Monday, July 30, 2012

ဒီမိုဝေယံ သတင်းလွှာ


Posted: 29 Jul 2012 10:52 PM PDT

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
"ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

၁၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ အချိန်တွင် ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊ ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

           အဆိုပါ "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို အမျိုး-ဘာသာ-သာသနာ ကာကွယ်စောင့်ရှောက် ပြန့်ပွားရေး လုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) ရည်ရွယ်ချက် ၊ ( ၂ ) လုပ်ငန်းစဉ် ၊ ( ၃ ) ဖြန့်ချီရေးစနစ် ၊ ( ၄ )  နှိုးဆော်ချက်၊ ( ၅ ) လက်တွေ့ဆောင်ရွက်ရန် လျာထားချက် ၊ ( ၆ ) ရန်ပုံငွေ ရှာဖွေစုဆောင်းခြင်း ဆိုတဲ့ အစီ အစဉ်တွေနဲ့ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို ပြန်ပွားအောင်၊ တည်တံ့အောင်၊ ကြာရှည်အောင် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ …..

(၁) သာသနာတော်အရေးကို ကြောင့်ကြစိုက် ဆောင်ရွက်နေကြသော အသင်း-အဖွဲ့များနှင့် သာသနာ အကျိုး ဆောင်ရွက်နေကြသော ရဟန်း-ရှင်-လူအများကွန်ရက်ပမာ ချိတ်ဆက်ကာဖြင့် သာသနာအရေး ဆောင် ရွက်ဖွယ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန်။

(၂) အသင်း-အဖွဲ့အသီးသီးက ဆောင်ရွက်လျက်ရှိသော သာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး လုပ်ငန်းများနှင့် သာသနာ့အကျိုး ဆောင်ရွက်မှုအခြေအနေများ၊အခက်အခဲများကို ၀ိုင်းဝန်းအကြံပြု၍ အတွေ့ အကြုံများ ဖလှယ်နိုင်ကြရန်။
(၃) အဓမ္မ၀ါဒများနှင့် သာသနာ့ အန္တရာယ်များကို ဖော်ထုတ်အသိပေးရန်နှင့် ဘာသာခြား သာသနာပြုများ ၏ ထိုးနှက်ချက်များကို ကာကွယ် တားဆီးနိုင်ကြစေရန်။
(၄) ထေရ၀ါဒ ပိဋကတ်တော်နှင့် ညီညွတ်သော ဓမ္မတရားတော်များ ပြန့်ပွားရေးစီမံချက်များ ဖော်ဆောင် ရန် ဖြစ်ပါတယ်။

လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ ……..ဘာသာ-သာသနာအကျိုး သယ်ပိုးနေကြသော အသင်းအဖွဲ့များ၊ အကျိုးဆောင်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်စာ ဖြန့်ဝေပြီး၊ ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပရန်၊ "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲရန်၊ နာယကများ တင်မြှောက် ရန်၊ ကွန်ရက်တွင်ပါဝင်ချိတ်ဆက်မည့် အဖွဲ့များ စည်းရုံးဆက်သွယ်ရန်၊ မျက်မှောက်ခေတ် ဖြစ်ပွားနေသော အခြေအနေများနှင့် သိသင့်သည် သတင်း အချက်အလတ်များ၊ ဓမ္မဆောင်းပါများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင် ရန်အတွက် "ထေရ၀ါဒမော်ကွန်း" ဓမ္မစာစဉ် ကို ကွန်ရက်အဖွဲ့များ၊ ပုဂ္ဂိုလ်များမှ တစ်ဆင့် လစဉ်ဖြန့်ချီရန် ဖြစ်ပါ တယ်။

လက်တွေ့တွင်လည်း အောက်ပါအချက်အလက်များကို ဆောင်ရွက်နိုင်ရန် "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေး ကော်မတီများက လျာထားပါတယ်။
(၁) ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ရန်။
(၂) အဓမ္မ၀ါဒများ ဟောပြောဖြန့်ဝေခြင်း၊ ဘာသာခြား သာသနာပြုများ ထိုးနှက်တိုက်ခိုက်ခြင်း အခြေ အနေများကို သတင်းများ စုဆောင်းပေးပို့ရန်။
(၃) ဘာသာတွင်း သာသနာ့အန္တရာများနှင့် သာသနာတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့် (ရဟန်းတု၊ သာမဏေတု၊ သီလရှင်တုများ၏ စီးပွားရှာမှုများ၊ သိက္ခာပျက် ပုဂ္ဂိုလ်များ၏) လုပ်ရပ်များကို ဖော်ထုတ် တားဆီးရန်။ (သက်ဆိုင်ရာ တာဝန်ရှိသူများသို့ သတင်းပို့ အကူအညီရယူရန်)
(၄) သာသနာတော် သန့်ရှင်း-တည်တံ့၊ ပြန်ပွားရေးဆိုင်ရာ ဓမ္မစာဆောင် စာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ရုပ်သံရိုက်ကူးခြင်း၊ မီဒီယာများမှ နှိုးဆော် အသိပေးခြင်းများပြုလုပ်ရန်။
(၅) သာသနာ့ အကျိုးဆောင် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်။
(၆) မဖွံ့ဖြိုးသေးသော ဒေသများနှင့် တောင်တန်းနယ်ခြား သာသနာပြု ရဟန်းတော်များ၏ သာသနာပြု လုပ်ငန်းများတွင် နည်းစနစ်များ၊ ပစ္စည်းဝတ္ထု အင်အားများဖြင့် ကူညီထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ကြောင်း "ထေရ ၀ါဒ ဓမ္မကွန်ရက်" ကော်မတီအဖွဲ့ဝင်များက ထုတ်ပြန် ကြေငြာထားပါသည်။

ယခုလို ဘာသာ-သာသနာကို ရွဲပြဲနေလို့ ပြုပြင်လိုသူများက ပြုပြင်ချင်ကြပေမယ့် ပြုပြင်လို့ ပြုပြင်ရ ကောင်းမှန်း မသိဘဲ ဘာသိဘာသာ နေတဲ့သူတွေနဲ့ ယနေ့မျက်မှောက်ခေတ် ကာလတွင် ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ ဟောပြော-ရေးသား-ကိုးကွယ်ခွင့်ကို အခွင့်အကောင်းယူကာ အဓမ္မ၀ါဒများနှင့် ဘာသာခြားသာ သနာပြုများ၏ ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ 

ထိုသာသနာ့ အန္တရာယ်များကို ကာကွယ်ရန် အတွက် စေတနာ - သဒ္ဓ္ဓါတူမျှ၍ ဘာသာသွေး နွေးထွေးကြကုန်သော ဒေသအသီးသီးမှ သာသနာ့အကျိုးဆောင် အသင်း-အဖွဲ့များ နှင့် တစ်ဦးချင်း စွမ်းဆောင်နိုင်သူများ စုပေါင်းကာ ကွန်ရက်ပမာ ချိတ်ဆက်ဆောင်ရွက်နိုင်မှ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မည့် သာသနာရေး ခံတပ်အင်းအားစုကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး- ဘာသာ- သာသနာအရေး အားပေးဆောင်ရွက်လိုသူ အပေါင်းတို့သည် အောက်ဖော်ပြပါ အကျိုးဆောင်ပုဂ္ဂိုလ်များ ထံသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

           (၁) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၊ ဗဟန်းမြို့နယ်။ ဖုန်း-၀၁-၃၇၁၅၃၁၊ ၀၉-၈၆၂၃၀၁၃။
           (၂) မင်းဝေလွင်၊ အောင်မင်္ဂလာကျောင်းတိုက်၊ အလုံမြို့နယ်။ ဖုန်း-၀၉-၅၁၆၇၉၅၆။
           (၃) အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း။ ဖုန်း- ၀၉-၅၁၂၇၃၃၀။
           (၄) မေတ္တာတံခွန်အသင်း၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်။

(လတစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေမှအပ၊ ကျန်တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ နေ့လည့် ၁၂ နာရီအထိ)
                                                     


Posted: 29 Jul 2012 12:28 PM PDT
“စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်”(အပိုင်း-၂)
ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)

အသိတရားလေး ရလာသလိုရှိသည်နှင့် အနည်းဆုံးတော့ ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ် သတိပြုရန် ... ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည် ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟု ဆိုရမည်။ “အဲဒီမှာစတွေ့တာပဲ” ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့် “တွေ့”ရပြီ။ သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့် အမြင်က
“အာများပြီး ဘော်နည်းနေသည်”ဟူ၏။

““လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင် အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်””ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့ ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ “အာ” များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ် လေးတစ်ယောက်ရှေ့မှာ အာများသူအဖြစ်မခံရဲ။ လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍ ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေးစားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။

(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့် တစ်ချိန်မှာ ပြန်မသိစရာမရှိ။) မည်သို့ ဆိုစေ အနာဂတ်၏ ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းတွေကို အမုန်းမခံရဲရုံမျှဖြင့်၊ ၎င်းတို့ အကြည်ညို ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်မှာပင် အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာ မရှား.....။

“ရောဂါ”

ကျွန်တော်တို့၏ ကြည့်မှန် Facebookအကြောင်း ပြန်ဆက်လျှင် ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော် ပြန်မြင်ရသည်က အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်းပင်။ ကွန်မာန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့်ဝတ် မည်သို့ ရှိလေသည်တော့ မသိပါ။ သို့သော် ဆရာလုပ်လို့ လုပ်မှန်း မသိသာရလေအောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။ ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့် ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။

အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့် မကျေနပ်ချက် နှစ်ဆတိုးရသည်။ စောစောက ဝေဖန်တာ “ကောင်းစေချင်လို့” ဆိုသော စေတနာ၊ နောက်တော့ ကိုယ်ကို မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ် ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။

သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင် ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ) 
အပိုင်း (၁)ပြန်ဖတ်လိုလျှင် 
Posted: 29 Jul 2012 12:16 PM PDT

(၂၉.၇.၂၀၁၂)
မိတ္ထီလာခရိုင် သာစည်မြို့တွင်(၃၀.၇.၂၀၁၂)ရက်နေ့တွင် သာစည်မြို့သူ/သားများဘဝ မီးဘေးအန္တရာယ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် သာစည်မြို့နေပြည်သူများမှ သာစည်မြို့ပေါ်တွင် စီတန်းလှည့်လည် ကြွေးကြော်သံ များဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သည့် အဓိကရည်ရွယ်ချက်မှာ သာစည်မြို့ လယ်ခေါင် (ထိန်ကန်ရပ် အမှတ်-၄)တွင်ရှိသော ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်ကို မီးဘေးအန္တရာယ် ကင်းလွတ်ရာ သင့်တော်သည့်နေရာသို့ ရွှေ့ပေးရေးဖြစ်သည်။ ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ လမ်းမကြီးပေါ်တွင်ရှိသည်။ မြို့လည်ခေါင်ရှိ ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်သည် ဂါလံ(၁၀၀၀၀)ဆန့် ဆီသိုလှောင်ကန် တစ်ခုရှိပြီး ဆီဆိုင်အနောက်ဘက် ပေ(၂၀) အကွာတွင်လည်း ဂါလံ(၁၅၀၀) ဆန့် တိုင်ကီ(၆)လုံးဖြင့် လှောင်ကန်များကို ပိုက်ဖြင့် သွယ်တန်းထားသည်။

ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်၏ ဆီသိုလှောင်မှု များပြားလွန်းသောကြောင့် မီးဘေး အန္တရာယ်မှာ မြို့နေ ပြည်သူများအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်သည်။ ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်၏ တောင်ဘက် (၁၅)ပေအကွာတွင် မူလတန်းကြို ကျောင်းတစ်ကျောင်း၊ ဆီဆိုင်အရှေ့ဘက် ပေ(၃၀)အကွာတွင် မြန်မာ့ စီးပွားရေးဘဏ်၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ သမဦးစီးမှူးရုံး၊ ဆီဆိုင်အရှေ့မြောက်ဘက် ပေ(၁၀၀)ခန့်အကွာတွင် (၃၃/၁၁)KV(5)MVA လျှက်စစ်ဓာတ်အားခွဲရုံး၊ဆီဆိုင်အရှေ့ဘက် ပေ(၃၀၀)ခန့် အကွာတွင် သာစည်မြို့ အထက်တန်းကျောင်းတို့ ရှိနေသည်။ 

သာစည်မြို့ လယ်ခေါင်တွင် ဓာတ်ဆီဆိုင် ရှိနေခြင်းသည် မြို့လူထုနှင့် ကျောင်းသားများ၊ ဝန်ထမ်းများ၊ ကလေးသူငယ်များ ဘဝလုံခြုံမှု မရှိသောကြောင့် ဆီဆိုင်ကိုမြို့ပြင်သို့ ရွှေပေးရေးအတွက် ဒေါ်နွဲ့ယဉ်(ဘ)ဦးချစ်ရင်မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ကို မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဥပဒေနှင့်အညီ တင်ပြလျှောက်ထားခဲ့ရာ ခွင့်ပြုချက်ကို ရရှိခဲ့သည်။ (၃၀.၇.၂၀၁၂)ရက်နေ့ နံနက် (၉း၀၀)မှ(၁၀း၀၀) တွင်လူဦးရေ(၁၀၀) ထက်မပိုဘဲ ပြုလုပ်ရမည်ဖြစ်ပြီး စတင်စုဝေး လှည့်လည်မည့်နေရာမှာ ဘဏ်ရုံးလမ်းဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း၌ ကြွေကြော်မည့် ကြွေးကြော်သံများမှာ---

(၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
(၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
(၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
(၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
(၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
တို့ဖြစ်သည်။ (၃၀.၇.၂၀၁၂)ရက်နေ့ နံနက်(၉း၀၀)တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်မည်ဟု သိရှိရသည်။

မှတ်ချက်။ ။ သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။

သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
(၂၉.၇.၂၀၁၂)
Posted: 29 Jul 2012 11:56 AM PDT
မြိတ်မြို့တွင်လွန်ခဲ့သောနှစ်ပေါင်း၂၃နှစ်ခန့်က NLDမြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း.. 
(ထားဝယ်စုနယ်မြေ)

(၂၉၊၇၊၂၀၁၂)ရက်နေ့၊နံနက်(၉း၀၀)နာရီက မြိတ်မြို့နယ် ထားဝယ်စုနယ်မြေ၊ အမျိုးသာဒဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားအား အမှတ်(၆၀)၊ စီလမ်း၊ ထားဝယ်စုရပ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအစီအစဉ်အရ.. အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်အလံတင်ခြင်း၊ အလေးပြုခြင်း၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မရှင်မှ ဦးအော်ကောင်းမှ အဖွင့်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်..။

တက်ရောက်လာကြသော အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ရပ်/ကျေးရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စည်းကမ်းချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီးနောက် အခမ်းအနားကို
နေ့လည်(၁၀း၀၀)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ။
စုစုပေါင်း(၂၀၀)ကျော်ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား လက်ဖက်ရည်၊ ကိတ်မုန့်နှင့် စမူဆာများအား ဧည့်ခံကျွေးမွေးခဲ့ ကြပါသည်။
Posted: 29 Jul 2012 11:42 AM PDT
ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ

၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက် နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။ 
 ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “(၆) လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန် ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦးများ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်း ဆိုင်ရာများလည်း တိုးတက် မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကိုဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင် သီလ လုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။
နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/- (သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့ စနစ်တကျ ပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
 
မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား ယခင့်ယခင် သွားရောက် ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင် အစိုးရ၏ ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ များတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့ လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့ စားဝတ်နေရေး ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။ ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသော စိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

No comments: