Thursday, January 17, 2013

ဒေါက်တာဆိတ်ဖွားဆိုတာဘာကောင်လဲ

တစ်ခါတလေမှာ ပြောမထွက်တာတွေ ပြောချင်တာတွေ ပါးစပ်ကိုစိထားရတယ်။ လမ်းကြောင်းအရတော့ သူ့စီးကြောနဲ့သူမျောနေတာပဲ။ ပဲလှော်ကြားဆားဝင်မညှပ်နဲ့တဲ့။ အမေပြောဖူးတာလေးပါ။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံလို့ သမ္မတကြီးကကြေငြာတော့လည်း လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တော့ ရမယ်ထင်ပါတယ်။ သမ္မတကြီး အားကိုးပေါ့ဗျာ။ ကျွန်တော်မြန်မာနိုင်ငံသားပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာ့နိုင်ငံရေးကို ၀င်ရောက်ပြောဆိုပိုင်ခွင့် ရှိမယ်ထင်ပါတယ်။ လွှတ်တော်ဆိုတာ ကျွန်တော်သိတာ ဘာ့ကြောင့်ဖြစ်လာလဲသေချာတော့ မသိဘူး။ အမည်ပေးထားတာ ပြည်သူ့လွှတ်တော်....ဆိုတော့ ပြည်သူတွေအတွက်၊ ပြည်သူ့ဘ၀တွေအတွက် စဉ်းစားပေးတဲ့ ကူညီပေးမဲ့ လွှတ်တော်လို့မြင်ပါတယ်။ ကျွန်တော်က ပြည်သူထဲကပြည်သူပါ။ လွှတ်တော်မှာ အဆိုတင်သွင်းတာတွေကို အမြဲနားထောင်ပါတယ်။ ဒီနေ့ ဒေါက်တာဆိတ်ဖွားဆိုတာ ကျွန်တော်မသိ၊ မကြားဖူး။ ဒီလူဘာကောင်လဲ မသိ။ တကယ်ဆိုရင် လွှတ်တော်မှာ ဒီအဆိုကြီးတင်သွင်းတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဘ၀အတွက် အရေးကြီးအဆိုတွေ တင်သွင်းဖို့ အချိန်တန်ပါပြီ။ ခရိုနီပြသနာတွေ၊ မြေယာတွေ အဓမ္မသိမ်းတာတွေ၊ စာမတတ်တဲ့ တောသူတောင်သားတွေအပေါ် ဖျံကျထားတာတွေ ညစ်ပတ်ထားတာတွေ မသိတာလားဗျာ။ ဘာမဟုတ်တဲ့ ဆိတ်ဖွား ကို အလေးပေးဆွေးနွေးစရာမလိုပါဘူး။ ဆိုက်ဘာတိုက်လိုက်ရင်၊ ဟတ်ကာဝင်လိုက်ရင် အလွယ်လေးပါ။ ပြည်သူတွေအတွက် ထိခိုက်နစ်နာစေမယ်ဆိုရင် လိုင်းပေါ်မှာ စာတစ်ကြောင်းသာတင်လိုက်ပါ။ ဒီလူနလန်တောင်မထူပါဘူး။ ပြည်သူထဲကပြည်သူတွေ တိုက်လိုက်ကြမဲ့ဖြစ်ခြင်း။ အရေးကြီးရင် ပြည်သူက ကိုယ့်ဘက်မှာရှိတာပါ။  ဒါကြီးကိုပြသနာကြီးထလုပ်တာတော့ မကောင်းလှပါဘူး။ ဘာမှအရေးမကြီးတဲ့ ပါမွှားပါ။ ကျွန်တော်ပြည်သူထဲကပြည်သူပါ။ ကျွန်တော်တို့လိုချင်တာ ပြည်သူတွေဘ၀ တိုးတတ်ဖို့ လုံခြုံဖို့၊ ထမင်းဝဖို့၊ စာကောင်းကောင်းသင်ရဖို့၊ တိုင်းရင်းသား မိန်းကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ တည်ငြိမ်သော ဘ၀ထူထောင်ရေး လုပ်ပေးနိုင်ဖို့ အကြေအလည် ဆွေးနွေးနေရမဲ့အချိန်ပါ။ အခုဆိုရင် ကချင်နဲ့ ငြိမ်းချမ်းရေးမရသေးဘူး။ ယူပါလို့လည်း ဘာပြသနာတွေ ရှိနေလည်းမသိဘူး။ ရတော့ရစေချင်တာပေါ့ဗျာ...။ ကိုယ့်တိုင်းပြည်ထဲကပြည်သူတွေ ဘာမှမဖြစ်ပဲ အေးအေးချမ်းချမ်း နေရတယ်ဆို ၀မ်းသာရမှာပေါ့။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဆိုတာတော့ အဖြူစင်ဆုံးပြောရရင် ကျွန်တော်တို့လိုချင်ပါတယ်။ ဘာတွေကြောင့်ဆိုတာတော့ မသိတာတွေ ပုံနေတာပဲ။ ထားပါ။ စစ်တိုက်တာ စစ်သားချင်းတိုက်တာပြသနာတော့ မဟုတ်ပါဘူး။ အပြစ်မဲ့သူတွေသေကြေရတာ။ အဖိုး၊ အဘွားအိုတွေ ကလေးငယ်တွေ မဆိုင်ဘဲ မခံရအောင် ဒါလေးတော့လုပ်ပေးသင့်တယ်။ ကျွန်တော်လဲပြည်သူထဲကပြည်သူပဲဗျ။  အားလုံးကတော့ထမင်းဝနေပြီး အပေါ်ကနေချကွ... တီးကွ... လုပ်နေတဲ့သူတွေ အဲကွန်းနဲ့ ကွန်ပျူတာနဲ့ ငြိမ့်နေကြတာပါ။ တကယ့် စစ်သားဘ၀တွေ သွားကြည့်ပါ။ သောင်းကျန်သူဆိုတဲ့ကချင်တွေကော... သူတို့လည်း ဒီလိုပါပဲ။ စုတ်ပြတ်သတ်နေကြတဲ့ဘ၀တွေပါ။ တကယ်တော့ ဒါတွေက ရန်သူတွေလား။ တကယ့် အမျိုးဖျက်တွေလား။ မဟုတ်ပြန်ဘူး။ ၀ါဒတွေစွဲကိုင်ပြီး ငါကွ......ငါကွ မြှောက်ပေး....(..)တတ်နေကြတဲ့သူတွေ။ ကျွန်တော်ထင်တာပေါ့။ ဒီနေ့လွှတ်တော်ပွဲ... အရေးစိုက်တယ်။ အာရုံစိုက်နားထောင်တယ်။  ဟား.... ကချင်မှာလဲစစ်တွေ ဒုံးဒုံးဖြစ်နေတယ်။ မြန်မာစစ်သားလဲကျ... ကချင်ရဲဘော်တွေလဲကျ...။ ကြာရင်တော့ မဟုတ်တော့ဘူး။ လွှတ်တော်မှာတော့ အဆိုတင်သွင်းကြမှာပဲ ထင်တာ။ ဘယ်နှယ်ဗျာ.... ဆင့်ဟိုဒင်းအနာလုပ်လို့။ ဆိတ်ဖွား အလေနက်တောက ပေါ်လာတယ်။ မကောင်းဘူးဆိုမကောင်းသလိုသွားမှာပဲ... ဘယ်ပြည်သူမှလက်ပိုက် ကြည့်မနေဘူး။ ဖေ့ဘုတ်ဆိုတာက သူမြင်တာသူရေးမှာပဲ။ မဖတ်ချင်ကျော်သွား။ ဒါပဲ။ ဒါကိုချဲ့တာ ပြသနာကကြီးကော။ တကယ်လုပ်ရမဲ့အဆိုတွေ တင်သွင်းရမှာတွေ၊ ဥပဒေပြဌာန်းရမှာတွေ၊ ပြည်သူကိုကိုယ်စားပြုတဲ့ ဥပဒေတွေ၊ ခရိုနီတွေ သောင်းကျန်းနေတာတွေ  ဒါတွေအတွက် ဥပဒေတွေ ပြည်သူ့ဘက်ကနေပြီး ပြဌာန်းပေးနိုင်ဖို့ လိုနေပါပြီ။ ဆန်ရင်းနာနာဖွတ်ခံရလို့ ပြည်သူတွေလဲ ဘယ်အချိန်ကြည့်ကြည့် မွဲပြာမွဲပြာနဲ့ ဆန်ကွဲတောင်မဟုတ်တော့ ဖွဲပြာကမှသားနားတော့မယ်။ တချို့ဆို မြေမဲ့ယာမဲ့လို့ နိုင်ငံခြားဆိုတာပြေး၊ လူကုန်ကူးခံရ၊ မိန်းကလေးတွေ မိန်းမပျက်ဖြစ်၊ ဒါတွေဒါတွေအတွက် မှန်ကန်တဲ့အဆိုလေးတွေ ထိရောက်စွာလုပ်ပေးကြဖို့လိုပါတယ်။ ဘာလို့ ပြည်သူတွေ  ငရဲပွက်လောက်အောင် အော်နေကြတဲ့အသံတွေ လွှတ်တော်ထဲရောက်မလာတာလဲ။  တရားဥပဒေစိုးမိုးရေးကို တကယ်လိုလားကြတယ်ဆိုရင် ဒါတွေကို လက်ပိုက်ကြည့်နေပြီး ဆန္ဒပြပွဲတွေ ဘာလို့ဖြစ်နေကြတာလဲ။ ဆန္ဒပြတယ်ဆိုတာနိုင်ငံအတွက် အရမ်းကို သိက္ခာမဲ့စေသလို အုပ်ချုပ်သူလူတန်းစားတွေအပေါ်မှာလဲ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ခုတော့ ပြည်သူတွေကဆန္ဒပြ အချုပ်ထဲထည့် ဖမ်း။ ဒီလိုနဲ့တော့ မပြီးနိုင်ပါဘူး။ ငတ်နေတဲ့သူတွေက သေမှာလဲမကြောက်ကြတော့ပါဘူး။  သူတစ်ပါးနိုင်ငံမှာ ဆန္ဒပြတယ်ဆိုတာ တစ်ခါတစ်လေမှပါ။ ကျွန်တော်တို့နိုင်ငံဒီမိုကရေစီဖြစ်ကတည်းက ဆန္ဒတွေပြကြရတာ ရက်ကိုစိလို့။  မြန်မာတိုင်းရှက်စရာကောင်းနေပါပြီ။ ဒါတွေကို ဆန္ဒပြခေါင်းဆောင်တွေ ပုဒ်မ(၁၈)နဲ့ဆွဲဆွဲထည့်နေရုံနဲ့ မပြီးပါဘူး။ ပြည်သူတွေရဲ့လူနေမှုဘ၀တွေ လွှတ်တော်သာဖြစ်လာပြီး ပြည်သူဘ၀တွေ မပြောင်းလဲသေးပါဘူး။ ဒါတွေဘယ်လိုလုပ်ပေးကြမယ်။ ဘယ်လိုရဲရဲတင်းတင်း အဆိုတင်သွင်းကြမယ်။ ဘယ်လိုဥပဒေပြဌာန်းပေးကြမယ်။ အမတ်မင်းတို့ကို အသနားခံပါတယ်။ ရှေ့ကြည့်ရင် ရင်ဘတ်၊ နောက်ကြည့်ရင် ကျောသွားလို့ ဖျာမပါတဲ့ကိုယ့်လူမျိုးတွေကို အမတ်မင်းတို့ မှမကယ်ရင် ဘယ်သူမှမကယ်နိုင်ပါဘူး။ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အမတ်မင်းတို့ဟာ နောင်2015မှာလဲ အမတ်မင်းတို့ကို အားကိုးရဲအောင် ယုံကြည်ရဲအောင် ပြည်သူ့ရဲ့ စားရမဲ့ သောက်ရမဲ့ ဘ၀တွေ သေချာပြန်ကြည့်ပေးပါ။ အမတ်မင်းတို့မှာစားစရာရှိပေမဲ့ တချို့နေရာတွေမှာ ထမင်းရည်တောင်းသောက်ဖို့ မိုင်ချီပြီးသွားတောင်းမှရတဲ့နေရာတွေ ရှိနေပါတယ်။ နေမကောင်းလို့ ဆေးခန်းပြစရာမပြောနဲ့ ဆေးတောင် ၀ယ်သောက်စရာမရှိလို့ အသေခံရတဲ့ဘ၀တွေ ရှိနေပါတယ်။ ဒါတွေကို အမတ်မင်းတို့သိစေချင်ပါတယ်။ 
 
                                                                                               မျိုးချစ်သူရဲကောင်း
                                                                                                      ၏
                                                                                             အသနားခံစာ

မျိုးချစ်သူရဲကောင်း၏အသနားခံစာ

///////////////////////////////////////////////////////////////////////////////////////////////////////////

Eleven Media Group
 အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း
Thursday, January 17, 2013

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့် Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်မှုရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေး
သမားများနှင့် သတင်းမီဒီယာများကို အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။

Eleven Media Group

No comments: