Thursday, January 17, 2013

ခရိုနီ ဝါဒ၊ ချမ်းသာကြွယ်ဝမှု နဲ့ ဒီမိုကရေစီ တို့ရဲ့ ဆက်စပ်ပုံ

နိုင်ငံရေးလွတ်လပ်မှုကို စတင်လိုက်တာနဲ့ အတူ၊ အမြင်အမျိုးမျိုး၊ ချည်းကပ်ပုံအမျိုးမျိုးနဲ့ ရပ်တည်ချက် အမျိုးမျိုးကို အရောင်အသွေးစုံလင်စွာတွေ့ရှိနေရပါတယ်။

" ကျနော်တို့လည်း ခရိုနီကောင်းတွေ ဖြစ်ချင်ပါတယ်။ " ဆိုတဲ့ စကားသံတွေ၊ ယ္ခင် စစ်ထောက်လှမ်းရေးဟောင်းတွေ ရဲ့ အခမဲ့ဆေးပေးခန်း ဖွင့်လှစ်တော့မယ် ဆိုတဲ့ သတင်းတွေကလည်း လူစိတ်ဝင်စားစရာ၊ ငြင်းခုန်စရာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အာဏာ၊ ငွေ၊ အဆက်အသွယ် နဲ့ လုပ်ပိုင်ခွင့်ဆိုတာ နိုင်ငံရေးလောကမှာ မဖြစ်မနေ ဆက်ဆံတွေ့ထိရမဲ့ အရာတွေဖြစ်သလို၊ ဆင်းရဲနေတဲ့တိုင်းပြည်ကြီးမှာ အကောင်းဘက်ဆီကို ဦးတည်မျှော်လင့်နေကြတာကလည်း လူ့သဘာဝ တခုပဲ ဖြစ်ပါတယ်။ တပြိုက်နက်တည်းမှာပဲ ဒီမိုကရက်တစ်နိုင်ငံတခုဆီကို ပြောင်းလဲချင်တဲ့အခါ စဉ်းစားရမဲ့အချက် (၁၃) ချက်ထဲမှာ၊ ချမ်းသာကြွယ်ဝမှု နဲ့ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု ဘယ်လိုဆက်စပ်နေသလဲ ဆိုတဲ့အချက်ဟာလည်း ပါဝင်နေပါတယ်။

ဒီ တပတ်မှာတော့ ခရိုနီ ဝါဒ၊ ချမ်းသာကြွယ်ဝမှု နဲ့ ဒီမိုကရေစီ တို့ရဲ့ ဆက်စပ်ပုံကို ဆွေးနွေးကြည့်ရအောင်ပါ။



ခရိုနီ ဆိုတဲ့ ဝေါဟာရကို များသောအားဖြင့်တော့၊ အာဏာရအစိုးရတွေနဲ့ပေါင်းပြီး မရိုးမသားစီးပွားရေးလုပ်သူတွေအဖြစ် သိနားလည်ကြပါတယ်။ တဘက်မှာတော့- ခရိုနီ ဆိုတာ နှစ်အတော်ကြာပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တာကြောင့်လည်း၊ သူတို့ကို အာဏာရလူတန်းစားတွေနားမှာ အငြင်းပွားဘွယ်တည်ရှိနေတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးလောကထဲမှာ တည်ရှိနေကျ ပုံမှန် အရည်အချင်းစစ်ပွဲတွေကို စမ်းသပ်မှုမလုပ်တော့ပဲ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ သူတို့နှစ်သက်တဲ့ ခရိုနီတွေကို နိုင်ငံရေးစင်မြင့်ပေါ် တင်ပေးလေ့ရှိပါတယ်။



ဒီမိုကရေစီ နိုင်ငံတွေမှာ ဘာလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိရမယ်၊ ငွေကြေးစီးဆင်းမှုတွေဟာ တိကျတဲ့စာရင်းဇယားရှိရမယ် လို့ အကြံပေးပြောဆိုခဲ့ကြပေမဲ့၊ အစိုးရတရပ် ( ဒါမှမဟုတ်) နိုင်ငံရေးခေါင်းဆောင်တယောက်ဟာ မိမိနှစ်သက်သူတွေ ဘယ်လိုဘယ်ပုံကြီးပွားချမ်းသာလာတယ်။ စီးပွားရေးစီးဆင်းမှုတွေက ဘယ်လိုရှိတယ် ဆိုတဲ့အချက်ကို ဖော့ပြီး သုံးသပ်လေ့ရှိပါတယ်။

ဒါပေမဲ့ တဘက်မှာတော့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အစိုးရခေါင်းဆောင်တွေဆီကို လှူဒါန်းနေသူတွေရဲ့ နောက်ကြောင်းတွေကို လိုက်ပြီး မေးခွန်းထုတ်လေ့ရှိကြပါတယ်။ ဥပမာ- ကလင်တန်ရဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ တရုပ်အစိုးရနဲ့ ပတ်သက်နေသူတွေဟာ ကလင်တန်ကို ငွေကြေး အကြီးအကျယ်ထောက်ပံ့ခဲ့ကြတယ်။ အကြောင်းကတော့ တရုပ်ပြည်အပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ မူဝါဒတွေကို ပြောင်းလဲစေချင် လို့ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးခေါင်းဆောင်တွေဟာ မိမိတို့က ကောင်းတာလုပ်တာပဲ။ သူတို့ဘာသာ ဘယ်ကဘယ်လိုငွေရလာသလဲ ဆိုတာ စဉ်းစားစရာမလိုဘူး ဆိုတဲ့ အချက်ကို ပြီးစလွယ်ပြောဖို့ မသင့်ပါ။ သန့်ရှင်းတဲ့ အစိုးရနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် မိမိဆက်ဆံသူတွေရဲ့ သမိုင်းကို ပွင့်လင်းထင်ရှားစွာ သိရှိဖို့လိုပါလိမ့်မယ်။ ပြည်သူလူထုကို အသိပေးဖို့လိုပါလိမ့်မယ်။



ခရိုနီတွေရဲ့ နိုင်ငံရေးသြဇာနယ်ပယ်ကြီးထွားလာမှုအပေါ်မှာ သတိကြီးကြီးတုန့်ပြန်ခဲ့သူကတော့ အမေရိကန်ပြည်ထောင်စု ရဲ့ ၂၆ ကြိမ်မြောက် သမ္မတတဦးလည်းဖြစ်ပြီး၊ နိုဘယ်ငြိမ်းချမ်းရေးဆုတဦးဖြစ်တဲ့ သီအိုဒီု ရုဒ်စဘက် ပဲ ဖြစ်ပါတယ်။

ရုဒ်စဘက် ဟာ သူ့ရဲ့ ပြည်တွင်းမူဝါရေးရာမှာ အပေးအယူလုပ်မှုကို ပုံဖေါ်ခဲ့ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအစဉ်အလာအရ သြဇာကြီးမားလွန်းတဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့ကုမ္မဏီကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်ကြီးတွေ နဲ့ အခြား စီးပွားရေးသမားကြီးတွေရဲ့ ဈေးကွက်အပေါ် လက်ဝါးကြီးအုပ်မှုတွေကို စတင်တိုက်ခိုက်လာခဲ့ပါတယ်။ သူ့ရဲ့ မူဝါဒမှာ ရည်မှန်းချက် သုံးခုပါပါတယ်။ ကော်ပိုရေးရှင်းကြီးတွေရဲ့ အလိုရမက်ကို ထိန်းချုပ်ရေး၊ စားသုံးသူတွေဘက်က ခုခံကာကွယ်ပေးရေးနဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ပဲဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့၊ တိုင်းပြည်မှာ လူလတ်တန်းစားတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံပိုင်မြေတွေကို လက်လွတ်စပယ် အသုံးပြု၊ရောင်းချနေမှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အစိုးရနဲ့ နီးစပ်လွန်းတဲ့ ကော်ပိုရေးရှင်းကြီးတွေကို အခွင့်ထူးခံစီးပွားရေးလုပ်ကိုင်ခွင့်ပေးတာကို တဖြည်းဖြည်း လျော့ချလာခဲ့ပါတယ်။



သောတရှင်များခင်ဗျား

အစိုးရနဲ့ပေါင်းစားစီးပွားရေးလုပ်နေတဲ့ ခရိုနီတွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ ဘယ်သူတွေက မူဝါဒရေးရာတွေမှာ လွှမ်းမိုးမှုရှိသလဲ ဆိုတဲ့အချက်ကတော့ တဖွဲ့ချင်းစီ၊ တယောက်ချင်းစီ ရဲ့ အရည်အချင်းနဲ့ဆိုင်ပါတယ်။ မကြာသေးမှီရက်များအတွင်းက မကွေးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ဖွံဖြိုးရေးအမတ်က ကျောက်မျက်လုပ်ငန်း (၆၀) % ကျော်ကို ယ္ခင်အစိုးရနဲ့ နီးစပ်သူတွေက လက်ဝါးကြီးအုပ်ထားတာကို ဖယ်ရှားပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ တဘက်မှာတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခရိုနီတွေ အမှားလုပ်ခဲ့ရင်လည်း ခွှင့်လွှတ်နားလည်ပေးဖို့ ၊ ကောင်းကျိုးလုပ်တာကို ကြိုဆိုဖို့ ဆိုတဲ့ သဘောထားကြီးမှုတွေကို ဆိုခဲ့ကြပါတယ်။ နိုင်ငံရေးသမားမူဝါဒတွေဟာ အခွင့်ထူးခံ စီးပွားရေးသမားတွေ ရဲ့ အသုံးချမှုအောက်မှာ ရောက်မလား၊ ( ဒါမှမဟုတ်) နိုင်ငံရေးသမားတွေက အခွင့်ထူးခံစီးပွားရေးသမားတွေကို သိမ်းသွင်းဦးဆောင်နိုင်မလား ဆိုတဲ့ မေးခွန်းတွေက အငြင်းပွားဘွယ်ရောက်လို့လာပါပြီ။ နောက် တပတ်မှာတော့ ဒီမိုကရေစီ စံနစ် ကို အားကောင်းစေတဲ့ဇာတ်ကောင်တွေနဲ့ အကြပ်အတည်းဖြစ်စေမဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။

သောတရှင် မြန်မာပြည်သူတွေလည်း ပွင့်လင်းထင်ရှားတဲ့ စီးပွားရေးစံနစ်တွေအောက်မှာ တည်ငြိမ်အေးချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ကြပါစေ။

No comments: