Tuesday, January 22, 2013

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တရားမ၀င် ဘိန်းစာပင်များ ဖျက်ဆီး





တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကမ်ရိုးတန်းဒေသ တိုင်းစစ်ဌာနမြိတ်နှင့် KNU (ငြိမ်းချမ်းရေး) အဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၊ ပြည်သူလူထုတို့  ပူးပေါင်းညှိနှိုင်းမှုဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် အဖွဲ့ (၂) ဖွဲ့ခွဲ ပြီး ဘိန်းစာပင်များ ဖျက်ဆီးခြင်း ဆောင်ရွက်ရာ အဖွဲ့(၁) အနေဖြင့် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဟာဗီ၊ တိုင်းရဲတပ်ဖွဲ့ ဦးကြည်လင်းတို့ ဦးဆောင်သော အဖွဲ့က အင်အား (၂၇၄) ဦးပါဝင်လျက်   မြိတ်ခရိုင် တနင်္သာရီမြို့နယ် သမီးလှကျေးရွာ အရှေ့ဘက် (၂)မိုင် အကွာ သကျက် ကြိုးပြင်တော ဧရီယာ အတွင်း  တရားမ၀င် စိုက်ပျိုး ထားသော ဘိန်းစာပင် (အပင်ကြီး ၊ အပင်ငယ်၊ အပင်လတ် ) စုစုပေါင်း (၈၀၁) ပင်အား ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ ဖျက်ဆီး ခဲ့သည်။

အဖွဲ့(၂)တွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေညာမောင် ဦးဆောင်ပြီး စုစုပေါင်း အင်အား (၁၆၆) ဦးတို့ဖြင့် ကော်တောကျေးရွာ ၃ မိုင် အကွာ သကျက်ကြိုးပြင်တော တရားမ၀င် ဘိန်းစာပင် စိုက်ခင်း ရှိ ဘိန်းစာပင် အပင်ကြီး ၊ အပင်လတ်၊ အပင်ငယ် စုစုပေါင်း (၄၁၅) ပင်နှင့် ပျိုးပင် (၇၅) ပင်အား ခုတ်ထွင်ခြင်း၊ မီးရှို့ ဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဖျက်ဆီးခဲ့သည့် ဘိန်းစာပင်များမှာ စုစုပေါင်း ၁၃၀၆ ပင် ဖြစ်ကြောင်း သိရှိရသည်။

ရုက္ခဗေဒ အခေါ်အရ Mitragyna specious အပင်အမျိုးအစား ဖြစ်သည့် ထို ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသည်ဟု ဆိုသည်။ ဘိန်းစာရွက်ပင်သည် ကြီးထွားမှုနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ထိုဘိန်းစာရွက်ကို ရာဘာခြစ် လုပ်သားများက တွင်ကျယ်စွာ အသုံးပြုကြသည်ဟု ဆိုသည်။

ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊ ကော်ဖီမစ်၊ အချိုရည်တို့ဖြင့် ရောစပ်သောက်သုံးခြင်းဖြင့် တဖြည်းဖြည်း ယစ်မူးကာ အအေးဒဏ်၊ အမောဒဏ်ကို ခံနိုင်ပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းသည်ဟု သိရှိရသည်။

ပေါက်ဈေး ၆,ဝဝဝ ကျပ် ရှိပြီး အဝယ်ခက်ကာ အဖမ်းအဆီးများသည့် ယာဘခေါ် စိတ်ကြွဆေးကို သုံးစွဲရာမှ ငွေပြတ်ချိန်များတွင် ဘိန်းစာရွက်ကို အစားထိုး သုံးစွဲလာကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

No comments: