Monday, July 30, 2012

အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်)





by Cho Lay on Sunday, July 29, 2012 at 6:55am ·
အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်)


ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး

ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည် ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။  အယ်ဒီတာ၊


ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်းကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား နေစဉ်

ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကို အများက ဆရာကွေးလို့ ခေါ်ကြသတဲ့။ ဘာလို့လဲဆိုတော့ သူ့လက်အောက်က ပြည်ထဲရေးမှ လူတွေ အားလုံးကို ကွေးကောက်နေအောင် ခိုင်း၊ ကွေးကောက်နေအောင် ဆူပူကြိမ်းမောင်းတတ်ပြီး ကွေးကောက်သွားအောင် ပညာပေးတတ်လို့ ဆရာကွေးဟု အမြင်ကပ်ကာ ပေးထားရတာ ဖြစ်ပါတယ်။

နာမည်ကသာ ရခိုင်လိုလို၊ ဘာလိုလိုနဲ့၊ တကယ်တော့ ဗမာ အစစ်ကြီးပါ။ ရုတ်တရက်ကြည့်ရင် ရခိုင်လူမျိုးတွေက အားကိုးတကြီး ရခိုင်အရေး သွားတောင်း ဆိုရင်တော့ ငါးပါးမှောက်မှာ ဖြစ်ပါတယ်။ ဖခင်ကိုယ်တိုင်ကလည်း မဆလခေတ်၊ တပ်မတော်တွင် ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။

ဖခင် ဗိုလ်မှူးရဲထွန်း(ငြိမ်း) ရဲ့ အချိုအချောင်နှိုက်နည်း၊ အမြည်းစမ်းခြင်းနည်း စသည့် နည်းလမ်းမျိုးစုံအား ငယ်စဉ်ကတည်းက ကိုယ်ဖိ ရင်ဖိ သင်ယူခဲ့ကာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ အချိန်တန်လို့ ဆယ်တန်းအောင်တော့ အင်ဂျင်နီယာ လုပ်မလားဆိုပြီး ၁၉၇၈ - ၁၉၈၀ ခုနှစ်အတွင်း ဗိုလ်တစ်ထောင်၊ ဒေသကောလိပ် (၁) ကို တက်ခဲ့ပါသေးတယ်။

ဒေသကောလိပ်မှာ စာမလိုက်နိုင်၊ ပြီးတော့ ဒေသကောလိပ် တက်ရင် ဘဝနောင်ရေး စိတ်မအေးရဘူး၊ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူလို့ မရဘူး ဆိုပြီး ထုံထိုင်းတဲ့ဥာဏ်နဲ့ စစ်တက္ကသိုလ်ကို ဝင်ဖြေ၊ပါတော့တယ်။ အဲ့ဒီတုန်းက ဖခင်ဗိုလ်မှူးရဲ့ အဆင့်ဟာ စစ်တပ်မှာ ရှားပါးနေတာမို့ တော်တော်လေး အရာရောက်တယ်ဆိုမလားဘဲ၊ တစ်ခေတ် တခါတုန်းကလည်း ဗိုလ်မှူးဆိုတာက စွမ်းတယ်လေ။

ဖခင်ရဲ့ အကူအညီနဲ့ ကပ်လျား ဖားလျားလုပ်ပြီး ဝင်ခွင့်အောင်၊ ဗိုလ်ရွေးအောင်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၄) ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်သာဆို သည်လိုအောင်ဖို့ ဝေးလေစွ။ တပ်မတော်ကို စတင် မဝင်ခင်ကတည်းက ဖခင်ရဲ့ နည်းပေးလမ်းပြနဲ့ ဖားနည်း၊ လျားနည်းကို တတ်သိပြီးသားမို့ အခြေခံဗီဇစိတ်နှင့် အလွမ်းသင့်ကာ အဖားတော်ရေး ဒို့အရေး ဆိုပြီး လက်သီးလက်မောင်းတန်းရင်း တပ်ထဲသို့ ခြေစုံပစ် ဝင်ပါတော့တယ်။

သည်လိုနဲ့ အနှီမောင်ကျော်ဇံမြင့်ဟာ လေးနှစ်တာကာလ သင်တန်းပြီးလို့ ကျောင်းဆင်းသွားခဲ့ပါတော့တယ်။ ဖခင်က ဟိုလူကြီးကို လက်သိပ်ထိုး၊ သည်လူကြီးကို လာဘ်ထိုးစသည့် နည်းလမ်းများကြောင့် ကျောင်းဆင်းတော့ မိခင်တပ်ရင်းဟာ ရန်ကုန်၊ ချော်တွင်းကုန်းနားက သနက (၄) တပ်မှာပါတဲ့။

သူ့ရဲ့ မတော်သေးတဲ့ ဇနီးက ဦးနေဝင်းနှင့် အမျိုးတော်တယ်ဆိုပြီး ရောက်သွားတယ်လို့ ဆိုကြတယ်။ အဲ့ခေတ်အခါတုန်းက သူများတွေ တိုက်ပွဲ တိုက်နေကြတဲ့ အချိန်ကာလမှာ သူကတော့ ချော်တွင်းကုန်းက တပ်မှာ ကောင်မလေးတွေကို “ဖွန်” ကြောင်လိုက်၊ မြို့ထဲက တရုတ်တန်းလမ်းမှာ မူးပြီးသောင်းကျန်းလိုက်၊ ဖောင်ကြီးဘက်မှာ ထန်းရည်လေး မော့လိုက်နဲ့ အဆင်ကိုပြေလို့ ကျည်လွတ်မြေ မှာ သောင်းကျန်းနေခဲ့ ပါတယ်။ သူ့ပခုံးပေါ်က အပွင့်တွေကို ညှစ်ကြည့်လိုက်ရင်တော့ ယမကာတွေနှင့် ပဲတွေသာ ကျလာပါလိမ့်မယ်။

အရာရှိငယ်ဘဝမှာကတည်းက အဖားအလျားတော်သူပီပီ နေရာကောင်း၊ တပ်ကောင်းမှာနေ၊ ကောင်းတာတွေဝတ်၊ အကောင်းစားတွေစား၊ အပေးအကမ်းနည်းပါးပြီး အတောင်းအရမ်းကြမ်း။ အပြောနဲ့ အလုပ်က တခြား၊ ပါးစပ်ကသာ ချိုမိုင်မိုင်၊ နောက်ကွယ်ကနေ လက်သီးတပြင်ပြင်နဲ့။ ရှေ့ကလျှောက်ပါဆိုလျှင် ချီးပေါက်တတ်ပြီး နောက်မှ လိုက်ပါဆိုလျှင် ဖိနပ်တက်နင်းတတ်တဲ့ လူစားမျိုးပါ။

အရည်အချင်းကတော့  စစ်တက္ကသိုလ်မှာ ဘယ်လိုအိပ်ပြီး ကျောင်းဆင်းလာလဲ မသိဘူး အဲ ယောင်လို့ စစ်တက္ကသိုလ်ကို ဘယ်လို အောင်ပြီး အရာရှိ ဖြစ်လာမှန်း စဉ်းစားလို့ မရပါ။ စိတ်နေစိတ်ထားက ဂဏာမငြိမ်၊ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ စိတ် တည်ငြိမ်မှုက မရှိ၊ မျက်လုံးက ကြောင်တောင်ကန်း၊ ပုံစံက သူကြီးဘစီနဲ့ နင်နဲ့ ငါနဲ့ အိုး...ဟိုး ။

ဘယ်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ စစ်တိုက်သည်ဖြစ်စေ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်သည် ဖြစ်စေ၊ နောက်ဆုံး ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသည်ဖြစ်စေ၊ အေးဆေး တည်ငြိမ်စွာဖြင့် လုပ်ငန်းကို အောင်မြင်ပြီးဆုံး သွားခြင်းမျိုး လုံးဝ မရှိခဲ့ပါကြောင်း သူ့ရဲ့ တပ်သမိုင်းက ဒီလိုလှပလွန်းလို့ ရေးစရာတွေ အများကြီး ရှိပါသေးတယ်။ အပိုင်း (၂) မှာ ဆက်လက် ဖတ်ရှုကြပါကုန်။

အဲ့လိုဖြစ်အောင်လည်း အရာရှိဖြစ်ကတည်းက လေ့လာဆည်းပူးမှု မရှိပါ။ စလုပ်ကတည်းက အီလေးဆွဲ၊ ပြီးကာနီးမှ ဖုတ်ပူမီးတိုက်လုပ်၊ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာလည်း လက်အောက်က တင်ပြလာရင် ခေါင်းရှောင်၊ ခေါင်းလွှဲ၊ ဆုံးဖြတ်ချက်ကို အချိန်မှီ ချမှတ်မပေး၊ ပြဿနာဖြစ်လာရင်တော့ လက်အောက်ကို လွှဲချ စသည်ဖြင့် ခေါင်းဆောင်ကောင်း တစ်ဦး၏ အင်္ဂါရပ်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ရာထူးပေးကြေးဆိုလျှင် ကျော်ဇံမြင့်တစ်ယောက် လက်ရှိရာထူးထိတောင် ရောက်မည်မဟုတ်။

တစ်ပွင့်ဘဝကတည်းက မြောင်းထဲရောက်မှာ သေချာပေါက် ကြိမ်းသေ။ အရာရှိငယ်မှ လက်ရှိရာထူးရောက်သည်အထိ ဆူးလှည်းကြီးနဲ့တူကာ သွားလေရာ လမ်းတစ်လျှောက် ဒါဏ်ရာဗလပွနဲ့ ပွတ်တိုက်သွားတတ်သူဟု တပ်မတော်ထဲမှာ နာမည်ကြီးခဲ့သူပါ။

ကျော်ဇံမြင့်ရဲ့ စစ်တပ်ထဲ ဖြတ်သန်းမှုသမိုင်းကို ကြည့်ရင် အရာရှိငယ်ဘဝ တလျှောက်လုံး ရန်ကုန်မှာပဲနေ၊ ဗိုလ်မှူးဘဝမှာ တောင်ကြီး၊ တပ်ရင်းမှူးက ရန်ကုန်မှာ၊ ဂျီဝမ်းကလည်း ရန်ကုန်၊ ဟိုပုံးက စစ်ကျောင်းတစ်ခုမှာလည်း ကျောင်းအုပ်ကြီးလုပ်၊ ပြီးတော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တက်၊ စကခ (၂) မိုင်းနောင်မှာ စကခမှူးလုပ်၊ စစ်သူနာပြုကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်၊ အခုတော့ ပြည်ထဲရေး ဒုဝန်ကြီး။

ဟိုပုံးမှာ ကျောင်းအုပ်ကြီးလုပ်စဉ်က စားရိပ်သာတာဝန်ခံ အရာရှိမှ ကျော်ဇံကွေးတို့ လင်မယား သုံးဖို့ စွဲဖို့အတွက် သင်တန်းသားများအား ရိက္ခာမပြည့်မဝ ကျွေးပြီး အိမ်နောက်ဖေးပေါက်မှ ဝင်ကာ ခင်ရဲမွန် လက်ထဲကို ငွေထိုးထည့်ပေး ရပါသ တဲ့။ ငွေအချို အချောင်နှိုက်နည်း ဗျူဟာ ကို ကျွမ်းကျင်တဲ့ လင်မယား နှစ်ယောက်ဆိုတော့လည်း တစ်ကျောင်းလုံးကို အချဉ်ဖမ်းလိုက်တာ နောက်ဆုံး ဟိုပုံးမှာရှိတဲ့ သရက်ခင်း ပိုင်ရှင်တွေကိုတောင် အလွတ်မပေးပါ။

ဆက်ကြေးကောက်ပုံစံ တစ်လ ဘယ်လောက်ဆိုပြီး တောင်း၊ အိမ်အတွက် လိုအပ်တဲ့ သံတိုတစ်ချောင်းကအစ၊ ကျော်ဇံကွေးနဲ့ ခင်ရဲမွန် ဝတ်ဖို့ အတွင်းခံအဆုံး ကျောင်းမှ လိုလေသေးမရှိ ဖြည့်ဆည်းပေးရပါသတဲ့။ အချိုအချောင်ရတဲ့ ငွေတွေနဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကို (ယခု ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး) (အဲ့အချိန်က တပခ တိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း (ယခု ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) (အဲ့အချိန်က စစ်ရုံးမှာ) တို့ကို ဖား။ သူတို့တွေရဲ့ မျက်နှာလို၊ မျက်နှာရဖြစ်ဖို့ သင်တန်းသားတွေ ခမျာ လက်ဖက်ရည်ငတ်၊ ကြက်ဥမစားရ၊ အသားတုံး မမြင်ဖူး၊ ဟင်းရွက်ပြုတ်ရည်နဲ့ ထောင်ထမင်းထက်ဆိုးတဲ့ ဖွဲကြမ်း ဇကွဲသာသာရှိတဲ့ ထမင်းနဲ့ သင်တန်းကာလ လေးနှစ်လုံး ဖြတ်သန်းခဲ့ရပါသတဲ့။ ပြောစမှတ် တွင်စရာ ကောင်းတဲ့ ကျောင်းအုပ်ကြီးပါတဲ့။

ဗိုလ်မှူးချုပ် ဘဝနဲ့ စကခမှူးလုပ်တော့လည်း သစ်ဂွင်လုပ်စားတဲ့ သစ်ကုန်သည်တွေကို လည်ပင်းညှစ်ပြီး မဟားတရားကို တောင်းပါ သတဲ့။ စကခမှူး (၂) နှစ် လုပ်သွားတာ မိုင်းနောင်မှာရှိတဲ့ သစ်တော ဧကလည်း မရှိသလောက်ကို ကုန်သွားပါပြီ။ တဖက်က လည်း နောက်ဖေးပေါက် က ငွေဖန်၊ ဂွင်ဖန်ပြီး ငွေရှာသလို လူကြီးတွေ အမြင်မှာ တိုက်ရည်၊ ခိုက်ရည်ကောင်းတဲ့သူ ဖြစ်အောင်လို့ ရှမ်းရွာ (၄) ရွာကို မီးလောင်တိုက် သွင်းပစ်လိုက်သေးပါတယ်။

တိုင်းမှူးများ ဖြစ်မလားဆိုပြီး ဇွတ်ဆက်လုပ်ပြလိုက်တာ ရွာကိုမီးရှို့၊ လူသတ်ပြီး ဆက်ကြေးကောက်တာတွေ ဘီဘီစီမှာ ပါလာလို့ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်သိုးထိန်းရဲ့ လာရောက် စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပါသေးတယ်။

အဖားတော်ရုံမက အပြုအစုပါ ကောင်းလွန်းလို့ လူရိုး၊ လူမှန်ကြီး ဗိုလ်ချုပ် သိုးထိန်းတောင် အဖြစ်မှန်ကို ထိန်ချန် ပေးထားခဲ့ရသတဲ့။ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် (ယခု တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်) ကိုလည်း ရွှေတွေ အချောင်း လိုက်ပေး၊ ဒေါ်သင်ဇာဝင်းစိန် ကိုလည်း အသားကုန် အမ်းလိုက်လို့ ပြဿနာမတတ်ဘဲ နေမြဲ ဖြစ်သွားတယ်ဆိုပဲ။ ပိုက်ဆံမြင်ရင် အငမ်းမရ၊ ငွေရဖို့ဆိုရင် လူသတ်ရဲတဲ့ သူက အခု ပြည်ထဲရေးမှာ ဒုဝန်ကြီးဆိုတော့ မြန်မာပြည်သူပြည်သားတွေအတွက် ရင်လေးစရာ ပါပဲ။

စစ်သူနာပြုကျောင်းအုပ်ကြီး လက်ထက်မှာလည်း တစ်ကျောင်းလုံးကို ပတ်ပြီး ယောက်ကျားကလည်းတောင်း၊ မိန်းမကလည်း ရသမျှ ချူ လိုက်ကြတာ။ ဦးပိုင်မှ အမြတ်ငွေ၊ နိုင်ငံတော်မှ ချပေးတဲ့ အထူးသုံးငွေ များကို လူကြီးတွေအား ဒိုင်ဗင်ထိုး ဖားလိုက်လို့ ကျောင်းကြီး လည်း  အကြွေးပတ်လည် နဲ့ ဖြစ်ကရောတဲ့။ ကျော်ဇံကွေးက ယခုလို မိုက်ရဲတာ ဆရာကောင်းများစွာ ရှိနေလို့ပါ။ ဆောက် လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်မြင့်နှင့်လည်း ဗိုလ်ကြီးနဲ့ တပ်ရင်းမှူး ဘဝအဖြစ် နေလာခဲ့ဖူးသလို ပြည်ထဲရေး ဝန်ကြီးဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့်လည်း တမခ (၁၁) တပ်မမှူးဖြစ်နေစဉ် သူက တပ်ရင်းမှူး အဖြစ် အထက်အောက် လက်တွဲ လုပ်လာခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့လည်း တမခ (၁၁) တပ်မမှူးဘဝနဲ့ ဖြစ်ခဲ့စဉ်ကသူဟာ တမခ (၁၁) စစ်ဦးစီးမှု ပထမတန်း ဂျီဝမ်း၊ နေခဲ့ဖူးသူပါ။

အမှန်အကန်ကို ဖားထားတဲ့အတွက် လူကြီးများနဲ့ ပိုင်တယ် ဆိုပြီး ရိုက်ပေါက်တွေ လုပ်ရဲတဲ့ သူပါ။ ဒုဗိုလ်ချုပ်ကြီး ကိုကိုကြောင့် ဒုဝန်ကြီးဖြစ်လာသူ ဟုလည်း ပြောနိုင်ပါတယ်။ စစ်သူနာပြု ကျောင်းအုပ်ကြီး ဖြစ်တော့ မွန်မြတ် မေတ္တာ အိမ်ယာမှာနေတဲ့ ဒုဗိုလ်ချုပ်ကြီးကိုကို အိမ်ကို မုန့်ဟင်းခါး၊ ဘိန်းမုန့်၊ ကျောက်ကျော၊ ရွှေဖရုံသီး၊ ဆနွင်းမကင်းတွေ ဖားယားပြီး သွားပို့ကာ လူကြီးအိမ်မှ သိန်းကျော်တန် ချိတ်ထမီများ၊ ပုဆိုးများကို အတင်းတောင်းကြသူတွေပါ။
ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ ကတော်ဒေါ်စဝ်နွမ်းခွံဆမ်ရဲ့ အမျိုးတွေ တဖြုတ်ဖြုတ် ဆုံးတော့လည်း မသာကိုယ်စားလှယ် သွားလုပ်ကာ ဟိုဝင်ပါ၊ သည် ဝင်ပါဖြင့် မျက်စိ နောက်လောက်အောင် အဖြစ် သည်းပြ ခဲ့ပါတယ်။ ကျောင်းအုပ်ကြီး တာဝန်များကို ပစ်ထားပြီး ထိုလူကြီးရဲ့ အိမ်မှာရော၊ အန်တီဖိန်း၊ အန်တီဖန်းတို့ မသေခင် တက်သွားတဲ့ အာရှတော်ဝင်ဆေးရုံမှာ ရုံးချိန်ရော၊ ရုံးချိန်ပြင်ပရော မသာ ကိုယ်စားလှယ်ကြီး အဖြစ် အပီအပြင် သရုပ်ဆောင်ပြခဲ့သူပါ။ ဆေးရုံက သူနာပြုတွေ ဆရာဝန်တွေထက် ရောဂါပိုသည်းပြပြီး မျက်ရည်မထွက်ထွက်အောင် ဇနီးမောင်နှံနှစ်ဦးက အကယ်ဒမီ ပေးလောက်အောင် အမူအရာ ပိုပြနိုင်သူတွေပါ။

ကြုံကြိုက်တုန်း ဖားတတ်လွန်းပုံကို သိရသလောက် ပြောပြရရင်

(၁)    ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်ကို ဖားဖို့ ဒုဗိုလ်မှူးကြီး မြင့်ကြည်ရဲ့ မိန်းမမှ တဆင့် လက်ဆောင်များစွာ၊ စားစရာမျိုးစုံ ကို အိမ်တော်ထဲ အရောက်ပို့တတ်ပါတယ်။ လက်ဆောင်တွေကို ပါကင်ထုပ်ပြီး သူတို့နာမည် ရေးတဲ့စာလုံးက မမြင်မှာစိုးလို့ ကြီးကြီးရေး တာ သေချာလောက်တယ်။

(၂)    ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဒေါ်မြမြစန်းကို ဖားဖို့ ပုဇွန်များ၊ ဈေးထဲမှ ဝယ်ပြီး ကိုယ်တိုင် ချက်ပို့ပါတယ်၊ လတ်လတ်ဆတ်ဆတ် ခူးပေးတာပါဆိုပြီး အလကား အချိုအချောင်နှိုက်ထားတဲ့ ဟင်းသီးဟင်းရွက်များနဲ့ ဟင်းချက်သည့်အပြင် အခြားအမယ်မျိုးစုံကို အိမ်တော် ထဲ အရောက် ပို့တတ်ပါတယ်။ တကယ်တမ်း သူတို့ပေးတာ စားပြီး ဝမ်းမသွားတာ တော်တော်ကို ကံကောင်းတယ်။

(၃)    ယခု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ရန်ကုန်၊ ကျိုက်ဝိုင်းဘုရားနားက အိမ်ကို တစ်လတခါ ဆီနှင့်ဆန် အိတ်လိုက်၊ ပီပါလိုက် ကိုယ်တိုင်သွားပို့တာ ပတ်ဝန်းကျင်က မျက်စိကို နှောက်နေသည်အထိ  ဖြစ်ပါတယ်။ ဒါတောင်အားမရ လို့ ဒေါ်ကြူကြူလှ ရန်ကုန်ရောက်ပါက ဟင်းချက် အမယ်စုံအား ကိုယ်တိုင် သွားပို့ကာ ပက်ပက်စက်စက် ဖားတတ် ပါသေးတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အမေ ဆုံးသွားတုန်းကလည်း မကောင်းမကန်း ကျောက်ကျောနဲ့ရွှေဖရုံသီး ဆနွင်းမကင်းတွေပေးပြီး မျက်နှာလို မျက်နှာ ရအောင် ဒေါ်ကြူကြူလှအား အစွမ်းကုန် ဖားခဲ့ပါသေးတယ်။

(၄)    အပတ်စဉ် အဖားမပျက် ဖားမြဲ ဖားအိမ်ကတော့ ယခုပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး  ဒုဗိုလ်ချုပ်ကြီးကိုကိုတို့ အိမ်ကို ဖြစ်ပါ တယ်။ မရိုးနိုင်အောင် အကြောင်း အမျိုးမျိုးပြပြီး (ဥပမာ- မမနွမ်းရေ၊ သည်နေ့တော့ အိမ်မှာ မုန့်ဟင်းခါး ချက်လို့၊ ကျောက်ကျောထိုးလို့) စသည်ဖြင့် ပေါချောင်ကောင်း လိုင်းသွင်းခဲ့ပါတယ်။ အခြားသူတွေကတော့ သိန်းကျော်တန် ပိုးချိတ်တွေ၊ ခြင်းကြီး ခြင်းငယ်နဲ့ ဂါရဝပြုနေ ချိန်မှာ ဆရာကွေးနဲ့ ခင်ရဲမွန်တို့ကတော့ ငါးထောင် လောက်တောင် မတန်တဲ့ စားစရာတွေနဲ့ အချိုအချောင်နှိုက်ကာ ဖားကြသူတွေပါ။ ဖားတာတောင်မှ ဈေးအပေါဆုံးကိုမှ ရွေးပြီး ဖားတတ်တဲ့သူတွေပါ။ ဘယ်လိုပြောရမလဲ ဖား ပါးဝတယ် ပြောရမလားဘဲ။ ဆက်တိုက်ဖါး ရင် ငွေကုန်ကြေးကျများမှာ စိုးလို့တူပါတယ်။

(၅)    ဒုဗိုလ်ချုပ်ကြီး ကိုကို တို့အိမ်လိုပဲ ခြံချင်းကပ်လျက် အိမ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ အိမ်ကိုလည်း ရေရေလည်လည် ဂျွမ်းပစ်ပြီး ဖားပါသတဲ့။ စစ်ဦးစီးမှူး ပထမတန်း ဂျီဝမ်းဘဝတုန်းက ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်းက တပ်မမှူးဖြစ်ခဲ့စဉ် ကျော်ဇံမြင့်ရဲ့ အသုံးမကျမှုများ၊ အချိုပေါ် သကာလောင်း အဆင့်လောက်သာ လုပ်တတ်သူဟု အကြောင်းသိထားသူမို့လို့ သူတို့ရဲ့ ဖါးကွက် ကို ပြင် လိုက် ပါတယ်။

(၆) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နဲ့ စစ်ကျောင်းအုပ်ကြီးဘဝမှာ ပြန်တွေ့တော့ မျက်နှာများ ရမလား၊ တိုင်းမှူး ဖြစ် သွားအောင် ထောက်ခံပေးမလားဆိုပြီး အပြုံးမျိုးစုံ (ငါးခူ၊ ငါးရံ့၊ ငါးဆားနယ်) ပြုံးပြီး၊ သွားဖြဲပြီး ဖားကြပါသတဲ့။ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း ကတော် ဒေါ်မာမာဝေ အတွက် မကောင်း မကန်း ဘိန်းမုန့်တွေ ပို့၊ မတရားလောဘနဲ့ တောင်းထားတဲ့ ဂုတ်သွေးစုပ်ကာ ရထားတဲ့ ပိုက်ဆံနဲ့ တန်ဖိုးကြီး အင်္ကျီ၊ ထမီများ ဝယ်ပြီးဖား၊ ဒေါ်မာမာဝေ ကြိုက်တယ်ဆိုတဲ့ဝိုင် ကေကေအို မှ ကြေးအိုးများ ဝယ်ကာ ဖားတတ်တဲ့ လင်မယား နှစ်ယောက်ပါ။

(၇)    ဖားနည်းမျိုးစုံနဲ့ ဖားတဲ့ အိမ်တွေ များစွာရှိပါသေးတယ်။ သိရသလောက် ပြောရရင် ပြုတ်သွားတဲ့ ကစထမှူးဗိုလ်ချုပ် တင်ငွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း (DSA – 24 တစ်ပတ်စဉ်ထဲလဲ သူငယ်ချင်း ဖြစ်နေတာတောင် မရှက်ဘဲ ဖားတာပဲ)၊ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း)၊ သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက် (ယခင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ်)၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာသန်းအောင် (ယခင် ဒါရိုက်တာ၊ ကကဆေး)၊  ဗိုလ်ချုပ် ဇော်ဝင်း ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် (ဒုလကရချုပ်-၁)၊ ဗိုလ်ချုပ် သိုးထိန်း (ဒုလကရချုပ်-၂)၊ ဒုဗိုလ်ချုပ်ကြီး စိုးဝင်း (ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုဗိုလ်ချုပ်ကြီး ဝင်းမြင့် (စစ်ရာထူးခန့်ချုပ်)၊ ဒုဗိုလ်ချုပ်ကြီး သောင်းအေး (တပ်မတော် စစ်ဆေးရေး အရာရှိချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ဝေလွင် (စစ်ထောက်ချုပ်)၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့် (တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်)၊ ဗိုလ်ချုပ် တင်မောင်ဝင်း (ဒါရိုက်တာ၊ ကကတမ်း)၊ ဗိုလ်မှူးချုပ် လူအေး (စစ်ဦးစီး ဗိုလ်မှူးချုပ်)၊ ဗိုလ်ချုပ် မောင်မောင်အေး (နေပြည်တော် တိုင်းမှူး) စသဖြင့် ရောဂါ ရှာ ပြဿ နာ ဖန်တီးနိုင် တဲ့ လူကြီးများကို လက်အောက်ငယ်သားများထံမှ မတရား ယူထားတဲ့ ပိုက်ဆံတွေထဲက ဆယ့်ငါးပုံ ပုံ တစ်ပုံလောက်ကို ပက် ပက် စက်စက် ဖားဖို့ သုံးစွဲပါသတဲ့။

ထိုကဲ့သို့ လူမျိုး အဘယ်ကြောင့် ပြည်ထဲရေး ဒုဝန်ကြီး ဖြစ်သွားလဲ ဟု မေးစရာရှိပါသည်။ တော်လို့လား ဟု မေးရင် နိုး ။ မဟုတ်ပါ။ အရည်အချင်းရှိလို့လား ဟု မေးရင် နိုးးးးးးးးးးးးး။ မဟုတ်ပါ။ လွန်စွာ ဖားတတ်လို့ပါ။ အဖားတော်ရာမှာရော၊ အလျားတော်ရာမှာရော အကယ်ဒမီပေး ရမယ့်သူပါ။

လက်ရှိ ပြည်ထဲရေး ဒုဝန်ကြီး ဘဝမှာလည်း ဒုတိယသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း နောက်လိုက်ရင်း တိုင်းပြည်တစ်ခွင် လှည့်လှည် တောင်းရမ်း နေဆဲပါဘဲတဲ့။ တာလေ ငလျင်တုန်းကလည်း ငလျင်လှုပ်တဲ့ နေရာကို မသွားဘဲ တာလေ ရဲစခန်းကို သွားစစ်ကာ မြို့နယ် ရဲစခန်းမှူးဆီကနေ ငွေနှိုက်၊ ဒေသထွက် စားစရာများကို ဓားမြတိုက်ယူပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် ဒုတိယသမ္မတ (၂) ကို ဖားလိုက်ပါ သေးတယ်။ ဟို သီချင်းထဲကလို ဖြစ်နေပါပြီ။ မချစ်ရင် မနေနိုင်တာက လွဲလို့။ ကျော်ဇံမြင့် အတွက်ကတော့ မဖားရင် မနေနိုင်တာက လွဲလို့ .။

..ထွေအုပ်၊ အကျဉ်းဦးစီး၊ အထူးသတင်းတပ်ဖွဲ့၊ စစစ၊ ရဲ စသည့် လက်အောက် အဖွဲ့အစည်းများကိုလည်း အကြောင်းအမျိုး မျိုးပြပြီး ပြည်ထောင်စုဝန်ကြီး မသိအောင် လင်ရော၊ မယားရော အားပါးတရ နှိုက်ကြပါသတဲ့။

အပြောင်းအရွှေ့လုပ်ချင်သလား၊ ပြည်ထဲရေး ဒုဝန်ကြီးအိမ်ကို လာထား၊ အားလုံး အဆင်ပြေရမည်။ ငွေသာ ဖောဖောသီသီ ယူခဲ့ပါတဲ့။ နောက်တစ်ခု ရှိသေးတယ်။ ကြည်း ၁၇၄၈၉၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သူ့အိမ်ကိုလာဖားရင် အလေးပြုပြီး ဝင်တာကို လုံးဝ မကြိုက်ပါဘူးတဲ့ခင်ဗျား။ ဘာလို့လဲဆိုတော့ အလေးပြုတယ်ဆိုတာ လက်နှစ်ဖက် အနက် တစ်ဖက်ဖက်က အားနေလို့ပဲတဲ့။ လက်မအားရအောင် ပစ္စည်းဆွဲလာတဲ့သူဆိုရင် အလေးမပြုနိုင်ဘူးတဲ့။ လက်မအားနိုင်အောင် ဆွဲလာတဲ့ သူကိုပဲ ပိုကြိုက်တယ်ဆိုပြီး အိမ်မှာ တွေ့ဆုံကာ အချိုအချောင်လေးတွေ နှိုက်ပါသတဲ့။

ကိုယ်တိုင် အဖားတော်သလို ယူထားသည့် မိန်းမ ခင်ရဲမွန်ကလည်း သူ့ထက် မသာရင်သာ နေမယ်၊ သူ့လိုပါပဲ။ နာမည်ကတော့ ဆန်းသလားမပြောနဲ့၊ ပြည်မြို့ဇာတိက ဖြစ်ပြီး နာမည်ကတော့ တပ်မြို့နာမည်နဲ့ လာတူနေတာ။ ခင်ရဲမွန်က မဆလ စစ်အာဏာရှင် ဦးနေဝင်းနဲ့ အမျိုးတော်တယ် ဆိုပြီး ကျော်ဇံကွေးတို့ အပိုင်ကြံလိုက်တာလေ။ သိတယ်မဟုတ်လား။ တော် (၄) တော် (မိဘတော်၊ မိန်းမတော်၊ ဆရာတော်၊ အဖားတော်) အားလုံးနဲ့ ပြည့်စုံပြီ ဆိုမှတော့ ကျော်ဇံကွေးတို့ ရာထူးတွေ မြင့်လာတာပေါ့။

သေနတ်ကို မိုးပေါ်မပစ်တဲ့ အမျိုးပီပီ သူမကလည်း ပိုက်ဆံကို မိုးပေါ်မပစ်ပါ။ ရှိသမျှ အိတ်ထဲကို သိမ်းကျုံးထည့် ကာ ယောက်ကျား က ပြည်သူ့ချွေးနှဲစာတွေကို မတရားသဖြင့် ပက်ပက်စက်စက် တောင်း၊ မိန်းမက အဖတ်တင်အောင် ဆည်တဲ့ကန်သင်း မကဘဲ ပင်လယ်ကြီးလောက်ကို စုတာ။

အိမ်ထောင်သက် တစ်လျှောက် နေထိုင်စားသောက်စရိတ်ကို အချိုအချောင်နှိုက်ကာ နေထိုင်ကြတဲ့ တကယ့်စံပြလင်မယားပါပဲ။ အိတ်ကပ်ထဲက ပိုက်ဆံထွက်ဖို့ဆိုတာ ခင်ရဲမွန်တို့ လုံးဝ မစဉ်းစား၊ ဘယ်လိုဝင်မလဲဆိုတာပဲ စဉ်းစား၊ အလကားရမယ်၊ စပွန်ဆာရှိတယ်ဆိုရင်ဖြင့် ပါးစပ်သရမ်းကြတဲ့ လင်မယားနှစ်ယောက်၊ ကျော်ဇံမြင့်က သည်းခြေကျောက်တည် ရောဂါဖြစ်၊ ခင်ရဲမွန်က ကိုယ်မှာ ယားနာတွေပေါက်၊ လူကသာ အရာရှိကတော်၊ အနေအထိုင်၊အပြောအဆို၊ သန့်ရှင်းသပ်ရပ်မှုကတော့ ဈေးထဲက ငါးစိမ်းသည်မှ သူ့ထက်သာအုံးမယ်။ ညစ်တိညစ်ပတ်၊ စုတ်တိစုတ်ချာ ဝတ်စားဆင်ယင်ကာ လူကြီးအိမ်ကို မြောင်းဖောက် မတတ် ကူးချည် သန်းချည် သွားတတ်သူဖြစ်ပါတယ်။

မကောင်းမကန်း မုန့်ဟင်းခါး၊ ရွှေဖရုံသီး ဆနွင်းမကင်း၊ ဘိန်းမုန့်၊ ကျောက်ကျော များဖြင့် အကုန်အကျ နည်းပြီး အချိုအချောင်နှိုက်ကာ မျက်နှာလို မျက်နှာရ ဖားတတ်သူပါ။ ကိုယ်တိုင် လုပ်တတ်လားဆိုတော့လည်း စစ်အာဏာရှင်အမျိုးပီပီ ဘာမှမလုပ်တတ်၊ ကြက်ဥ၊ ဘဲဥတောင် မပြုတ်တတ်တဲ့ သူမက ဆရာမ လုပ်ရာမှာတော့ စားဖိုမှူးကြီးထက် ဆိုးသတဲ့။ ဟိုလိုလုပ်ပါလား၊ သည်လိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူး။ သည်လို အမျိုးအစားပါ။ 

တပ်မှာ ယောက်ကျား တပ်ရင်းမှူး ဖြစ်မှ လိုက်နေတဲ့သူက ပြောလိုက်ရင်တော့ အရာရှိငယ်ကတော် ဘဝတုန်းက ဘယ်သူ့ကို ဘယ်လို လုပ်ပေး ရတယ်၊ ဘယ်အိမ်မှာ ဘယ်လို အမှိုက်လှည်း၊ ကျုံး၊ အိုးခွက်ပန်းကန်ဆေး၊ ဟင်းချက်ပေးရတာ၊ ဘာညာနဲ့ အပလိ ချောက် ချက်နဲ့ ပြော တတ်သေး။ လက်တွေ့မှာတော့ သူမ လုပ်တတ်တာ ဘာမှ မရှိပါ။ အဝတ်လည်း မလျှော်တတ်၊ ခေါက်တောင် မခေါက်တတ် ပါ။ ဟင်းမချက်တတ်၊ ဈေးမဝယ်တတ်၊ မိန်းမဆိုတာ အိမ်ထောင် ထိန်းသိမ်းမှု ကောင်းရမယ် ဆိုပြီး ပါးစပ်ကနေ အခြားကတော်တွေ ကို သာ ဆရာမ လုပ်နေတာ။

ကျော်ဇံကွေးနဲ့ ခင်ရဲမွန်တို့ ဘယ်လောက်ညစ်ပတ်လဲဆိုရင် တစ်နေ့လုံးနေမှ လင်မယားနှစ်ယောက် စလုံး ရေချိုးချင်မှ ချိုးတာ ပါ။ ယောက်ကျားကလည်း ခေါင်းမှာ ဗောက်၊ မိန်းမကလည်း ဖိုသီဖတ်သီနဲ့ ဆံပင်မှာ ဗောက်မွေး အော်ဒါယူထားကြသူတွေပါ။ အပြင်သွားပြီဆိုလည်း ကားထဲမှာ လင်မယားနှစ်ယောက် စလုံး အီး ပေါက်ကြ။ ဝမ်းကမမှန်၊ အီးက ဗွမ်ဗွမ်နဲ့၊ လိုက်မောင်းပို့ရတဲ့ ကားသမားဆို ငရဲကျနေတဲ့ အတိုင်းပါပဲတဲ့။

ပွဲမတိုးတဲ့ လင်မယားနှစ်ယောက်နဲ့ အတူသွားလာရတဲ့ အောက်လက်ငယ်သားတွေ ဆိုရင် မျက်နှာသိပ်ငယ်ရရှာပါသတဲ့။ ကိုယ့်လူကြီးဆိုပြီး လက်ညှိုးထိုးပြီး မပြရဲ။  အရေးထဲ မွေးစားသားလေး မောင်ညီညီဇံကလည်း အရမ်းသောင်းကျန်းတယ် ဆိုပဲ။ သွေးမတော် သားမစပ် မွေးစားသားလေးကို တယုတယနဲ့ အလိုလိုက်ထားလို့ ပျက်စီးချင်တိုင်း ပျက်စီးနေပါသတဲ့။
ခင်ရဲမွန်က ကလေးမမွေးနိုင်ဘဲ မြုံနေလို့ ကျော်ဇံမြင့် တပ်မ(၁၁)မှာ တပ်ရင်းမှူးလုပ်တုန်းက အခြားအဆင့်တစ်ဦးရဲ့ ကလေး ကို မွေးစားလိုက်ပါတယ်။

အဲ့ဒီကလေးက ညီညီဇံပါတဲ့။ ယောက်ကျားမပီမသ၊ ဂန်ဒူးကလေး ညီညီဇံအား ကျော်ဇံမြင့်နဲ့ ခင်ရဲမွန်က ဖူးဖူး မှုတ်ထားလို့ ကလေးကိုလည်း ပြည်ထဲရေးက လူတွေက ကြောက်ရပါသတဲ့။ ခလုတ်နှိပ် တတ်လွန်းလို့လည်း စလံပေးရပါသတဲ့။ ယောက်ကျား များ မြင်ရင် အခြောက်ပီပီ ဟိုကိုင် ဒီကိုင်လုပ်တတ်လွန်းလို့ အိမ်တွင် လုံခြုံရေးကျသော ရဲများ ဘုရားတ တ နေရတယ်တဲ့။ ညီညီဇံ မမြင်ပါစေနဲ့ ဆိုပြီး ဆုတောင်းနေရတယ်။ မြင်ရင် ဟိုကိုင်၊ ဒီကိုင် လုပ်၊ သူ့အလို မပြည့်ရင်လည်း မွေးစားအဖေ၊ အမေကို လှမ်းအော်ပြီး လီဆယ် တိုင်ကြားတတ်လွန်းလို့ အားလုံးရဲ့ အော်ကြော့လန် လေးပါ။

ထိုသို့သော ပင်ကိုယ်စိတ်နေစိတ်ထား၊ အသွင်အပြင်၊ စရိုက်လက္ခဏာ နှင့် မိသားစုပုံစံ ဘာတစ်ခု မှ မကောင်းသော၊ ညံ့ဖျင်းလွန်းသော၊ မိမိ မိသားစုကိုတောင် အောင်မြင်အောင် မတည်ဆောက်နိုင်သော၊ မွေးစားသား ကျားကျားလျားလျား ဖြစ်အောင်တောင် ဆုံးမသွန်သင် မလုပ်နိုင်သော ကြည်း ၁၇၄၈၉၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်အား ပြည်ထဲရေး၊ဒုဝန်ကြီးရာထူးနဲ့ မထိုက်တန်ဟု ယူဆ ပါကြောင်း၊ ပြည်တွင်း တွင် ထားပါက အချိုအချောင် နှိုက်တတ်လွန်းသဖြင့် ပြည်ပတွင်သာ နှစ်ရှည်လများ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင် သင့် ပါ
ကြောင်း ဆွေးနွေး တင်ပြလိုက်ရပါပေသည်။

Sources:
http://www.photayokeking.org/armydevelopment/beyondstory/716-ah-hpa-taw-tu-wun-gyi-kyaw-zan
http://www.photayokeking.org/armydevelopment/beyondstory/717-taww-tuu-kyaw-san-myint
http://www.photayokeking.org/armydevelopment/beyondstory/737-ah-hparr-taw-tu-pyi-hte-yee-wun-gyi
http://www.photayokeking.org/armydevelopment/beyondstory/738-ah-hpa-tawr-tu-pyi-hte-yee-wun-gyi
http://www.photayokeking.org/armydevelopment/beyondstory/747-ahparr-taw-tu-kyaw-zan-kwi
Share

No comments: