Wednesday, January 30, 2013

အတိုက်အခံ နိုင်ငံရေး ရှိလို့လားဆိုတဲ့ မေးခွန်း (မောင်ဝံသ)


by Maung Wuntha on Wednesday, January 30, 2013 at 12:41am ·
ပြည့်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်ပါ မောင်ဝံသပြောချင်လွန်းလို့ ဆောင်းပါး

ဝေဖန်ချက်များတဲ့ ခေါင်းစဉ်
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ကျွန်တော့် ဆောင်းပါး ]]မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား}}ကို ခါတိုင်းလိုပဲ အင်တာနက် လူမှု စာမျက်နှာ face book တင်လိုက်တော့  မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များဆီက နှစ်သက်သဘောကျပါတယ်လို့ like  ပေးသူတွေ ရှိသလို ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေနဲ့ ဝေဖန်ထောက်ပြသူတွေ၊ မေးခွန်းထုတ်သူတွေ၊ စောဒကတက်သူတွေလည်း အတော် များများ တွေ့ရတယ်။
    ယနေ့ခေတ် အင်တာနက်သုံးသူအများစုဟာ ကိုယ်ပိုင်လူမှု စာမျက်နှာ Face book လေးတွေ ဖွင့်ပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်တွေရော၊ အချင်းချင်း မိတ်ဖြစ်ဆွေဖြစ် သတင်းပို့ချက်တွေရော၊ တိုင်းရေးပြည်ရေး ကမ္ဘာ့အရေးဆွေးနွေးချက်တွေရော သန်ရာသန်ရာ ရေးတင်နေကြတာ ဂလိုဘယ်လမ်းကြောင်းတစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ်ဗျ။ တချို့ကဆိုရင် ကိုယ်တိုင် ဘလော့ဂ် blog တွေ၊ တွစ်တာ twitter တွေ၊ ၀က်ဘ်ဆိုက် website တွေ ဖွင့်ပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာတွေ့ရတယ်။  အဲဒီတော့ အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ ဖတ်စရာတွေ ဖတ်သင့်တာတွေ အများကြီးက ဆီးကြိုနေပါလေရော။ အချိန်တော့ အတော်ကုန်ပါတယ်။ သို့သော် ခုတစ်လော ကျွန်တော်ကလည်း ကျန်းမာရေး ပြန်လည်ထူထောင် နေချိန် အိမ်အပြင်ကို သိပ်မထွက်တော့ အင်တာနက်နဲ့ပဲ ထိတွေ့မှု ပိုများနေပါတယ်။    
ကျွန်တော့်ရဲ့ ဆောင်းပါးကို ထင်မြင်ချက်ပေးကြတဲ့ အထဲမှာ ကျွန်တော် မတွေးမိခဲ့တဲ့ ရှုထောင့်တွေက ကြည့်ပြီး ဝေဖန်ထောက်ပြတဲ့ ရေးသားချက် တွေလည်း ပါတယ်ဗျ။ ဥပမာ မြန်မာနိုင်ငံမှာ လက်ရှိအနေအထား အရ အတိုက်အခံပါတီဆိုတာ ရှိကောရှိလို့လားဆိုတာမျိုး၊ အတိုက်အခံပါတီ တွေက အတိုက်အခံအလုပ်မလုပ်ဘဲ အစိုးရနဲ့ ပေါင်းပြီး အစိုးရလုပ်တဲ့ အလုပ်မျိုးတွေ လျှောက်လုပ်နေတယ်လို့ မထင်ဘူးလား ဆိုတာမျိုးတွေလည်း ပါတော့ ဒါတွေဟာ သဘောတူတာ မတူတာ အပထား စိတ်ဝင်စားစရာ၊ ဆက်ပြီး တွေးကြည့်စရာ အယူအဆတွေ ဖြစ်တယ်ဗျ။

အတိတ်သမိုင်းက အတိုက်အခံ
  face book ကနေ ဝေဖန်ဆွေးနွေးသူတချို့ရဲ့ မေးခွန်းတွေကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း အတိုက်အခံနိုင်ငံရေးအကြောင်းတွေကို ပြန်လည် သုံးသပ်မိပါတယ်။
    ကျွန်တော်တို့နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ သို့မဟုတ် အတိုက်အခံပါတီတွေပါဝင်တဲ့ ပါလီမန်ဒီမိုကရေစီနိုင်ငံရေး စနစ် နည်းနည်းလေး ပီပီပြင်ပြင် စတင် ပေါ်ပေါက်လာတယ်လို့ ပြောနိုင်တာက ၁၉၅၀ နှစ်များ အလယ်ပိုင်းလောက်မှာ  ]]ပမညတ}}လို့ အတိုကောက်ခေါ်ကြတဲ့ ]ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု} ပေါ်လာတဲ့အချိန်ကျမှ ဖြစ်တယ်ဗျ။ ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ) ဆိုတဲ့ အဓိကအင်အားစုကြီး သုံးခုရဲ့ ပူးပေါင်းလက်တွဲ ဦးဆောင်မှုနဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ ပြီး အဲဒီအောင်ပွဲအရှိန်နဲ့ ကိုလိုနီနယ်ချဲ့အစိုးရကို မြေပေါ်တိုက်ပွဲ ဆက်လက် ဆင်နွှဲပြီးတဲ့နောက် တိုင်းပြည်လွတ်လပ်ရေးရလာတဲ့အခါ အဲဒီ တပ်ပေါင်းစုကြီး (ဖဆပလ)က အာဏာရပါတီဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်မှာ ဖဆပလ နဲ့ သဘောထား ကွဲပြားတဲ့ အဓိကပါတီကြီးဖြစ်တဲ့ ကွန်မြူနစ်ပါတီက တောထဲရောက်သွား ခဲ့တာမို့ လွတ်လပ်စ မြန်မာ့နိုင်ငံရေးဟာ အတိုက်အခံပါတီရယ်လို့ မယ်မယ်ရရ လောက်လောက်လားလား မရှိတဲ့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ စတင်ခဲ့ တယ်လို့ ဆိုနိုင်တယ်ဗျ။
အတိုက်အခံ အပြောင်းအလဲ
    ဗကပ တောခိုသွားပြီးနောက်  ဖဆပလ အဖွဲ့ကြီးကို ပြိုင်ဘက်မရှိ အဓိက ကြိုးကိုင်လာခဲ့တဲ့  ဗမာပြည်ဆိုရှယ်လစ်ပါတီခေါင်းဆောင်ပိုင်းထဲမှာ လက်ယာဆိုရှယ်လစ်နဲ့ လက်ဝဲဆိုရှယ်လစ်တွေ ထပ်ပြီး နှစ်ခြမ်းကွဲ၊ ဆိုရှယ်နီလို့ခေါ်ကြတဲ့ လက်ဝဲယိမ်း ဆိုရှယ်လစ်တွေနဲ့ အခြား တတိယ အင်အားစုတွေ ပူးပေါင်းပြီး ပမညတ အဖွဲ့ကြီးဖွဲ့၊ နိုင်ငံရေး မူဝါဒတစ်ချို့ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ သဘောထားအပိုင်းမှာ ပမညတက ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကို ပြည်သူထံ တင်ပြပြီး ၁၉၅၆ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တယ်။ အမတ်နေရာ ၄၆ နေရာပဲ အနိုင်ရ ခဲ့ပေမယ့်  အာဏာရ ဖ.ဆ.ပ.လ ခေါင်းဆောင်တွေ ဖြုံသွားလောက်တဲ့ ပြည်သူ့ဆန္ဒမဲ အရေအတွက် ရရှိခဲ့ပါတယ်။ တိုင်းပြည်က လေးစားလောက်တဲ့ ဦးသိန်းဖေမြင့်၊ ၀ိဓုရ သခင်ချစ်မောင်၊ ဗိုလ်မြသွေးစတဲ့ အတိုက်အခံ ခေါင်းဆောင် လွှတ်တော်အမတ်တွေ ပေါ်ထွန်းခဲ့တဲ့ခေတ်ပေါ့ဗျာ။ ပမညတများဟာ  ၁၉၅၆ နောက်ပိုင်း ပါလီမန် လွှတ်တော်ထဲမှာ ဂုဏ်သိက္ခာ ရှိတဲ့ အတိုက်အခံများ အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ၁၉၅၈ခု ဖဆပလအကွဲ (သန့်ရှင်းနဲ့ တည်မြဲ အကွဲ) မှာ သန့်ရှင်းနဲ့ ပူးပေါင်းလိုက်ပြီးတဲ့နောက် နိုင်ငံရေးနေရာမှန် ပြန်မရတော့ပါဘူး။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုပါတီ အနိုင်ရပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က လွှတ်တော်ထဲတောင်မရောက်တဲ့ အတိုက်အခံခေါင်းဆောင်တွေ ဖြစ်သွားပါတယ်။ သခင်သာခင်က လွှတ်တော်တွင်း အတိုက်အခံ ခေါင်းဆောင် ဖြစ်လာပါတယ်။ ပမညတဟာ မူလ အတိုက်အခံပါတီကြီးနေရာကနေ တည်မြဲဖဆပလတွေကို နေရာဖယ်ပေး လိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဦးနုရဲ့ အာဏာရပါတီ သန့်ရှင်းဖဆပလကို အမည်ပြောင်း လိုက်တဲ့ ပြည်ထောင်စုပါတီ (ပထစ)ဟာ ဖဆပလအဖွဲ့ကြီးကို  အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် လေးလေးစားစား ဆက်ဆံပြီး အထူးတလည် နေရာ ပေးခဲ့ပါတယ်။ နိုင်ငံရေးသမားများ ပြန်လည် ညီညွတ်ရေးကိုလည်း စတင်ကြိုးစားခဲ့ပါတယ်။

အတိုက်အခံပါတီပဲ ရှိတဲ့ ပါတီစုံခေတ်
    နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပါပဲဗျာ။ ပီပြင်စပြုလာနေဆဲ အဲဒီ ပါလီမန် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ အတောင်အလက် စုံစုံလင်လင် ဖွံ့ဖြိုးမယ်မှ မကြံသေးဘူး။ ၁၉၆၂ခု စစ်အာဏာသိမ်းမှုကြောင့် ဇာတ်သိမ်း သွားခဲ့ရတယ်ဗျ။
    အာဏာသိမ်းခေါင်းဆောင်တွေက ]တော်လှန်ရေး ကောင်စီ} အမည်နဲ့ အုပ်ချုပ်တဲ့ ၁၂ နှစ်တာကာလ၊ ဒီကာလကတော့ ရှင်းတယ်။ အာဏာရပါတီ လည်း မရှိ၊ အတိုက်အခံပါတီလည်း မရှိ။ အဲဒီနောက် မဆလလို့ အများက အတိုကောက်ခေါ်ကြတဲ့ ]မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ} က အုပ်ချုပ်တဲ့ ကာလ။ ဒီကာလမှာလည်း အခြေခံဥပဒေနဲ့ကို တားမြစ်ပိတ်ပင်ထားခဲ့တာမို့ အာဏာရ ပါတီပဲ ရှိပြီး အတိုက်အခံပါတီမရှိတဲ့ တစ်ပါတီ နိုင်ငံရေးစနစ်။ အဲဒီ နောက် ၁၉၈၈ မှာ ပေါ်လာတဲ့ လူထုအုံကြွမှုကြီးကြောင့် ပါတီစုံ နိုင်ငံရေးစနစ် ဆိုတာနဲ့ နိုင်ငံရေးပါတီတွေ ပြန်ပေါ်လာခဲ့ပေမယ့် တစ်ကျော့ပြန် အာဏာသိမ်း စစ်အစိုးရကပဲ ဆက် အုပ်ချုပ်ခဲ့တာကြောင့် အာဏာရပါတီ ဆိုတာလည်း မရှိ၊ အတိုက်အခံပါတီဆိုတာလည်း မရှိတဲ့ကာလ။ ဒါပေမယ့် ဒီကာလအတွင်း မှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာ လွှဲပြောင်းပေးခြင်းမခံခဲ့ရတဲ့ NLD ကို အတိုက်အခံပါတီရယ်လို့ နိုင်ငံခြား ဂျာနယ်လစ်များက စတင် သုံးစွဲနေကြပြီ ဖြစ်တယ်ဗျ။ အာဏာရပါတီမရှိ၊ အတိုက်အခံ ပါတီပဲ ရှိတဲ့ ထူးထူးဆန်းဆန်း ]ပါတီစုံ ဒီမိုကရေစီခေတ်}ပေါ့ဗျာ။

အမြင်ချင်းလုံးဝမတူတဲ့ ပါတီများ
    အဲဒီနောက် ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုပေးလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေပေါ်လာ။ အဲဒီအခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ]ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း}ကို ပြောင်းလဲလိုက်တဲ့ ]ပြည်ခိုင်ဖြိုးပါတီ}က အာဏာရပါတီအဖြစ် ပေါ်ထွက်လာ။ ဒီအချိန်မှာ အဲဒီ အာဏာရပါတီကိုသာ မက အဲဒီပါတီကို အာဏာရပါတီဖြစ်လာစေတဲ့ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အဲဒီအခြေခံဥပဒေသစ်အရ တရားဝင်ပါတီအဖြစ်နဲ့တောင် ရပ်တည်နိုင်ခဲ့ခြင်းမရှိသေးပေမယ့် ပြည်တွင်း ကရော ပြည်ပကပါ NLD ကို အတိုက်အခံပါတီအဖြစ် စိတ်ချလက်ချ သုံးနှုန်း ပြောဆို ရေးသား ဖော်ပြနေကြပြီ ဖြစ်တယ်ဗျ။ စိတ်ချလက်ချ လို့ ဆိုတဲ့ စကားကို သုံးနှုန်းလိုက်ရတာက နိုင်ငံရဲ့ အရေးကြီးတဲ့ အဓိကကျတဲ့ ကိစ္စအားလုံး နီးပါးလောက်မှာ NLD ရဲ့ အမြင်သဘောထား ရပ်တည်ချက်တွေဟာ အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်သဘောထားရပ်တည်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ တာကို အထင် အရှားတွေ့ခဲ့ရလို့ ဖြစ်တယ်ဗျ။

အတိုက်အခံအလုပ်ကို မလုပ်ဘူးလား  
    အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း လူအများ ထင်မထားတဲ့ ဖြစ်ရပ်တွေဖြစ်လာခဲ့ပြီး မျက်စိလည်စရာ ကျီးမဟုတ် ကြက်မဟုတ် အောက်ကလိ အာအခြေအနေတွေ ပေါ်ထွန်းလာခဲ့တော့တာပဲဗျာ။ အာဏာရပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်း အဆင့်ဆင့် တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် NLD ဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်၊ အနိုင်ရပြီး လွှတ်တော်ထဲရောက်လာတယ်။ NLD  ခေါင်းဆောင်ကို လွှတ်တော်ဥက္ကဌတွေ အပါအ၀င် အာဏာရပါတီ ခေါင်းဆောင်တွေက တရင်းတနှီး လေးလေးစားစား ဆက်ဆံကြ၊ အရေးပါတဲ့ လွှတ်တော်ကော်မတီမှာ ဥက္ကဌအဖြစ် တာဝန်ပေး။ ဒီလိုနဲ့ တစ်ချို့ တစ်ချို့သော လူတွေက မြန်မာနိုင်ငံမှာ အတိုက်အခံ ပါတီဆိုတာကော ရှိသေးရဲ့လား၊ NLD ဟာ အတိုက်အခံပါတီအလုပ်ကို မလုပ်တော့ဘူးလား ဆိုတဲ့ အတွေးမျိုးတွေ တွေးလာကြတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျ။

ပါတီတွေရဲ့ အရှိတရား
    ဒါပေမယ့် ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဒီကနေ့ လည်ပတ် လှုပ်ရှားနေတဲ့ မြန်မာ့နိုင်ငံရေးစနစ်မှာ အတိုက်အခံ ပါတီတွေ အမှန်တကယ် ရှိနေတယ်။ NLD အပါအ၀င် ရှမ်းပါတီများ၊ ကချင်ပါတီ၊ ကရင်ပါတီများ၊ ချင်းပါတီများ၊ ရခိုင်ပါတီများ၊ မွန်ပါတီများအပါအ၀င် ဗမာပါတီများနဲ့ တိုင်းရင်းသားပါတီတွေဟာ အရှိတရားတွေပဲ မဟုတ်ပါလား။  သူတို့တွေဟာ  ဗုံမဟုတ် ပတ်မဟုတ် မျက်စိလည်စရာ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရ တာတောင်မှ စစ်မှန်တဲ့ အတိုက်အခံပါတီရဲ့ အလုပ်တွေကို လွှတ်တော်တွင်း လွှတ်တော်ပ နှစ်ဌာနစလုံးမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်နိုင်သလောက် လုပ်နေကြတယ်လို့ ပြောချင်တယ်ဗျ။

လက်တွေ့လုပ်မရတာတွေ အများကြီး
    စစ်မှန်တဲ့ အတိုက်အခံ ဆိုတာ အာဏာရပါတီလုပ်သမျှ အကုန်လုံး ဆန့်ကျင်တာမျိုးမဟုတ်ပဲ ထောက်ခံသင့်တာ ထောက်ခံ၊ ပူးပေါင်းသင့်တာ ပူးပေါင်း၊ ဆန့်ကျင်သင့်တဲ့ ကိစ္စလို့ ယူဆရင် ပြတ်ပြတ်သားသား ဆန့်ကျင် တာမျိုးဖြစ်တယ်ဆိုတာ နိုင်ငံရေး နှံ့စပ်သိမြင်သူတိုင်း သိကြတယ်ဗျ။ သို့ပေမယ့် လက်ရှိ ဖြစ်နေတာက အတိုက်အခံတွေဟာ ဆိုခဲ့ပါ အတိုက်အခံအလုပ်တွေကို ပီပီပြင်ပြင် ကြိုးစားလုပ်ချင်ပေမယ့် လက်တွေ့ လုပ်လို့မရတာတွေ အများကြီး ဖြစ်နေတယ်လို့ သိရတယ်ဗျာ။ ဥပမာ လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်း တချို့ကိုတောင် တိတိကျကျ အဖြေမရဘဲ မှတ်တမ်းတင်ရုံတင်ထားတာမျိုး၊ တချို့ ချောင်ထိုးခံရ၊ လျစ်လျူရှုခံရတာမျိုးစတာတွေ ရှိနေတယ်လို့ ဆိုတယ်ဗျ။

မဲအများစုနဲ့ ပယ်ချတယ်
    လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်သား မဟုတ်တဲ့ လူနည်းစုပါတီတွေ ကနေ ပြည်သူတွေရဲ့ အကျိုးကို ကိုယ်စားပြုမယ်လို့ ယူဆတဲ့ အဆိုပေါင်း များစွာ မေးခွန်းပေါင်းများစွာကို တင်ပြခဲ့တာ ကျွန်တော် အကြိမ်ကြိမ် လေ့လာမိခဲ့တယ်ဗျ။ သို့သော် အာဏာရပါတီကပဲ ဧရာမ များရာစု လွှမ်းမိုး ထားတဲ့ လွှတ်တော်က ကန့်ကွက်မဲ အများစုနဲ့ ပယ်ချတာ၊ မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံ တင်ထား တွေကိုလည်း အကြိမ်ကြိမ် တွေ့ခဲ့ရတယ်ဗျာ။

အခြေခံဥပဒေကို ပြင်ကြဖို့    
    ခြုံပြီး ပြောရရင်ဖြင့် ကျွန်တော်တို့နိုင်ငံမှာ အတိုက်အခံပါတီတွေ ရှိပါတယ်။  အတိုက်အခံနိုင်ငံရေးသမားတွေလည်း ရှိနေပါတယ်။ သူတို့တွေဟာ ပြောလို့ ရနိုင်တဲ့ ဘောင်ထဲကနေ ပြောသင့်တာပြော၊ လုပ်သင့်တာ လုပ်နေကြပါတယ် ဆိုတဲ့ စကားအတွက် အထင်ရှားဆုံးသက်သေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုတဲ့ ရပ်တည်ချက်ကို အတိအလင်း ကြွေးကြော် ထုတ်ဖော်နေကြတာပဲ ဖြစ်တယ်ဗျ။
    အဲဒီ ဘုံရပ်တည်ချက်အပေါ်မှာ အတိုက်အခံပါတီများ ဆက်လက် စွဲမြဲပြီး ပြည်သူအများစုကြီးရဲ့ တစ်ခဲနက် ထောက်ခံပူးပေါင်းမှုကိုလည်း ရရှိအောင် ကြိုးစားနိုင်ကြမယ်ဆိုရင်ဖြင့် နောက်ရွေးကောက်ပွဲတစ်ခုအလွန်မှာ ပုံမှန် အနေအထားတစ်ခုကို ရောက်ဖို့ အတော်ကလေး မျှော်လင့်စရာ ရှိလာမယ်လို့ ယူဆကြောင်းပါဗျာ။
၂၆ ၀၁ ၂၀၁၃
maungwuntha@gmail.com

No comments: