Tuesday, January 22, 2013

သံဃာတော်အရှင်သူမြတ်များအား တင်လျှောက်ပန်ကြားခြင်း



သံဃာတော်အရှင်သူမြတ်များအား တင်လျှောက်ပန်ကြားခြင်း

မြန်မာနိုင်ငံအတွင်း နေထိုင်သီတင်းသုံးကုန်ကြသော သံဃာတော် အရှင်သူမြတ်များဘုရား...
တပည့်တော်တို့ ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မှစစ်မက်ဖြစ်ပွားရာ ဒေသအတွင်းရှိ ပြည်သူလူထုကိုယ်စား လေးစားစွာ ပန်ကြားလျှောက်ထားအပ်ပါသည် ဘုရား...
တပည့်တော်တို့၏ တိုင်းပြည်သည် ဘာသာတရားများ ဖူးပွင့်စုံစွာ တည်ရှိလှပနေသည့် တိုင်းပြည်ဖြစ်ပါသည် ဘုရား ။ သာယာအေးချမ်းသောတိုင်းပြည်ကို စစ်အာဏာရှင် အစိုးရက စစ်ပွဲများ ဖန်တီး၍ ဖျက်စီးနေပါသည် ဘုရား အတုမရှိ မြတ်စွာဘုရားရှင်သည် လူသားတို့ အား သွန်သင်ဆုံးမ ဟောကြားတော်မူခဲ့သော ဓမ္မနှင့် အဓမ္မ တရားများကို တပည့်တော် တို့ နာယူ၊ခံယူခဲ့ပြီးဖြစ်ပါသည်ဘုရား ...ယခုအခါတွင် ကချင်ပြည်နယ်အတွင်း အဓမ္မတရားများပြည့်နှက်ပြန့်နှံ့နေသည်ကို အရှင်ဘုရားများလည်း သိရှိပြီးဖြစ်ပါမည်ဘုရား...
ထိုအဓမ္မတရားများကြောင့် ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားရာဒေသအတွင်းရှိ ပြည်သူလူထုများ ဒုက္ခပင်လယ် ဝေလျှက် အကူညီမဲ့ဖြစ်နေပါသည်ဘုရား ...ကလေးငယ်များ၊ သက်ကြီးရွယ်အိုများသည်လည်း အေးခဲလှတဲ့ဆောင်းရာ သီကြားမှာ စားဝတ်နေရေး ခက်ခဲလှသည့်အပြင် လက်နက်ကြီးများ၊ စစ်တိုက်လေယာဉ်တွေပေါ်ကနေ ရော့ကက် ဒုံးများ၊ ဗုံးကြီးများ၊ စက်သေနတ်များနဲ့ နေ့ရောညပါ ပစ်ခတ်ခံနေရသဖြင့် သတ္တ၀ါများ သေကြေပျက်စီး ဆုံးရှုံးနေရသလို၊ ပြည်သူအများ စိုးရိမ်ပူပန်ထိတ်လန့်ပြီး နေထိုင်နေရပါသည် ဘုရား....
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာဆွေးနွေးရန်နှင့် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲ၍ စစ်ပြေငြိမ်းရန် အထူးလိုအပ်နေပါသဖြင့် ဆရာတော် အရှင်သူမြတ်များ အနေဖြင့် သတ္တ၀ါတို့၏ ဘေးဥပါတ်အန္တရာယ် ကျရောက်နေမှုအား ကြင်နာသနား ဂရုဏာထား၍ ကချင်ပြည်နယ်အတွင်း မတရားဆင်နွှဲနေသော အဓမ္မ စစ်ပွဲကို တခဲနက် ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ပေးကြပါရန် တပည့်တော်တို့ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) မှ ရိုသေလေးမြတ်စွာ လျှောက်ထားပန်ကြားအပ်ပါသည် အရှင်သူမြတ်များဘုရား....
ရက်စွဲ။ ၇ .၁ . ၂၀၁၃ ခုနှစ်
ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း)

No comments: