Sunday, January 20, 2013

လက်ရှိ ABSDF ဥက္ကဋ္ဌ ၏ ဇနီး မခင်ရွှေလှိုင် သို့ ကိုချိုကြီး (ခ) ကိုဖရယ်ဒီအောင်သန်း ၏ညီမ မမသင်း မှ အိတ်ဖွင့်ပေးစာ

လက်ရှိ ABSDF ဥက္ကဋ္ဌ ၏ ဇနီး မခင်ရွှေလှိုင် သို့ ကိုချိုကြီး (ခ) ကိုဖရယ်ဒီအောင်သန်း ၏ညီမ မမသင်း မှ အိတ်ဖွင့်ပေးစာ - ၁

by Thinn Thinn Win on Tuesday, December 25, 2012 at 11:38pm ·
   ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောဆိုရေးရခြင်းက မိသားစုဝင်တစ်ယောက်အနေနဲ့အလွန်ခက်ခဲကြေကွဲလွန်းရပါတယ်...

“ခင်ရွေလှိုင်” ဒီလိုနာမည်တတ်ရေးရခြင်းကလည်းတခြားမဟုတ် မင်းသည်ကိုချိုကြီး မိသားစု နဲ့ မိသားစုနေအိမ်မှာ တောတွင်းမသွားရောက်နိုင်ခင် ရက်ရှည်များမှာ လုံခြုံစွာနေထိုင်ခဲ့ပြီး မိသားစုအနေအထား စိတ်သဘောထားတို့ကိုသိရှိပြီးမှ မြောက်ပိုင်း ABSDF စခန်းသို့ ရောက်သွားခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရေးပို့ခြင်းဖြစ်ပါတယ်...။

မင်းကိုလည်း AB မြောက်ပိုင်း ကျောင်းသားတပ်မတော်သို့ စီစစ်ပြီး လုံခြုံစွာပို့ဆောင်ပေးခဲ့ကြသူတွေဟာ ကိုချိုကြီးနဲ့တကွ သူရဲ့အမာခံ ပြည်တွင်း UGတွေ ဖြစ်တယ်ဆိုတာ ငါ့ထက် မင်းက ပိုသိခဲ့ပါလိမ့်မယ်...။

မြောက်ပိုင်း AB ကျောင်းသားတပ်မတော်ကို မင်းလိုရဲမေတွေသာမက တော်လှန်ရေးကြီးအတွက် အသက်စွန့် တိုက်ပွဲဝင်လိုသော ရဲရဲတောက်ကျောင်းသားများ ၊ စစ်အာဏာရှင်ရဲ့ မတရားလိုက်လံဖမ်းဆီးခံရသော ရဟန်းပြည်သူများမှအချို့ကိုလဲ စီစစ်ပြီး တတ်နိုင်သမျှလိုအပ်သလို စောင့်ရှောက် တာဝန်ယူ ပို့ဆောင်ပေးခဲ့ ကြတဲ့လူတွေဟာလဲ အဲဒီ လူမသိ သူမသိ ရဲရဲတောက် UG တွေပဲဖြစ်တယ်..။

ကိုချိုကြီးနဲ့ UG အဖွဲ့ဟာ ဒီလို ကျောင်းသားတပ်အရေးနဲ့ အခြားနိုင်ငံရေး လှုပ်ရှားမှုတွေကို လျှို့ဝှက်စွာလုပ်ကိုင်ခဲ့ရလို့လဲ အချို့တောတွင်းသွားကျောင်းသားတွေဟာ ဘယ်သူ့အစီအစဉ် ၊ အချိတ်အဆက်နဲ့ သွားရောက်ရတယ်ဆိုတာ သိခွင့်မရှိသလို  ဘယ်သူတွေက စီစဉ်ပို့ဆောင်ပေးတယ်ဆိုတာလဲ မသိခဲ့ကြပါ..။ “ခင်ရွှေလှိုင်” မင်း သိခွင့်ကြုံခဲ့ပါတယ်.. ငါတို့မိသားစုဝင်တွေတောင်သိခွင့်မရှိခဲ့ ၊... ငါ့အကိုကြီးက အရမ်းလျှို့ဝှက်ခဲ့တယ်.. ညီမတစ်ယောက်အနေနဲ့ စိတ်ပူလို့မေးမိရင်တောင် သူက မသိချင်ပါနဲ့ ငါ့ညီမရယ်၊ သိခြင်းကအန္တရာယ်ရှိပါတယ်.. မသိတာကောင်းပါတယ်.. ၊ တစ်ခုတော့သိထားပါ.. ဒီစစ်ထောက်လှမ်းရေးတွေက ကိုကြီးကိုသိရင် အရေခွာချင်လိမ့်မယ်လို့ပဲပြောခဲ့ဖူးတယ်...

UG တစ်ယောက်ရဲ့ဘ၀ဟာ သူ့ရဲ့ ဇာတိ ၊ ဇစ်မြစ် ၊ နာမည်အရင်း  စတဲ့ ဘ၀အားလုံးကိုမြုတ်နှံပြီး လှုပ်ရှားခဲ့ရတာကို နားလည်သူတိုင်း သိနိုင်ပါတယ်.. ဒီလို လျှို့ဝှက်သေသပ်စွာနဲ့ လှုပ်ရှားခဲ့ရလို့လဲ သူ AB တောတွင်းကိုရောက်လာတဲ့အချိန်မှာ ခေါင်းဆောင်ပိုင်းကလွဲပြီး ရဲဘော်များကြားမှာ နာမည်တောင်ကောင်းကောင်းမသိဖြစ်ခဲ့ကြလိမ့်မယ်.. ။

ကိုချိုကြီးရဲ့ ခံယူချက်က တောတွင်းကျောင်းသားများအရေးဟာ သူ့ အရေး ၊ တောတွင်းကျောင်းသားမျာ လုံခြုံရေး ၊ နေထိုင်ရှင်သန်ရေး ၊ နိုင်ငံတကာအထောက်အပံ့ရရေး ၊ အနာဂါတ်အရေးတွေကို ပြည်တွင်းမှာ တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တယ်.. ဒါတွေကိုလည်း တစ်ချိန်မှာ သူ့ရဲ့ လျှို့ဝှက်ရဲဘော်များက သမိုင်းသက်သေပြုပါလိမ့်မယ်.... ။

ခင်ရွှေလှိုင် မင်းလိုတောတွင်း ထွက်ခွာခဲ့တဲ့ ကျောင်းသားရဲဘော်တွေအတွက် ကိုချိုကြီးဟာ ပြည်တွင်းမှာ စိတ်ပူခဲ့တယ်.. မဟာမိတ် ကချင်ကိုလဲ စိတ်မချခဲ့လို့ နေရာသစ်ရှာဖို့ အန္ဒိယဘက် ထွက်ခဲ့သေးတယ် အခြေအနေမပေးလို့ မရောက်ခဲ့ရဘူး သူ့မှာ ငှက်ဖျားအကြီးအကျယ်ရခဲ့တယ်...၊ ကျန်းမာရေးမကောင်းပေမဲ့ သူကိုယ်လွတ်မရုန်းခဲ့ ၊ လွှတ်ထားတဲ့ ကျောင်းသားတွေအတွက် တာဝန်အပြည့်ရှိတယ်လို့ အလေးအနက်ခံယူခဲ့တယ်..သူလွှတ်ထားတဲ့ကျောင်းသားတွေနဲ့ သူ့ညီထွန်းအောင်ကျော်ကိုလဲ သူစိတ်ပူတယ်လို့ တဖွဖွပြောခဲ့တယ်.. ဒါကြောင့်လဲ .. ပြဿနာရှိနေပြီ.. အစပြုနေပြီ လို့ သိသိနဲ့ မြောက်ပိုင်းတောတွင်းသို့ ထွက်ခွာသွားခဲ့တာဖြစ်တယ်.. ။

သူ့ကို တောတွင်းမှာ စစ်ထောက်လှမ်းရေးလို့ မတရားစွတ်စွဲခံနေရတဲ့အချိန်မှာ ပြည်တွင်းမှာလဲ န၀တ စစ်ထောက်လှမ်းရေးတွေက ငါတို့အိမ်ကို စောင့်ကြည့် စစ်ဆေး ရုံမက မိခင်ကြီး နဲ့ ကိုချိုကြီးရဲ့ ညီငယ် ကိုကျော်ကျော်မော် တို့ကို ထောက်လှမ်းရေး (၁) သို့ခေါ်ယူစစ်ဆေးခံခဲ့ရတယ်..။ ငါတို့မိသားစု သောကပင်လယ်ဝေခဲ့ကြတယ်..

ဆက်လက်ရေးသားပါမည်.......
 

လက်ရှိ ABSDF ဥက္ကဋ္ဌ ၏ ဇနီး မခင်ရွှေလှိုင် သို့ ကိုချိုကြီး (ခ) ကိုဖရယ်ဒီအောင်သန်း ၏ညီမ မမသင်း မှ အိတ်ဖွင့်ပေးစာ - ၂

by Thinn Thinn Win on Tuesday, January 8, 2013 at 10:50pm ·
သူ့ကို တောတွင်းမှာ စစ်ထောက်လှမ်းရေးလို့ မတရားစွတ်စွဲခံနေရတဲ့အချိန်မှာ ပြည်တွင်းမှာလဲ န၀တ စစ်ထောက်လှမ်းရေးတွေက ငါတို့အိမ်ကို စောင့်ကြည့် စစ်ဆေး ရုံမက မိခင်ကြီး နဲ့ ကိုချိုကြီးရဲ့ ညီငယ် ကိုကျော်ကျော်မော် တို့ကို ထောက်လှမ်းရေး (၁) သို့ခေါ်ယူစစ်ဆေးခံခဲ့ရတယ်..။ ငါတို့မိသားစု သောကပင်လယ်ဝေခဲ့ကြတယ်....

စစ်အာဏာရှင်ဘက်က လိုချင်တဲ့ ဘယ်လိုသတင်းမျိုးမှ ငါတို့ဆီက ရမသွားခဲ့။  ငါ့အကိုကြီးက သူမသွားခင် သူနဲ့ပတ်သက်သမျှ အထောက်အထား ဘာမှမရအောင် သူမြတ်နိုးတဲ့ အရာအားလုံးကိုပါ ဖျောက်ဖျက်သွား ခဲ့တယ်.. ။ တောတွင်းမှာ ပြဿနာဖြစ်နေပြီလို့ ကြားတဲ့အချိန်မှာ ငါ့အကိုတွေဘက်က ဖြေရှင်းပေးမဲ့သူတွေကို ငါတွေးလိုက်တော့ ပထမဆုံး.. ရော်နယ်အောင်နိုင် ၊ စိုးလင်း နဲ့ နင် (ခင်ရွှေလှိုင်) တို့ကို  မြင်မိတယ်.. စိတ်ထဲမှာ “ ကျောင်းသားအချင်းချင်း ဖြစ်ကြတာပဲ ငါတို့အကိုတွေက သူတို့စွတ်စွဲတဲ့ စစ်ထောက်လှမ်းရေးတွေမှမဟုတ်ပဲ..လွတ်နေသေးတဲ့ နင်တို့အားလုံးကတော့ ၀ိုင်ဖြေရှင်းပေးကြမှာပဲ” လို့ တွေးမိခဲ့တယ်... ဒီလောက်ဆိုးဝါးလိမ့်မယ်လို့ အစကမထင်ခဲ့မိဘူး... ။ တဖြည်းဖြည်း သတင်းတွေက မကောင်းတော့ ငါ့မှာ ဒုတိယကလေး ကိုယ်ဝန်နဲ့ တောထဲအထိလိုက်ပြီး ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့တယ်...

ဖေဖော်ဝါရီ မတိုင်ခင်မှာ  ငါ ကိုယ်တိုင် တောတွင်းကို လိုက်လာပြီးဖြေရှင်းဖို့ အကြိမ်ကြိမ်  ကြိုးစားခဲ့တယ် .. ..... ဒါပေမဲ့.. ...........

ငါ့အကိုကြီးက သူ့တော်လှန်ရေး အပေါ်သစ္စာရှိခဲ့တယ်..။ သူ့ ရဲဘော်တွေအပေါ်မှာလဲ သစ္စာမဖောက်ခဲ့.. ။ ဒါပေမဲ့ အခုတော့ လူယုတ်မာတစုရဲ့ ယုတ်မာကောက်ကျစ် အောက်တန်းကျစွာ ဖန်တီးစွတ်စွဲ မတရား သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီ...။

အဲဒီလို ဓမ္မစစ်ကျောင်းသားရဲဘော်တွေကို မတရားစွတ်စွဲသတ်ဖြတ်ခဲ့တဲ့ အဖြစ်ကြီးကို မင်းကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါလျှက် အခုအထိ ဖော်ထုတ်ဖို့ မကြိုးစားပဲ အဲဒီရာဇ၀တ်မှုကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့ ဆက်လက်ပတ်သက်နေခြင်းအပေါ် ငါ ကိုချိုကြီးမိသားစုဝင်တစ်ယောက်အနေနဲ့ အလွန် အံ့အားသင့်မိပါတယ်.. ။

အဲဒီအချိန်တုန်းက မင်းရဲ့အသက်ဘေးအတွက် ကိုယ်လွတ်ရုန်းခဲ့ရပါတယ်..၊ မကာကွယ်.. မတားဆီးနိုင်ခဲ့ပါဘူးလို့ ဆိုရင်တောင်  အခုအချိန်မှာ အမှန်တရားအတွက် မင်းရဲ့ ရပ်တည်မှုကဘယ်လိုလဲ.. ? ? ... အမှန်တရားကို ဘယ်လိုကာကွယ်မလဲ.... ? ?

အာဏာရှင်ကို မလိုလား ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို မုန်းတီးခဲ့တဲ့ ငါ့အကိုကြီးဟာ အာဏာယစ်မူးတဲ့ လူယုတ်မာတွေရဲ့ လက်မှာ လူ့အခွင့်အရေး အကြီးအကျယ်ဆုံးရှုံးခံခဲ့ရပြီး ပတ်စက်စွာ ကျဆုံးခဲ့ရပြီ..။ ငါတို့ မိသားစုခံစားခဲ့ရသလို အခြား ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေလဲ နစ်နစ်နဲနဲ ခံစားခဲ့ကြရတယ်..
မိသားစုတွေအတွက်သာမက တော်လှန်ရေးကြီးအတွက်ပါ ဓမ္မစစ် အညတြ သူရဲကောင်းတွေ ဆုံးရှုံးခဲ့ရတယ်.. ။ တော်လှန်ရေးအတွက်နစ်နာခဲ့တယ်... ဒီလို တော်လှန်ရေးအကျိုးကိုထိခိုက်အောင် လုပ်သောသူတွေဟာ  တော်လှန်ရေးရဲ့သစ္စာဖောက်တွေပဲ..။

ငါ့အကို ကိုချိုကြီး ၊မောင်ငယ် ထွန်းအောင်ကျော် နဲ့အတူ ကျဆုံးခဲ့ရတဲ့ ကျောင်းသားပြည်သူရဲဘော်များ ၊ မတရားစွတ်စွဲခံရပြီး အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရဲဘော်များအားလုံးဟာ တချိန်က AB ကိုချစ်ခဲ့ကြတယ်... လေးစားခဲ့ကြတယ်.. သက်ဝင်ယုံကြည်ခဲ့တယ်...။ အခုလဲ တန်ဖိုးထားဆဲ.. ၊ သံယောဇဉ်ကြီးနေဆဲပဲ.. ငါကိုယ်တိုင်လဲ AB ကိုစိတ်မနာနိုင်သေး.. သိက္ခာရှိသော ABSDF အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက်တည်တံ့စေလိုတဲ့ သဘောထားက အမှန်တရားလိုလားတဲ့ AB တွေနဲ့တထပ်ထဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိတယ်... ။ လူ့အခွင့်အရေးကိုလေးစားသော AB အဖွဲ့အစည်းဖြစ်ဖို့အတွက် သမိုင်းအမဲစက်ဖြစ်တဲ့ ABSDF မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ဖော်ထုတ်ပေးရေးက လက်ရှိ ABSDF ခေါင်းဆောင်တွေနဲ့ AB အဟောင်း ၊ အသစ် တွေသာမက အမှန်တရားလိုလားသူ အားလုံးမှာတာဝန်ရှိတယ်လို့ ယူဆမိတယ်...။

စစ်အာဏာရှင် ရှိနေသရွေ့၊ လူ့အခွင့်အရေး နှင့် ဂုဏ်သိက္ခာမရှိသောအစိုးရတရပ် ရှိနေသရွေ့ ၊ ဒီမိုကရေးစီ စစ်စစ်မရသေးသရွေ့ တည်ရှိနေသင့်သော လက်နက်ကိုင် အဖွဲ့အစည်းတခုအဖြစ်လဲမြင်မိတယ်.. ။ ဒါပေမဲ့ AB ကိုသန့်ရှင်းစေချင်တယ်.. သွေးစွန်းနေတဲ့ AB သမိုင်းအမှန်ကို ဖော်ထုတ်ပါ.. ၊ ၀န်ခံပါ.. ၊ ရိုးသားပါ..၊ အပြစ်ရှိသူ ရာဇ၀တ်ကောင်များကို ဖော်ထုတ်ပြီး စည်းခြားပါ....လက်ရှိ AB မှာ အဲဒီရာဇ၀တ်ကောင် တွေက မပ ပြန်ထူထောင်ရေးတို့ မပ အကျိုးတို့  လုပ်ခဲ့လို့ပါဆိုပြီး AB ရဲ့အရေးကြီးတဲ့ ရာထူး ၊နေရာ တွေမှာ ဆက်ရှိနေတာကို ဘယ်လိုမှလက်မခံနိုင်ပါ.. အဲဒီလုပ်ရပ်တွေဟာ သူတို့အပြစ်တွေကို ဖုံးကွယ်ချင်လို့ တမင်ဒီမိုကရေစီအရေခြုံပြတဲ့ လုပ်ရပ်တွေပဲ.. အပြစ်ရှိသူတွေကို ဆက်လက်ခံထားတဲ့ လူတွေမှာလဲ တာဝန်မကင်းဘူး.. အမှန်ကို မဖော်ထုတ်ဘဲ ရေငုံနှုပ်ပိတ်နေတာ.. ကာကွယ်ပေးနေတာတွေဟာလဲ မမှန်ကန်ဘူး ခင်ရွှေလှိုင်....

ခင်ရွှေလှိုင်ရေ... မင်းနဲ့ ယခုလက်ရှိ ABSDF ဥက္ကဋ္ဌ တို့ရဲ့ ပတ်သက်မှုက ကြီးမားနေပြီ..။ ဒီအချိန်မှာ အမှန်တရားပေါ်ပေါက်ရေးက အင်တိုက်အားတိုက်ဖြစ်သင့်ပြီ..။ မင်းသာ ကျောင်းသားအချင်းချင်းအပေါ် မှန်ကန်တဲ့ သစ္စာတရားထားတယ်ဆိုရင် အခု အချိန်တန်ပြီ... ။

မင်းသမိုင်းကြောင်း ကောင်း မကောင်း ဒီနေရာမှာ ဆုံးဖြတ်ပါလိမ့်မယ်... ။

မိသားစုရှိသူတိုင်း ကိုယ်ချင်းစာနိုင်ပါစေ..............


မမသင်း

No comments: