Sunday, October 28, 2012

သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာကျန်


Sunday, 28 October 2012
မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၏ စီမံချက်များအရ သိရှိ ရသည်။

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် စီမံချက်များ ရေးဆွဲထားရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သစ်အလုံးပြည်ပတင်ပို့ခြင်းအား ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သွားရန် ရှိသည်ဟု သိရသည်။


ယင်းအပြင် မြန်မာနိုင်ငံမှ နှစ်စဉ် ကျွန်းနှင့် သစ်မာထုတ်ယူမှုကိုလည်း လျှော့ချသွားရန် စီစဉ်ထားပြီး ကျွန်းအား ၁၅ ရာခိုင်နှုန်း သစ်မာအား ၂၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


အထူးသဖြင့် ပဲခူးရိုးမဒေသ၌ သစ်ထုတ်လုပ်ခြင်းအား အမြန်ဆုံးလျှော့ချ ထုတ်လုပ်ရန်အတွက် ဦးစားပေး သတ်မှတ်ထားကြောင်းနှင့် ပဲခူးရိုးမတွင် ကျွန်းကို ၇၅ ရာခိုင်နှုန်းနှင့် သစ်မာကို ၂၂ ရာခိုင်နှုန်း အချိုးကျ လျှော့ထုတ်သွားရန်ရှိကြောင်း သိရသည်။


ယခုကဲ့သို့ သစ်အလုံးလိုက် ပြည်ပတင်ပို့မှုရပ်ဆိုင်း (Log Export Ban) ခြင်းကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်သည်နှင့် မြန်မာ့သစ်လုပ်ငန်း၏ လက်ရှိကျင့်သုံးနေသည့် ရောင်းဝယ်ရေးစနစ်၊ ဖြန့်ဖြူးမှုစနစ်၊ အရောင်းဈေးနှုန်း၊ ငွေကြေး စီမံခန့်ခွဲမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံယူနစ်များ အားလုံးကို ပြုပြင်ပြောင်းလဲမည် ဖြစ်ကြောင်းလည်း သိရသည်။


Log Export Ban သစ်အလုံးလိုက် ပြည်ပတင်ပို့ခြင်း ရပ်ဆိုင်းပြီး ကျွန်းနှင့် သစ်မာ လျှော့ချထုတ်မည့် အစီအစဉ်ကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရာရောက်ကြောင်း ဖော်ပြထားသည်။


သို့သော် မှောင်ခိုထုတ်ယူကာ တရားမ၀င်နယ်စပ်များမှတစ်ဆင့် တင်ပို့နေမှုများကို တိကျစွာတားဆီးနိုင်ပါမှ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မည်ဟုလည်း သစ်အချောထည် လုပ်ငန်းရှင်အချို့က သုံးသပ်သည်။


မြန်မာနိုင်ငံ၏ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုဧရိယာမှာ ယခုအခါတွင် နိုင်ငံ့ဧရိယာအကျယ် အ၀န်း၏ ငါးပုံ ပုံလျှင် တစ်ပုံဝန်းကျင်သာ ကျန်ရှိတော့ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်က ပြောကြားခဲ့ပြီးဖြစ်သည်။


၎င်းက သြဂုတ်လ ၁၇ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုမှာ ကုန်းဘောင်ခေတ်က နိုင်ငံ့အကျယ်အ၀န်း၏ ၇၀ရာခိုင်နှုန်း ရှိသော်လည်း ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း ကျန်ရှိကြောင်း၊ ၂၀၀၅ ခုနှစ် ၅၁ ရာခိုင်နှုန်း ကျန်ရှိပြီး ၂၀၀၈ ခုနှစ်တွင်မူ ၂၄ ရာခိုင်နှုံန်းသာ ကျန်ရှိတော့သည်ဟု စာရင်းအတိအကျဖြင့် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။


၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ကျွန်း ၃၇၁၀၀၀ တန်နှင့် သစ်မာ ၁၇၈၉၄၀၀ တန် ထုတ်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ တန်ချိန်ကို အခြေခံထားပြီး နှစ်အလိုက် လျော့ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။


( ဓါတ်ပုံ - ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရန် အေရှားဝေါလ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ် )

သတင်း - Eleven Media Group
New Generations: သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင
8888newgenerations.blogspot.com

No comments: