Wednesday, October 31, 2012

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်း၍ တင်ပြသော ဒေါ်မိမိခိုင် ၏ တင်ပြချက် ။


by ကိုဝိုင် ဝိုင်ကေ on Tuesday, October 30, 2012 at 1:38pm ·


လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူများရှင့် …
ကျမ ကတော့ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်က ဒေါ်ခင်မိမိခိုင် ဖြစ်ပါတယ်။
ယ္ခုလက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အဓိကအမျိုးသားရေးပြဿနာကြီးများဖြစ်သည့် လက်ပန်း တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးကိစ္စ၊
ကချင်ပြည်နယ်စစ်ပွဲများရပ်ဆိုင်းရေးကိစ္စ၊ ရခိုင်တိုင်းရင်းသား အရေးနှင့် တရားမဝင်နေထိုင်သော ဘင်္ဂါလီကိစ္စ၊ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့် မြန်မာနိုင်ငံ တဝန်းလုံးတွင်ပြည်သူများရင်ဆိုင်နေရသည့် ပြဿနာပေါင်းစုံကို ဆွေးနွေးရန် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသဖြစ်သည့်ဆည်တည်းကျေးရွာတွင်
၂ဝ၁၂-ခုနှစ်၊ အောက်တိုဘာလ(၁၈) ရက် နှင့် (၁၉) ရက်နေ့များတွင်လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံကြီးကို ကျင်းပခဲ့ပါသည်။ ဒီညီလာခံကို
ညီလာခံကြီးသို့ မြန်မာနိုင်ငံတနံတလျားမှ တိုင်းရင်းသားကိုယ်စားလှယ်များ၊တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊
ကျောင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ စသည်ဖြင့်အဖွဲ့အစည်းပေါင်း (၄၅) တို့သည် အခက်အခဲမျိုးစုံကြားမှ
တခဲနက်တက်ရောက်လာပြီး ပြည်သူတို့တွေ့ကြုံခံစားနေရသည့် ပြဿနာများကိုဒီမိုကရေစီနည်းကျ လွတ်လပ်ပွင့်လင်းစွာဖြင့် အရှိကိုအရှိအတိုင်းဆွေးနွေးကာ ညီလာခံကြီးမှ ပြည်သူတို့အတွက် ဆောင်ရွက်ရမည့် အရေးကြီးသောဆုံးဖြတ်ချက်(၂၆)ချက် ချမှတ်အတည်ပြုနိုင်ခဲ့ပါသည်။
အကြောင်းအမျိုးမျိုးကြောင့်တက်ရောက်နိုင်ခြင်းမရှိသော ပါတီများ၊အဖွဲ့အစည်းများ၊ အထင်ကရလူပုဂ္ဂိုလ်များ မှ ပေးပို့သော သ၀ဏ်လွှာ(၂၈) စောင်၊
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအားကန့်ကွက်လွှာ နှင့် သဘောထားစာတမ်း(၁၁)စောင်၊ လက်ပန်တောင်းတောင်နှင့်ပတ်သက်သော ကဗျာ(၈) ပုဒ်၊ သီချင်း(၁)ပုဒ်
တို့အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ယနေ့လက်ရှိရင်ဆိုင်ဖြေရှင်းရမည့် အခြေခံကျသော ပြဿနာများကို ထင်ဟပ်သောကြွေးကြော်သံကြီး (၁၁)ရပ်ကို ကြွေးကြော်ရင်း
အောင်မြင်စွာညီလာခံအခမ်းအနားကို ရုပ်သိမ်းနိုင်ခဲ့ပါသည်။


လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူများရှင့် …

ဆက်လက်တင်ပြချင်တာကတော့ လက်ပန်တောင်းတောင်ကြေနီစီမံကိန်း နဲ့ ပတ်သက်လို့ စက်တက်ဘာလ အတွင်းက ကျေးရွာ ၂၂ ရွာမှာ ကျမလေ့လာခဲ့
ပြည်သူလူထုအသံကိုနားထောင် ခဲ့တဲ့အတွေ့ အကြုံကိုပြောပြချင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေကတော့ …

ထိုစီမံကိန်းအားဆက်လက်ဆောင်ရွက်ပါက ….

- ကမ္ဘာရော မြန်မမာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးပြဿနာ
- ဆင်းရမွဲတေမှုပြဿနာ
- အလုပ်လက်မဲ့ပြဿနာ ( နှုတ်အားဖြင့်ဆွေးနွေးမည်)
- ကျောင်းနှုတ်ထွက်မှုနှုန်းမြင့်မားလာခြင်းပြဿနာ
- ကြီးမားသော လူ့အသိုင်းအ၀ိုင်းတစ်ခုပြိုကွဲခြင်းပြဿနာ
- ဒေသစွန့်ခွာအလုပ်ရှာဖွေမှုများကြောင့်
o လူကုန်ကူးခံရမှုများ
o ကလေးအလုပ်သမားပြဿနာများ၊ ကလေးစစ်သားပြဿနာများ
o ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခံရမှုများ အစရှိသော အထွေထွေပြဿနာများ
- ဂေဟစနစ်တစ်ခုပြောင်းလဲခြင်းတွင်
o သစ်ပင်၊ သစ်တောများပြုန်းတီးခြင်း
o လူ့စွမ်းအားအရင်းအမြစ်များ ( တောင်သူ ) ကွယ်ပျောက်ခြင်း
o ရေအရင်းအမြစ်များ ပျက်စီးခြင်း
o မြေအရင်းအမြစ်များ ပျက်စီးခြင်း
o တော၊ တောင် အစရှိသော သဘာဝအရံအတားများကွယ်ပျောက်ခြင်း
o လေထုညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း
o ကျန်းမာရေးချို့တဲ့မှု၊ ရောဂါဘယဖြစ်ပွားခြင်းများ
o မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသော သဘာဝဘေးအန္တရာယ်များ ( Natural Disaster)
o လူများက ပြုလုပ်သော ဘေးအန္တရာယ် ( Men made disaster )
o သားငါးမျိုးစိတ်များ ကွယ်ပျောက်ခြင်း
o တောင်သူများအတွက်အကျိုးပြုသော ကျေးငှက်များကွယ်ပျောက်ခြင်း
o ရိုးရာဓလေ့ထုံးတမ်းများပျောက်ကွယ်ခြင်း
o ပြည်သူ့ဘဏ္ဏာဖြင့် တည်ဆောက်ထားပြီးသော ဆည်များ၊ ရေသွယ်မြောင်းများပျက်ဆီးခြင်း။
o မြစ်၊ ချောင်းများအဆိပ်သင့်ခြင်း
o အင်း၊ အိုင်များပျောက်ကွယ်ခြင်း   အစရှိသောဆိုးကျိုးများကို ဒေသခံပြည်သူများ မလွှဲမသွေရင်ဆိုင်ရတော့မည်ဖြစ်သည်။

ပြည်သူ့အသံကိုပြောရမယ်ဆိုရင် --

လက်ပန်တောင်းတာင်ကြေးနီစီမံကိန်းကို ပြည်သူလူထုကလုံးဝမလိုလာပါဘူး။
လက်ပန်တောင်း တောင်ဟာ ဒေသခံပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့သဘာဝအရံအတားတစ်ခုဖြစ်ပါတယ်။ ဒေသခံများရဲ့စကား အရတောင်လေနဲ့အတူဝင်လာ လေ့ရှိတဲ့ မုန်တိုင်းများအန္တရာယ်မှအကာအကွယ်ပေးထားလို့ ဒေသခံများအတွက် တောင်ကြီးမရှိရင်မဖြစ်ပါဘူး။ ဒီတောင်ကြီးက ပဒေသာပင်ကဲ့သို့ ဒေသခံများ၏ စားရေး နေရေး
ကျန်းမာရေးတို့အတွက် အထောက်အပံ့ပေးပါတယ်။အမေအိုတစ်ယောက်ကပြောပါတယ်။
“ ငါတို့ငယ်ငယ်တုန်းက ဟင်းရွက်၊မျှစ်ချိုးသွားရင်တောင်ပေါ်ကိုရောက်တာနဲ့ မျှစ်မချိုးသေးဘဲ သစ်ပင်ရိပ်ကောင်းကောင်းမှာ သီချင်း နှစ်ပုဒ်သုံးပုဒ်လောက် ညည်းပြီးမှ မျှစ်ချိုးတာ ဟင်းသီးဟင်းရွက်တွေခူးတာ အေ့မေ့လို့မရဘူး ဒီတောင်က ငါတို့ကိုမိဘလိုဘဲ“
“ ဒီတောင်ကြားလမ်းကဖြတ်ပြီး တစ်ရွာနဲ့တစ်ရွာ အမျိုးတွေဆီ ကူးလူးသွားနေရတာနီးနီးလေးအေ့၊ အခုတော့ တောင်ကြီးပတ်ပြီးသွားရတာ
အရင်ကလိုမသွားနိုင်တော့ဘူး”လို့ အညာလေသံနဲ့ပြောပါတယ်။ ဒေသခံများအားလုံးဟာ ဒီတောင်ကြီးကိုမိတ်ဆွေသဖွယ်၊ ဆွေမျိုးသားချင်း မောင်နှမသဖွယ်၊ မိဘသဖွယ်၊ အရှင်သခင်သဖွယ်အားကိုးနေထိုင်လာတာ ဘိုးဘွားစဉ်ဆက် ဖြစ်ပါတယ်။ ဒီလောက်ချစ်မြတ်နိုးစရာဓလေ့၊ လောဘ မောဟ ဒေါသ ကင်းစင်တဲ့ ရှင်သန်ရပ်တည်မှုကို
ဘာတွေနဲ့ အလဲအလှယ်လုပ်ကြမှာလဲ။ ဘာတွေနဲ့ ရော်ကြေးပေးမှာလဲ။ဒီ ဓလေ့တွေကို တန်ဖိုးထားထိမ်းသိမ်းရင်းလုပ်ရမဲ့ဖွံ့ဖြိုးရေးအစားမိမိအကျိုးစီးပွား အတွက် မသိနားမလည်သောပြည်သူလူထုကိုစကားလုံးအလှတွေသုံးမက်လုံးတွေပေးပြီး ယဉ်ကျေးမှုတွေ တန်ဖိုးထားမှုတွေ ပါဝင်နေတဲ့ဂေဟစနစ်တစ်ခုလုံးဖျက်ဆီးဖို
့ စီမံကိန်းဟာ ရာဇ၀င်ရိုင်းလှပါတယ်။
ဒီကနေ့ကျမှ လာလေ့လာလှည့်ပါ လာတဲ့အဖွဲ့အစည်းတွေကိုလည်းရှင်းပြပါတယ်။ ဘယ်လိုထိန်းသိမ်း မှုတွေလုပ်ပါတယ်။ ဒေသခံတွေအတွက်စီမံကိန်းတွေဘယ်လိုချထားပါတယ် ကျွန်တော်တို့လိုသမျှအားလုံး ဆောင်ရွက်ပေးပါ့မယ် စသည်ဖြင့်ပြောနေတာတွေကသိပ်ဖတ်လို့ကောင်းပါတယ်။ ဒီလိုဆိုရင် စီမံကိန်းမစတင်မီကတည်းက ဘာလို့လုပ်သင့်တာတွေမလုပ်တာလဲ လုပ်သင့်တာ တွေအတွက် အချိန်မယူခဲ့တာလဲ။ဒါတွေပြန်ပြောင်းဖော်ထုတ်လို့မရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာနောက်ကြောင်းပြန် တရားစွဲဆိုခွင့် မရှိအောင်ပြဌာန်းချက်တွေအချိန်ယူရေးသား ခဲ့ပါသလဲ။ မေးစရာတွေအများကြီး ပေါ်လာမှာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာတွေရှိတာမို့ စင်္ကာပူက SGS ကုမ္ပဏီကဘဲလာ စစ်စစ်၊ ISO လက်မှတ် ၃ စောင်မကဘဲရထားရထားပြည်သူတွေကမလိုလားပါဘူးဆိုတာ ကို ဒီအဖွဲ့တွေ ဒီလက်မှတ်တွေထဲမှာ
ထည့်သွင်းစဉ်းစားထားဖို့လိုပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်သွေးချွေးနဲ့တိုက်ယူခဲ့ရတဲ့ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးမှာ မြန်မာပြည်သူလူထု
ရဲ့ဆန္ဒသဘောထားများကို မျက်ကွယ်ပြုပြီး စီးပွားရေးလက်ဦးမှုရယူထာတာဟာနိုင်ငံတကာ ကျင့်ဝတ်တွေနဲ့ မလျှော်ညီပါဘူး။
EIA လို့ပြောတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုလေ့လာသူများကကြေးနီမိုင်း တစ်ခုကိုဘဲကြည့်ရုံနဲ့လုံလောက်ပါသလားလို့မေးခွန်း
ထုတ်ရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့အခင်းအကျင်းဖြစ်တဲ့ တရားဥပဒေတွေ၊ လွှတ်တော်တွေ၊ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပေါ်လစီတွေ၊ ပြည်သူလူထုကိုဖုံးကွယ်ထားတဲ့
စာချုပ်တွေ၊ ခရိုနီများရဲ့စီးပွားရေးစစ်တမ်းတွေ၊ သမိုင်းကြောင်းတွေ၊လုပ်ထုံးလုပ်နည်းတွေ၊ အစိုးရဌာနများရဲ့ ပွင့်လင်းမြင်သာမှု နဲ့စာရိတ္တမဏ္ဍိုင်တွေ၊ တရားစီရင်ရေးမဏ္ဍိုင်တွေ၊ ပြည်သူတွေရဲ့အသံတွေပြည်သူတွေရဲ့ဘ၀တွေ၊ တန်ဖိုးထားမှုတွေ ကျန်းမာရေးအခြေအနေနဲ့ရှင်သန်ရပ်တည်မှုတွေ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး
လေးစားလိုက်နာမှုအဆင့်အတန်း အစရှိတာတွေပါဝင်တဲ့ HIA / SIA ( ကျန်းမာရေး/လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုများ) ကိုဖော်ထုတ်ကြဖို့လည်းတာဝန်ရှိပါတယ်။
ကျမတို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရင်းနှီးမြှုပ်နှံမှုလုပ်မဲ့နိုင်ငံတကာက ကုမ္ပဏီများစီးပွားရေးလုပ်ငန်းရှင်များကို အကြိမ်ကြိမ် သတိပေးစကား ပြောခဲ့တာတွေရှိပါတယ်။
ဒါတွေကို တရုတ်နိုင်ငံအစိုးရက မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံသူနိုင်ငံသားများကို ဖိစီးနှိပ်စက်သော အာဏာရှင်အစိုးရ တရားမ၀င်အစိုးရ ၊ထိုကဲ့သို့အစိုးရမျိုး သက်စိုးရှည်ခြင်းဖြင့်
မြန်မာနိုင်ငံသူနိုင်ငံသားများသည် ဆင်းရဲတွင်းနက်သထက်နက်ကာ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး အစစအရာရာ အဖက်ဖက်မှ ဒုက္ခသုက္ခ
မျိုးစုံရင်ဆိုင်ခဲ့ရသည်မှာ ဆယ်စုနှစ်များစွာဖြစ်ခဲ့ပါသည်။
ထိုကဲ့သို့အစိုးရမျိုးသက်စိုးရှည်အောင် ငွေချေးခြင်း ကူညီပံ့ပိုးခြင်းဗီတိုအာဏာ ပင်သုံးစွဲပေးပြီး အကာအကွယ်ပေးခဲ့သော တရုတ်နိုင်ငံအစိုးရအား
မြန်မာပြည်သူများ၏ ရင်ထဲတွင် မည်သို့ နားလည်ပေးရမည်လဲ စဉ်းစားမရပါ။တရုတ်နိုင်ငံသံအမတ်ကြီးနဲ့တကွ တရုတ်နိုင်ငံအစိုးရ အား မြန်မာပြည်သူလူထု
ကိုယ်စားမေးချင်ပါတယ်။ မြန်မာပြည်သူလူထုကိုဖိစီး နှိပ်စက်ခဲ့သောတရားမ၀င်အာဏာရှင်အစိုးရများနဲ့ ကုန်သွယ်စာချုပ်များမချုပ်ဆိုမီမြန်မာပြည်သူများ ၏ ဆန္ဒ သဘောထားများ အကျိုးစီးပွားများကိုထည့်သွင်းစဉ်းစားခဲ့ပါသလား။

တရုတ်နိုင်ငံရဲ့သံအမတ် ပြောတာကိုပြန်ပြောပြပေးချင်ပါတယ်…
“ ကျွန်တော်တရုတ်နိုင်ငံရဲ့ သံအမတ်ကြီးဖြစ်ပါတယ်။ တကယ်လို့ အဲဒီပရောဂျက်ကမြန်မာအစိုးရဘဲဖြစ်ဖြစ် ပြည်သူဘဲဖြစ်ဖြစ် ကောင်းကျိုးမရှိရင်
တရုတ်အစိုးရကခွင့်ပြုမှာမဟုတ်ဘူး ဆိုတာ အာမခံပြောရဲပါတယ်”ဆိုတဲ့စကားအတိုင်း သမိုင်းတွေ အဖြစ်အပျက်တွေက များလွန်းလို့လိုရင်းပြောရမယ်ဆိုရင် ဒီသဘောထားအတိုင်း တရုတ်အစိုးရကမြန်မာပြည်သူကိုယုံကြည်လိုက်ပါ။ ပြည်သူတွေအတွက် အကျိုးမရှိပါဘူး။
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ကလဲ အ၀တ်လဲထားသော စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ တရုတ်နိုင်ငံအစိုးရ သိပြီးသားဖြစ်မှာဖြစ်ပါတယ်။
ဒီလိုနိုင်ငံရေးအခြေအနေ ရှုတ်ထွေးနေချိန်မှာ စီမံကိန်းကိုရပ်တန့်ပေးတာဟာတရုတ်နိုင်ငံအတွက် ပိုမိုဂုဏ်သိက္ခာ ရှိမဲ့လုပ်ရပ်ဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် သံယံဇာတတွေ တူးဖော်ရမယ် ရောင်းချမှဖြစ်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံအခင်းအကျင်းနဲ့တော့ဒီရင်းနှီးမြှု့ပ်နှံမှုသွားလို့မရသေးပါဘူး။ ကျမတို့နိုင်ငံမှာရင်းနှီးမြှုပ်နှံမှု ပေါ်လစီတွေ၊ ဥပဒေတွေ၊သံယံဇာတထုတ်ယူသုံးစွဲမှုပေါ်လစီတွေ ဥပဒေတွေ စသည်ဖြင့် သဟဇာတဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာအားကောင်းလာရင်ဖြင့် အဲဒီအချိန်ကျမှလာပြီးမြှုပ်နှံလှည့်ပါလို့ဖိတ်ခေါ်ပါတယ်။ ဒီကနေ့ မြန်မာ့မြေပေါ်မှာ
ပြည်သူလူထုသဘောထားမပါဘဲ ချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို အမျိုးသားရေးအမြင်ဖြင့် လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ နှစ်ရပ်လုံးမှာ
ဆန်းစစ်လေ့လာမှုများပြုလုပ်လာအောင်လဲ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ကလဲ The Messenger မှာ ပြောထားတာကိုပြန်ပြောပြချင်ပါတယ်။
“ … နှစ်နိုင်ငံခေါင်းဆောင်ကြီးတွေရှေ့မှာရော ၀န်ကြီးချုပ်တွေရှေ့မှာရောလက်မှတ်ထိုးထား တဲ့အတွက် ကျွန်တော်တို့ဘယ်လိုမှရပ်တန့်လို့မရတဲ့ အတွက်ဆက်လုပ်မှာပါ “ လို့ ဆိုထားပါတယ်။
ကျမတို့ပြည်သူတွေကလဲ လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ နှစ်ရပ်လုံးမှာဦးပိုင်ရဲ့ စီးပွားရေးစစ်တမ်းတွေ ပြည်သူလူထုကိုပွင့်လင်းမြင်သာစွာဖော်ထုတ်ပြဖို့ စဉ်ဆက်မပြတ်တွန်းအားပေးသွားမှာဖြစ်တယ်ဆိုတာပါဘဲ။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် …
၁။ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း အမြန်ဆုံးရပ်တန့်ရန်။
၂။ မြန်မာ့မြေပေါ်မှာ ပြည်သူလူထုသဘောထားမပါဘဲချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ကိုအမျိုးသားရေးအမြင်ဖြင့် လွှတ်တော်အတွင်း လွှတ်တော်ပြင်ပ နှစ်ရပ်လုံးမှာဆန်းစစ်မှုများ ပြုလုပ်သွားရန်။
၃။ နိုင်ငံသားခရိုနီများ၏ စီးပွားရေးစစ်တမ်းများ ပြည်သူလူထုကိုပွင့်လင်းမြင်သာစွာဖော်ထုတ်ပြသရန်။
၎။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်။


ကိုဟန်ဝင်းအောင် စာမျက်နှာ မှ ရယူဖော်ပြသည် ။

No comments: