Tuesday, October 30, 2012

ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပစ်ခတ် ထိန်းသိမ်းရာမှ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပစ်ခတ် ထိန်းသိမ်းရာမှ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

တစ်ကျော့ပြန် ပဋိပက္ခများ ဖြစ်ပွား နေသော ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီ ရွာ များကို ဖယ်ရှား ပေးရန် တောင်းဆို သော ဒေသခံ တိုင်းရင်းသား များကို ရဲတပ်ဖွဲ့ က ပစ်ခတ် ထိန်းသိမ်း ရသည့် အတွက် တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိကြောင်း ဒေသခံ များက တူညီစွာ ပြောဆို ကြသည်။

ယင်းဖြစ်စဉ် မှာ ရခိုင် ပဋိပက္ခ အရေး စတင်ခဲ့သည် ဟု အစိုးရမှ တရားဝင် ပြောဆိုခဲ့သော ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ ၌ ယနေ့ နံနက် ၇နာရီ အချိန် တွင် ဘင်္ဂါလီ ကျေးရွာ များကို ဖယ်ရှား ပေးရန် လူဦးရေ တစ်သောင်းကျော် က တောင်းဆို ခဲ့ပြီးနောက် အထက်ပါ အတိုင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းတို့ ၏ ပြောဆိုချက် များအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးမျိုးသန့် နှင့် ရမ်းဗြဲ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တို့ကို The Voice Weekly က ယနေ့ မွန်းလွဲ ၃နာရီ ခန့်တွင် ဆက်သွယ် မေးမြန်းခဲရာ တောင်းဆို မှုများ ဖြစ်ပွား နေသည်မှာ မှန်ကန် သော်လည်း သေဆုံး ဒဏ်ရာ ရရှိမှု နှင့် ဖြစ်စဉ် များကို အတိအကျ မသိ ရှိရ သေးကြောင်း ပြန်လည် ဖြေကြားသည်။

ယင်းကျေးရွာ တောင်ပိုင်း တွင် ရခိုင် တိုင်းရင်းသား များ နေထိုင်ကာ မြောက်ပိုင်းတွင် ဘင်္ဂါလီ များ နေထိုင် ကြသည့် အတွက် ပြဿနာ မဖြစ်ပွား စေရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြမှု တွင် ပါဝင်သူ တစ်ဦးက ဆိုသည်။
အထက်ပါ တောင်းဆိုမှု တွင် ပါဝင် ခဲ့သော ဦးထွန်ကြည် က “ ကျောက်နီမော် အုပ်စု ထဲမှာ ရှိတဲ့ ဘင်္ဂါလီ ရွာ အားလုံး ကို ပြောင်းပေးဖို့ တောင်းဆို တာပါ” ဟု ဆိုသည်။

ကျောက်နီမော် ကျေးရွာ မှ မွတ်ဆလင် လူမျိုး အမျိုးသား တစ်ဦး ကမှု ၄င်းတို့ နေထိုင်ရာ နေရာကို ရခိုင်တိုင်းရင်းသား များ ဝိုင်းရံ နေ သဖြင့် လုံခြုံရေး အခြေအနေ ကို စိုးရိမ် ရသည့် အနေအထား တွင် ရှိကြောင်း ပြောကြားသည်။
“နိုင်ငံတော် ၏ အမိန့် သြဇာ အောက်မှာ အမြဲတမ်း နာခံဖို့ အသင့်ပါ။ နိုင်ငံတော် က ထားတဲ့ နေရာမှာ နေမှာပါ။ ဒါပေမယ့် အခုလို အကြမ်းဖက် လုပ်ဆောင်မှု မျိုးကို လက်မခံ ဘူး၊ ဆက်လက် အကြမ်း ဖက်လာရင် ခုခံသွားဖို့ အသင့်ပါ” ဟု ၄င်းက ဆိုသည်။

ရခိုင် တိုင်းရင်းသား များ အနေဖြင့် လုံခြုံရေး အခြေအနေ လုံခြုံမှု မရှိအောင် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိကြောင်း ကျောက်နီ မော် ကျေးရွာ မှ အဆိုပါ မွတ်ဆလင် လူမျိုးက ထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ အင်အား ၅ဝဝဝကျော်၊ နစက တပ်ဖွဲ့ ဝင် အင်အား ၁ဝဝဝကျော်၊ တပ်မတော် တပ်ရင်း ၅၁ရင်း နှင့် ဆူပူ အကြမ်းဖက်မှု များကို ဖြိုခွဲ နှိမ်နင်းရန် အတွက် မျက်ရည်ယို ဗုံးများ အပါအဝင် အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ကိရိယာ များ လုံလောက်စွာ ဖြန့်ဖြူး ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာ တွင် အောက်တိုဘာ လ ၂၈ရက်နေ့ တွင် ဖော်ပြ ထားသည်။

No comments: