Thursday, January 24, 2013

ပြည်တွင်းစစ်ရပ်တန့်ရေး ငြိမ်းချမ်းရေးလိုလားသူများ ပဲခူးရောက်


Written by ခိုင်ခိုင်    Thursday, 24 January 2013 16:57    PDF Print E-mail
AA1001EA-EC8C-4A99-9BAB-4DDF8456F459 w640 r1 sယနေ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ရပ်တန့်ရန်နှင့် တိုင်းရင်းသားဒေသများတွင် စစ်မက်ဆင်နွှဲနေမှုများ ရပ်တန့်ရန်အတွက် ရန်ကုန်မြို့မှစတင်၍ လမ်းလျှောက် ဆန္ဒပြနေသူများသည် ပဲခူးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်သော ပြည်တွင်းစစ် ရပ်စဲရေးကို လှုပ်ရှားနေသော နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ခဲ့သူ ဦးအောင်မြင့်က " အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာကတော့ ပဲခူးမြို့အစွန် ပြင်မုံကြီးကျေးရွာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက လိုင်ဇာမြို့အထိရောက်အောင် လမ်းလျှောက်ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ လူအင်အားကတော့ ရန်ကုန်က စထွက်တုန်းက လူဦးရေ ၅၀ ကျော်လောက် ပါတယ်။ ဒီလိုလမ်းလျှောက်ရင်းနဲ့ တခြားမြို့တွေက လူတွေ ပူးပေါင်းလာကြတာ အခုဆိုရင် ၁၀၀ ကျော်လောက် ရှိပါတယ်။ ဘုန်းကြီးကတော့ ၃ ပါးပါဝင်ပါတယ်။ လမ်းလျှောက်ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ ဗမာပြည်မှာ ပြည်တွင်းစစ်တွေ ရပ်စဲဖို့၊ တိုင်းရင်းသားတွေကို စစ်မက်ဆင်နွှဲနေတဲ့ ကိစ္စတွေကို ရပ်စဲဖို့အတွက် မြန်မာ့စစ်ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ပြည်သူလူထုတွေ သိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေရဲ့လက်ထဲမှာ ငြိမ်းချမ်းရေး အလံတွေကို ကိုင်ဆောင်ထားပြီးတော့ လိုင်ဇာကိုရောက်ရင် ကျွန်တော်တို့မှာ ပါလာတဲ့အလံတွေကို ကချင်ပြည်သူလူထုကို ပြောပြပြီး ခင်ဗျားတို့ ခံစားနေရတာနဲ့ ကျွန်တော်တို့နဲ့က တစ်ထပ်တည်းပဲဆိုတာကို သက်သေပြမယ်။ ပြီးတော့ ပြည်တွင်းစစ်တွေ ရပ်တန့်ဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း စစ်မက်ဆင်နွှဲနေတာ ရပ်တန့်ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
မြန်မာအစိုးရမှ အပစ်အခတ်ရပ်စဲရန်အတွက် ကြေညာထားသော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည့် အပေါ် " ကျွန်တော့ အမြင်ပြောရမယ်ဆိုရင် ဒီနေ့ ကချင်တိုင်းရင်းသားတွေက မြစ်ကြီးနားမြို့ပေါ်ကနေ ထိုးစစ်ဆင် နွှဲနေတာမဟုတ်ပါဘူး။ အဲဒီလိုပဲ ရှမ်းတပ်မတော်ကလည်း သူတို့မြို့ပေါ်ဖြစ်တဲ့ တောင်ကြီး၊ လားရှိုးတို့ကနေ ထိုးစစ်ဆင်နွှဲနေတာ မဟုတ်ဘူး။ ကရင်နီ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကလည်း သူတို့မြို့ဖြစ်တဲ့ လွိုင်ကော်ကနေ ထိုးစစ်ဆင် နေတာမဟုတ်ဘူး။ အခုက မြန်မာစစ်ခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို တစ်ဖက်သတ် ထိုးစစ်ဆင်နွှဲနေတယ်လို့ မြင်ပါတယ်။ အခု အပစ်အခတ် ရပ်စဲရေးက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ မြင်တယ်။ " ဟု ပြောသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံး၊ တိုင်းရင်းသား ပြည်သူအားလုံး တိုင်းနှင့်ပြည်နယ် ၁၄ ခုက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် ယခုမြန်မာစစ်ခေါင်းဆောင်များ၏ စစ်မက် ဆင်နွှဲနေမှုများကို မကျေနပ်ကြောင်း သဘောမတူကြောင်းကို တက်ညီလက်ညီနှင့် ဆန္ဒဖော်ထုတ်ကြရန်လိုအပ်ပြီး မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးအတွက် လက်ရှိ စစ်အာဏာရှင်စနစ်အား လက်နက်ကိုင် တိုက်ပွဲဝင်သော တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားခေါင်းဆောင်များကိုလည်း ဦးအောင်မြင်အနေဖြင့် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြန်လည် စတင်နေခြင်းမှာ တစ်နှစ်ခွဲကျော်လာပြီ ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် ကေအိုင်အေတပ်တို့အကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲမှုများရှိနေကြပြီး ကချင်ပြည်နယ်အတွင်း စစ်ဘေးကိုကြောက်၍ တိမ်းရှောင်နေသော စစ်ဘေးဒုက္ခသည်များမှာလည်း တိုးလာနေကြောင်း သိရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးရေးနှင့် အပစ်အခတ်ရပ်စဲရေးသည် မြန်မာစစ် ခေါင်းဆောင်များ လက်ထဲတွင်သာ ရှိနေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုမှုများ ရှိနေကြသည်။

No comments: