က မှတ်ချက်ချ၏။
    အနောက် ဂျာမနီ၌ နေထိုင်ရင်း မာကယ်သုံးလအရွယ်တွင် သူတို့ မိသားစုသည် အရှေ့ဘာလင်သို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြ သည်။ ထိုအချိန်က ဘာလင်မြို့သည် အရှေ့ဘာလင် အနောက်ဘာလင်ဟု ခွဲခြားသော်လည်း လွယ်လင့်တကူ ဖြတ်သန်းသွား လာ၍ ရနေပါသေး၏။
    ကက်စနာက သူ့အကျိုး၊ သူ့မိသားစုအကျိုးထက် လူအများအကျိုးကိုကြည့်သည့် ဦးတည်ချက်နှင့် ဆိုဗီယက်တို့ လက်အောက် သို့ ပြောင်းခဲ့ခြင်းဖြစ်သည်။သူကိုးကွယ်သည့် ပရိုတတ်စ် တင့် ဘာသာရေးအဖွဲ့က ထိုနေရာ၌ တာဝန် ယူမည့်သူမရှိ၍ဆိုကာ ခေါ်ယူ သဖြင့် သူတို့ပြောင်းရွှေ့ခဲ့ခြင်းသာ ဖြစ်ပါ၏။
    အရှေ့ဂျာမနီ၌ သူတို့နေထိုင်စဉ် ကာလ ၁၉၆၁ ခုနှစ်၌ ဘာလင်မြို့ကို နှစ်ခြမ်းခွဲခြားသည့် တံတိုင်းကြီးပေါ် ပေါက်ခဲ့သည်။
    ကာစနာသည် ဆိုဗီယက်လက် အောက်ဘဝ၌ နေထိုင်သော်လည်း လက်ဝဲယိမ်းပညာတတ်များနှင့် အစဉ်တွေ့ဆုံသည်။ အစိုးရဆန့်ကျင် သည့် ဆွေးနွေးပွဲများတက်ရောက် သည်။ အရှေ့ဂျာမနီထောက်လှန်းရေး Stasi ၏ စုံစမ်းမေးမြန်းခြင်းပင်ခံရ သည်။
    သမီးဖြစ်သူ အိန်ဂျလာကမူ နိုင်ငံ ရေးထဲမဝင်မီ ရူပဗေဒပညာရပ်ကို သင်ယူခဲ့သည်။
    အိန်ဂျလာသည် ဖခင်ထံမှ လက်ဝဲယိမ်းနိုင်ငံရေးသဘောတရားကို မနှစ်သက်။ လက်သင့်မခံ။ ထိုအချိန် ကတည်းက ဂျာမနီနှစ်နိုင်ငံပေါင်း စည်းရေးနှင့် ဒီမိုကရက်တစ် လမ်းစဉ် ကို လိုက်ခဲ့သည်။ လှုပ်ရှားခဲ့သည်။
    သူ့၌ ထိုစဉ်ကတည်းက ခေါင်း မာသည်ဟုပြောရမည်ထက် ပိုလွန် သော အလျှော့မပေးတတ်မှုက ကိန်း အောင်းနေပြီဟု သုတေသီများက မှတ်ချက်ချထားသည်။

Xi Zhongxun အနာဂတ် တရုတ်နိုင်ငံသမ္မတလောင်းယခု ဒုတိယသမ္မတ Xi Junpung  ၏ဖခင် ရှီကျင်းဖိန်
    တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ သည် နောင်တစ်ချိန်၌ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည်မှာ အသေအချာဖြစ် သည်။
    ယခု တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတရှီကျင်းဖိန် Xi Junping  သည် ဗဟိုစစ် ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ နှင့် အမြဲတန်းပေါ် လစ်ဗြူရို ကော်မတီ အဖွဲ့ဝင် လည်းဖြစ်သည်။
    ရှီကျင်းဖိန်၏ ဖခင်ဖြစ်သူမှာ သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီဒေသ၊ ကွန်မြူနစ် ပျောက်ကျား လှုပ်ရှားမှုကို တည် ထောင် ဦးဆောင်ခဲ့သူဖြစ်သည်။
    တရုတ်နိုင်ငံ၏ တော်လှန်ရေး၌ မော်စီတုန်း၏ ထိပ်တန်းအဆင့် စစ်ရေးဆိုင်ရာ တပ်မှူးတစ်ဦးလည်းဖြစ် ပါ၏။
    တော်လှန်ရေးပြီးသည့်နောက် ပါတီ၏ ဝါဒဖြန့်ချိရေး၌ တာဝန်ယူ ကာ ဒုတိယဝန်ကြီးချုပ်အဆင့်ရခဲ့သူ ဖြစ်သည်။
    သို့သော် ၁၉၆၂ ခုနှစ်၊ ယဉ်ကျေး မှုတော်လှန်ရေးကာလ၌ ဥက္ကဋ္ဌကြီး မော်ကိုဝေဖန်သည့် စာအုပ်ရေးမှုဖြင့် အလုပ်သမား အကျဉ်းထောင်၌ ၁၆ နှစ်နေခဲ့ရသည်။
    သူ့မိသားစု ဒုက္ခရောက်ခဲ့သည်။ မြောက်ဘက်ဒေသ၊ ကျေးရွာလေး တစ်ရွာ၌ သွားနေခဲ့ရသည်။
    အကျဉ်းထောင်မှ သူလွတ်လာ သည့်အခါ သားသမီးများက သူ့ကို မမှတ်မိ၍ ယူကြုံးမရဖြစ်ခဲ့သည်။ ''ဧည့်သည်လား၊ ဘယ်နေရာက လာတာလဲ''ဆိုသောစကား အမေးခံ ခဲ့ရသည်ဟု သူကမကြာခဏ ပြန် ပြောတတ်သည်။
    ခေါင်းဆောင်ကြီး တိန်ရှောက် ပင် လက်ထက်၌ နိုင်ငံပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ စီးပွား ရေးပြန်လည်တည်ဆောက်ရေး လုပ် ငန်းများ၌ ပြန်လည်တာဝန်ယူခဲ့သည်။ ၂ဝဝ၂ ခုနှစ်၌ ကွယ်လွန်ခဲ့သည်။
    ဖခင် Xi သည် တရုတ်ကွန်မြူ နစ်ပေါ်လစ်ဗြူရိုအဖွဲ့၌ သမာသမတ် အလယ်လမ်း အယူအဆရှိသူဟု သတ်မှတ်ခံထားရသည်။ အရေး အခင်းအားလုံးကို သူက ဝေဖန်ဆန်း စစ်တတ်သူဖြစ်သော်လည်း ပြည်သူ ကြား၌ ဖွင့်ဟပြောသူတော့မဟုတ်ပေ။
    သား Xi သည်လည်း ဖခင်ကဲ့သို့ တင်းကျပ်မှုများ၊ လျှော့ပေးနိုင်သူဖြစ် မည်လား...မျှော်မှန်းကြ၏။

ဘင်ဇွန်နာတာညာဟူ- Benzion Netanyahu အစ္စရေးဝန်ကြီးချုပ် ဘင်ဂျပင်နာတာ ညာဟူ၏ ဖခင်
    အစ္စရေးဝန်ကြီးချုပ် ဘန်ဂျပင် နာတာညာဟူ၏ အရင်းနှီးဆုံးမိတ် ဆွေတစ်ဦးက ပြောဖူးသည့်စကားက မှတ်သားဖွယ်ဖြစ်ပါ၏။
    ''ဘင်ဂျပင်ရဲ့ စိတ်အတွင်း နောက်ဘက်မှာ ဖခင်ဖြစ်သူ ဘန်ဇွန် က အမြဲရှိနေတတ်တယ်''
    ယင်းစကားကို Atlantic မဂ္ဂဇင်း မှ ဆောင်းပါးရှင် J-Goldberg  အား ၂ဝ၁ဝ ခုနှစ်က ပြောခဲ့ခြင်းဖြစ်ပါ၏။
    ''ဘင်ဂျပင်က အမြဲတွေးပူနေ လေ့ရှိတာက သူစိတ်ဓာတ်ကျတတ် တာကို သူ့အဖေတွေးမိမလားလို့ ပူပန် နေလေ့ရှိတာပါပဲ''
    ''သူ့ကို ကွယ်လွန်သွားတဲ့ ဖခင်က အရိပ်သဖွယ်မိုးထားတယ်ဆို တဲ့ ထင်ကြေးပေးစကားတွေကိုတော့ သူက လက်သင့်မခံဘူး''
    ထိုစကားမှာ မည်သို့ပေါ်ထွက် သည်ဖြစ်စေ၊ အစ္စရေး ပြည်သူများက သူ၏တင်းမာသော မူဝါဒ၊ အယူအဆ များသည် သူ့ဖခင်သမိုင်းပညာရှင်ထံမှ ရရှိခဲ့ခြင်းဆိုသည်က ရှင်းလွန်းလှသည် ဟု ဆိုကြသည်။
    ဘင်ဇွန်ကို ရုရှားတပ်များ အုပ်စိုး သည့် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့ပြီး ၁၉၂ဝ ခုနှစ်များ၌ ပါလစ္စတိုင်းအရပ်သို့ ပြောင်းရွှေ့ လာခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက သူ့ဖခင်ကလည်း ဇီယွန်ဝါဒီ ဂျူးဘုန်းတော်ကြီးဖြစ်သည်။
    ဘင်ဇွန် ငယ်စဉ်ကတည်းက ပြုပြင်ပြောင်းလဲရေး ဇီယွန်ဝါဒလှုပ်ရှား မှု၌ ပါဝင်ခဲ့သည်။
    ၁၉၄ဝ ခုနှစ်ကာများ၌ သူသည် အမေရိကန်၌ နေထိုင်ကာ အစ္စရေး နိုင်ငံပေါ်ပေါက်ရေးအတွက် ကြိုးပမ်း ခဲ့၏။
    ဂျာမနီနာဇီတို့၏ ဂျူးလက်သင့် မခံရေးအမြင်သည် ဘာသာရေးထက် လူမျိုးရေးမုန်းတီးမှုဖြစ်ကြောင်း သူသိ ခဲ့သည်။
    သို့ဖြစ်၍ သူက ''ဂျူးတို့ရဲ့ သမိုင်းဟာ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းရဲ့ သမိုင်းဖြစ်စဉ်ပဲ'' ဟု New Youker  မဂ္ဂဇင်းကို ပြောခဲ့ဖူး ၏။
    ဖခင်ဘင်ဇွန်သည် ပါလစ္စတိုင်း တို့နှင့်အတူ အခြေချနေထိုင်ရန်ကို လုံးဝသဘောမတူပေ။ သူ့အမြင်၌ အာရပ်ဆိုသူများသည် ဂျူးတို့အတွက် သေတပန်သက်တစ်ဆုံး ရန်သူဖြစ်သည်ဟုလက်ခံထားသည်။
    ထို့ကြောင့် အချို့သော သူများ၏ တွေးဆချက်အရ ဝန်ကြီးချုပ် နာတာ ညာဟူသည် ဖခင်အသက်ရှိနေသေး သရွေ့ ပါလစ္စတိုင်းတို့နှင့် နေထိုင်ခွင့် ကို ပေးလိမ့်မဟုတ်ဟုဆိုသည်။
    သို့သော် ဖခင်ဘင်ဇွန်သည် ပြီးခဲ့သည့်ဧပြီလက အသက် ၁ဝ၂ နှစ်အရွယ်တွင် ကွယ်လွန်သွား၍ ယခုညှိ နှိုင်းမှုပြုလုပ်မည် ဆိုပါက ပြောင်းလဲ သွားမည်လားဟု ခန့်မှန်း၍ မရနိုင် သေးပေ။

အိန်ဂျယ်ကတ်စရို- Angel Castro  ကျူးနိုင်ငံသမ္မတများ Fidel နှင့် Raul Castro  တို့၏ဖခင်
    ယနေ့ကမ္ဘာပေါ်၌ ရှားပါးလှ သော ကွန်မြူနစ်အစိုးရဟု ဗြောင် ကြေညာထားသော နိုင်ငံများထဲမှ ကျူးဘားနိုင်ငံ၏ သမ္မတ၏ ဖခင် သည် အရင်းရှင်ပုံစံဖြစ်နေသည်။ ဆန်းပြားသည်ဆိုရပေမည်။
    အိန်ဂျယ်ကတ်စရိုကို စပိန်နိုင်ငံ အနောက်မြောက်ဘက်အရပ်၌ ၁၈၇၅ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၈၉၈ သူ့အသက် ၂၃ နှစ်အရွယ်တွင် ကျူး ဘားနိုင်ငံသို့ စပိန်တပ်မတော်သား အဖြစ် ရောက်လာခဲ့၏။
    စပိန်နှင့် အမေရိကန်စစ်ပွဲဖြစ်ပွား ၍ တိုက်ပွဲ၌ပါလာခြင်းသာဖြစ်သည်။ ချမ်းသာသော သူတစ်ဦး၏ သားနေရာ ၌ လူစားအဖြစ်ပါဝင်လာခြင်းဖြစ် သည်ဟု ယူဆကြသည်။
    ပညာမတတ်သော်လည်း သူ့ ဟန်ပန်ကြောင့် ပစ္စည်းဖြန့်ဖြူးရေး၌ တာဝန်ချခံရသည်။
    ၁၉ဝ၅ ခုနှစ်၌ သူသည် ငွေတစ် ပြားတစ်ချက်မှမပါဘဲ ကျူးဘားနိုင် ငံသို့ ပြန်လည်ရောက်လာပြန်သည်။ သို့သော် ကြံစိုက်ပျိုးရေး လုပ်ငန်း အလုပ်သမားအစုနှင့် ပါလာခြင်းဖြစ်သည်။ မောတီနှင့် ဂျမေကာ အလုပ် သမားများရရှိမည့် ငွေကြေးများကို အပြည့်အဝ မပေးဘဲ ငွေအစားထိုးသုံး ရန် ကူပွန်များသာပေးပြီး ကြားမှ ဖြတ်စားခဲ့သည်ဆိုကြ၏။
    မကြာလှသောအချိန်၌ အဆိုပါ ကြံလုပ်ငန်းမှ သူထွက်ပြီး သူပိုင်မြေ ဧကအတော်များများဝယ်ကာ ကြံစိုက် ခင်းပိုင်ရှင်ဖြစ်လာ သည်။
    ထိုအခါမှ ကျူးဘားအမျိုးသမီး Maria Reyes  နှင့် ၁၉၁၁ ခုနှစ်တွင် လက်ထပ်သည်။ သားသမီး ငါးဦး ထွန်းကားသည်။
    ဒုတိယအိမ်ဖော်အဖြစ် သူ့အိမ်မှ ထမင်းချက် Uha Gonzalez  နှင့် လက်ထပ်သည်။ သားသမီး ၇ ယောက်မွေးဖွားသည်။ ထိုကလေး များထဲ၌ သမ္မတများဖြစ်သည့် Fidel နှင့်  Roul Castro တို့ မွေးဖွားခဲ့၏။ သူသည် ၁၉၅၆ ခု၊ အသက် ၈ဝ အရွယ်၌ ကွယ်လွန်သွားသည်။
(ဆက်လက်ဖော်ပြပါမည်)
Source : 1. by Joshuae Keating Dreams from their Fathers/FP
2. Wikipedia. org.
3. Encautar, Microsoft.
စိုးမင်းဦး
 

မျိုးဆက်ဟောင်းဖခင်များနှင့် မျိုးဆက်သစ် နိုင်ငံ့ခေါင်းဆောင်များ (၂)  
    သားသမီး၏ လက်ဦးဆရာသည် မိနှင့်ဖဟူသော စကားသည် သာမန်ရှေးရိုးအစဉ်အလာသာမက သဘာဝဖြစ်စဉ်ကပင် ပြဋ္ဌာန်း ထားသကဲ့သို့ ဖြစ်နေသည်ကို လက်တွေ့ ဘဝများ၌ တွေ့ကြရသည်။
    လူသားဘဝကိုထားဦး။ တိရစ္ဆာန်များသည်ပင် မိခင်၏ ယုယမှုကို မွေးကင်းစမှာ ခံစားတွေ့ထိခဲ့ကြသည်။
    ဆိုလိုသည်မှာ သတ္တဝါသည် မိမိမှအပ အခြားပုဂ္ဂိုလ်တစ်ဦး၏ ဂရု စိုက်မှု၊ ယုယမှုကိုရရှိခြင်း အတွေ့အကြုံကို မိခင်ထံမှ ရရှိခြင်းဖြစ်သည်။
    မကြာလှသော ကာလ၊ ကိုယ်တိုင်လှုပ်ရှားနိုင်သည့်ကာလ၌ မိမိနှင့် မိခင်မှအပ အခြားပုဂ္ဂိုလ်တစ်ဦး၏ အလေးပေးမှု၊ ဂရုစိုက်မှုကို ရရှိပြန်သည်။ ထိုပုဂ္ဂိုလ်နှင့်အတူ ပြေးလွှားဆော့ကစားရသည်။ ထိုတစိမ်းပုဂ္ဂိုလ်သည် ဖခင် ဖြစ်နေပြန်၏။
    ဤသည်မှာ သတ္တဝါတို့၏ အစကာလများမှ ပထမဦးဆုံးသော အတွေ့အကြုံများဖြစ်သည်။
    မိမိသားသမီးကို ကိုက်ဖြတ်စားသောက်သော သတ္တဝါများရှိသည်။ မိမိသားသမီးကို စွန့်ပစ်သော မိခင်၊ ဖခင်များရှိသည် ဟု ခြွင်းချက်နှင့် အထောက် အထားပြနိုင်ပါ၏။
    ထိုအတွေ့အကြုံရရှိသည့် ကလေးသတ္တဝါများသည် ကလေးဘဝ၌ သေဆုံးသွားကြရ၍ ယင်း အတွေ့အကြုံကို သက်ရှင် ကျန်ရစ်သော သတ္တဝါများ မခံစားဖူးကြပေ။
    မည်သို့ပင်ဆိုစေ။ သတ္တဝါအပေါင်းတို့၏ မိနှင့်ဖ တို့သည် လက်ဦးဆရာ ဘဝအတွေ့အကြုံများ စတင်လက်ဆင့်ကမ်းပေးသည့် ပုဂ္ဂိုလ်နှစ်ဦး ဖြစ်နေသည် ကတော့ ငြင်း၍မရနိုင်ပါ။
    နိုင်ငံတစ်ခု၏ အထင်ကရ ပုဂ္ဂိုလ်များဖြစ်လာကြသည့် ပုဂ္ဂိုလ်များ၏ မိခင် ဖခင်များတွင် ပို၍ တောက်ပသောအရည်အသွေးများ ကို တွေ့ရနိုင်ပါ၏။
    အဘယ့်ကြောင့်ဆိုသော် သူတို့၏ သားသမီးတစ်ဦးဦးသည် နိုင်ငံတစ်ခု၌ အထင်ကရ ဦးဆောင်ဦး ရွက်ပြုနေ သူ ဖြစ်နေ ၍ ဖြစ်ပါ၏။

ဂျော့ဂူစတပ်ဟောလန်- Georges Gustave Hollande ပြင်သစ်နိုင်ငံသမ္မတ François Hollande  ၏ ဖခင်
    ဖခင်ဖြစ်သူ ဂူစတပ်ဟောလန်က နား၊ နှားခေါင်းနှင့် လည်ချောင်း ဆရာ ဝန်။ သို့သော် သူ့ဘဝတစ်လျှောက် လုံး ဆိုရှယ်လစ်ဝါဒီ နိုင်ငံရေးသမား အဖြစ် ရပ်တည်ခဲ့သည်။ ယင်းအပြု အမူကို သားဖြစ်သူ ဖရန်ဆွာဟိုလန် က အမွေရခဲ့ခြင်းဟု ဆိုနိုင်ပါ၏။
    ဖခင် ဟိုလန်က နိုင်ငံရေးအမြင်  နှင့် သဘောတရားကို ဗီချီ Vichy စစ်သင်တန်းမှ ရခဲ့သည်။
    နိုင်ငံမြောက်ဘက် Rouer မြို့၌ နေရချိန် ဒေသခံများထဲ၌ လက်ယာ အစွန်းရောက် အဖွဲ့ဝင်ကများသည်ဟု မိတ်ဆွေများက သူ့ကိုသတင်းပေး ခြင်း၊ သတိပေးခြင်းပြုလုပ်ခဲ့ပါလျက်၊ သူက အလေးမမူသဖြင့် သူ့ဆေးခန်း ပါ ပိတ်ရသည်အထိ ဆန့်ကျင်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။
    ဖခင်ဂူစတပ်က သာမန်ဆိုရှယ် လစ်မဟုတ်။ တက်ကြွစွာ လှုပ်ရှား သည့် ဆိုရှယ်လစ်ပါတီဝင်။ အမျိုးသားရေးရှေ့တန်းတင် ဦး ထိပ်ပန်ဆင်သည့် ဆိုရှယ်လစ်။
    သားဖြစ်သူ ဖရန်ဆွာက ဖခင် နှင့် သဘောမတူ။ အထူးသဖြင့် ဖခင် ၏ နိုင်ငံရေးအမြင်ကို လက်သင့်မခံ။
    ၁၉၆၈ ခုနှစ်၌ ဖခင်က မိသားစု တစ်ခုလုံးကို အမိန့်ထုတ်သည်။ ချက်ချင်းပင် ပါရီမြို့ပြင် စိန့်မြစ်ဘေးရှိ နျူလီ Neuilly ရပ်ကွက်သို့ ပြောင်း ရွှေ့မည်။ သားဖရန်ဆွာကို ကာတော်လိပ်ဘာသာဝင်ကျောင်းသို့ ကျောင်း အိပ်ကျောင်းစားပို့သည်။
    မကြာမီ ဖရန်ဆွာ၏ မိဘနှစ်ဦး ကွာရှင်းကြသည်။ သူက မိခင်ဘက် ပါသည်။ နိုင်ငံရေးအရရော၊ သူ့ခံစား မှုအပြစ်ကြောင့်ဖြစ်၏။
    Nouvel Observateur သတင်း စာ အယ်ဒီတာ Surge Rafty  ၏ အဆို အရ ဟောလန်သည် ဖခင်ဖြစ်သူနှင့် ထိပ်တိုက်ရင်ဆိုင်မတွေ့လိုသည့်ဆန္ဒ ရှိပုံရသည်။ စိတ်မြန်သည်။ အမိန့်သြဇာပေးတတ်သည့် ဖခင်ကို ရင်မဆိုင်လိုသည့် အကြောင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။
    ဤသည်ပင် ဖရန်ဆွာဟောလန် ၏သက်ရှင်ရပ်တည်ရေးအမြင်ဖြစ်ပုံရ၏။

ပဒရိုရူးဘက်- Pedro Rousseff ဘရာဇီးနိုင်ငံသမ္မတ Dilma Rousseff  ၏ ဖခင်
    အမျိုးသမီးဖြစ်ပါလျက် မတ်စ် ဝါဒီပြောက်ကျား မြေအောက်လှုပ်ရှား သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဘဝမှ သမ္မတဖြစ်လာသူ ၏ ဖခင် Pedro ၏ ဘဝဖြစ်စဉ်ကား အလွန်ထူးဆန်း၏။
    လျှို့ဝှက်မှုပေါင်းများစွာနှင့် ဘဝတစ်ခုလုံးခရီးလှည့်လည်နေထိုင်တတ်သူ။ ဘူဂေးရီးယားနွယ်ဖွား ဖခင်၏ဖြစ်ရပ်မှန်သည် ပဟေဠိသဖွယ်ဖြစ်နေပါ၏။
    ဘူဂေးရီးယားနိုင်ငံ၊ Gabrovo မြို့၌ ၁၉ဝဝ ပြည့်နှစ်က Petar Rusev  အမည်နှင့် မွေးလာပါလျက် ငယ်ရွယ် စဉ်ကပင် မြို့တော်ဆိုဖီယာသို့တက်လာသည်။ အထည်အလိပ်လုပ်ငန်းနှင့် စီးပွားဖြစ်ခဲ့သည်။ ၁၉၂၉ ခုနှစ်၌  ဘူဂေးရီးယားနိုင်ငံမှ အကြောင်း မဲ့ ထွက်ခွာသွားသည်။ ကိုယ်ဝန်အရင့် အမာနှင့် ဇနီးသည်ကို ပစ်ထားခဲ့၏။ သူ့မိသားစုသည် နှောင်နှစ်ပေါင်း ၁၈ နှစ်တိုင်တိုင် သူ့ သတင်းအစအနကိုပင် မကြားရတော့ပေ။
    အချို့က စီးပွားပျက်၍ဟုဆိုသည်။ အချို့က အစိုးရက နိုင်ငံရေးအရ အရေးယူရန် စီစဉ်၍ဟုဆိုသည်။ အသေအချာ မည်သူမှမသိပေ။
    ဖခင် Petar သည် ပြင်သစ်၌ ၁၅ နှစ်နေထိုင်ပြီး အာဂျင်တီးနား။ ထိုမှ ဘရာဇီးနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည်။ ဘရာဇီးနိုင်ငံရောက်မှ သူ့အမည်ကို လက်တင်ဘာသာအရ Pedro Rousseff အမည်သို့ ပြောင်း ခဲ့သည်။ ဒဲလမာဂျင်းဆီဗား Dilma Jane Silva  နှင့် အိမ်ထောင်ပြုသည်။ Belo Horizonte  ၌ အခြေချသည်။ သံမဏိနှင့် အိမ်ရာမြေလုပ်ငန်း လုပ် ကိုင်သည်။
    သမီးအကြီးမွေးလာသည့် အချိန် ၌ မိခင်၏ ရှေ့စာလုံးအမည်ကိုပေး၍ Dilma ဟုပင် မှည့်ခေါ်သည်။ သမီး Dilma သည် ဖခင်၏ ပြင်သစ်ဘာသာ စကားနှင့် စာပေအမွေကိုရရှိခဲ့သည်။ ဖခင်သည် ၁၉၆၂ ခုနှစ်၌ ကွယ်လွန် ခဲ့၏။ ဖခင်ကွယ်လွန်ပြီးမှ သမီး Dilma က နိုင်ငံရေးထဲသို့ ဝင်ခဲ့သည်။

လူးဝှစ်ကာဒီရွန်ဗီဂါ Luis Calderon Vega မက္ကဆီကိုနိုင်ငံသမ္မတ Felipe Calderon  ၏ ဖခင်
    ယခုလက်ရှိ မက္ကဆီကိုနိုင်ငံ၏ သမ္မတ ဖီလစ်ကာဒီရွန်- Felipe Calderon ၏ ဘဝမှတ်တမ်းကို ရေးသားပြုစုသူ အများအပြား က နိုင်ငံရေးအတွေ့အကြုံကို ဖက်၍ မွေးဖွားလာသူဟု ကင်ပွန်းတပ်ကြသည်။
    အဘယ်ကြောင့်ဆိုသော် သမ္မတဖီလစ်၏မိခင်သည် ကိုယ်ဝန်အရင့် အမာရှိနေစဉ် ကာလတစ်လျှောက်လုံး ခင်ပွန်းဖြစ်သူ ၏ နိုင်ငံရေးမဲဆွယ်ပွဲများတွင် အတူပါဝင်ခဲ့၍ဖြစ်သည်။
    ထိုကြောင့် မှတ်တမ်းပြုစုသူ အားလုံးက သမ္မတသည် သန္ဓေသား ဘဝကတည်းက နိုင်ငံရေးမဲဆွယ်ပွဲများ၌ ပါဝင်ခဲ့သည် ဟုဆိုကြ၏။
    ထိုအရွယ်ထက် အနည်းငယ် ကြီးလာသည့်အချိန်ကာလ၌လည်း ဖီလစ်လေးသည် ဖခင်၏ နိုင်ငံရေး ဟောပြောပွဲများနောက် လိုက်ခဲ့ရပြန် သည်။ သူငယ်စဉ်ကာလတစ် လျှောက်လုံး အလံငယ်များ ဝှေ့ယမ်း၊ ကြွေးကြော်သံများအော်ဟစ်ရင်း ကြီး ပြင်းခဲ့ရ သည်။
    ဖခင် လူးဝှစ်သည် စာရေးဆရာ လည်းဖြစ်၊ သမိုင်းပညာရှင်လည်းဖြစ် သည်။ ထိုပညာရှင်ဘဝမှ နိုင်ငံရေး နယ်သို့ကူးကာ ၁၉၄ဝ ခုနှစ်ကာလ များကတည်းက ခရစ်ယာန်ဒီမိုက ရက်ပါတီ PAN ကို တည်ထောင်ကာ အုပ်ချုပ်သူအစိုးရ၏ အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခဲ့သည်။
    မက္ကဆီကိုနိုင်ငံ၏ အာဏာရ ပါတီ PRI ၏ ဆန့်ကျင်ဘက် အတိုက်အခံပါတီအဖြစ် ၂ဝ ရာစု တစ်လျှောက်လုံး ရပ်တည်ခဲ့၏။
    ထိုကြောင့်လည်း မက္ကဆီကိုနိုင်ငံ ၏ ဒေသခံ Mahicam မျိုးနွယ်စုတို့ ကြား၌ လူးဝှစ်သည် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံ ရသည်။
    သမိုင်းပညာရှင် Donald Mabry  ဆိုသူကမူ အဆိုပါဖခင်နှင့်သား နိုင်ငံရေးသမားနှစ်ဦးသည် နိုင်ငံရေး နယ်ပယ်၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရင်ဆိုင်ထိပ်တိုက်မတွေ့ခဲ့ကြဟုဆိုသည်။
    ဆိုလိုသည်မှာ ဖခင်နှင့်သားတို့သည် နိုင်ငံရေးနယ်၌ အတူရှိနေခဲ့ကြသော်လည်း၊ နိုင်ငံရေးပါတီချင်း တူသော် လည်း နိုင်ငံရေးအမြင်ချင်း မတူဟုဆိုလိုချင်ပုံရပါ၏။
    ဖခင်လူးဝှစ်သည် ခရစ်ယာန် ဆိုရှယ်လစ် Christian Socialist  တစ်ဦးဖြစ်သည်။ သူ့အမြင်အရ ဘုရား သခင်သည် လူမှုရေးအရ တရားမျှ တမှုကိုလိုလားသည်၊ တောင်းဆိုသည် ဟု ယုံကြည်ထားသူဖြစ်၏။ လူမှု ပုံစံသည် ဘုရားသခင်အလိုအတိုင်းဟု လက်ခံ ထားဟန်ရှိ၏။ သို့နှင့်သူသည် ၁၉၈၁ ခုနှစ်၌ ပါတီမှ ထွက်ခွာခဲ့ သည်။
    သားဖြစ်သူ ဖီးလစ်ကမူ သူ့အသက် ၂၆ နှစ်အရွယ်ရောက်မှ PAN ပါတီ၌ ဈေးကွက်စီးပွားရေး ပုံစံနှင့် နေရာရလာခဲ့၏။ ထိုအယူ အဆကို လက်ကိုင်ပြုကာ ၂ဝဝ၆ ခုနှစ်၌ သမ္မတအရွေးခံခဲ့ရသည်။
    သူသည် ငယ်စဉ်ဘဝက ဖခင် ပါတီအတွက် ကူညီခဲ့ရသည်။ နောက် မက္ကဆီကိုမြို့သို့ တက်ကာ ဥပဒေဘွဲ့ ရသည်။ နည်း ပညာ သိပံ္ပ ITAM မှ ဘောဂဗေဒပညာရပ်နှင့် မဟာဝိဇ္ဇာဘွဲ့ ရသည်။ ၂ဝဝဝ ပြည့်နှစ်၌ ဟားဗတ် တက္ကသိုလ် John Fkennedy ကျောင်း မှ ပြည်သူ့အုပ်ချုပ်ရေး ဘာသာရပ်၌ မဟာဝိဇ္ဇာဘွဲ့ရပြန်သည်။
    သားအဖနှစ်ဦးအမြင်ချင်းကွဲ ပြားကြသော်လည်း ဖခင်တစ်ယောက် အနေနှင့် ဖခင်၏တာဝန်ကျြေ>ွပန် သည်ဟုယူနိုင်ပါ၏။
နိဂုံး
    နိုင်ငံတစ်ခု၏ ခေါင်းဆောင် ဆိုသူများနေရာသို့ ရောက်ရှိလာရန်ကား လွယ်ကူသည်တော့မဟုတ်ပေ။ မိဘ၊ ပတ်ဝန်း ကျင်၊ လေ့လာသင်ယူ၊ စိတ်ဝင်စားမှု စသည်များသည် အဓိက အရည်အချင်းနှင့် ပေးဆပ်မှုများစွာ ရှိသည်ချည်းဖြစ်ပါ၏။
    သားသည် ဖခင်ကို အတုယူ သည်။ သမီးသည် မိခင်ကို အတုယူ သည်။ ဖခင်ကိုအတုယူသည့် သမီး များလည်းရှိမည်မှာ အသေချာဖြစ်ပါသည်။
    ဖခင်များသည် တာဝန်ရှိကိုရှိ သည်ဟုဆိုပါလျှင်...

Source : 1. By Joshuae Keating Dreams From their Fathers/FP
2. Wikipedia. org.
3. Encartar, Microsoft.
  

No comments: