မသန်းဧက သြစတြီးယား အနောက်ပိုင်းက သူ့အိမ်ခန်းနဲ့ မိုက်ကယ်တို့
စုတို့အိမ်က အခန်းကြားမှာ လူးလာ ခေါက်တုံ့ နေထိုင်ခဲ့ပါတယ်။ အင်္ဂလန်က
သူ့ကိုလိုနီထဲမှာ နေတဲ့သူတွေထဲက ထူးချွန်သူတွေကို အင်္ဂလန်ခေါ်ကာ အင်္ဂလိပ်စာ
သင်ပေးပြီး ဗြိတိသျှမှု ပြုတတ်ပါတယ်။ မသန်းဧကို ၁၉၃၂ ခုနှစ်မှာ ဗြိတိသျှက
ရွေးခဲ့တာပါ။ အင်္ဂလန်က ပြန်တော့ ကရင်တွေကို အင်္ဂလိပ်စာ သင်ပေးခွင့်
ရခဲ့ပါတယ်။ သူက သူ့မိသားစု အကြောင်း ပြောလေ့ မရှိတာမို့ သူ့အဖေဟာ
တက္ကသိုလ်မှာ မြန်မာစာသင်တဲ့ ဆရာ ဖြစ်ပြီး သူ့မှာ မောင်ငယ်တစ်ယောက်
ရှိကြောင်းလောက်သာ ကျွန်မတို့ သိပါတယ်။ သူ့အခန်းမှာ ချိတ်ထားတဲ့
ပန်းချီကားကြောင့်လည်း မြန်မာပြည်က သူ့ဘဝကို ကျွန်မတို့ ခန့်မှန်း
မြင်ယောင်နိုင်ခဲ့ ကြပါတယ်။ မြန်မာ ပန်းချီကျော် တစ်ဦးရဲ့လက်ရာ သူ့ပုံတူ က
အသက်ဝင်လှပါတယ်။ အဲဒီအချိန်က သူ့မှာ ဆံပင်အရှည်ကြီးနဲ့ မြန်မာဆန်ဆန်
ဝတ်ပြီး ပန်းတွေအလယ် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ပုံက သိပ်အသက်ဝင်ပါတယ်။
ပုံထဲမှာ သူ့ဟန်ပန်က သူ့ဘဝအနာဂတ်ကို တွေးနေပုံပါ။
သူ့အလုပ် အကြောင်း ကျွန်မက သိပ်မသိပေမယ့် မြန်မာပြည်မှာ ဘိလပ်ပြန်ဆိုပြီး သူ့ကိုခေါ်ကြတာနဲ့ နာမည်ကျော် အဆိုတော် ဖြစ်ခဲ့တာကိုတော့ သိပါတယ်။ သူ့အသံနဲ့ အင်္ဂလိပ်စာ ကောင်းပုံတွေက မြန်မာပြည် အတွက် အဖိုးတန် လှတာပါ။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတော့ သူက နယူးဒေလီမှာရှိတဲ့ အသံလွှင့်ဌာနတစ်ခု မှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီအသံလွှင့်ဌာနက ဂျပန်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ ဂျပန်တပ်တွေအကြောင်း အသိပေးတာတွေကို ထုတ်လွှင့်ရပါတယ်။ စစ်ကြီးပြီးတော့ သူက ဆန်ဖရန်စစ္စကို ကိုသွားကာ ကုလသမဂ္ဂမှာ အလုပ်မဝင်ခင် ဗီအိုအေမှာ အလုပ်လုပ်ခဲ့ သေးတယ်နဲ့ တူပါတယ်။
၁၉၄၇ ခုနှစ် ဇန်နဝါရီမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်ကိုလာပြီး ဗြိတိသျှနန်းရင်းဝန်ချုပ် ကလီမန့် အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေး အတွက် စာချုပ်လာချုပ်ကြတော့ မသန်းဧကလည်း လန်ဒန်မှာရှိနေခဲ့ ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းက ဗိုလ်ချုပ်တို့ တည်းခိုတဲ့ ဟော်တယ်ကို သွားတွေ့ခဲ့တာပါ။ အန်တီမသန်းဧက သူ့အနေနဲ့ ပင်ပန်းနေတဲ့ ဗိုလ်ချုပ်ကို မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေပေးချင် ခဲ့တယ်လို့ ကျွန်မကိုပြောပြဖူးပါတယ်။
နှုတ်ဆက်ပွဲမှာတော့ ဗိုလ်ချုပ်မှာ မိသားစုအတွက် လက်ဆောင်ပစ္စည်း ဝယ်သွားဖို့ အချိန်မရှိတော့ဘူးလို့ တွေးမိတာမို့ သူကဝယ်ပေးလိုက်ဖို့ တာဝန်ယူလိုက်ပါတော့တယ်။ သူက အသက်တစ်နှစ်ခွဲအရွယ် စုအတွက် အဲဒီအချိန်က အင်္ဂလန်မှာ ခေတ်စားနေ တဲ့ ကော်ပတ်ရုပ်လေး တစ်ရုပ်ဝယ် ပေးလိုက်ပါတယ်။ အဲဒီအရုပ်လေး ဟာအန်တီနဲ့ စုတို့ကြားက ပထမဆုံး ဆက်စပ်မှုပါပဲ။ အဲဒီအရုပ်လေးကို နှစ်အတော်ကြာကြာအထိ စုက တမြတ်တနိုး ထိမ်းသိမ်းပွေ့ပိုက်ထား ကြောင်းသိရတဲ့အခါမှာတော့ အန်တီ က သိပ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ မြန်မာတချို့ကတော့ အန်တီ့အနေနဲ့ ဗိုလ်ချုပ်အပေါ်မှာ လေးစားတာထက်ပိုတဲ့ စိတ်အနေ အထားမျိုးရှိခဲ့လို့ စုကို ချစ်နေကြောင်း အတင်းပြောတာမျိုးရှိခဲ့ပေမယ့် ဘယ်သူ ကမှတော့ ဘာရယ်လို့ အတိအကျ မသိကြပါဘူး။
၁၉၅ဝ ခုနှစ်မှာ အန်တီမသန်းဧ က ကုလသမဂ္ဂရဲ့ဝန်ထမ်း ဖြစ်လာ ပါတယ်။ စိန့်ဟျုခ်ျကောလိပ်ကျောင်း ဒုတိယနှစ်နွေမှာတော့ စုဟာ မိခင် ရှိရာ အိန္ဒိယကို မပြန်ဘဲ အယ်လ်ဂျီး ရီးယားမှာ ကုလသမဂ္ဂဆက်ဆံ ရေးဌာနဖွင့်ဖို့ တာဝန်နဲ့ရောက်နေတဲ့ အန်တီ့ဆီကို အလည်သွားခဲ့ပါတယ်။ အဲဒီတုန်းက အယ်လ်ဂျီးရီးယားနိုင်ငံ သစ်တည်ထောင်ဖို့ စိတ်တက်ကြွနေတဲ့ လူငယ်တွေဟာ စစ်ဘေးဒုက္ခသည် တွေကို ကယ်တင်တဲ့ စခန်းတွေမှာ လုပ်အားပေးနေကြတာမို့ စုကလည်း လုပ်အားသွားပေးခဲ့ပါတယ်။
နယူးယောက်မှာတော့ အန်တီ ဟာ သူ့ထက် အသက် အများကြီးငယ်တဲ့ သြစတြီးယန်း တစ်ယောက်နဲ့ မေတ္တာမျှခဲ့ပါတယ်။ အဲဒီလူက ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်နေသူပါ။ အိန္ဒိယမှာရှိတဲ့ ကျားတွေကို ဓာတ်ပုံရိုက်သူ ကျွမ်းကျင်ပညာရှင်လည်း ဖြစ်ခဲ့ပုံပါ။ သူ့ရဲ့ သြစတြီးယား အနောက်ပိုင်းက နေအိမ်ကို ကျွန်မ အလည်သွားခဲ့တုန်းကတော့ အန်တီ က သူ့အမျိုးသား ရိုက်ထားခဲ့တဲ့ ကျားပုံ အယ်လ်ဘမ်ကို ပြပေးခဲ့ဖူးပါတယ်။ တကယ်တော့ အသက် ၉ဝ ဝန်းကျင် အမျိုးသမီးတစ်ယောက်က ခင်ပွန်းသည်ကို လွမ်းနေသေးတဲ့အကြောင်း သိရတာကတော့ ကျွန်မကို စိတ် ထိခိုက်စေပါတယ်။ အဲဒီအမျိုးသား က အန်တီ့ကိုပစ်ပြီး သူ့ထက်ငယ် တဲ့ သြစတြီးယန်းအမျိုးသမီးလေးနဲ့ လက်ထပ်သွားခဲ့တာပါ။ စုနဲ့အတူ အောက်စ်ဖို့ဒ်မှာ နေထိုင်ခဲ့တဲ့ကာလ တွေမှာ အန်တီမသန်းဧရဲ့ အိမ်ထောင်ရေး ပြဿနာ ဖြစ်ခဲ့ပုံပါပဲ။ စုက “အဲဒီလူဟာ အန်တီ့ကို စောင့်ရှောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အန်တီ့ နောက်ဆုံးအချိန်တွေမှာ ကျွန်မကပဲ စောင့်ရှောက်မှာပါ”လို့ ပြောခဲ့ဖူးပါတယ်။
အန်တီကတော့ သူ့သဘော ထားကြီးမှုကို အပြုံးမပျက်ပြခဲ့နိုင် ပါတယ်။ အဲဒီလူနဲ့ သူ့နောက်မိန်းမ ကတော့ သူတို့အိမ်နားမှာပဲနေပြီး အန်တီ့ဆီကိုတောင် မကြာမကြာ လာလည်ခဲ့ပြန်ပါတယ်။ အဲဒီလူရဲ့ မိသားစုဓာတ်ပုံကိုကြည့်ရင်း အန်တီ က “ကျွန်မကို စောင့်ရှောက်နေသလို ပေါ့လေ”လို့ ပြောခဲ့ဖူးပါတယ်။
ကျွန်မရဲ့ရထားက သြစတြီးယား ရဲ့ Feldkirch ဘူတာရုံမှာ ရပ်တော့ အသက် ၄ဝ ဝန်းကျင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသမီးက လာကြိုပြီး “ရှင်က အို့တ်စု ကတော်နော်”လို့ မေးပါတယ်။ သူက အန်တီ့အမျိုးသား ဝါနာရဲ့ နောက်မိန်းမပါပဲ။ အန်တီက လာမကြိုနိုင်လို့ သူ့ကို လာအကြိုခိုင်း ခဲ့တာပါတဲ့။ ကျွန်မလည်း မိုက်ကယ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိ ပါတယ်။ “နိုရီကိုရေ အန်တီကတော့ ကိုယ့်ခင်ပွန်းရဲ့ နောက်မိန်းမနဲ့ အဆင်ပြေအောင် နေနိုင်တယ်နော်။ သိပ်အံ့သြဖို့ ကောင်းတာပဲ”တဲ့။ ဒီထက် အံ့သြဖို့ ကောင်းတာက အန်တီနေတဲ့ အခန်းက သုံးလွှာမှာဖြစ်ပြီး အဲဒီမိန်းမ ရဲ့ မိဘတွေက အဲဒီအဆောက်အအုံမှာပဲ ပထမထပ်မှာ နေကြတာပါ။ သူတို့က မနက်တိုင်း အန်တီ့ဆီလာပြီး ဈေးဝယ်စာရင်း လာမှတ်ကြသလို အန်တီ့ဘဏ်စာရင်း ကိုလည်း သူတို့ကပဲ ထိန်းသိမ်းကိုင်တွယ်ပေးကြပါ တယ်။ သူတို့အသက်တွေက အန်တီ့ထက် အများကြီး ငယ်ကြပါတယ်။ ကျွန်မဖြင့် ဒီလိုဆက်ဆံရေးပုံစံမျိုးကို ဘယ်လိုမှ တွေးကြည့်လို့ မရခဲ့ပါဘူး။
အဲဒီအချိန်မှာ အလက်ဇန္ဒားက အန်တီ့ဆီ လာလည်ချိန်ဖြစ်နေတာမို့ ကျွန်မလည်း သူ့အတွက် ဆူရှီလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ကျွန်မလည်း ဈေးသွားပြီး ပုဇွန်တို့ ငါးတို့ အဝယ် သွားပါတယ်။ အန်တီက “ကျွန်မ မစားဘူး လေ။ ကျွန်မအစား ဝါနာရဲ့ သားကိုပေးလိုက်ပါ”လို့ ဆိုပါတယ်။ ဝါနာရဲ့သားက ဝါနာနဲ့ စွပ်ချွတ်တူပါတယ်။ ကျွန်မလည်း အန်တီ့ရဲ့ ဝါနာ့အပေါ် အချစ်တွေကို တွေ့လိုက်ရတာပါပဲ။
စု နေအိမ်အကျယ်ချုပ် ကျနေခိုက် တစ်ချိန်မှာတော့ အသည်းမာတဲ့ အန်တီမသန်းဧဟာ “နိုရီကိုရေ ကျွန်မက ပင်လယ်မှာ မွေးပြီး တောင်ပေါ်မှာ သေမှာလေ”လို့ ဖုန်းဆက်ပြီး ပြောလာပါတယ်။ သူ့ကို ကြည့်ရတာ အားနည်းလွန်းနေပါပြီ။ စုအစား သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ သူ့ကို စောင့်ရှောက်မယ်လို့ ကျွန်မက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မက ဇူးရစ်မှာ တစ်ညအိပ်ပြီးမှ သြစတြီးယား မြို့ကလေးဆီ ရထားနဲ့ထွက်လာခဲ့တော့ တာပါ။ တစ်လမ်းလုံးလည်း အန်တီ့ အတွက် ဆုတွေ တောင်းနေခဲ့တာပေါ့။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
No comments:
Post a Comment