Tuesday, October 30, 2012

တူရကီလေယာဉ် မြန်မာနိုင်ငံကို ရောက်ရှိလာမှုကိစ္စ ရှင်းလင်းခြင်း

တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ် (၂) စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဤလေယာဉ် (၂) စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုး ဘာသာ မခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ပစ္စည်းများသာ သယ်ဆောင်လာသော C-130 လေယာဉ်များ ဖြစ်ပါသည်။ ယင်း လေယာဉ် (၂) စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်းလေယာဉ် (၂) စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပါသည်။

(၂) ယနေ့ (၂၆-၁၀-၂၀၁၂ ရက်နေ့) တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။

(၃) ယင်းစားသောက်ကုန်များကို ရခိုင်ပြည်နယ် အစိုးရ လက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

(၄) စုစုပေါင်း တန်ချိန် (၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- Candy 2280 Boxes

- Food 960 Parcels

- Biscuit 11000 Bags

- Slipper 500 Boxes

- Clothing 1000 Packages

- Toy 500 Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။

၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့စဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ် ကြီးကြပ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဝိုင်းဝန်းကူညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ကူညီမှုများသည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုးရှိသည်ဟူသော သဘောဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အသိုင်းအဝိုင်းအားလည်း လူသားချင်း စာနာထောက်ထားမှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာ ဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်း စာနာထောက်ထားမှု (၂) ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments: