စုက စိန့်ဟုခ်ျကောလိပ်နဲ့ မိုက်ကယ်က ဒါရ်ဟမ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ကြပါပြီ။ မိုက်ကယ်က စုကို ချစ်နေကြောင်း ဝန်ခံခဲ့ပေမယ့် စုကတော့ စောင့်ဖို့ပဲ ပြန်ပြောခဲ့ပါတယ်။ “အဲဒီအချိန်တုန်းက စုမှာ သဘောကျသူတွေ အများကြီးရှိနေပြီးပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ရှည်လက်ရှည်ပဲ စောင့်ခဲ့တာပါ။ စုစုပေါင်း လေးနှစ်ပေါ့”လို့ မိုက်ကယ်က ပြုံးပြီး ပြောခဲ့ပုံက စောင့်ရကျိုးနပ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါပေမယ့် စုရဲ့အဒေါ်လိုနေခဲ့တဲ့ မသန်းဧ က ပြောတာကတော့ အဲဒီအချိန်မှာစုဟာ ယောကျာ်းလေးတွေကို စိတ်မဝင်စားဘူးဆိုတာပါပဲ။ တကယ်တော့ အခုလောလောဆယ် စုအကြောင်း စာအုပ်ဖြစ်တဲ့ (Falise Thierry’s Le Jasmine Ou La Lune)ထဲမှာ လန်ဒန်မှာရှိတဲ့ မြန်မာသူငယ်ချင်း တစ်ယောက်ကို စုက “လက်ရှိအစိုးရ လုပ်နေတာတွေက ကျွန်မဖေဖေ ရည်မှန်းထားတဲ့ ဦးတည်ချက်တွေနဲ့ပြောင်းပြန် ဖြစ်နေတယ်”လို့ ပြောခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ စုရဲ့ ဘကြီးဖြစ်သူ ဦးအောင်သန်းက မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းရဲ့ ဥရောပ သင်္ဘောအေဂျင်စီ ဥက္ကဋ္ဌ ဦးနန်းနွယ်ကို တွေ့ဆုံပြီး “ကျွန်တော့်တူနဲ့တူမကို မြန်မာအစိုးရနဲ့ ပတ်သက်ပြီး မကောင်း မပြောမိရအောင်ခင်ဗျားက ဖျောင်းဖျပေးစေချင်တာပါပဲ”လို့ ပြောခဲ့တဲ့အကြောင်း ရေးထားတာကို ဖတ်ရပါတယ်။ စုက ဘာလေးပဲ လုပ်လုပ် ဗိုလ်ချုပ်နေဝင်း နားထဲ ရောက်သွားတယ်ဆိုတာကို သတိထားမိရပါတယ်။
တကယ်တော့ အင်္ဂလန်မှာနေတဲ့ မြန်မာတွေအနေနဲ့ လုံခြုံပြီးလွတ်လပ်တယ်လို့ ယူဆလို့ ရနိုင်ပေမယ့် ဦးနေဝင်းရဲ့ နိုင်ငံခြား ဆန့်ကျင်ရေး၊ အရင်းရှင်စနစ်ဆန့်ကျင်ရေးနဲ့ မိရိုးဖလာ အရိုးစွဲရေး မူဝါဒတွေက နက်ရှိုင်းသထက် နက်ရှိုင်းလာတာကြောင့် ပြည်ပရောက် မြန်မာတွေဟာ တကယ့် တကယ်မှာ မလွတ်လပ်ခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စုဟာ မိုက်ကယ်နဲ့ လက်တွဲဖို့ ရည်ရွယ်ဖြစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာတော့ လန်ဒန်၊ အာရှ နဲ့ အာဖရိက လေ့လာရေးကျောင်းက ဥပဒေပညာဌာနမှာ သုတေသန လက်ထောက်အဖြစ် အလုပ်လုပ်ဖြစ်လာပါတယ်။ အဲဒီနောက် စုကို စောင့်ရှောက်ပေးတဲ့ မသန်းဧ ရဲ့ ထောက်ခံချက်နဲ့အတူ နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးရဲ့အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးကော်မတီမှာ လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာတော့ အဲဒီအချိန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသန့်က မသန်းဧ နဲ့ စုတို့ကို နေ့လယ်စာ စားဖို့ မကြာခဏဖိတ်ခဲ့တယ်လို့ မသန်းဧ ဆီက သိရပါတယ်။ ကျွန်မအထင်တော့ အဲဒီကာလတွေမှာ စုအနေနဲ့ သူ့ကိုယ်သူ ပြန်ကြည့်ဖို့ အချိန်တွေ အလုံအလောက်ရခဲ့သလို မိုက်ကယ်ရဲ့ စိတ်လှုပ်ရှားဖွယ် အချစ် ကိုလည်း ထိထိ ခိုက်ခိုက် ခံစားနေခဲ့ရမှာပါ။
မိုက်ကယ့်အပြောအရ နယူးယောက်မှာရှိနေတဲ့ စုဆီက ဘူတန် ရောက်နေတဲ့သူ့ဆီကို ရှစ်လအတွင်း စာပေါင်း ၁၈၇ စောင် ပေးပို့ခဲ့ပါသတဲ့။ အဲဒီစာတွေထဲမှာ ထပ်တလဲလဲ ပါလာတာကတော့ သူသာ မိုက်ကယ်နဲ့ လက်ထပ်လိုက်ရင် မြန်မာပြည်က လူတွေအနေနဲ့ သူ့ရဲ့မြန်မာပြည်ပေါ် ထားတဲ့ မေတ္တာအပေါ် သံသယဖြစ်ကြမှာ စိုးရိမ်ကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီလို မြန်မာလူထုရဲ့ စိတ်ခံစားချက်ကို တွေးပူနေတဲ့ စု ဟာ အဲဒီခံစားချက်ကို မြန်မာလူထုနဲ့ တိုက်ရိုက်စကားပြောခွင့်ရတဲ့ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ထိ (ရွှေတိဂုံဘုရားအနောက်ဘက်မုခ် လူထုစည်းဝေးပွဲ) ဆက်လက် သယ်ဆောင်ထားခဲ့သေးတာပါ။ ကျွန်မအနေနဲ့ကတော့ ကမ္ဘာကြီးမှာ နိုင်ငံအချင်းချင်း ကြားက နိုင်ငံရေးတင်းမာမှုတွေဟာ လျော့ကျလာနေပြီပဲ၊ မြန်မာတွေအနေနဲ့ အင်္ဂလန်နဲ့ ပတ်သက်တဲ့ ခံစားချက်ကို ဆက်သိမ်းထားဦးမယ်ဆိုရင် ကမ္ဘာ့တိုးတက်မှုတွေနဲ့ ဝေးသွားမှာပဲလို့ ခံစားမိပါတယ်။ အမျိုးသားရေး ခံစားချက်တွေရဲ့ တံတိုင်းတွေကို ကျော်လွန်ဖို့ဆိုရင် တခြားတိုင်းပြည်တွေအပေါ် မကောင်းမြင်စိတ်ကိုလည်း ဖျောက်ဖျက်ရမှာပါ။ ဒီတော့ ရိုးသားတဲ့ အင်္ဂလိပ်ကို လက်ထပ်ပြီး နှစ်နိုင်ငံကြားက တံတိုင်းကိုဖြတ်တာ မမှားဘူးလို့ တွေးလိုက်ပါတယ်။ ကျွန်မကို အပြစ်တင်မယ် ဆိုလည်း အတင်ခံရုံပါပဲ။ စုကလည်း အဲဒီလိုတွေးခဲ့ချင် တွေးခဲ့မှာပေါ့။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ထဲမှာတော့ မိုက်ကယ်နဲ့ စု လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ ဆာဂေါရ်ဘုသ်တို့ မိသားစုအိမ်ထဲက ရုံးခန်းကြီးထဲမှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မိုက်ကယ်က သူ့ ဇနီးကို အပါခေါ်ပြီး ဘူတန်ဘုရင်ရဲ့ သီးသန့်ဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘူတန်ကို ထွက်ခွာသွား ခဲ့ပါတယ်။ သူတို့နှစ်ယောက် ဘူတန်မှာ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကို သိချင်တဲ့အတွက် အဲဒီအချိန်က ဂျပန်ဗုဒ္ဓဘာသာဖလှယ်ရေး အဖွဲ့ Japan Buddhism Exchange Association ရဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးဌာနမှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာယာတာရိုဒိုင်ကူဟရ ကို မေးဖြစ်ခဲ့ပါတယ်။ သူက အိုဆာကာ မြူနီစီပယ် တက္ကသိုလ်က စိုက်ပျိုးရေးပညာ ပါမောက္ခနီရှီအိုကာနဲ့ အတူ ဘူတန်နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယာတာရိုဆန်ကို ကျွန်မက “စုက အဲဒီအချိန်တုန်းက သိပ်လှနေခဲ့တယ် မဟုတ်လား”လို့ မေးတော့ သူက မသိပါဘူးတဲ့။ သူက အလုပ်ဂျပိုးမို့ အဲဒီတုန်းက စုကို သူ့အတွက် လက်ဖက်ရည် ယူလာပေးသူ အိမ်အကူ အဖြစ်ပဲ သတိထားမိပါသတဲ့။ နောက်ပိုင်းမှာ သူဟာ မိုက်ကယ်နဲ့ရော စုနဲ့ပါ ရင်းနှီးခဲ့ပြီး အဲဒီအကြောင်းကို ပြန်ပြောတော့ စုရော မိုက်ကယ်ပါ ရယ်မောခဲ့ကြပါသတဲ့။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment