Tuesday, January 15, 2013

၂၀၁၃ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှစ် ဖြစ်မည်လော

(မောင်ဝံသ- ပြောချင်လွန်းလို့)

by ပြည်သူ့ခေတ် on Tuesday, January 15, 2013 at 10:14am ·
ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုအတွင်း မြန်မာ့နိုင်ငံရေးအတွက် အထူးခြားဆုံး သတင်းဖြစ်ရပ် တစ်ခုလို့ ဆိုနိုင်တာကတော့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) နဲ့ နိုင်ငံတော် သမ္မတကြီး တွေ့ဆုံတာ၊ မကြာခင်မှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ကျွန်တော် ယူဆမိတယ်ဗျ။

သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့
အားလုံးသိကြတဲ့အတိုင်း KNU ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ အစိုးရကို လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်ခဲ့တဲ့ “ကရင် အမျိုးသား ဦးဆောင်အဖွဲ့ကြီး ဖြစ်တဲ့ KNDO ကို ဆက်ခံခဲ့တဲ့အဖွဲ့ ဖြစ်တာကြောင့် ကျွန်တော်တို့နိုင်ငံမှာ သက်တမ်းအရင့်ဆုံး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီး ဖြစ်တယ်ဗျ။ ပြောရရင် မြန်မာမှာသာမက ကမ္ဘာမှာတောင် သက်တမ်းအရင့်ဆုံး တော်လှန်ရေးအဖွဲ့တွေထဲက တစ်ခုလို့ ဆိုနိုင်တယ်ဗျ။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်း လက်ရှိအစိုးရ မတိုင်မီ အရင် စစ်အစိုးရတွေ လက်ထက်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း မရှိခဲ့တဲ့ တစ်ခုတည်းသော အင်အားကြီး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်ခဲ့တယ်ဗျ။
          အခုဆိုရင် မကြာသေးခင်က သူတို့နယ်မြေမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် KNU ညီလာခံက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဥက္ကဋ္ဌသစ် အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ခေါင်းဆောင်များနဲ့ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်များ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်တွေ့ဆုံပြီး တိုင်းပြည် ငြိမ်းချမ်းရေး ကိစ္စများကို တန်းတူရည်တူ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ခဲ့ကြပြီမို့ အဲဒီသတင်းဟာ ဒီတစ်ပတ် အတွင်း အထူးခြားဆုံး သတင်းဖြစ်တယ်လို့ ကျွန်တော် ဆိုလိုက်ရခြင်း ဖြစ်တယ်ဗျ။

သေနတ်ထမ်းပြီး  ပြောခဲ့ကြတာ
ကျွန်တော်တို့ မြန်မာ ဘာသာစကားမှာ “ပုဂံ ရာဇ၀င်ပြောရင် တုတ်ထမ်း ပြောရမယ်” ဆိုတဲ့ တင်စားချက်တစ်ခုရှိတာ အားလုံးအသိ ဖြစ်တယ်ဗျ။ အဲသလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်း ငြိမ်းချမ်းရေး အကြောင်းကိုလည်း သေနတ်ထမ်းပြီး ပြောခဲ့ကြတာ ကာလရှည်ကြာခဲ့ပြီဗျာ။ “နိုင်ငံရေး အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်”ဆိုတဲ့ တရုတ် ကွန်မြူနစ် ဥက္ကဋ္ဌကြီးမော်ရဲ့ အတွေးအခေါ်ကို ကျွန်တော်တို့နိုင်ငံက လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ လမ်းဩန်မှုအဖြစ် ခံယူထားကြခြင်း ရှိမရှိဆိုတာ မသေချာ ပေမယ့် လက်တွေ့မှာတော့ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို သေနတ်နဲ့ တည်ဆောက်ဖို့ ကြိုးပမ်းလာခဲ့ကြတာ ရာစုနှစ်တစ်ဝက်ကျော် ကြာလာခဲ့ပြီဗျာ။ အဲဒါရဲ့ အဓိပ်္ပာယ်က စကားလုံး လှလှတွေ ဘယ်လိုပဲပြောပြော လက်တွေ့မှာ မီးကိုရေနဲ့ မငြှိမ်းဘဲ မီးနဲ့ပဲ ငြှိမ်းဖို့ ကြိုးစားခဲ့ကြ တာ ဖြစ်တယ်ဗျ။

ငြိမ်းချမ်းရေး  ကြိုးပမ်းခဲ့ကြသော်လည်း
ပြီးခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ မီးကိုရေနဲ့ ငြှိမ်းဖို့ ကြိုးစားတာမျိုးတွေ မရှိခဲ့တာတော့ မဟုတ်ဘူးဗျ။ နိုင်ငံရေး အစိုးရလို့ ခေါ်ခဲ့ကြတဲ့ ဖဆပလ အစိုးရ လက်ထက်မှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ငြိမ်းချမ်းရေးအတွက် တန်းတူ ရည်တူ ဆွေးနွေးကြဖို့ နှစ်ဖက်စလုံးက ကြိုးစားတာတွေ ရှိခဲ့တယ်ဗျ။ ဒါပေမဲ့ ရှေးမီနောက်မီ ပုဂိ္ဂိုလ် တချို့ရဲ့  ပြန်လည် ပြောပြချက်တွေနဲ့ မြန်မာ့သမိုင်းအဖွဲ့က တည်းဖြတ် ထုတ်ဝေတဲ့ “၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး” လေးစောင်တွဲ မှတ်တမ်းစာအုပ်ပါ အချက်အလက်များအရ အဲဒီခေတ်ရဲ့ စစ်ခေါင်းဆောင်တချို့ (အဓိကကတော့ အာဏာရ ဆိုရှယ်လစ်ပါတီရဲ့ အဆက်အနွယ်တွေ) က သူတို့နဲ့ အပြန်အလှန် အသေအကျေ တိုက်ခဲ့ကြတဲ့ သူပုန်တွေ မြို့ပေါ်ရောက်လာပြီး သူတို့ကို အမိန့်ပေးအုပ်ချုပ်တဲ့ အစိုးရယ်္တရားရဲ့ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ဖြစ်လာမယ့် လမ်းစပေါ်သွားမှာကို မလိုလား မရှုစိမ့်နိုင်ကြတာကြောင့် နည်းမျိုးစုံနဲ့ ဟန့်တားပိတ်ပင် နှောင့်ယှက်ခဲ့ကြတဲ့အတွက် အဲဒီကြိုးစားမှုတွေ မအောင်မမြင် ခဲ့ရတာလို့ ကျွန်တော် သိထားခဲ့ဖူးတယ်ဗျ။ မပြေးသော် ကန်ရာရှိ ဆိုသလို ၁၉၅၈ ခုနှစ် ဖဆပလကြီး နှစ်ခြမ်းကွဲအပြီး သန့်ရှင်း ဖဆပလ အစိုးရ ၃ လနဲ့ ၁၇ ရက် သက်တမ်းအတွင်း ဗကပနဲ့ သန့်ရှင်း ဖဆပလအစိုးရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ရက်ပိုင်းလောက်အလိုမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အဲဒီဖြစ်နိုင်ခြေ ရေစုန်မျောသွားခဲ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကျွန်တော် ကြားခဲ့ရဖူးတယ်ဗျ။ ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းက ဖက်ဒရယ်မူကို အကြောင်းပြပြီး အပြီးအပြတ် အာဏာသိမ်းခဲ့တာကို လူသိများတယ်။ တကယ်ကတော့ ၁၉၅၈ ခုနှစ်မှာ ကတည်းက အာဏာသိမ်းဖို့ ဗိုလ်မောင် မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့ ၀န်ကြီးချုပ် ဦးနုဆီကို သွားပြောချိန်မှာ အင်မတန် နိုင်ငံရေး အမြော်အမြင် ကြီးမားတဲ့ ဦးနုက ပါလီမန် ဒီမိုကရေစီ အသက်ဆက်နိုင်ဖို့အတွက် ရည်မျှော်ပြီး အာဏာ လွှဲပေးလိုက်ရတာကို လူသိနည်းတယ်ဗျ။ ကာယကံရှင်ဦးနုကတော့ “၁၉၅၈ ခုနှစ် အကုန်လောက်မှာ စစ်တပ်က အာဏာသိမ်းတဲ့အတွက် ဦးနုဟာ ဗိုလ်ချုပ်ကြီး နေ၀င်းကို ၀န်ကြီးချုပ်ရာထူး လွှဲပေးလိုက်ရတယ်” (တာတေ စနေသား စာ ၂၅၉) လို့ ၀ါကျ တစ်ကြောင်းတည်းနဲ့ ပြောခဲ့တယ်ဗျာ။

ငြိမ်းချမ်းရေးရဲ့   သော့ချက်တစ်ခု 
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တစ်နေ့တခြား ပိုမို ကြီးမားလာခဲ့ပြီး နောက်ဆုံးမှာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေအပေါ် စစ်တပ် က အကြွင်းမဲ့ လွှမ်းမိုးသွားခဲ့တယ်။  အဲဒီ အနေအထားဟာ အခုအချိန်အထိ တည်ရှိနေတယ်။ မည်သို့ရှိစေ၊ လက်ရှိအခြေအနေမှာလည်း စစ်ခေါင်းဆောင်တွေရဲ့ သဘောထားဟာ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးရဲ့ သော့ချက်တစ်ခု ဖြစ်နေဆဲပဲဆိုတဲ့ အချက်တွေအပေါ် မှာတော့ မြန်မာနိုင်ငံသား အများစုက သဘောတူကြရမှာပဲ ဖြစ်တယ်ဗျ။
          အဲဒီတော့ အဲဒီအချက်တွေ အားလုံးကို ပေါင်းခြုံ ကြည့်လိုက်ပြီး ကျွန်တော်က သက်တမ်းရင့် တော်လှန်ရေး အဖွဲ့ကြီးတစ်ခုနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတနဲ့၊ အထူးသဖြင့် တပ်မတော်ကို ကိုယ်တိုင်ကိုယ်ကျ ကွပ်ကဲအုပ်ချုပ်နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးကြတဲ့ သတင်းဟာ အင်မတန်ထူးခြားတဲ့ သတင်းတစ်ပုဒ် ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အသည်းအသန် လိုအပ်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အင်မတန်မှ သက်ရောက်မှုကြီးမားတဲ့ သတင်းဖြစ်ရပ်ပါပဲလို့ အထူးပြု ရည်ဩန်း လိုက်ရတာ ဖြစ်ပါတယ်ဗျာ။

နှစ် ၆၀ အတွင်း ပထမဆုံး
တကယ်တော့ ဒီသတင်းဟာ နှစ်ပေါင်းခြောက်ဆယ်ကျော် အသေအကျေ တိုက်ခိုက်လာခဲ့ရတဲ့ တောတွင်း လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုရဲ့ ဥက္ကဋ္ဌအပါအ၀င် ခေါင်းဆောင်တွေနဲ့ မြန်မာ့ တပ်မတော် အကြီးအကဲတို့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့ အချက်တစ်ချက်တည်းကြောင့်တင် ထူးခြားတာ မဟုတ်ဘူးဗျ။ နှစ်ဖက် ခေါင်းဆောင်တွေရဲ့ ပြောစကားတွေကလည်း ဒီသတင်းရဲ့တန်ဖိုးကို ပိုပြီး ထူးခြားလေးနက် စေခဲ့တယ်ဗျ။

ငြိမ်းချမ်းရေး နိမိတ်စကားတွေ
တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို သူ့အနေနဲ့ စိတ်ဝင်စားကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ဖြစ်စေချင်ကြောင်း၊ လူတစ်ဦးမှာ ရိုးသားမှု ကတိတည်မှု အရေးကြီးကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ထာဝရ ငြိမ်းချမ်း ရေးရရှိပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်စေချင်သော စိတ်ထားအမြဲရှိကြောင်းစတဲ့ စကားတွေ ပြောဆိုခဲ့ပြီး KNU ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်ကလည်း “ပြည်သူ့ခေတ်” သတင်းထောက်ရဲ့ အမေးကို ဖြေကြားရာမှာ “ကျွန်တော်တို့ နှစ်ပေါင်း ၆၀ ကျော်မှာ အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်နဲ့ အပစ်အခတ် ရပ်စဲရေးတွေ ၅ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်၊ သို့သော် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားမှု၊ တန်းတူရည်တူ တန်ဖိုးထားမှုတွေကို ကျွန်တော်တို့ တစ်ခါမှ မရခဲ့ဘူးခင်ဗျ၊ အခု နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ ကရင်အမျိုးသားတွေအနေနဲ့ တစ်လျှောက်လုံး မျှော်လင့်ခဲ့တဲ့ တန်းတူရည်တူ ဆက်ဆံမှု အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှုဆိုတာတွေ ကျွန်တော်တို့ အကုန်လုံး ရရှိခဲ့တယ်၊  ကြိုတင်စည်းကမ်း သတ်မှတ် ချက်တွေ လုံးဝ မရှိခဲ့ဘူးဆိုတော့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့အတွက်ကို ကျွန်တော်တို့ ငြိမ်းချမ်းရေး ခရီးစဉ် ကတော့ အများကြီး ရှေ့ဆက်သွားဖို့ရပြီလို့ ယုံကြည်ပါတယ်”လို့ ပြောဆိုခဲ့တယ်ဗျ။ ဒီစကား တွေဟာ တကယ်ကို ရင်ထဲကလာတဲ့ စကားတွေ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တဲ့အတွက် ငြိမ်းချမ်းရေး အလားအလာအတွက် တကယ်ပဲ အားတက်မိတယ်ဗျာ။

ချွေးသိပ်လိုက်  တိုက်လိုက်
အရင်ကတော့ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး လေ့လာသုံးသပ်သူ အများစု စိတ်ထဲမှာ မြန်မာစစ်တပ်ဟာ တောတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရာမှာ တစ်ဖွဲ့ကို တိုက်နေ ချိန်မှာ ကျန်တဲ့ အဖွဲ့တွေကို ချော့မော့ ချွေးသိပ်ထားပြီး အဲဒီ ချော့မော့ ချွေးသိပ်ထားတဲ့ အဖွဲ့တွေနဲ့ ပြန်တိုက်ရတဲ့အခါ အရင်ကတိုက်ခဲ့တဲ့ အဖွဲ့တွေကို ချော့မော့ချွေးသိပ်တဲ့ နည်းပရိယာယ် သုံးလေ့ ရှိခဲ့တယ်ဆိုတဲ့ အတွေးအခေါ်က ကြီးစိုး လွှမ်းမိုးနေခဲ့တယ်ဗျ။ အဲသလို တွေးစရာ အကြောင်းတွေကလည်း အခိုင်အမာကို ရှိခဲ့တာကိုးဗျာ။

ရန်လိုသော  သေနတ်သံ  အားလုံး  တိတ်စေသတည်း
အခု လောလောဆယ်မှာလည်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့  အဖြစ်အပျက်တွေက ငွေ့ငွေ့ ကျန်နေသေးတဲ့ အဲဒီ အတွေးအခေါ် မီးကြွင်းမီးကျန်ကို ဓာတ်ဆီနဲ့ တောက်ပေးသလို ဖြစ်နေသေးတာတော့ အမှန်ပဲဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေကတော့ တရားသူကြီးလိုပဲ ဘယ်သူ့ကိုမဆို သံသယ အကျိုး ကိုတော့ ခံစားခွင့်ပြုကြရမှာပဲ ဖြစ်တယ်ဗျ။ ဒါကြောင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်ရှိ မြန်မာ့တပ်မတော်ဟာ မကြာတော့မယ့် တစ်နေ့မှာ  ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးက ရန်လိုတဲ့ သေနတ်သံတွေ အားလုံးကိုပါ အပြီးတိုင် တိတ်ဆိတ်သွားအောင်လုပ်ပြီး မြန်မာပြည်သူတွေရဲ့ သို့လော သို့လော သံသယတွေကို ချေဖျက်ပေးသွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည် မျှော်လင့် နေကြောင်းပါဗျာ။
          (ကျွန်တော့်ရဲ့ နှစ်သစ်ကူး ဆုတောင်းမှာ အဓိက ဦးစားပေးအဖြစ် ပြောခဲ့ဖူးတဲ့ ၂၀၁၃ ဟာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရတဲ့နှစ် ဖြစ်စေရမယ်ဆိုတဲ့ ပြင်းပြ ဆန္ဒအတိုင်း အကောင် အထည် ပေါ်ပါစေသတည်း)

၁၃  ၁  ၂၀၁၃
maungwuntha@gmail.com


No comments: