Thursday, January 24, 2013

လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ

WunPawngnews Kachin's photo.

ဖနိဒါ |

ကချင်လွတ်မြောက်ရေးဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် တနှစ်အောက်ကလေးငယ်
များ ဝမ်းရောဂါ ဖြစ်ပွားမှု များပြားလာပြီး ယခုလအတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိနေပြီဟု လိုင်ဇာပြည်သူ့
ဆေးရုံမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွားခဲ့သော်လည်း ဇန်နဝါရီလတွင် ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမို ပြင်းထန်လာ
ပြီး ၂၀ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့ထိ ကလေးငယ် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဆုံးသွားတဲ့ ကလေးက မျက်ဖြူလန်သွားတယ်။ တကိုယ်လုံး အရည်ဓါတ် ခန်းခြောက်ပြီး အဖျား ၄၀၊ ၄၁ ဒီကရီထိ တက်ပြီး ဆုံးသွားတယ်။ ဒီရောဂါက အရမ်း မြန်နေတယ်။ နှစ်ရက် သုံးရက်ဆိုရင် သေဆုံးသွားတယ်။ ဒီနေ့ ဆုံးတဲ့ ကလေးကလဲ ဆေးတောင် မကုရသေးဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်”ဟု ကလေးဆရာဝန် ဆိုင်းမိုင်က
ပြောသည်။

ယနေ့ ကြာသာပတေးနေ့မှာဘဲ လိုင်ဇာမြို့ ဝိုင်ချိုင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်စခန်းမှ ကလေးတဦး ထပ်မံ သေဆုံး
ခဲ့ပြီး ယနေ့တနေ့ထဲတင် ဝမ်းရောဂါ ခံစားနေရသူ ကလေး ၄ ဦး လိုင်ဇာဆေးရုံသို့ ထပ်မံ ရောက်ရှိလာနေသည်ဟု ၎င်းက မဇ္စျိမသို့ပြောသည်။

အဓိကအားဖြင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်း အပါအဝင် ဒုက္ခသည်စခန်းအတွင်း ကြပ်ကြပ်တည်းတည်း
နေထိုင်ရခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကလေးဆရာဝန်က သုံးသပ်ပြောဆို
သည်။

ထို့ပြင် ကလေးငယ်များ သေဆုံးမှု မြန်ဆန်လာသဖြင့် ထူးဆန်းသည့် ဝမ်းရောဂါ ဖြစ်ပြီး အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ တနှစ် ကျော်ကြာ ဖြစ်ပွားနေသော လက်နက် ခဲယမ်း ဓါတ်ငွေ့များကြောင့် ဖြစ်နိုင်သည်ဟု ယူဆ
သော်လည်း လက်တွေ့ သုတေသန မပြုလုပ်နိုင်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိ လိုင်ဇာဆေးရုံတွင် ၁၀ ဦးကျော် ဆေးကုသမှုခံယူပြီး တခြားဒုက္ခသည်စခန်းအတွင်း ဆေးကုသနေသူ အနည်းဆုံး ၁၀၀ ကျော် ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဂျယ်ယန်း ဒုက္ခသည်စခန်းအတွင်းမှ ကလေးများသာ ပိုမိုဖြစ်ပွားခဲ့သော်
လည်း ယခု နောက်ပိုင်း လိုင်ဇာမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ကလေးများလည်း ဖြစ်ပွားမှု ပြန့်နှံ့လာနေခြင်း ဖြစ်သည်။

No comments: