Sunday, January 20, 2013

NLD ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Saturday, 19 January 2013 15:52
NLD ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၈ ရက်တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။
သတင်းထောက် တစ်ဦးက “အခု အပြင်မှာ ခရိုနီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး misunderstanding တွေ ဖြစ်နေပါတယ်။ ပညာရေး ရန်ပုံငွေနဲ့ NLD ရန်ပုံငွေကို မကွဲပြားတဲ့ ပုံစံဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ထပ်ပြောစရာ ရှိပါသလဲ” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လှူတဲ့ငွေက အကောင်းအတွက် လှူရင် လှူပါစေပေါ့။ အရင် ၈၈ တို့ ပညာရေး ရန်ပုံငွေ တုန်းကလည်း ဒီလိုပဲ လေလံပစ်ပြီး လုပ်ကြတာပဲ မဟုတ်လား။ NLD ရန်ပုံငွေက NLD ရန်ပုံငွေပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် သတင်းထောက် တစ်ဦးက “အဲဒါဆို NLD ရန်ပုံငွေ အတွက်ဆိုရင် ဒီခရိုနီ ပိုက်ဆံတွေကို လက်မခံဘူးဆိုတဲ့ သဘောလား” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “NLD ရန်ပုံငွေ အတွက်ဆိုရင် ခရိုနီပိုက်ဆံကို လက်ခံမှာမဟုတ်ဘူး လို့လည်း အန်တီမပြောပါဘူး။ ပေးလည်း မပေးဖူးပါဘူး။ ဘာဖြစ်လို့ လက်မခံရမှာလဲ။ အန်တီ သိပ်နားမလည်ဘူး။ ဒီငွေက တရားမ၀င်ငွေဆို အန်တီလက်မခံဘူး။ တရားဝင် ငွေဆိုရင် ကောင်းတဲ့ ကိစ္စအတွက် ပေးတာပဲ” ဟု ဆက်လက် ဖြေကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်သည့် ဇန်န၀ါရီလ ၉ ရက် တွင် သတင်းထောက်များ၏ မေးမြန်းချက်အရ ခရိုနီကိစ္စများကို ဖြေကြားခဲ့ဖူးသည်။
ထိုသို့ ဖြေကြားပေးရာတွင် ခရိုနီများနှင့် ပတ်သက်၍ “ခရိုနီလို့ အခေါ်ခံရတဲ့ သူတွေက NLD နဲ့ တခြား လူမှုရေး လုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင် ကောင်းတဲ့ကိစ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလား ဆိုတာ မစဉ်းစားဘူး။ NLD ကို ချဉ်းကပ်တာလား။ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလဲ ဆိုတာကို မကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ။ ဘာကို ထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူ့ကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို အကျိုးပြုမယ် ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပါပဲ။ နိုင်ငံရေး လုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုး ရှိပါတယ်။ ခရိုနီလို့ ဘာလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖ ခေတ်မှာတုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ ချမ်းသာပုံ ချမ်းသာလာကြ နည်းကလည်း တစ်ယောက်နဲ့ တစ်ယောက်မှ မတူကြတာပဲ။ ချမ်းသာလာတဲ့ နေရာမှာ မတရားမှုတွေ ပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျ စကားကိုပဲ ပြောရပါမယ်။ ပြစ်မှု မထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်” ဟု ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်များက ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေရှာ ဂီတပွဲတော်အတွက် Sky Net, Air Bagan နှင့် AGD ဘဏ်တို့မှ အဓိက အလှူရှင်များအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လှူဒါန်းခဲ့သည်။

No comments: