၁၉၇၅ ခုနှစ်မှာတော့ ကျွန်မတို့ မိသားစုနဲ့ မိုက်ကယ်တို့မိသားစု ပြန်လည် ပေါင်းစည်းခွင့် ရခဲ့ပါတယ်။ စုနဲ့ ခင်မင်ရတာဟာ ကျွန်မအဖို့တော့ လူဖြူအမျိုးသမီးတွေနဲ့ ခင်မင်ခွင့်ရတာနဲ့ မတူဘဲ ပိုပြီး နီးကပ်မှုရှိတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အာရှဖွားတွေ ဖြစ်တာကြောင့်လည်း ပါမှာပါ။ သူနဲ့ ခင်မင်ရတာ စိတ်ထဲ အေးချမ်းလှပါတယ်။ ကျွန်မတို့က ဟင်းချက်နည်းတွေ ဖလှယ်ကြတယ်။ ဈေးဝယ် အတူထွက် ကြတယ်။ ကျွန်မတို့နှစ်ယောက်အကြိုက်တူတာက “လေဘာတီကုမ္ပဏီ”က ထုတ်တဲ့ ချည်ထည်ပိတ်စတွေကို မကြာခဏ ငေးပြီး ကိုယ့်အကြိုက်အရောင်နဲ့အဆင်တွေကို မှတ်ထားရတာကိုပါ။ ဒါမှ လျော့ဈေးချတဲ့အခါ အပြေးသွားဝယ်နိုင်မှာကိုး။ စုက လေဘာတီက ချည်ထည်တွေကို မြန်မာထမိန်အဖြစ် ချုပ်ပြီး တနင်္ဂနွေနေ့တွေမှာ ဝတ်တာပါ။
ကျွန်မတို့ လေဘာတီကို သဘောကျပုံက အမျိုးသားတွေ အတွက်တော့ တော်တော်လွန်ပုံ ရပါတယ်။ အောက်စ်ဖို့ဒ်မှာ လေဘာတီဆိုင် ပိတ်သွားတဲ့အခါ မိုက်ကယ်က ကျွန်မကို ပျော်ပျော်ကြီးစခဲ့ပါတယ်။ “နိုရီကိုရေ၊ လေဘာတီတော့ မရှိတော့ဘူးဟေ့”လို့ပေါ့။ ကျွန်မ လေဘာတီ သွားတိုင်း မလိုက်ချင်လိုက်ချင် လိုက်ရတဲ့ ကျွန်မရဲ့ ခင်ပွန်းအို့စုကတော့ “အား ကျွန်တော့မှာတော့ နိုး၊ မလိုက်ချင်ဘူးလို့ ပြောဖို့ လေဘာတီ(လွတ်လပ်ခွင့်)တော့ မရှိပါဘူးဗျာ”လို့ ပြောခဲ့တာကိုလည်းကျွန်မ သတိရနေပါတယ်။
အဲဒီကာလတွေမှာ ကျွန်မက မြန်မာပြည်အကြောင်း “အင်ဖာတိုက်ပွဲ”ဆိုတဲ့ ဝေါဟာရအပြင် ဘာမှပို မသိခဲ့ပါဘူး။ စုကတော့ ဂျပန်တပ်မတော်ရဲ့ စစ်အတွင်းအနေအထားတွေကိုပါ အသေးစိတ် သိခဲ့ပါတယ်။ ဒါကြောင့် တစ်ခါက စုဟာ ကျွန်မကို “နိုရီကို၊ ရှင်ရော အို့စုဆန်ရဲ့ ဖိနပ်တွေ နွေးနေအောင် ရှင့်ကိုယ်ငွေ့တွေနဲ့ ထွေးပွေ့ပေးခဲ့ဖူးလား”လို့ မေးခဲ့တာပါ။
အဲဒီအချိန်မှာ မိုက်ကယ့်အနေနဲ့ လူငယ်ပညာရှင်လောက်ပဲ ဖြစ်နေတာမို့ ဝင်ငွေက တသမတ်တည်း မဖြစ် ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေ အတော်လေး ခက်ခဲခဲ့ပါတယ်။ စုက “နိုရီကိုရေ၊ ဆယ်ပေါင်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ်ရမလဲဟင်”လို့ မေးလာတဲ့အခါတိုင်း ကျွန်မမှာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။ ဒီလိုအခါမျိုးမှာ စုအကြိုက် ဂျပန်တန်ပူရာ အကြော်တွေ၊ စုကီယာကီတွေ လုပ်စားဖြစ်ကြပါတယ်။ အဲဒီအချိန်က ဆိုဟိုရပ်ကွက်မှာ စုကီယာကီလုပ်ဖို့ အသားကို အလွှာပါးပါးလေး လှီးဖြတ်ပေးတဲ့ အသားဆိုင်တစ်ဆိုင် ရှိ ပါတယ်။ အင်္ဂလိပ်အစိုးရကတော့ ပိုးတွေ ပါလာမှာစိုးလို့ စက်နဲ့ အသားစိမ်းတွေ ဖြတ်တာကို ပိတ်ပင် ထားတာပါ။
အောက်စ်ဖို့ဒ်မှာက လန်ဒန်လို ဂျပန်ဦးရေ မများလေတော့ အသားပါးလွှာပေးမယ့် အသားဆိုင်က သိပ် မရှိပါဘူး။ ဒါပေမယ့် ကျွန်မက အသိဆိုင်တစ်ဆိုင်ကို ဥပဒေကို ချိုးဖောက်ပြီး ကျွန်မအတွက် အသားလွှာပေးဖို့ မဲဆွယ်စည်းရုံးခဲ့နိုင်ပါတယ်။ ကျွန်မတို့ချင်း စကားအထာနဲ့ အသားမှာကြတာပါ။ တစ်နေ့တော့ ကျွန်မက အဲဒီဆိုင်ဆီ စုကို ခေါ်သွားဖြစ်ပါတယ်။ “အကောင်းဆုံးအသားပေးနော်”လို့ ကျွန်မက ပြောတော့ တကယ်ပဲ ဈေးကြီးမယ့် အကောင်းဆုံးအသားကို မှာတယ် ထင်ပြီး စုက ကျွန်မကို သိပ်အသုံးအဖြုန်းကြီးကာ ဈေးတွက်မတွက်တဲ့ မိန်းမပဲဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတယ်။ ကျွန်မက သူ့ကို ခေါင်းအသာ ညိတ်ပြ လိုက်တာပေါ့။ ဆိုင်ရှင်ရှေ့မှာ ဒီကိစ္စတွေကို ရှင်းပြဖို့ အချိန် မရှိဘူးလေ။
စုက အဖြစ်မှန်ကို မသိတော့ မတတ်နိုင်ကြတာချင်းတူတူ ဈေးတွက် တွက်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဘာလို့ အကောင်းဆုံးအသားကို မှာတာပါလိမ့်လို့ မတွေးတတ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအမျိုးသားကို “အို့စုဆန်ရေ နိုရီကို့လက်ထဲ ပိုက်ဆံအိတ် မထည့်နဲ့နော်။ သိပ်အန္တရာယ်များတယ်”လို့ ပြောတော့တာပါပဲ။ ဒီအကြောင်းကို စုက သူ့ရဲ့ “မြန်မာပြည်က စာတစ်စောင်”စာအုပ်ထဲမှာ ထည့်ရေးထားပါတယ်။ ကျွန်မက လည်း အခုအချိန်ထိ စီးပွားရေး ပညာရှင်တစ်ယောက်ရဲ့ ဇနီးပါလို့ ပြောဖြစ်ပြီး စုက အဲဒီအခါတိုင်း ရယ်တော့ တာပါ။ သူက ကျွန်မကို ဈေးတွက်မနိုင်တဲ့ ဇနီးလို့ ထင်နေချင် ထင်နေမှာပါ။ ကျွန်မကလည်း အဲဒီအတိုင်း အမှန်ပဲ ဖြစ်နေတာကိုး။
ဟင်းချက်ကျွမ်းကျင်တဲ့ စုက တစ်ခါမှာတော့ “နိုရီကိုရယ်၊ ကျွန်မမှာ ဆေးရောင်စုံ ဂျပန်ဟင်းချက်စာ အုပ်တစ်အုပ် ရှိပါရဲ့။ အရမ်းလှပေမယ့် အသုံးက မတည့်ဘူး။ အဲဒီထဲက ပစ္စည်းတွေက ရှာမရဘူး ဖြစ်နေ တယ်။ ရှင်ကတော့ အဲလိုမဟုတ်ဘူးနော်။ အင်္ဂလန်က ပစည်းတွေနဲ့ပဲ ဂျပန်အရသာဖြစ်အောင် ချက်နိုင်တော့ သိပ်ကောင်းတာပဲ။ ရှင် အင်္ဂလန်မှာ ရနိုင်သော နေ့တိုင်းအတွက် ဂျပန်ဟင်းချက်စာအုပ် ဆိုပြီး မထုတ် ချင်ဘူးလားဟင်။ ကျွန်မက အင်္ဂလိပ်လို ပြန်ပေးမယ်လေ။ ပြီးတော့ မိုက်ကယ့်မိသားစုက ထုတ်ပေးရင် ရတာပဲ”
စုက လက်တွေ့ဆန်သူပါ။ မိုက်ကယ့်မိဘတွေက ထုတ်ဝေသူ မိသားစု ကလေ။ တကယ်တော့ သူ့ကမ်းလှမ်းမှုသာ တကယ်ဖြစ်ခဲ့ရင် ကျွန်မအထင် ကျွန်မက “အသားကောင်းလေး”လို့များရေးခဲ့ရင် စုက အာဟာရတန်ဖိုးချင်း တူညီတဲ့ “သာမန် အသားတုံး သို့မဟုတ် လှီးထုတ်ထားတဲ့အသား”လို့များ ပြင်ရေးမလားပါပဲ။
စုက ခရစ်စမတ်ပူတင်း ဖုတ်ဖို့ကိုတောင် ထည့်ရမယ့် အဆာပလာတွေကို နှစ်ဝက်လောက် ကြိုစုထားတတ်ပါတယ်။ တကယ်တော့ အင်္ဂလန်က လူတော်တော်များများက ခရစ်စမတ်နေ့ ပူတင်းဖုတ်နည်းကိုတောင် မေ့နေကြပါပြီ။ အဲဒီနေ့မှာ စုက အင်္ဂလိပ်မိတ်ဆွေတွေကို ဖိတ်ပြီး သူစားလေ့မရှိတဲ့ အဲဒီပူတင်းကို ကျွေးလေ့ရှိတာပါ။ စုက မြန်မာငါးဟင်း ဒါမှမဟုတ် အင်ဒိုနီးရှားက ဂျမ်ဘလာယာငါးဟင်း ချက်တာ အလွန်ကောင်းပါတယ်။ ကျွန်မနဲ့ စုကြားမှာ အတူတူ ယုံကြည်ကြတာကတော့ ဟင်းချက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတာမို့ ကိုယ့်လက်နဲ့ချက်ပြုတ်သင့်တယ် ဆိုတာပါပဲ။
စုက အချက်အပြုတ်ကို ယုံကြည်သူမို့ အင်္ဂလိပ်တွေ အစားအသောက် ပြင်ဆင်ပုံကိုလည်း ဝေဖန်လေ့ ရှိပါတယ်။ အင်္ဂလိပ်တွေက ထုံးစံအနေနဲ့ ညစာစားဖို့ ဖိတ်တာကို လုပ်လေ့ရှိပေမယ့် ကျွေးတဲ့ အစားအစာထက် ဧည့်ထောက်ခံစကား ပြောတာကို အလေးထားတတ်ကြတာပါ။ အောက်စ်ဖို့ဒ်က ပညာတတ် အသိုင်းအဝိုင်း သေးသေးလေးထဲမှာတော့ မိုက်ကယ်နဲ့ စုကိုလည်း ညစာအတွက် မကြာခဏ ဖိတ်ခဲ့ကြပါ တယ်။ “နိုရီကိုရေ၊ ရှင်သိတဲ့အတိုင်းပဲ အင်္ဂလိပ်အစားအစာက သိပ်ဆိုးတာလေ။ မဟုတ်ဘူးလား။ ဒီတော့ ကျွန်မကလည်း မညာနိုင်တော့ ညစာကောင်းကောင်း ဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ မပြောနိုင်ပါဘူး။ မိုက်ကယ်ကတော့လေ အရသာရှိတဲ့ ညစာအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောနိုင်တယ်သိလား”လို့ ပြောတတ်ပြီး တစ်ဆက်တည်းမှာပဲ မိုက်ကယ့်ဘက်လှည့်ကာ “ဘယ်လိုလုပ်များ ရှင် အဲဒီလိုပြောနိုင်တာပါလိမ့်”လို့ ပြောလိုက်ပြန်ပါတယ်။
“သြော် ယဉ်ကျေးမှုအရ ကျေးဇူးတင်ကြောင်း ပြောတာပါ”လို့ မိုက်ကယ်က ဆင်ခြေပေးပေမယ့် “အို အဲဒီလိုတော့ မပြောသင့်ပါဘူး။ မိုက်ကယ်က ကျောင်းက အဆောင်မှာ အစားအသောက် မကောင်းတာတွေချည်း စားခဲ့ရတာမို့ ရှင့်လျှာတွေ ပျက်သွားတာ မဟုတ်လား”လို့ စုက ပြန်ချေပတာချည်းပါပဲ။ မိုက်ကယ်ကတော့ ကျွန်မတို့ဆီ အားတုံ့အားနာအကြည့်နဲ့ ကြည့်ပြီး ပခုံးလေးတွန့်ကာ စုကို အနိုင်ပေးလိုက်တဲ့ဟန် ပြပါတော့တယ်။ ဒီပုံရိပ်တွေက မိုက်ကယ်နဲ့စုရဲ့ သာမန် အိမ်ထောင်သည် ဘဝပုံရိပ်တွေပါ။ မိုက်ကယ်ကစုရဲ့ဝေဖန်မှုတွေကိုအမြဲပဲ အပြုံးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီလို တုံ့ပြန်ရင် စုရဲ့ သူ့အကြိုက် အရသာရှိတဲ့ အိမ်ချက်လက်ရာတွေကို စားရမှာ သေချာနေသကိုး။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment