Wednesday, October 31, 2012

စစ်ကိုသာမုန်းပါ လူသတ်ခြင်းကိုမုန်းပါ ရန်လိုခြင်းကိုမုန်းပါ



သိပ်ခင်တဲ့ ဆရာကြီးတစ်ယောက်
ဟင်းချက်ကောင်းတဲ့ အလိုက်သိတဲ့ ရဲဘော်တစ်ယောက်
ညီလိုခင်တဲ့ ညီငယ်လေးတစ်ယောက်
ငပွေးလက်ချက်နဲ့တဲ့ အလောင်းတောင် ပြန်မကောက်နိုင်
သည်အကြောင်းတွေ မမမေကို ပြောတော့
ကျမ အဲ ငပွေးကောင်တွေကို မုန်းလိုက်တာမောင်တဲ့.....

တစ်ယောက်က တိုတစ်ရှည်တစ်
နောက်တစ်ယောက်က လက်ဆစ်ကလေးတွေ
တစ်လုံးထွက် ၂ဖက်ပြတ် စုံလုံးကန်း
လူရုပ်မထွက်နိုင်တော့တာတွေ ပြောပြတော့
ကျမ သူတို့ကို သနားလိုက်တာမောင်တဲ့.....

လမ်းတစ်ကွေ့မှာ ဘွားကနဲတွေ့တော့
သူကလဲ ပစ် ကိုယ်လဲပစ်နဲ့
သေကွင်း သေကွက် ရွေးနှက်ကြတဲ့အကြောင်းပြောတော့
မောင် သူတို့ကိုသိပ်မုန်းသလားတဲ့.....

ရွာအဝင် တစ်ခါ ရွာထွက်တစ်ခါ
ရေချိုးဆင်းရာ၊ ရေခပ်ရာပါ မကျန်
မိုင်းဆိုတာ ကြောက်ရတယ် ပြောတော့
သူတို့က မောင့်ကို သိပ်မုန်းတာရောတဲ့.....

မမမေရယ် ပေါ်လစီစကားတွေ မပါပဲ မောင်ဘယ်လိုရှင်းရမလဲ

မမမေ ငပွေးတွေကို မမုန်းပါလေနဲ့
မမမေ ပီစိုင်းတို့ကို မမုန်းပါလေနဲ့
မမမေ မသန်သော်လဲ စွမ်းနေဆဲ ကျွန်တော့် ရဲဘော်တွေကိုလဲ မသနားလိုက်ပါနဲ့

ချစ်လုံးလုံး မုန်းလျားလျား အစွန်းကို သွားတဲ့

စိတ်တွေပြောင်း
စကားတွေကိုပြင်
မလုပ်မိအောင်ကြိုးစား

ငပွေးနဲ့ မောင်နဲ့တူတူ
မောင်နဲ့ ပီစိုင်းတူတူ
ဟိုရဲဘော်လေးတွေနဲ့ မမမေ အတူတူ
လူ=လူ

လေးစားခြင်းကို ဦးတည်ကြပါစို့

ညီညွတ်ခြင်းဆီ ဦးတည်ကြပါစို့

ဖေးကူခြင်းဆီ ဦးတည်ကြပါစို့

အမုန်းတွေ မကုန်ကြရင် အမျိုးတွေ ကုန်တော့မယ်

မမမေ..မုန်းရမှ ဖြစ်မယ်ဆိုရင်

စစ်ကိုသာမုန်းပါ
လူသတ်ခြင်းကိုမုန်းပါ
ရန်လိုခြင်းကိုမုန်းပါ

ကျွန်တော်တို့ဟာ အရာရာမှာ နုံနဲ့ချို့တည့်လွန်းတော့
အမှားကို မလွန်ဆန်နိုင်တဲ့ အခါ
အကောင်းဆုံးမှားတာဟာ အမှန်ယောင် ဆောင်နေတတ်လို့ပါ

အဲဒီအခါ ကျွန်တော့်ကိုပါ မုန်းပါ။ ။

Credit : Mg Han

No comments: