Sunday, July 29, 2012

ကမ္ဘာတည်သရွေ့ရှိနေဦးမဲ့သမိုင်း


One has a moral responsibility to disobey unjust law.
Martin Luther king Jr
မတရားတဲ့ဥပဒေကိုဆန့်ကျင်ရမဲ့ တာဝန်ဟာလူသားတိုင်းရဲ့ တာဝန်ဖြစ်တယ်
မာတင်လူသာကင်း

ရှစ်လေးလုံးအဓိဋ္ဌာန်(မောင်စွမ်းရည်)

စစ်အစိုးရဟာ

အစိုးရ မစစ်ဘူး။



လူသတ် ခိုး လု၊ ကာမေသုနဲ့

မုသာဝါဒ၊ အ ကုသလနဲ့

ဘာကမှ မကင်း

သီလကင်းတဲ့၊ မင်းဆိုး မင်းညစ်

ဖက်ဆစ် အစိုးရ၊ န အ ဖ ကို

ဗုဒ္ဓကြိုက်တော် မမူဘူး။



ရေ မီး မင်း ခိုးသူ

မချစ်မနှစ်သက်သူ

ရန်သူငါးပါး၊ ဘုရားဟောမှာ

`မင်း`ရော ပါသမို့

အစိုးရမင်း၊ တရားကင်းပြီး

မင်းကျင့်တရား၊ ကျင့် ၁၀ ပါးမှာ

တပါးမှ မလိုက်

ဒီမင်းမိုက်ကို၊ မကြိုက်လို့မှ

ဖြုတ်မချရင်

ဗုဒ္ဓအလိုတော် မညီဘူး။

ပြည်တင်းရင်၊ မင်းမခံနိုင်ဘူးလို့

အထူးဆိုရိုး၊ မငုတ်မလျှိုး၊ မရိုးရအောင်

ဒို့ စွမ်းဆောင်အံ့။



ဘုရားအလောင်းမင်း

ဝေသန်မင်းလဲ၊ ပြည်တင်းတဲ့ခါ

မခံသာလို့၊ ပြည်ရွာစွန့်ခွာ

သင်ခန်းစာကို

ဘယ်မှာ မေ့သင့်ပါမလဲ။



``မင်းဆိုသမျှ ကွင်းရှောင်မယ်

ထမင်းတောင် စားချင်ဘုလေး..``လို့

ရှေးရှေးတုန်းက၊ ဦးပုညဟာ

ဘ၀နဲ့ရင်းပြီး၊ ရှင်းတမ်းထုတ်သလို

ဗိုလ်ချုပ်မင်းတွေကိုလဲ

ပြည်သူက တင်း၊ သွေးနဲ့ရင်းပြီး

ငြင်းဆိုမှုဖြင့်၊ ပြည့်သူ့တာဝန် ကျေဖူးပြီ။



``စစ်ဆိုရင်၊ ရေကိုပင် မစစ်ချင်ဘူး``လို့

စစ်ရူးတွေကို စက်ဆုပ်

စစ်ဗိုလ်ချုပ်တွေကို နာကျည်း

စစ်ဒုက္ခတွေကို ခါးသီး

မုန်းတီးရွံ့ရှာ၊

အမျိုးသား သင်ခန်းစာကို

ကမ္ဘာမကြေ၊ ဗမာတွေက

ကမ္ဘာကို ဝေလိုက်ပြီ။



စစ်တပ်ကို မုန်း၊

စစ်ဖိနပ်ကို မုန်း၊

စစ်သေနတ်ကို မုန်း၊

အညစ်အပတ်၊ အညှစ်အသတ်

အကွပ် အညှပ်တွေနဲ့၊ အပစ်အခတ်တွေကိုလဲ မုန်းလဲပြီ။



စစ်ဗိုလ်က

စစ်ဗိုလ်အလုပ်ကို မလုပ်

ဓမြဗိုလ် လုပ်သမို့ ဖြုတ်ချ

ပြည်သူက တင်း၊ ပြည်သူက ငြင်းလျက်နဲ့

အတင်း မက်၊ အတင်း ဖျက်၊ အတင်း ရက်စက်

အတင်း တက်ပြီး၊ စစ်မင်းတည်ထောင်

စစ်မီးတွေလောင်လို့

ပြည်ထောင်စု ပြာပုံဖြစ်

သမိုင်းညစ်အောင်၊ အရိုင်းခေတ်ကို ပို့ဆောင်

အမှောင်တခေတ်ကို

စစ်ဗိုလ်ချုပ်တွေ တည်ထောင်ရစ်ကြပြန်လေပြီ။



ဂ ငယ်သုံးခု၊ ဥသျှစ်ထုသလို

၈ ငယ်လေးခု၊ ရှစ်လေးလုံးမှာ

စစ်မင်းဆက်၊ သုဉ်းပြန်ရော့လို့

ရုန်းကန်တဲ့ လူထုကို

ဗုံးဆန်နဲ့ထု၊ ဒုန်းပျံနဲ့ထု

အာဏာလုသူကို ဖီဆန်တဲ့အရေးမှာ

ကျည်ဆန်နဲ့သာ ပေးပြီး

သွေးကန် သွေးမြစ်

သွေးချောင်းတွေ ဖြစ်စေခဲ့ရပါပြီ။



ဒီမိုကရေစီရရှိရေး ဒို့အရေး

လူ့အခွင့်အရေးရရှိရေး ဒို့အရေး

စစ်အာဏာရှင်ဖြုတ်ချရေး ဒို့အရေးလို့

ဒို့ကြွေးကြော်တဲ့ ရှစ်လေးလုံးမှာ

သံဃာတွေလဲပါ၊ သီလရှင်တွေလဲ ပါခဲ့တယ်။



ကျောင်းသားနဲ့ ကျောင်းဆရာ

စာရေးဆရာတွေလဲ ပါတယ်။

ကဗျာဆရာ၊ ၀တ္ထုရေးဆရာနဲ့

သတင်းစာဆရာတွေလဲ

ရှေ့ဆုံးက နွဲကြတယ်။

ပန်းချီ ဂီတ၊ သုခုမ ပညာရှင်

သဘင်သည်တွေလဲ၊ ပါဝင်ဆင်နွဲကြလေရဲ့။



ဆရာဝန် သူနာပြုနဲ့

ဥပဒေ အကျိုးဆောင်တွေလဲ

မပါဘဲ ဘယ်နေမလဲ။

ဖဆပလ ဟောင်း၊ ပမညတ ဟောင်း

မဆလ ဟောင်း၊ ဗကပ ဟောင်းနဲ့

ဗကသ ဟောင်းတွေလဲ၊ ချွေးသံရွှဲရွှဲ

သွေးသံရဲရဲနဲ့၊ လက်ချင်းတွဲကြတာ

အံ့စရာပါပဲ။



အိုးခွက် ပန်းကန် တမမနဲ့

ဆန္ဒပြသူတွေဟာ

အိမ်ရှင်မတွေပါတဲ့။

မျက်မမြင် ဒုက္ခိတကလဲ

ဒုတ်ရှိသမျှနဲ့ တလှမ်းချင်းထောက်ပြီး

လမ်းဆင်းလျှောက် ဆန္ဒပြတာ

ကမ္ဘာ့အံဖွယ် မြင်ကွင်းပါ။



အလုပ်သမား၊ လယ်သမားတွေနဲ့အတူ

တူ တံဇဉ်တို့ရဲ့ သမီးသား

စစ်သမီး စစ်သားတွေတောင်မှ

ရှောင်မထွက်ဘဲ၊ လက်နက်တွေပစ်ချ

လမ်းမပေါ်ထွက်

ပြည့်သူ့ဘက်ကို ပါခဲ့ပြီ။



အမြို့မြို့ အရွာရွာ

ရှိရှိသမျှ လမ်းတွေ လမ်းတွေမှာ

ပန်းတွေ ပန်းတွေကြဲ

ရဟန်းတွေလဲ အခန်းမနေ ဂူမအောင်း

ကျောင်းသားတွေ လက်ကိုဆွဲ

ပြည်သူနဲ့လက်တွဲ လမ်းထဲကိုလျှောက်

အံလောက်ဖွယ် အရေးတော်ပုံကြီးမှာ

မီးဒုတ် မီးဒုတ်တွေဆိုတာ

အစည်းအထုပ်လိုက် ရှို့ခဲ့ပါကောလား။



စစ်တပ်ကတော့ စစ်တပ်ပဲ

ပစ်သတ်ဖို့ပဲ သိရဲ့။

သေနတ်တွေ မိုးပေါ်ထောင်မပစ်

သိုးကောင်တွေကို မုဆိုးပစ်သလို

ခါးဆစ်ရဲ့အထက်၊ လက်ပျဉ်နဲ့ ရင်ဒူး

နဖူးဆို နဖူး၊ ဦးခေါင်းဆို ဦးခေါင်း

တဆံခြည် မစောင်း

ချက်ကောင်းကိုပဲ ပစ်ခဲ့တယ်။



ရဟန်း ရှင်လူ၊ ပြည်သူတွေဟာ

မြေမှာလဲကျ

ငရဲပြေက မြေလွှာအက်ပြီး

ငရဲသားတွေ မြေက စုံ့ထွက်

ယမ်းခိုးတွေ မိုးထိတက်ပြီး

သွေးတွေ သွေးတွေ သွေးတွေတပွက်ပွက်မှာ

အူထွက် လက်ပြတ်၊ ခြေတွေပြတ်လို့မှ

မသေတတ်သေးရင် သေအောင် ကြေအောင်သတ်

မီးရှို့သတ်၊ မြေဖို့သတ်၊ လေဆို့သတ်၊ ရိုက်သတ် ညှစ်သတ်

သတ်နည်းအစုံ၊ သတ်လို့မှမကုန်ရင်

မြို့အစုံ၊ ထောင်အစုံ

အပါယ်ဘုံ ငရဲခန်းမှာ၊ ညှင်းပန်းနှိပ်စက်

လူ့ဇာတ်ကိုဖျက်ပြီး၊ ဆယ်သက်စာ နလံမထူဘဲ

လူနုံ လူဖျင်း၊ လူ့အောက်ကိုနိမ့်ဆင်း

လူချင်းမတူအောင်၊ လူကိုခွေးဖျက်

ခွေးထက်ယုတ်ကန်း၊ နှိပ်စက်ခန်းတွေ ဖွင့်ခဲ့ပြီ။



အယုတ်ကတကာ့ အယုတ်ကတော့

ဗုဒ္ဓသာသနာမှာ

သံဃာကို သံခြေချင်းနဲ့

သံဃာကို ထောင်သွင်း

သင်္ကန်းကို မြေချနင်း

သံဃာကို သတ်တဲ့မင်းရယ်လို့

ဒင်းတို့သမိုင်းကို ဒင်းတို့ပဲရိုင်းရစ်စေပါပြီ



ပြည်သူ့ရင်သွေး၊

ကျောင်းသား ကျောင်းသူလေးတွေရဲ့

သွေးချောင်း သွေးမြစ်မှာ၊ စစ်ဖိနပ် ခြေဆေး

စစ်သမိုင်း ညစ်ထေးကိုလဲ

စစ်ဗိုလ်တွေ စစ်ကျည်ဆန်သွေးပြီး

စိတ်တိုင်းကျ ရေးခဲ့ပြီ။



ညစ်မှောင်တဲ့ သမိုင်း အရိုင်း၊ ခေတ်သွေးကြွေး

ဘယ်သူ ဘာနဲ့ပေးဆပ်ကြမလဲ။

ကြွေးယူရင် ကြွေးဆပ်ကြရမှာ

ကြွေး ဥပဒေပါပဲ

အညစ်အကြေးကို ဆေးကြော ရမှာ

လောက ဓမ္မတာပါပဲ။

အမှောင်ဆိုတာလဲ၊ အမြဲမမှောင်

အမှောင်ခွင်းပြီး အလင်းဆောင်ရမှာ

လူတိုင်း တာဝန်တွေပဲ။



ဝေသန္တရာဇာတ်မှာ၊ တပ်အပ်ပါတယ်

ဘုရားအလောင်းမင်းတောင်မှ

ပြည်တင်းရင် မင်းမခံနိုင်ဘူးတဲ့။

စစ်ဘီလူး၊ စစ်သရဲ၊ စစ်ငရဲမင်းတွေလဲ

ပြည်တင်းရင်၊၊ ဒင်းတို့ ဘာမို့လဲ။

မင်းဝေသန်က လှူတာ၊ ယူတာ မဟုတ်ဘူး။

မင်းကြီးလှူတာ ဆင်ဖြူတစ်ကောင်

ဒင်းတို့ယူတာ တပြည်လုံး အပြောင်

တော တောင် ရေ မြေ၊ ရွှေ ငွေ ကျောက်သံ

ဘာမှမကျန်၊ ပြည်မွဲစာရင်းတောင် ခံရပြီ။

ဒီတချီ ပြည်သူအပေါင်းက

စစ်ဗိုလ်တွေ ယူနီဖောင်းကို

ခေါင်းကနေချွတ်၊ ဇောင်းကနေ လွှတ်ကြစို့။

သွေးစွတ်တဲ့ ယူနီဖောင်းကို

အက်စစ်ရေ ငရဲမီးလောင်းပြီး

ချောင်း မြစ်မှာ မျှောကြစို့။



မတရားတာကို မရားမှန်းသိလျက်

မသိဟန်ဆောင်၊ တရားသယောင်နဲ့

သင်ရှောင် ငါလွှဲ၊ အသဲကြောင်ရင်

အမှောင်ခေတ်ဟာ နှစ်တရာကြာလိမ့်မယ်။

မတရားမှန်း သိပေမဲ့၊ သိတဲ့လူချင်း

မင်း ငါ့လောက်မသိဘူး၊ မင်း ငါ့လောက်မသိဘူးလို့

ဘူး အချင်းချင်းရန်ဖြစ်၊

စစ်တပ်အကြိုက်မို့၊

စစ်ဘက်လိုက်တာနဲ့ ဘာမှမထူးဘူး။

တော်လှန်ရေးအစ၊ အိမ်တွင်းကပဲ

ဒီနေ့စချင်၊ ဒီနေ့စလို့ ရစေသတည်း။



စစ်တပ်ကခိုင်းရင်

သူခိုင်းတဲ့ အလုပ်၊ ဒို့မလုပ်ဘူး။

စစ်တပ်က ပြောရင်

သူပြောတဲ့စကား၊ ဒို့နားမထောင်ဘူး။

စစ်တပ်က ကျွေးရင်

သူကျွေးတဲ့အစား၊ ဒို့မစားဘူး။

စစ်တပ်က ပြတဲ့ပွဲ

သူကတဲ့ပွဲ၊ ဒို့လဲမကြည့်၊ မင်းတို့လဲမကြည့်နဲ့။

စစ်တပ်ကထုတ်တဲ့စာ

သတင်းစာခေါ်တဲ့ အတင်းစာ အဖျင်းစာတွေကို

မင်း ဘာမှမဖတ်နဲ့၊ ငါလဲမဖတ်ဘူး။



တောထဲခိုပြီး၊ သေနတ်ကို ကိုင်နိုင်ရင် ကိုင်သာကိုင်၊

မကိုင်နိုင်ရင် လမ်းပေါ်ထွက်မလား

လမ်းပေါ်ထွက်ပြီး၊ အသက်မစွန့်ချင်ရင်

ကိုယ်ပိုင်အိမ်ထဲ၊ ကိုယ့်ဘာသာအောင်း

မကောင်းတာကို ကောင်းသယောင်နဲ့

ဟန်ဆောင် မထောက်ခံရင်

ဒါသည်ပင် အာခံမှုမသေးတဲ့

တော်လှန်ရေး အစ၊

ဒို့အိမ် ဒို့အခန်း ဒို့လမ်းမှာပဲ စကြစို့။

ဒို့တော ဒို့တောင် ဒို့ချောင်ကပဲ စကြစို့။



မပြုံးချင်တာကို မပြုံးချင်လို့

ပြုံးမပြရင်

သင်ဟာ တော်လှန်သူပါပဲ။

အထူးအသင်း၊ ဘူး အသင်းတွေလို

အသင်းတွေ ဖွဲ့ပြီးသား၊ စိတ်ထဲမှာထားပြီး

ကိုယ့်အိမ်သားတွေပဲ အိမ်ထဲမှာခို

စစ်ဗိုလ်တွေကို မျက်နှာချိုမသွေး

လက်လျှိုမပေးဘဲ

တံတွေးကိုသာ တင်းတင်းမာမာ ထွေးစမ်းပါ။



အကုသိုလ် ဗိုလ်ညစ်ထေးတွေ

ပြည်သူရဲ့ တံတွေးခွက်မှာ

ပက်လက်ရော၊ မှောက်ရက်ရော၊ စောင်းလျက်ရော

ကန်ချပြီး မျှောကြစို့

ဒေါသ ရေစီးမှာ

မျှောကြစေသတတည်း..

မျောကြစေသတည်း...

မျော ကြစေသတည်း..



မောင်စွမ်းရည်
၂၀၀၃ သြဂုတ် ၅

 
 
ဒေါင်းတမန် - မွန်းအောင် ~~ 8888 ~~
♪♫ ★★★★★★★★ ♪♫

♪ ★ ♫ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးထက်ဆီ ♪ ★ ♫ အရိုင်းအညစ်လေကြမ်း တိုးဖြတ်သန်းမည် တော်လှန်ပန်းနီနီ အစဉ်သယ်ချီ♪ ★ ♫ အနန္တစွမ်းရည် သင့်တောင်ပံဆီ သင့်ခွန်အားကို တို့တတွေယုံကြည် ♪ ★ ♫ သမိုင်းတခေတ် အာရုဏ်ဦးဆီ
လှမ်းတက်ဖို့ ရှေ့သို့ မြန်မြန်ချီ♪ ★ ♫
♪ ★ ♫ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်မိုးထက်ဆီ ♪ ★ ♫ စနစ်သစ်တည်ဆောက် ဒို့ခေတ်ရောက်ပြီ တော်လှန်ပန်းနီနီ အစဉ်သယ်ချီ
♪ ★ ♫ လူ့အခွင့်အရေးတွေ ဒို့ပြည်သူဆီ သင့်ခွန်အားနဲ့ ဒို့ကြံဆောင်မည် သမိုင်းသစ် အကောင်း အမှန်ပြောင်းရန် ♪ ★ ♫
ဒေါင်းတမန်များ ပျံသန်းမြန်မြန်ချီ ♪ ★ ♫

ဒေါင်းတမန် - မွန်းအောင် ~~ 8888 ~ Music Link URL to listen:

http://soundcloud.com/myalayngone/dawn-ta-marn-mun-awng-1
 
ကိုဖုန်းမော်၊ မတ် ၁၃၊ ၁၉၈၈ တွင်ကျဆုံး
 

သမီးဆန္ဒအတိုင်း အမျှ မဝေသေးဘူး
 
 

ကမ္ဘာမကြေဘူး

♪♫ ♪♫

★★★★★★★★
ကမ္ဘာမကြေဘူး

♪♫ (ကမ္ဘာမကြေဘူး
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး
ဒီမိုကရေစီတိုက်ပွဲအတွင်းမှ
ာ ကျဆုံးသော
သြော်... သူရဲကောင်းတို့ရေ
အာဇာနည်တွေ နေတဲ့တိုင်းပြည်)၂ ♪♫ ♪♫
♪♫ ♪♫ ရဲရဲတောက် တို့ပြည်သူတွေ

(ကိုယ်တော်မှိုင်း
ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း
နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
သြော်...လုပ်ရက်ကြပေ
ပေတစ်ရာပေါ်မှာ ပြည်သူအလောင်းတွေ)၂
အတုံးအရုံး လဲပြိုကာနေ ♪♫ ♪♫

♪♫ ♪♫ (ညီအစ်ကိုတို့
ပေတစ်ရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့
ဒီမိုကရေစီတိုက်ပွဲအတွင်းမှ
ာကျဆုံးသော
သြော်... သူရဲကောင်းတို့လို
ခိုင်မာပီပြင် တော်လှန်ပစ်မလေ)၂
အမျိုးချစ်တဲ့ တို့ဇာနည်တွေ♪♫ ♪♫

No comments: