Thursday, January 17, 2013

ABSDF ကျောင်းသူ ရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်းခရီး(၂၇)


by May Thingyan Hein on Monday, January 14, 2013 at 11:26am ·
အပိုင်း(၂၇)
အဲလို ဇာတ်လမ်းပေါ်ဖို့အတွက်ကို ကျမတို့ကို ထောက်လှမ်းရေးဆိုပြီး သူတို့ ဖမ်းယူုထားတဲ့ စစ်ချက်တွေရှိတယ်။ အဲဒါတွေကို ချပြ။ကျမတို့ အယောက် ၁၀၀ရဲ့ စစ်ချက်၊ ကျမတို့ကိုယ်တိုင်ထောက်လှမ်းရေးပါလို့ ၀န်ခံပြီး ပြောထားတဲ့ စစ်ချက်တွေကို ချပြပါ။ ကိုယ့်ကိုတိုင် ထောက်လှမ်းရေးတောင် မဟုတ်ဘူး။ သူ ထောက်လှမ်းရေး နင်ထောက်လှမ်းရေးဆိုပြီး အချင်းချင်း လက်ညှိုးတွေ ထိုးပြီးတော့မှ လုပ်ခဲ့ကြတာလေ။ ကျမလည်း ညီညီကျော်တို့ကိုရဲလင်းတို့ကို ထောက်လှမ်းရေးဆိုပြီး လက်မှတ်ထိုးပြီး ပြောခဲ့တာပဲ။ သူတို့ မဟုတ်ဘူးဆိုတာလည်း သိနေတာပဲ။

အဲဒီစစ်ချက်လေးတွေကိုလေ ချပြပေး၊နောက် ကျမတို့တွေ့ကို ထောက်လှမ်းရေး ဆိုပြီးတော့ ရိုက်ပြီးတော့ သူတို့တွေ ဖြန့်ထားတာ ရှိတယ်၊ အဲဒါတွေကိုလည်း ချပြပေး။ ကျမတို့ဘက်က အဲဒီလောက်ထိ ပွင့်ပွင့်လင်းလင်းပြောတယ်၊ ချပြပေးလိုက် မကြောက်ဘူး။ အဲဒီတုန်းကလက်မှတ်ထိုးခဲ့ရတဲ့ အခြေအနေကို ပြောရဲတယ်။

အဲဒီကိစ္စတွေကို ကိုမိုးသီးဇွန်တို့ကို ပြောခဲ့တယ်။ အဲတော့ကိုမိုးသီးက  လုပ်ပါ မြောက်ပိုင်းမှာ ဒီလိုဖြစ်ခဲ့တာတွေက  လုပ်သင့်တဲ့  ကိစ္စတွေလုပ်ပါလို့ ပြောခဲ့တယ်။
အဲလိုတွေ့ပြီးတော့ ကျမ ဘန်ကောက်ကို ပြန်ရောက်တယ်၊ ဘန်ကောက်ကနေ Australia ကို ပြန်ခဲ့တယ်။ ပြန်ရောက်တော့ ခေါင်းထဲမှာ သံမှိုစွဲနေပြီ ကျမ ဒီကိစ္စ ကြီးကိုလုပ်တော့မယ်။ ငါဘယ်ကစ ရမလဲ။ အဲလို ပြန်တွေးရတယ်။အဲ…မဲဆောက်ကို မရောက်ခင်မှာက နန်းအောင်ထွေးကြည်ဆိုတာ စုန်းစုန်းမြှုပ်နေတာ၊ ကျမ ဘယ်ရောက်နေလဲ ဘယ်သူမှ မသိဘူး။

ကျမက ဘယ်သူနဲ့မှလည်း အဆက်သွယ်မလုပ်ခဲ့ဘူး။ ခုတော့ အဆက်အသွယ်ပြန်လုပ်တော့မယ်။ ဆိုတော့ ဆရာနေ၀င်းအောင်ကို ဖုန်းဆက်တယ်၊ သူနဲ့ စကားပြောဖြစ်တယ်။ ဆရာ ကျမတို့လုပ်ရအောင်ဆိုတော့ ဆရာက သူပြန်လုပ်ချင်တဲ့ အနေအထားမရှိဘူး ၊ ဒါပေမဲ့ သူ ကူညီပေးမယ်ပေါ့။ ဆရာနေ၀င်းအောင် ကူညီမယ်ဆိုတော့ကောင်းတယ်။ ဆရာကလည်း ဒီကိစ္စတွေမှာ ပံ့ပိုးပေးနိုင်တဲ့ သူရှိတယ်ပေါ့။ကိုသန်းဝင်းပေါ့။ သူတို့လည်း ကူညီနိုင်တယ်ပေါ့။

ကိုသန်းဝင်းနဲ့ ဖုန်းပြောဖြစ်ပြီးတော့ ကိုသန်းဝင်းက အမေရိကားမှာ တယောက်ရှိတယ် သူက အောင်မိုးဝင်းပေါ့။ အဲဒါနဲ့ ကျမက အောင်မိုးဝင်းကို ဆက်သွယ်လိုက်တယ်။ ကိုအောင်မိုးဝင်းကို ကျမ ဒီအကြောင်းတွေ ပြောပြလိုက်တယ်။ ကိုအောင်မိုးဝင်းက သူလည်း ဖတ်တယ်၊ သူကလည်း စိတ်ဝင်စားတော့ကျမနဲ့လည်း အဆက်အသွယ်ရပြီး ပြောဖြစ်ကြတယ်။ အဲဒီမှာ သူ ကူညီမယ်တဲ့၊ သူရေးမယ်တဲ့။

အဲဒီမှာ မြန်မာပြည်က နိုင်ငံရေးအခြေအနေကို ကြည့်တော့ နိုင်ငံရေးအခြေအနေကလည်း သိပ်မကောင်းသေးဘူးပေါ့။ အချိန်လေး နည်းနည်းထပ်ဆိုင်းကြမလားပေါ့ကိုအောင်မိုးဝင်းက ရတယ်ပေါ့ ကျမတို့ ၁၈ နှစ်လောက်အောင် ကြာအောင်စောင့်ခဲ့သေးတာပဲ။
အဲဒီမှာ ဒေါ်စုက ထွက်လာရတော့မလိုလိုနဲ့ အမေရိကန်လူကြီး အိမ်ထဲဝင်တဲ့အမှုနဲ့ ထွက်လာလို့မရတော့ပြန်ဘူး။ ပြန်စောင့်ရပြန်ရော။ ဒေါ်စု အထဲထဲမှာ ရှိနေတဲ့ အချိန်မှာတော့ကျမလည်း မလုပ်ချင်ဘူးလေ၊ ဒါမှန်သလား မှားသလား ကျမတို့ မသိဘူး။ဒါ အရှင်းဆုံးပြောတာလေ။ အဲဒီမှာ အချိန်တခုကို ထပ်စောင့်လိုက်တယ်။

နောက်တော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလောက်မှာကိုအောင်မိုးဝင်းက အီးမေးပို့လာတယ်။ မငယ်တဲ့ ကျနော်တို့ ရေးကြရအောင်တဲ့ ဒီကိစ္စကိုတော့ ဟုတ်ပြီလို့ ကိုအောင်မိုးဝင်းလို့ ရေးလို့ပြောပြီး ကျမက ဘန်ကောက်ထွက်သွားလိုက်တယ်၊ အဲဒီအချိန်မှာ ကျမ အွန်လိုင်းကိုလည်း မ၀င်ဖြစ်တော့ဘူး။
အဲဒီမှာ ထိန်လင်းရေးတဲ့ သန်းကြီးမက အရင်ထွက်လာတယ်၊ ကိုအောင်မိုးဝင်းရေးတဲ့ မြောက်ပိုင်းက အရိုးတွန်သံက မထွက်သေးဘူး။ ဒီကိစ္စက နည်းနည်းနောနော မဟုတ်ဘူးနော်။

ကျမလည်း ရေးရမှာကို စတွန့်တယ်။ ကျမကိုယ်တိုင်လည်း တထင့်ထင့်လေးဖြစ်နေတယ်။ လုပ်တာ လုပ်ရတယ် ဖြစ်ပါ့မလားပေါ့။ ငါတို့က တိုက်ခိုက်နေတာလည်း မဟုတ်ဘူး။ ကိုယ့်အမှန်တရားလေးကို ကိုယ်ပြောပေးတာပဲ၊ ပြောပေးလိုက်မယ် လူလေးတွေ သိလာရင် ကျေနပ်ပြီပေါ့။  ကိုကြီး(ကိုထွန်းအောင်ကျော်)တို့ကလည်း ပြောခဲ့တာက သူတို့အမှန်တရားလေးတွေ၊ သူတို့ ဖြစ်ခဲ့တာလေးတွေကို ပြောပေးပါပေါ့။ ဒါတွေကလည်း ဒီအတိုင်းပြောလို့မရဘူး အချက်အလက်တွေရှိဖို့လိုတယ်လေ။ ၂၀၀၆ လောက်တုန်းက စမားညီညီနဲ့ကျမနဲ့ အဆက်အသွယ်ရခဲ့တယ်။

သူကလည်း ဒီအဖြစ်ပျက်လေးတွေကို သူ့အကိုရဲ့ ဘလော့မှာလား မသိဘူး၊ ဟိုဟာရေး ဒီဟာရေးပေါ့။ ဒါပေမဲ့သူ့မှာက အချက်အလက်တွေ မပါတော့ မထိရောက်ဘူး။ ပြီးတော့ထိန်လင်းရဲ့ သန်းကြီးမ ကိုလည်း ဒါ ပထမဆုံးအကြိမ် မြောက်ပိုင်းက ခံစားခဲ့ရတဲ့ လူတွေရဲ့ ပထမဆုံးအကြိမ်ပေါက်ကွဲသံ။ အတိအလင်း ဒါ သူကိုယ်တိုင် ခံစားရတာ။
ABSDF ကနေ ထွက်သွားတဲ့ သူတိုင်းက သိတယ် ဒီကိစ္စကို ဒါပေမဲ့ တိတိကျကျမသိဘူး။ ကျမတို့ တတွေ ဟိုထဲမှာ ဘာတွေ ဘယ်လိုခံခဲ့ရသလဲ၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မသိဘူး။

ဆိုတော့ကိုအောင်မိုးဝင်းတို့ ထိန်လင်းတို့ ရေးတာ အောင်မြင်သွားတယ်။ ဒါလေးက အတိုင်းအတာ တခုထိ ဂယက်ရိုက်သွားတယ်။ ဒုတိယဆောင်းပါး ကိုထိန်လင်း ထပ်ရေးတယ်၊ လူ့ကက်ဆက်ဆိုပြီးတော့လေ။ ဖတ်အားပိုများလာတယ်။ ပြီးတော့ပြည်ပနဲ့ facebook မှာကယက်ရိုက်နေပြီ။

အဲဒီမှာ ကိုအောင်မိုးဝင်းက စာရေးကောင်းတယ်။ သူက ကျမပို့ပေးတဲ့ အချက်အလက်တွေနဲ့ သေချာရေးတယ်။ ယင်ဒီးရဲ့ ဆောင်းပါး၊ ဘီဘီစီမှာ သုံးခဲ့တဲ့ အချက်အလက်တွေ မျက်မြင်သက်သေရဲ့ အချက်အလက်တွေနဲ့ ကိုအောင်မိုးဝင်းကသူ့ရဲ့ နိုင်ငံရေး ရှု့ထောင့်ကနေ သုံးသပ်ချက်တွေနဲ့ ရေးတယ်။ နှိုင်းယှဉ်ချက်တွေနဲ့ တင်ပြတာဆိုတော့ တော်တော်လေးကောင်းတယ်။

ဒါတွေက အမှန်တရားတွေလေ။ နောက် မြောက်ပိုင်းပြန်တွေထဲကလည်း ကိုရဲတို့ဆို ကိုလင်းဝေအောင်ဆိုပြီး ရေးတင်ကြတာတွေလည်း ရှိလာတော့ Facebook စာမျက်နှာမှာ ဒါတွေက တော်တော်လေးကို ကျယ်ပြန့်သွားတယ်။ ဒါနဲ့တင်ကို တတိုင်းပြည်လုံး သိသွားတာ မဟုတ်ပါဘူး။ သန်း ၆၀ မှာ ပွိုင့်ဝမ်း ရာခိုင်နှုန်းတောင် မသိကြပါဘူး။
အဲဒါနဲ့ ၂၀၁၂ မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ကိုလည်း ကောင်းကောင်းကျးပနိုင်ခဲ့တယ်။

နောက် မြန်မာနိုင်ငံကို ပြန်လာခွင့်ရဖို့ ဗီဇာတင်တော့လည်း ကျမက မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး လုပ်ချင်တယ် တွေ့စရာရှိတာတွေလည်း တွေ့ချင်တယ်လို့ အမှန်အတိုင်းပြောပြီး ဗီဇာတင်တာ။  အဲဒါ မရဘူး ၊ ကြာနေရော၊ အဲဒါနဲ ဘာဖြစ်လို့ ကြာတာလဲလို့ မေးကြည့်တော့ သံရုံးက အကြံပေးလာတယ်။ နိုင်ငံတော်သမ္မတဆီကို Australia သံအမတ်ကနေ စာရေးလို့ ရပါတယ်တဲ့။ အဲလို ပြောလာပေးတယ်။

အဲဒါနဲ့ စောတုန်းက ပြောသလိုပဲ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး လာချင်တယ်လို့ တင်လိုက်တယ်။ ကျမလာဘူး။ ဒါနဲ့ သံရုံကို ဖုန်းဆက် ဖုန်းဆက်နဲ့ သံရုံးက ဒါ သူတို့နဲ့ မဆိုင်ဘူးတဲ့။ အထက်က ကျမလာတာတဲ့။ အဲဒီလိုနဲ့ ကျမလည်း စောင့်၇င်းစောင့်ရင်းနဲ့… Black lists အယောက် ၂ ထောင်စာရင်းက ထွက်လာရော။
အဲဒီ စာရင်းကို ကြည့်ရတာက တကယ့်ကို စာမေးပွဲ အောင်စာရင်းကြီးကို ကြည့်နေရသလိုပဲ။ အဲ.. အဲဒီ ထဲမှာလည်း ကျမ နာမည် မပါဘူး။ ဟာ…တကယ်ပဲ။ ဒေါသက ထွက်လာတယ်၊ တညလုံး မအိပ်တော့ဘူး အဲဒီညက ပေါက်ကွဲတယ်။

နောက် ဗီဇာအတွက်ကို ဒီကနေပေါ့ ခင်တဲ့ သူတွေက ၀ိုင်းပြီးလုပ်ပေးကြပါတယ်။ ပြည်တွင်းထဲကို အရင်ဝင်ခွင့်ရတဲ့ သူတွေက ကျမရဲ့ ပတ်စပို့တွေ ဘာတွေကို ယူသွားပေးတယ်၊ လုပ်ပေးကြပါတယ်။

အဲဒီမှာ တော်တော်နဲ့ မရဘူး။ အဲဒီမှာ ကျမကိုလည်းသင်ပေးကြတယ်။ အမှန်အတိုင်းမပြောနဲ့တော့တဲ့။ ကျမ နန်းအောင်ထွေးကြည်ပါ၊ ကျမရဲ့ မိဘက သိပ် အသက်ကြီးနေတယ်၊ မတွေ့ရတာလည်း ကြာပြီ မိဘနဲ့ ပြန်လည်ပြီးတော့ တွေ့ဆုံချင်တယ်။ တွေ့ဆုံခွင့်လေး ပေးပါ။ အဲဒါလေးကို ရေးလိုက်ပြီးတော့ ကူညီပေးတဲ့ သူကို အီးမေးပို့လိုက်တယ်။ ကိုထွန်းအောင်ကျော်က ကျမကို ကူညီပြီး ပို့ပေးသွားတယ်။

အဲဒါလည်း တော်တော်ကြာတယ်။ ဒီကြားထဲမှာ ဗီဇာမရတော့ဘူးလို့တောင် ထင်သွားတာ။ ဒါနဲ့ တရက်ကြတော့ အီးမေးတစောင်ပြန်ဖို့ ထိုင်ပြီး စဉ်းစားနေတုန်း၊ အီးမေးတစောင်ဝင်လာတယ်၊ ကြည့်လိုက်တော့…ဟာ… ဗီဇာ ရပြီဆိုတဲ့ အီးမေး။

ဟာ… လက်သီးကို အဲလို ဆုပ်ထားပြီးတော့မှ ကွန်ပြူတာရှေ့မှာ အရမ်းပျော်ပြီး ငြိမ်သွားတာ၊ ပြီးတော့မှ တယောက်တည်း အိမ်ထဲမှာ အသားကုန် အော်ပစ်လိုက်တယ်။ တကယ်ကို ညကြီး မိုးချုပ်မှ ထအော်တာ။

နောက် မိတ်ဆွေတွေ သူငယ်ချင်းတွေကို ဗီဇာရပြီ ဆိုတဲ့အကြောင်း message တွေပို့တယ်၊ ဆုံကြမယ်ပေါ့။
အဲဒါနဲ့ ဗီဇာရပြီး ကျမလည်း မြန်မာပြည်ကို ပြန်ခွင့်ရလိုက်တာ။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: