|
၁၉၆၂ခုနှစ်တွင်စစ်တပ်မှ
တည်ဆဲအခြေခံဥပဒေကို ချိုးဖေါက်၍ တိုင်းပြည်အာဏာကို သေနတ်မိုးမြေ
တိုက်ပြီးရယူခဲ့သည်။ ထိုနှစ် ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားများက “ မင်းတို့သုံးယောက်ပေါင်းမှ ၄တန်းတောင်အောင်ရဲ့လား ”
ဟု သရော်ပြောင်လှောင်စိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂျာမန်လုပ်
ဂျီသရီးစက်သေနတ်အသစ်များကို အစမ်းသဘောအသုံးပြုပြီး ပညာတတ်ကျောင်းသားများကို
ရက်စက်နာကျင်စွာပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ထို့အပြင်
သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦကြီးကို
ဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီး ပစ်ခဲ့သည်။ ထိုအချိန်မှစ၍
မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာကျောင်သားများနှင့်
အရှေ့တောင်အာရှနိုင်ငံများရှိ ကျောင်းသားများ၏ ပညာရင်နို့သောက်ဆို့ရာ
ထိပ်တန်းအဆင့်မြင့် တက္ကသိုလ်ကျောင်းကြီး ဘဝမှလျှောကျပြီး စစ်အစိုးရအလိုကျ
ဆိုရှယ်လစ်ပညာရေး ခေါင်းစဉ်အောက်တွင် ခေါင်းမပါသောစစ်ဗိုလ်များ၏
လက်ဝါးကြီးအုပ် ချယ်လှယ်မှုကြောင့် အဆင့်အတန်းမမှီသောဘွဲ့ရများကိုသာ
မွေးထုတ်ပေးသည့် တက္ကသိုလ်ဘဝသို့ကျ ရောက်သွားခဲ့ ရသည်။ ပညာရေးဝန်ကြီး
ဒေါက်တာညီညီအပါအဝင် လက်တည့်စမ်းဆိုရှယ်လစ်ပညာရေး စံနစ်အောက်တွင်
မြန်မာကျောင်းသားများ အလူးအလဲခံစားရင်း တိုင်းပြည်ကြီးတခုလုံး နိမ့်ကျသည့်
ပညာရေးကြောင့်စီးပွါးရေးချွတ်ခြုံကျခါ ကမ္ဘာ့လူမွဲစာရင်းဝင်
နိုင်ငံဘဝသို့ကျရောက်သွားခဲ့ရသည်မှာ ရင်နာစရာပင်ဖြစ်သည်။
ဗိုလ်နေဝင်းသည်
တိုင်းပြည်မွဲတေသွားရခြင်းနှင့် ပညာရေးနိမ့်ကျသွားရခြင်း၏
အဓိကတရားခံဖြစ်သည်၊ အာဏာရစစ်ခေါင်းဆောင် ဘဝ
တွင်နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်၍ နှစ်စဉ်ဆေးဝါးကုသခြင်း၊
ဇိမ်ခံခြင်းတို့ကို ခံစားရင်း အိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊
မလေးရှား၊ စင်ကာပူတို့ တဖြေးဖြေးတိုးတက်ဖွံ့ဖြိုးလာသည်ကို
မျက်ဝါးထင်ထင်တွေ့မြင်နေသူမှာ ဗိုလ်နေဝင်းအပြင် အခြားသူမရှိချေ။
ထိုနိုင်ငံများတိုးတက်လာမှုကို သိသော်လည်း မိမိပြည်သူများတိုးတက်မှု၊
တိုင်းပြည်ကမ္ဘာအဆင့်မှီ နိုင်ငံဖြစ်ဖို့ ထက်မိမိအာဏာတည်
မြဲရေးကိုသာဦးစားပေးအလေးထားခဲ့ခြင်း၊ လက်ဝဲအစွန်းရောက်များကို
မိမိအစိုးရအဖွဲ့ထည်းတွင် ပါဝင်စေခြင်းကြောင့် ထိုသူများကပညာရေးစံနစ်တွင်
မူလတန်းမှစ၍ အင်္ဂလိပ်ဘာသာစာပေသင်ကြားမှုကို
အင်္ဂလိပ်မုန်းတီးစိတ်ဖြင့် လျှော့ချပြီးအင်္ဂလိပ်ဘာသာမှလွဲ၍ သင်ကြားနေသော
ဘာသာရပ်အားလုံးတို့ကို မြန်မာစာနှင် အစားထိုးသင်ကြားစေသဖြင့်
ကျောင်းသားများ အင်္ဂလိပ်စာညံ့ဖျင်းလာပြီး ဘာသာရပ်အားလုံးကိုလေ့လာရာတွင်
ကမ္ဘာအရပ်ရပ်ရှိသိပ္ပံ၊ ဝိဇ္ဇာဘာသာရပ်တို့ကို ပြည့်ပြည့်စုံစုံ
အင်္ဂလိပ်စာဖြင့်ရေးသားထုတ်ဝေထားသော စာအုပ်စာတမ်းများကို မဖတ်ရှုနိုင်တော့ဘဲ
ရှိခဲ့သည်။ အင်္ဂလိပ်စာနှင့် ထုတ်ဝေထားသောစာပေတို့ကဲ့သို့
မြန်မာပြန်စာအုပ်များမရှိခြင်းကြောင့် ယနေ့မြန်မာနိုင်ငံသားများ
ကမ္ဘာ့အလယ်တွင် လေ့လာမှုအားနည်းလာခဲ့ပြီး ဗဟုသုတချို့တဲ့သော
လူဆင်းရဲများအဖြစ် မျက်နှာငယ်ခဲ့ရခြင်း ဖြစ်သည်။
ဒုတိယတရားခံမှာ
ဗိုလ်သန်းရွှေဖြစ်သည်၊ ဆရာဖြစ်သူကို အာခံ၍ဆရာ့လမ်းစဉ်အတိုင်း
အာဏာကိုင်စွဲရေးလမ်းစဉ်ကို လိုက်သူမှာလည်း သူပင်ဖြစ်သည်။
ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့သည် အာဏာ ကိုင်စွဲထားရေးတွင် တူကြသော်လည်း
စီးပွါးရေးလမ်းစဉ်တွင်မူ လုံးဝကွဲပြားခြားနားကြသည်။ ဗိုလ်နေဝင်းက
ဆိုရှယ်လစ်စီးပွါးရေးဟု ကြွေးကျော်ပြီး တိုင်းပြည်တွင်းရှိစီးပွါးရေး
လုပ်ငန်းရှင်များအားလုံးကို အရင်းရှင်တံဆိပ်ကပ်ကာ
စီးပွါးရေးလုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းပစ်ခဲ့သည့်အတွက်
အရှေ့တောင်အာရှ၏ ထိပ်တန်းနိုင်ငံဘဝမှ လူမွဲနိုင်ငံဘဝသို့ နှစ်တိုတိုအတွင်း
ကျရောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်းသည် အမျက်စောင်မာန်ကြီးသည်၊
တကိုယ်ကောင်းဆန်လွန်းသည်၊ သူတကိုယ် တည်းတိုင်းပြည်၏ အညွန့်ကိုခူးစားရင်း
တိုင်းပြည်ကြီးတဖြေးဖြေး ဆင်းရဲနွံ့တွင်းသို့ နှစ်နေသည်ကို
တဆိမ့်ဆိမ့်ကြည့်နေနိုင်သူ ဖြစ်သည်။ အင်ဒိုနီးရှားအာဏာရှင်
ဆူဟာတိုကိုအားကျပြီး အင်ဒိုနီးရှားနိုင်ငံကဲ့သို့ ရေနံထွက်မလားဟုတွေးပြီး
ရေနံဖြင့်ချမ်းသာနိုင်မလားဟု စိတ်ကူးနှင့်ကျိုးစားကြည့်ခြင်း
ကျွန်းသစ်များကို ခုတ်ရောင်းခြင်းမှလွဲ၍ တိုင်းပြည်၏ သဘာဝသံယံဇာတများ
တံခါးပိတ်ဝါဒကျင့်သုံး၍ ကိုထိမ်းထားခဲ့ သူဖြစ်သည်။
ဗိုလ်သန်းရွှေသည်
စီးပွါးရေးကို သူ့လူယုံများအတွက်သာ ဖွင့်ပေးသည့် ခရိုနီစီးပွါးရေးစံနစ်ကို
ဖန်တီးခဲ့ခြင်းသည် ဗိုလ်နေဝင်းနှင့် လုံးဝကွဲသည့်မူဝါဒဖြစ်သည်။
အလီဘာဘာလက်သစ်များဖြင့် ပြည်သူပြည်သား များအားလုံးနှင့် သက်ဆိုင်သော
သဘာဝသံယံဇာတများကို နိုင်ငံခြားသို့ဗြောင်ဈေး
ပေါပေါနှင့်ရောင်းချခဲ့သဖြင့် အဖိုးတန်ကျွန်းသစ်တောများ၊ သစ်မာတောများ
ဗိုလ်သန်းရွှေလက်ထက်တွင် လျှင်မြန်သောနှုန်း ဖြင့်ပြုံးတီးသွားခဲ့ပြီး
မိုးခေါင်ရေးရှားမှုဒဏ်၊ ရာသီဥတုဖေါက်ပြန်၍ ရေကြီးသည့်ဒုက္ခ၊ စသည်တို့ကို
ပြည်သူများခါးစည်းခံခဲ့ကြရသည်။ ခရိုနီခေတ်ပျက်သူဌေးများ၊ နှင့်၎င်းတို့နှင့်
ပင်းစားနေသောဗိုလ်ချုပ်များ သန်းထောင်နှင့်ချီချမ်းသာလာသော်လည်း
ပြည်သူတို့ထမင်းနပ်မှန်အောင် မစားနိုင်သည့်အထိ ငတ်မွတ်ဆင်းရဲခဲ့ပြီး
ဆင်းရဲချမ်းသာကွာဟမှု နက်ရှိုင်းစွာ ဖြစ်ပေါ်လာခဲ့သည်။
ဗိုလ်နေဝင်းလက်ထက်မှစတင်၍
ပညာတတ်လူတန်းစားများကို နှိမ်ထားပြီး စစ်သားများက အထက်မှနေ၍
အုပ်ချုပ်ထားမှုကြောင့် ပညာတတ်လူတန်းစားများ မြန်မာနိုင်ငံမှ
တစိမ့်စိမ့်ပြည်ပသို့ ထွက်ခွါသွားခဲ့ကြသည်။ အခြားအကြောင်းတခုမှာ
စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်သိမ်းပစ်လိုက်ခြင်းကြောင့် အလုပ်အကိုင်
ရှားပါးလာပြီး အကျိုးဆက်အားဖြင့် ဘွဲ့ရအလုပ်လက်မဲ့များ
မှိုလိုပေါက်လာခဲ့သည်၊ တိုင်းပြည်တွင် လိုအပ်နေသည့် ဆရာဝန်ပေါက်စများက
အစအလုပ်မရသဖြင့်ပြည်ပသို့ထွက်ကြရသည်။ ပြည်ပသို့ထွက်ကြခြင်းကြောင့်
ဦးဏှောက်ယိုစီးမှုကို ဖြစ်စေခဲ့သည်။
ဗိုလ်သန်းရွှေလက်ထက်တွင်
နဂိုကကျဆင်းနေသည့် ပညာရေးစံနစ်ကို ပြန်လည်မြှင့်တင်ရန်
မစဉ်းစားဘဲလူထုနစ်နာချက်များကို မကြည့်နိုင်တော့သဖြင့်
ဆန္ဒပြတောင်းဆိုခဲ့ကြသော ကျောင်းသားများကိုအင် အားမစုစည်းနိုင်စေရန်
ရည်ရွယ်ပြီး ဒေသကောလိပ်များကို စာသင်ကြားရန် ပစ္စည်းပစ္စယမပြည့်စုံဘဲနှင့်
မြို့ပြနှင့် ဝေးသောနေရာများတွင်ဖွင့်၍ အင်အားဖြိုခွဲခဲ့ပြန်သည်။ ၁၉၈၈
ခုနှစ်မှ ၁၉၉၈ အတွင်းတက် ရောက်သင်ကြားခဲ့ကြသော ကျောင်းသားများသည်
တနှစ်တွင်စာသင်ရက် ၄လ ထက်မကျော်ဘဲ စာမေးပွဲများကို လျော့လျော့ပေါ့ပေါ့နှင့်
လုပ်ပြီးမြန်မြန်ဘွဲ့ရမြန်မြန်ကျောင်းမှ ထွက်ဆိုသည့်နိမ့်ကျသည့်
အတွေးအခေါ်ဖြင့်ကျောင်းများတွင် ကျောင်းသားများအရည်အချင်း
ပြည့်ဝပညာတတ်မြောက်ရေးထက် ကျောင်းများတွင် ကျောင်းသားအင်အားစုများစု
ပြုံမနေစေရေးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့သည်။
စာမေးပွဲဖြေနိုင်မဖြေနိုင် လက်မှတ်ထိုး၍ စာမေးပွဲခန်းသို့ဝင်သော
သူတိုင်းကို အအောင်ပေးခြင်းဖြင့် အရည်အသွေးနိမ့် ဘွဲ့ရများကို
တက္ကသိုလ်များမှ ထုတ်လုပ်ပေးစေခဲ့သည်။ နိုင်ငံလိုအပ်ချက်ဖြစ်သည့်
အရည်အချင်းပြည့်မှီသည့် ဘွဲ့ရကျောင်းသားများ ပေါ်ထွန်းလာရေးထက်၊
အရပ်သားပညာရေးစံနစ်ကို အရည်အချင်းညံ့ဖျင်းစေရန် အကွက်ချ၍ ထားပြီးတဖက်မှလည်း
စစ်တပ်ဦးစီးဖွင့်လှစ်သည့် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာကောလိပ်တို့တွင်
မူအရည်အသွေးပြည့်မှီသော အသင်အပြကောင်းသောဆရာများ၊
ပြည့်စုံသောဓါတ်ခွဲခန်းပစ္စည်းများ၊ ကျောင်းသုံးစာရွက်စာတမ်းများ၊
လုံလောက်သော သင်ရိုးညွှန်းတန်းစာအုပ်များတို့ကို ထား၍သင်ကြားစေခြင်း ဖြင့်
ခွဲခြားထားခဲ့သည်။
ယခင်ကကျောင်းသားများက “ မင်းတို့သုံးယောက်ပေါင်းရင်တောင် ၄ တန်းအောင်ရဲ့လား ” ဟူသော လှောင်ပြောင်မှုကို လက်စားခြေသည့်အနေနှင့် “
မင်းတို့ကျောင်းသားတွေ ငါတို့စစ်ကျောင်းဆင်းတွေလောက်
အရည်အချင်းမရှိပါဘူးကွာ ” ဟုပြောနိုင်ရန် အကွက်ချထားသလားဟုပင်
တွေးစရာဖြစ်နေပေသည်။ အရပ်သား တက္ကသိုလ်ကျောင်းဆင်းများထက်
စစ်ကျောင်းဆင်းများက ပိုသိပိုတတ်ပိုတော်ကြောင်းကို ပြသရန်အလွန်ယုတ်ညံ့သည့်
အတွေးအခေါ်ဖြင့် အကောင်အထည်ဖေါ်နေခြင်း ဖြစ်သည်။ မြေးဖြစ်သူကို မူစင်ကာပူတွင်
နေ့ချင်းပြန်လေယာဉ်နှင့် ကျောင်းထားသည်။ အရပ်သား ကျောင်းသားများအတွက်မူ
ထရံကာသက်ကယ်မိုး ကောလိပ်များကိုတည်ဆောက်စေ၍၊ စာသင်နေချိန်တွင်
မိုးယိုခြင်း၊ အရည်အချင်းပြည့်ဝသော ဆရာများနည်းပါးခြင်း၊
သင်ရိုးညွှန်းတန်းစာအုပ်များ လုံလောက်စွာမရှိခြင်းကြောင့် ရေရှည်တွင်
ပညာရေးအရည်အသွေး ရှိသူများမှာ စစ်ကျောင်းဆင်းများသာဖြစ်၍ တိုင်းပြည်ကို
အုပ်ချုပ်မည့်သူများမှာလည်း စစ်အသိုင်းအဝိုင်းမှပင် ဖြစ်စေရမည်ဟု
ယုတ်ညံ့စွာ စီမံကိန်းချ၍ လုပ်ခဲ့သည်ဟု မြင်သည်။
အမှန်စဉ်
စစ်တနှစ်တနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းများ ၇၀၀- ၁၀၀၀ ထက်မပိုချေ။
ထိုအရည်အတွက်လောက်နှင့် နိုင်ငံတွင်းရှိ ပြည်သူသန်း ၆၀ လိုအပ်ချက်ကို
မဖြည့်ဆည်းပေး နိုင်ချေ။ အမေရိကန်ရှိ ကော်နယ်တက္ကသိုလ်တခုထည်းတွင်
ပင်တနှစ်လျှင် ဘွဲ့ယူသူ ၆၀၀၀ ခန့်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့
တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတွင်ပင် အရည်အချင်းရှိသော ဘွဲ့ရများနှစ်စဉ်
သိန်းနှင့်ချီပြီး လိုအပ်လျက်ရှိသည်။
တနှစ်တနှစ်တက္ကသိုလ်ပေါင်းထောင်နှင့်ချီရှိသောထိုနိုင်ငံတွင်နှစ်စဉ်ဘွဲ့ရသူ
နှစ်သိန်းခန့်ရှိသည်။ ထိုကြောင့်မဖွံ့ဖြိုးသေးသော မြန်မာနိုင်ငံက
အရည်အချင်းပြည်မှီသော ဘွဲ့ရစစ်ကျောင်းဆင်း လက်တ ဆုပ်စာနှင့်
ဦးဆောင်ရန်စဉ်းစားတွေးခေါ်ပြီး လုပ်နေသော စီမံကိန်းသည်
တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အလွန်အန္တရယ်ရှိသည်။
ဒုတိယပိုင်း ( မြန်မာ့ပညာရေး ဘယ်လိုမြှင့်တင်ကြမလဲ )ကို ဆက်လက်ဖော်ပြသွားပါမည်။
No comments:
Post a Comment