Tuesday, January 22, 2013

ခန္ဓာကိုယ်အတွင်းမှ အသည်း၏ အရေးပါမှု

ခန္ဓာကိုယ်အတွင်းမှ အသည်း၏ အရေးပါမှု
========================

ခန္ဓာကိုယ်အတွင်း အင်္ဂါ တစ်ခုချင်းစီသည် ခန္ဓာကိုယ်အတွက် အရေးပါသော တာဝန်များကို ဆောင်ရွက်နေကြပြီး အချို့ အစိတ်အပိုင်းများသည် မွေးရာပါ အကြောင်း အမျိုးမျိုးကြောင့် လည်းကောင်း၊ ခန္ဓာကိုယ် အတွင်း ရောက်ရှိ သွားသည့် ရောဂါ ပိုးမွှားများကြောင့် လည်းကောင်း၊ လူတို့၏ မဆင်ခြင် နိုင်သည့် အန္တရာယ်ဖြစ်ဖွယ် အမူအကျင့် များကြောင့် လည်းကောင်း စသည် တို့ကြောင့် ထိုအင်္ဂါ အစိတ်အပိုင်းများ ပျက်စီးသွားသည် များလည်း ရှိသည်။

ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်းထဲတွင် ပါဝင်သော အသည်းသည်လည်း အံ့သြဖွယ်အလုပ်များ ဖြစ်သည့် ကိုယ်ခန္ဓာအတွင်း ရောက်ရှိသွားသော ဆေးဝါးများအား ဖယ်ရှားပေးခြင်း၊ အစားအစာများတွင် ပါရှိသွားသည့် အဆိပ်အတောက်များအား ဖယ်ရှားပေးခြင်း၊ ကိုလက်စထရောနှင့် သကြား ဓာတ်ကို ထိန်းညှိပေးခြင်း၊ အဆီ၊ ကဆီဓာတ်၊ ပရိုတင်းဓာတ်များကို ချေဖျက် ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ပိတ်ဆို့သွားစေသည့် ခဲသွားစေသော အဆီ၊ အသားများအား ပြန်ပြီး ဖြေညှိပေးသည့် လုပ်ငန်းများအား ဆောင်ရွက်ပေး ကြောင်း သိရသည်။

အသည်းသည် ပြင်းထန်သော ရောဂါကူးစက်မှု ဖြစ်သည့် အသည်းရောင် အသားဝါ ရောဂါပိုးများကြောင့် လည်းကောင်း၊ နာတာရှည် ကူးစက် ရောဂါများ ဖြစ်သည့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးကြောင့် လည်းကောင်း၊ အရက် အလွန်သောက်သုံးမှုကြောင့် လည်းကောင်း၊ တချို့သော ဆေးဝါးများကြောင့် လည်းကောင်း၊ အသည်းကင်ဆာ ရောဂါများကြောင့် လည်းကောင်း အသည်း၏ လုပ်ငန်းဆောင်တာများ ပျက်စီးသွားလေ့ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာကတော့ အသည်းကင်ဆာရယ်၊ ဘီပိုးရယ်ကတော့ အဖြစ်များတယ်” ဟု အိန္ဒိယနိုင်ငံ Apollo ဆေးရုံကြီးမှ အသည်းအစားထိုး ဆရာဝန်ကြီးက ပြောသည်။ ထိုကဲ့သို့ ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော အဆိပ်အတောက်များ ဖယ်ရှား ပေးသည့် အသည်းသည် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားသည့်အခါ အသက်အန္တရာယ် ရှိလာပြီး ထိုအသည်းအား ဆေးဝါးများဖြင့် ပြန်လည် ကုသခြင်း၊ အသည်းအတု ထည့်သွင်းခြင်း၊ အသည်းအစားထိုး ကုသခြင်း၊ အသည်းဆေးခြင်း နည်းလမ်းများဖြင့် အသက် ဆက်လက် ရှင်သန်နိုင်စေရန် လုပ်ဆောင်နိုင်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

အသည်းအစားထိုး ကုသမှုသည် ငွေကြေးကုန်ကျမှု များပြားခြင်း၊ အစားထိုး ကုသမှုဆိုင်ရာ လုပ်ငန်း များပြား ရှုပ်ထွေးခြင်းများကြောင့် မြန်မာနိုင်ငံတွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု မတွင်ကျယ်သေးကြောင်း သိရသည်။ လက်ရှိတွင် အသည်းအစားထိုး ကုသမှုအား နှစ်ကြိမ်တိုင်အောင် အောင်မြင် စွာခွဲစိတ်နိုင်ခဲ့ပြီး ထိုခွဲစိတ်မှုအား နိုင်ငံတော်မှ အကုန်အကျခံ၍ ခွဲစိတ်ခဲ့ခြင်း ဖြစ်သည်။ “အသည်းအစားထိုးတာ လွယ်ကူတဲ့ ခွဲစိတ်မှု မဟုတ်ပါဘူး။ နောက်ပိုင်း ဒီလိုမျိုး နိုင်ငံတော် ပုဂ္ဂလိက အားလုံးဝိုင်း ကူညီမယ့် အကြောင်း လည်း အဆင်ပြေခဲ့မယ် ဆိုရင်တော့ အစားထိုး ခွဲစိတ်မှုတွေ လုပ်ဖြစ်ဦးမှာပါ” ဟု နောက်ဆုံး အသည်းအစားထိုး ခွဲစိတ်မှုတွင် ပါဝင်ခဲ့သည့် အသည်း အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။ အသည်းအစားထိုး ကုသမှုသည် အလှူရှင်နှင့် အစားထိုးခံ ယူသူအား ရှုပ်ထွေးသော စမ်းသပ်စစ်ဆေးမှုများဖြင့် အစားထိုးကုသရခြင်း ဖြစ်ပြီး အစားထိုးကုသ ပြီးနောက်တွင် လှူဒါန်းသူနှင့် အလှူခံသူနှစ်ဦးစလုံး ပုံမှန်လူကောင်းများကဲ့သို့ အသက်ရှင် နေထိုင် နိုင်ကြောင်း အဆိုပါ အိန္ဒိယနိုင်ငံမှ ဆရာဝန်က ပြောသည်။

အသည်းအစားထိုး ကုသမှု ခံယူသည့် လူနာနှင့် အလှူရှင်တို့သည် ဆေးရုံတွင် ရက်သတ္တပတ် အနည်းငယ် နေထိုင်ပြီး ဆေးရုံမှ ဆင်းသည့် အချိန်တွင် ပုံမှန်အလုပ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “အသည်း အစားထိုးတယ်ဆိုတာ လှူတဲ့သူရဲ့အသည်း ဘယ်ဘက်တစ်ခြမ်း၊ ဒါမှမဟုတ် ညာဘက်တစ်ခြမ်းကိုပဲ ယူပြီးအစားထိုးတာပါ။ ပြီးတော့ လှူတဲ့သူကလည်း နောက်တဖြည်းဖြည်းနဲ့ လှူလိုက်တဲ့ အသည်းက ပုံမှန်အတိုင်း ပြန်ကြီးလာပြီး သူနေရာသူ ပြန်ပြည့်သွားတာပါ” ဟု ပရော်ဖက်ဆာဒေါက်တာ Anupam Sital ကပြောသည်။ အစားထိုးသည့် လူနာသည်လည်း ဆေးရုံမှဆင်းသည့် လပိုင်းအတွင်း ရရှိလာသည့် အသည်း အလုပ်ပုံမှန် မလုပ်သေးသည့် အချိန်တွင် လူအများနှင့် သတိပြု နေထိုင်သင့်ပြီး နောင်တွင် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများ၊ အသည်းအား အန္တရာယ် ဖြစ်စေသည့် အမူအကျင့်များ မရှိပါက သက်တမ်း ၁၅ နှစ်အထိ အသက်ရှင် နေနိုင်သည့် ရာခိုင်နှုန်း ၈၀ အထိရှိကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

“ဒီမှာ အစားထိုးထားတဲ့ လူနာတွေက နှစ်လည်း နည်းသေးတဲ့အတွက် ဘယ်လောက်အထိ သက်တမ်းရှိမလဲ ဆိုတာတော့ သေချာ မသိသေးပါဘူး။ နိုင်ငံတကာမှာလည်း အစားထိုးနိုင်တာ မကြာသေးတော့ အသေချာမပြော နိုင်သေးဘူး” ဟု မြန်မာနိုင်ငံရှိ အသည်းရောဂါဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောသည်။ အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံး အသည်းအစားထိုး ခဲ့သည့် ကလေးငယ်မှာ အသက်တစ်နှစ်နှင့် ရှစ်လအရွယ်ဖြစ်ပြီး စုစုပေါင်း အသည်းအစားထိုးခဲ့သူ ကလေး၊ လူကြီး ၅၀၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အသည်းအစားထိုးနိုင်ရန် ငွေကြေးမှာ အမေရိကန် နိုင်ငံတွင် သွားရောက် ကုသပါက အမေရိကန်ဒေါ်လာ လေးသိန်း၊ အိန္ဒိယနိုင်ငံတွင် သွားရောက် ကုသပါက အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် မြန်မာနိုင်ငံတွင် ကျပ်သိန်း ၆၀၀ ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

BY 7DAY NEWS

No comments: