Sunday, January 20, 2013

ကိုချိုကြီး (ခ) ကိုဖရယ်ဒီ အောင်သန်းရဲ့ ညီမ မသင်းသင်းသို့


by Tamar Khin on Sunday, January 20, 2013 at 3:47am ·
ကိုချိုကြီး (ခ) ကိုဖရယ်ဒီ အောင်သန်းရဲ့ ညီမ မသင်းသင်းသို့

မြောက်ပိုင်းရဲမေ ခင်ရွေလှိုင်မှ အိတ်ဖွင့်ပေးစာ

ပထမဉီးဆုံးပြောချင်တာက မသင်းသင်းတို့အိမ်မှာ ကျမနေထိုင် စားသောက်ခဲ့တဲ့ ကျေးဇူးကို မမေ့ပါ။ နစ်နာခဲ့တဲ့ရဲဘော်တွေရဲ့ မိသားစုတွေ ဘာမှမသိလို့ ဘာမှမခံစားခဲ့ရသေးတဲ့အချိန် ဒီဖြစ်စဉ်ကြီး တလျှောက်လုံး ကိုယ်စိတ်နှလုံးသုံးပါးစလုံး ဘယ်လောက်ထိ ထိခိုက်ခဲ့ရ ခံစားခဲ့ရ တဲ့အကြောင်းတွေကိုလည်း စာဖွဲ့မပြချင်ပါ။ ကျမပြောနိုင်တာတခုက ဒီကိစ္စဟာ မသင်းသင်းတို့ သိထားသလောက် ရိုးရှင်းနေတာမျိုး မဟုတ်ပါ ဆိုတာပါပဲ။

မသင်းသင်းရေးတဲ့ စာအရအချက်(၃)ချက်ပဲတွေ့လို့ အဲဒီအချက်တွေကိုပဲ အကြောင်းပြန်စာ ရေးလိုက်ပါတယ်၊

(၁)”ကျမအသက်ဘေးအတွက် ကိုယ်လွတ်ရုန်းခဲ့ရပါတယ်။ မကာကွယ်မတားဆီးနိုင်ပါဘူးဆိုရင်တောင် အခုအချိန်မှာ အမှန်တရားအတွက် မင်းရဲ့ရပ်တည်မှု့က ဘယ်လိုလဲ”

အဖမ်းခံရသူနဲ့ သံသယနဲ့စောင့်ကြည့်ခံရသူ ဘယ်ခံစားမှု့က ပိုသက်သာမလဲ။ အဖမ်းမခံခဲ့ရ တော့ နိုင်းယှဉ်မပြတတ်ပါ။ ရင်မှူးသိုက်ထွန်းဉီးကတော့ “ငါ့ကို အဲဒီလို မကြည့်နဲ့ ဖမ်းချင်ရင် တခါတည်းဖမ်းလိုက်”လို့ပေါက်ကွဲအော်ဟစ်ပစ်ခဲ့တာပဲ။ ကိုယ်ကိုယ်တိုင် အဲဒီလို အနေအထား မျိုးနဲ့ အကွက်ဆင်ခံနေရသူတယောက်က ဘာတွေကို ကာကွယ်ပြီး ဘာတွေကို တားဆီးပေးရ မှာပါလဲ။ အဲဒီအချိန် ကျမလုပ်နိုင်တာ တခုပဲရှိပါတယ် သူတို့နည်းတူ အဖမ်းခံလိုက်ဖို့ပါပဲ။

ကျမအသက်ဘေးအတွက် ကိုယ်လွတ်ရုန်းဖို့ဆိုတာမျိုး ဖြတ်သန်းခဲ့တဲ့တလျှောက် စဉ်းတောင် မစဉ်းစားမိဖူးပါ။ အခုချိန်မှာ လိုအပ်ခဲ့ရင်တောင်  သမီးအပါအဝင် ကျမတို့မိသားစုသုံးယောက် လုံးရဲ့ ဘဝတွေကို ရင်းပစ်လိုက်ဖို့ ဝန်မလေးသေးပါ။

ကျမရေးပြီးသားအကြောင်းအရာထဲကနေ အကျဉ်းပြန်ပြောရရင် ရန်အောင်နဲ့နန်းစောအဖမ်းခံ ရချိန်က ဉက္ကဌကိုထွန်းအောင်ကျော်ကို ”မဟုတ်နိုင်ဘူး”လို့ ကျမကိုယ်တိုင် တက်ပြောခဲ့ တယ်။” ဟုတ်တယ်” လို့သူတို့ကိုယ်တိုင်က ပြောဆိုခဲ့ပြီး ဆက်လုပ်ခဲ့ကြတယ်။ စိတ်ထဲမှာ ထင့်နေလို့ ”ဉက္ကဌ (ကိုထွန်းအောင် ကျော်)နဲ့ GS(ကိုအောင်နိုင်)တို့ အဖမ်းခံရတယ်ဆို တာကြားရင် ကျမကိုမဖမ်းလည်း ကျမကိုယ်တိုင်လာအဖမ်းခံမယ်”လို့  ကိုသန်းဇော်နဲ့ဇော် ဇော်မင်းတို့ ကေအိုင်အေ ဆေးသင်တန်းဘက် နောက်တခေါက် လူလာဖမ်းတဲ့အချိန်က ကျမပြောခဲ့တယ်။

ဉက္ကဌအဖမ်းခံရတာကြားကြားချင်းပဲ ထောက်လှန်းရေးရုံးကိုသွားဖို့ ကျောင်းသားစခန်းရုံးမှာ အကြောင်းကြားခဲ့တာ သွားအဖမ်းခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ထောက်လှမ်းရေးရုံးမှာ အလုပ် လုပ်နေတယ်ဆိုပြီး သွားခွင့်မရခဲ့ပါ။ ဆေးခန်းထဲမှာ ကိုသံချောင်းနဲ့ကိုအောင်နိုင်တို့ကိုပဲ တွေ့ခဲ့စကားပြောခဲ့ရတယ်။ “မင်းတက်နေတဲ့ ဆေးသင်တန်းကို ပြီးအောင်လုပ်ပါ။ မင်းအလှည့် ရောက်လာရင်သာ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ အသင့်ပြင်ထားပါ”ဆိုတဲ့ ကိုအောင်နိုင် စကားအရ ယူဂျီလိုင်းကနေ ဝင်လာသူတွေအားလုံးနီးပါး သံသယအဖြစ်ခံခဲ့ရခြင်းမျိုး ဖြစ်နေ တာတွေကြောင့် ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့စိတ်မျိုးနဲ့ပဲ ကျမ အသင့်ရှိနေခဲ့ပါတယ်။

(၁၉၉၅-၁၉၉၆)ထိ ကျမ မြောက်ပိုင်းမှာပဲ ရှိနေပါတယ်။ ထွက်မပြေးခဲ့ပါ။ အဖမ်းမခံခဲ့ရလို့  ကိုယ်လွတ်ရုန်းတယ်ဆိုလည်း သူတို့မဖမ်းခဲ့တာတော့ ကျမ မတတ်နိုင်ပါ။ အဲဒီအတွက် မဖမ်းတဲ့သူရော၊ ဆွဲမထည့်ခဲ့တဲ့သူရော၊ ကာကွယ်ပေးခဲ့တဲ့သူရော မည်သူ့ကိုမှ ကျေးဇူးမတင်မိပါ။

ယခုအချိန်မှာ အမှန်တရားအတွက် မင်းရဲ့ရပ်တည်မှု့က ဘယ်လိုလဲ။
“အမှန်တရားဆိုတာ ဘာကိုဆိုလိုချင်တာပါလဲ။” မသင်းသင်းနဲ့ကျမ အဓိပ္ပါယ်ဖွင့်ပုံချင်း တူချင်မှ တူပါလိမ့်မယ်။ ကိုယ့်ဘက်က ကြည့်ရင် လက်ဖဝါး၊ သူ့ဘက်ကြည့်ရင် လက်ဖမိုး အဲဒီအမှန်ကို ပြောတာလား။ အဲဒီလိုဆိုရင်တော့ တကယ့်အမှန်တရားနဲ့ ဝေးနေကြအုံးမှာပါပဲ။  ဘာပဲဖြစ်ဖြစ် ကျမရပ်တည်မှု့ကို ကျမ ပြောပြနိုင်ပါတယ်။

အာဏာရူးလို့ ဖြစ်တာ၊ ဒေသစွဲကြီးလို့ အညိုးနဲ့လုပ်ခဲ့တာ နန်းအောင်ထွေးကြည် ပေးထားတဲ့အကြောင်းပြချက်ကို လုံးဝ လက်မခံပါ။ ရည်ရွယ်ချက်ရှိရှိ ၊အစီစဉ်ရှိရှိ အကွက်ကျကျနဲ့ ဖြစ်ပျက်သွားခဲ့ကြတာ ကျမ အဲဒီလိုပဲ လက်ခံနားလည်ထားတယ်။၊
ဘက်နှစ်ဘက်ရှိပါတယ်။

တဘက်က မြောက်ပိုင်းခေါင်းဆောင်တွေ ဉနှောက်မရှိ လို့ပဲဖြစ်ဖြစ်၊ အသုံးမကျလို့ပဲ ဖြစ်ဖြစ်၊ ထောက်လှမ်းရေးတွေလို့ အမှန်တကယ်ယုံကြည်သွားခဲ့ကြလို့သာ လပေါင်းများစွာ ထိန်းသိမ်း ထားပြီး အကြိမ်ပေါင်းများစွာ သူတို့လိုချင်တာ ထုတ်မပေးမချင်း ဒီလောက်ရက်စက်တဲ့ နည်းမျိုးစုံကိုသုံးပြီး မေးမြန်းစစ်ဆေးနေခဲ့ကြတာတွေက နန်းအောင်ထွေးကြည်ကိုယ်တိုင် ပြောထားရေးထားတဲ့စာထဲမှာတင် အထင်အရှား တွေ့နိုင်မြင်နိုင်ပါတယ်။ ဒါက ဘာကိုပြနေလဲ ဆိုတော့ ကျောင်းသားမှန်းသိသိ ချည်းနဲ့ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ထောက်လှန်းရေးတွေဆိုပြီး ရက်ရက်စက်စက်ကို လုပ်ခဲ့ကြတယ်ဆိုတာ ရှင်းနေပါတယ်။

တဘက်ကလည်း အားလုံးက ထောက်လှန်းရေး မဟုတ်တာသေချာရင်တော့ ဘယ်သူမှ ဉက္ကဌ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေကို ဆွဲထည့် လက်ညိုးထိုးပြခဲ့ကြမယ်  မထင်ပါဘူး။ အသားအနာမခံနိုင်လို့ ထောက်လှမ်းရေးပါလို့ ဝန်ခံလိုက်ရပါတယ် ဆိုရင်တောင် အောက်ခြေက ရဲဘော်လေးငါးယောက်လောက်နဲ့ ပြီးရမဲ့ကိစ္စ။ ဘာမှ ရဲဘော်တွေ တပုံတခေါင်း ကြီး ပါသွားစရာမလိုသလို   ဉက္ကဌတို့လို ကိုချိုကြီးတို့လို ယူဂျီတာဝန်ခံတွေအထိ ရောက်လာ စရာကို အကြောင်းမရှိပါ။

စိုးမင်းအောင်အပါအဝင် စတင်အဖမ်းခံခဲ့ရတဲ့ ဒီလူတွေအားလုံးဟာ  ယူဂျီလိုင်းကတဆင့် ဝင်လာခဲ့သူတွေဖြစ်တဲ့အပြင် အဖမ်းအဆီးခံခဲ့ရသူအများစုက ယူဂျီလိုင်းကနေ ရောက်လာခဲ့ သူ အားလုံးနီးပါးဖြစ်နေခြင်းက ဒီဖြစ်စဉ်ရဲ့ ထူးခြားချက်တခု။

မြင်ကြည့်ရရင် ကိုချိုကြီး၊ကိုထွန်းအောင်ကျော်တို့လို ထိပ်ပိုင်းယူဂျီခေါင်းဆောင်တွေကို ရှင်းထုတ်ပစ်နိုင်ခဲ့ခြင်းနဲ့အတူ တချက်ခုတ် နှစ်ချက်ပြတ် ယူဂျီလိုင်းကနေ ဝင်လာခဲ့ကြသူတွေ အားလုံးနီးပါး တဘရိတ်တည်းနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားကြရတဲ့ အဖြစ်မျိုး ဖန်တီးယူပြီး ကျောင်းသားတပ်အင်အားဖြိုခွဲခံလိုက်ရခြင်း။ တောနဲ့မြို့ ဆက်သွယ်နေမှု့ကို ဖြတ်တောက်ပစ် ခံလိုက်ရခြင်း။

အင်အားအလုံးအရင်းနဲ့ရှိနေတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေထက် ကျောင်းသားတပ်ကို စစ်အစိုးရအကြောက်ဆုံးအရာက တောနဲ့မြို့ပြဆက်သွယ်ပြီး အလုပ်လုပ်နေကြတာတွေကိုပါ။ ဒီဖြစ်ရပ်မှာ အဓိကပစ်မှတ်ထား လုပ်သွားကြတဲ့ကိစ္စက တောနဲ့မြို့ဆက်သွယ်လုပ်နေကြတဲ့ ကိစ္စတွေက အဓိကဖြစ်ပါတယ်။ တောထဲမှာ ရှိနေတဲ့ ကျောင်းသားတပ်လောက်ကိုတော့ စစ်အစိုးရက မမူ့ပါဘူး။

လုပ်တဲ့သူပဲ တရားခံဆိုတဲ့ နာကျည်းတဲ့ခံစားချက်နဲ့တင်ရပ်မနေပဲ တခုလုံးကို ခြုံပြီး အတွင်းကို မြင်နိုင်အောင် ကြိုးစားကြည့်စေ ချင်ပါတယ်။ အားလုံးဟာ စစ်အစိုးရရဲ့သားကောင်တွေချည်း ပါ။

ခြုံကြည့်လိုက်ရင် တဘက်က ထောက်လှန်းရေးဆိုပြီး လုပ်ကြတယ်။ တဘက်က ငါတို့ အယောက်တရာလုံးတယောက်မှ ထောက်လှန်းရေး မဟုတ်ဘူးဆိုပြန်တယ်။ (ကိုယ့်ကိုယ်ကိုသာ အာမခံနိုင်တဲ့ခေတ်ကြီးထဲမှာ အဲဒီအယောက်တရာလုံး တယောက်မှ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ အဲဒီလိုပြောတဲ့သူက အားလုံးကိုယ်စား အာမခံရဲတာ သေချာပါရဲ့လား၊ အားလုံးကို တာဝန် တကယ်ယူနိုင်ပါသလား၊ ဒါမျိုးက တဉီးချင်စီရဲ့ ရပ်တည်ချက်နဲ့ လုပ်ပုံကိုင်ပုံပြောဆိုပြုမူပုံတွေအလိုက် သုံးသပ်ဆုံးဖြတ်ကြရတဲ့ကိစ္စဖြစ်ပါတယ်၊ ခံခဲ့ရလို့ဆိုတဲ့စာနာစိတ်နဲ့ သုံးသပ်ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါ။)

အဲဒီလို ဘက်နှစ်ဘက်ရှိတဲ့ထဲမှာမှ ကြားထဲကနေ ဉက္ကဌကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေအပါအဝင် ဗဟိုကော်မတီတွေကို ထောက်လှမ်းရေးတွေ ဖြစ်သွားအောင် လုပ်သွားခဲ့တဲ့သူတွေ ဆွဲထည့်ခဲ့ကြတဲ့သူတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ရိုးသားမှု့ မရှိတဲ့သူတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ် ။  ဒီဖြစ်ရပ်ကို တမင်ဖန်တီးယူခဲ့ကြသူ တွေဟာ အဲဒီလူတွေပဲ ဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီတော့ ကြားလူ ရှိနေတယ်။ ကျမရှာနေတဲ့ အမှန်တရားက အဲဒီကြားလူတွေကို အများသိရှိအောင် ဖော်ထုတ်နိုင်ဖို့ပါပဲ။ ဒါက ကျမရဲ့ ရပ်တည်ချက်။

(၂) AB မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု့ကြီး ဖော်ထုတ်ပေးရေး ၊ အမှန်ကို မဖော်ထုတ်ပဲ ရေငုံနူတ်ပိတ်နေတာ၊ ကာကွယ်ပေးနေတာတွေဟာလည်း မမှန်ကန်ဘူး။

အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အမှန်အတိုင်း ကျမမြင်ရတွေ့ရကြားသိရသမျှ ကျမ ရေးထားပြီးပါပြီ (www.naythit.net) မသင်းသင်းအသေအချာ ဖတ်ရမဖတ်ရ ကျမ မသိပါ။ အဲဒီဖြစ်စဉ်အပေါ် ကျမမြင်တဲ့အမြင်တွေကိုလည်း လူမိုက်လုပ်ပြီး ချပြခဲ့ပြီးပါပြီ။ ကိုယ်ဖြစ်စေချင်သလိုမျိုး အာဏရူးလို့ ဖြစ်ရတာပါ။ ကိုယ် မမြင်တွေ့ခဲ့ရပါဘဲနဲ့ ဟုတ်ပါတယ်၊ အဲဒီလို အဲဒီလိုတွေ လုပ်ခဲ့ကြတာပါလို့ လိမ်ညာမရေးခဲ့တဲ့အတွက် ကာကွယ်ပေးနေတာပါ၊ လက်မခံဘူး၊ မယုံဘူးဆိုလည်း ကျမ မတတ်နိုင်ပါ။ ကျမအနေနဲ့တော့ မဟုတ်ပါပဲ လုပ်ကြံဖန် တီးပြီး အားလုံးအကြိုက် လိုက်မရေးနိုင်ပါ။ ဒါက မြောက်ပိုင်းရဲမေတယောက်ရဲ့ မြောက်ပိုင်း ကျောင်းသားတပ်ရဲ့မှတ်တမ်း တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ရေငုံနူတ်ပိတ်လည်း မနေတတ်သလို လေယူရာတိမ်းပြီးလည်း မယိမ်းတတ်ပါ။ ဒါကြောင့်လည်း အခုချိန်ထိ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ကြွက်တော့ မဟုတ်ပါ။ ဒါတွေ ဖြစ်နေချိန်က စိတ်ထဲ ရှိတဲ့အတိုင်း ဗြောင်ပြော ဗြောင်ဖိုက်လုပ်နေလို့ “အဲဒါတွေက မင်းကို ပြန်ကယ်သွားခဲ့တာ၊ ထောက်လှမ်းရေးဆိုရင် နည်းပရိယာယ်ရှိတယ် မင်းလို ဘလိုင်းကြီးပြော ဘလိုင်းကြီးဖိုက် နေတာမျိုးတွေ မလုပ်ဘူး။”လို့ နောက်ပိုင်းမှာ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ ကိုသန်းဇော်ကိုယ်တိုင် ကျမကို ပြောခဲ့တာပါ။ ဟုတ်မဟုတ်တော့ မသိပါ။

ထောက်လှမ်းရေးဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမပါဘူး။ ဒါကို လူ့အခွင့်အရေး ရှူ့ထောင့်ကကြည့်ပြီး လူ့အခွင့်အရေးချိုးဖောက်တာက အဓိကဆိုရင်တော့ အဲဒါက ကဏ္ဍတခုလို့ပဲ မြင်ပါတယ်။ ဒီလိုတွေ ဒီလိုတွေ ရက်ရက်စက်စက် လုပ်ခဲ့ကြပါတယ်ဆိုတာတွေကို နန်းအောင်ထွေးကြည်၊ ကိုအောင်မိုးဝင်း၊ ကိုညီညီကျော်တို့ ပြောကြ ရေးကြမှသာ မြောက်ပိုင်းရဲဘော်ရဲမေအများစုက သိခဲ့ကြရတာပါ။ ကျမတို့ကိုယ်တိုင် မြင်ခဲ့ရ တွေ့ခဲ့ရတာတွေ မဟုတ်ပါဘူး။

ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကို တိုက်ရိုက်မေးကြည့်နိုင်မှ သူတို့ပြောခဲ့ကြ ရေးခဲ့ကြသလိုတွေ ဟုတ်မဟုတ် အမှန်အတိုင်းသိကြရမဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ (ရေးထားတဲ့ စာလေးနဲ့တင် ကျမကိုတော့ ကာကွယ်ပေးနေပါသလေး ညာလေးနဲ့ သံပြိုင်အော် နေတဲ့သူတွေက ဘာကြောင့် အဲဒီလူတွေကို စစ်ထောက်လှမ်းရေးက အမှန်တကယ်ကာကွယ် ပေးထားတာကျတော့ ကာကွယ်ပေးနေပါတယ်လို့ တခွန်းလေးတောင် လေးသံမဟကြဘူး။ ကြည့်ရတာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အများရှေ့မှာ စုံရှင်းကြရင် ပွဲပြတ်သွားမှာစိုး လုပ်စရာတွေကျန်နေသေးလို့ ထင်ပါရဲ့။ ) ကျမတောင် အဆောင်ရှေ့ကနေ လှမ်းမြင်လိုက်ရလို့ ဘာပဲဖြစ်ဖြစ် ငါသိကို သိနေရမယ်ဆိုတဲ့ စိတ်နဲ့ရောက်သွားခဲ့လို့ လူ(၁၅)ယောက်ကို တရားဝင်ပြဌာန်းထုတ် သတ်ခဲ့တာကို ကြားခဲ့ရ သိခဲ့ရတာ ။ လှမ်းမမြင်လိုက်ရရင် သိလိုက်မှာတောင် မဟုတ်ဘူး။ ဒါက ကျမတို့ ရဲဘော်ရဲမေ အများစုရဲ့ အနေအထား။

ကိုအောင်မိုးဝင်းတို့နန်းအောင်ထွေးကြည်တို့ရေးထားတဲ့ စာတွေထဲမှာ လူတဉီးချင်းစီအလိုက် ဘာတွေဘာတွေ အလုပ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေရေးထားတာရှိပါတယ်။( ရေးသမျှအားလုံးဟာ နန်းအောင်ထွေးကြည် လေသံချည်းပါ) အဲဒါတွေကို ကိုယ်တိုင်မြင်ခဲ့ တွေ့ခဲ့ သိခဲ့ရသူတွေက ပြောခဲ့တာအမှန်ဖြစ်ခဲ့ရင် အဲဒီရဲဘော်တွေကသာ မျက်မြင်သက်သေစစ်စစ်တွေ ဖြစ်ကြပါတယ်။
သတင်းစာရှင်းလင်းပွဲတွေ အကြိမ်ကြိမ် အခါခါလုပ်ပြီး “လုပ်ခဲ့ကြပါတယ် လုပ်ခဲ့ကြပါတယ်” ဆိုတာတွေနဲ့တင် အက်ကြောင်းထပ် နေကြ မျက်ရည်တွေတွေကျနေကြမဲ့အစား  အဲဒီသက်သေရဲဘော်တွေကို သတင်းစာရှင်းလင်းပွဲမှာ ခေါ်ထုတ်ပြီး တခါတည်း ဖွင့်ချ ဖော်ထုတ် ၊ လုပ်မယ်ဆိုပြီးစခဲ့ကြမှတော့ အပြတ်လုပ်သင့်တယ် ထင်ပါတယ်၊ အသက်အန္တရာယ် စိုးရိမ်ရလို့တဲ့။ နအဖဘက်က အန္တရာယ်လား။ နအဖက သဘောတောင်ကျနေလွန်းလို့ တရားစွဲတာတောင် လက်ခံထား ပြီးပြီ၊ ကျောင်းသားတပ်ဘက်ကလား။ ကျောင်းသားတပ် အဲဒီလိုအလုပ်မျိုး မလုပ်ပါ။ တခါခါ ဇာတ်မရှည်ရှည်အောင် ဆွဲဆန့်နေသလို အပိုတွေလုပ် နေတာမျိုး တွေ့နေရတယ်။

လုပ်ခဲ့တဲ့သူတွေကိုလည်းသိနေပြီးသား။  ခံခဲ့ရသူတွေကလည်း အသင့်ရှိနေတယ်။ သက်သေ စစ်စစ်တွေလည်း ရှိထားပြီ်။  လူ့အခွင့်အရေးချိုးဖောက်မှု့လို့လည်း ခေါင်းစဉ်အသင့်တပ် ထားပြီးသား၊ တရားစွဲတဲ့လူကလည်း စွဲနေပြီ။ အသားအနာခံရလို့ ထောက်လှမ်းရေးဟုတ် တယ်ဆိုတာလည်း ကိုယ့်ဘာသာကိုယ်ပြောခဲ့ကြတာပဲ။ အခု အသားနာစရာလည်းမရှိတော့ တဲ့အတွက် မဟုတ်ပါဘူးဆိုတာလည်း ကိုယ်ဘာသာကိုယ်ပြောနေကြတာပဲလေ။သေသွားတဲ့ လူတွေ သမိုင်းကလည်း သူ့ဘာသာသူရှိ နေကြ မှာပဲ။ နောက်ထပ် ဘာကို ဖော်ထုတ်ပေးစေချင်တာပါလဲ။

ကိုအောင်နိုင်၊ကိုလှဆိုင်းတို့ကို ဂုတ်ဆွဲမပြီး နအဖလက်ထဲပဲ လာထည့်ပေးကြရတော့မလို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြောဆိုလုပ်ဆောင်နေမှု့တွေ ဖြစ်မှန်းမသိ ဖြစ်လာနေတာ တွေ့မြင်နေရပါတယ်။

မြန်မာပြည်ထဲမှာ အမှု့ဖွင့် တရားစွဲတဲ့ရည်ရွယ်ချက်က ဘာကိုဉီးတည်နေသလဲ။ ဘယ်လိုပဲခေါင်းစဉ်တပ်တပ်ပါ လိုရင်းက ကိုအောင်နိုင်၊ကိုလှဆိုင်းအပါအဝင် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးကို စစ်အစိုးရလက်ထဲ ထိုးအပ်လိုက်ဖို့ လုပ်နေခြင်းပဲ မဟုတ်လား။ အဲဒီအတွက် ကျမက ဘာလုပ်ပေးရမှာပါလဲ။ အဲဒီအတွက် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို သေသွားတဲ့ရဲဘော်တွေက တော်လှန်ရေးရဲဘော်တွေသာ အမှန်ဖြစ်ခဲ့ရင် ဝမ်းသာပိတီဖြစ်နေကြလိမ့်မယ် ထင်ပါသလား။

ကျမသာ ကိုလဆိုင်းနေရာမှာဆို စစ်အစိုးရလက်ထဲတော့ အအပ်မခံနိုင်ဘူး။ စစ်အစိုးရကို တိုက်ရင်းနဲ့ပဲ အသေခံပစ်လိုက်မယ်။ လူ့အခွင့်အရေးချိုးဖောက်မှု့ကြီးတွေကို  ရာစုနှစ်ထက်ဝက်ကျော် တနိုင်ငံလုံးအတိုင်းအတာနဲ့ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လည်ပင်းကြိုးကွင်းစွပ်နိုင်တဲ့နေ့ဟာ ကျမတို့နိုင်ငံမှာ အမှန်တကယ်တရားမျှတတဲ့ တရားရုံးတွေ ပေါ်ပေါက်လာတဲ့နေ့ဖြစ်သလို ကြိုးကွင်းစွပ်ခံရမယ်ဆိုလည်း စွပ်ပျော်ပါတယ်။

ဒီစစ်အစိုးရရဲ့မတရားတဲ့လုပ်ရပ်တွေအပေါ်မှာ အခြေခံပြီးမှ ဖြစ်ပျက်ခဲ့ကြရတဲ့ကိစ္စကြီးကို ဒီစစ်အစိုးရဲ့မတရားရုံးတွေအောက်ကနေ တရားမျှတတဲ့ဆုံးဖြတ်ချက်ကို မျှော်လင့်လုပ်နေကြ ပါတယ်ဆိုရင် အဲဒီလူတွေတော်လှန်ရေးရဲဘော်တွေတော့ မဖြစ်နိုင်တော့ဘူး။ စစ်အစိုးရအား ပေးတွေဖြစ်ရင်ဖြစ် မဖြစ်ရင် ရူးနေကြလို့ပဲ ဖြစ်လိမ့်မယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေကလည်း ထုနဲ့ထေး၊ ကိုယ်တိုင် လည်း အဖမ်းခံခဲ့ကြရတာကလွဲရင် ဘာကိုမှ မြင်ခဲ့တွေ့ခဲ့ရတာလည်းမဟုတ်၊ ကိုယ့်အိမ်ကို တောင် ပြန်ခွင့်ရသေးတာမဟုတ်၊ ကိုယ့်မိသားစုနဲ့လည်း ပွင့်ပွင့်လင်းလင်း မဆက်သွယ်နိုင် သေးတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ၊ တရားဝင်တာတွေ တရားမဝင်တာ တွေနဲ့ ပတ်သက်ပြီး ကုန်ကုန်ပြောရမယ်ရင် ကျမတို့လင်မယားတောင် တရားဝင်လင်မယားအရာ မမြောက်သေး၊ ကျမသမီးလည်း နိုင်ငံမဲ့မွေးဖွားလာသူတယောက် အဖြစ်သာရှိသေး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု့တွေ ရှိနေသေး သမျှ ဒီစစ်အစိုးရအုပ်ချုပ်နေသမျှ ကျမအနေနဲ့ အဲဒီခေါင်းစဉ် နဲ့ပတ်သက်ပြီး တစုံတရာ အကူညီပေး နိုင်လိမ့်မည် မထင်ပါ။ အဲဒီခေါင်းစဉ်အတွက်ပဲ လုပ်နေကြသူတွေ အဖွဲ့အစည်းတွေ အများကြီးပါ၊  သူတို့ ကူညီပေးကြပါလိမ့်မယ် ဒီအတွက် စိတ်ပူနေစရာ အကြောင်းမရှိဘူး ထင်ပါတယ်။

(၃) ခင်ရွေလှိုင်ရေ--မင်းနဲ့ ယခုလက်ရှိအေဘီဉက္ကဌတို့ရဲ့ ပတ်သက်မှု့က ကြီးမားနေပြီး---။ ဒီအချိန် အမှန်တရားပေါ်ပေါက်ရေးက အင်တိုက်အားတိုက်ဖြစ်သင့်ပြီ။

အဖွဲ့အစည်းရဲ့ လုပ်ရိုးလုပ်စဉ်သဘောကို နားမလည်တဲ့ အရပ်သူတဉီးအနေနဲ့ ရိုးရိုးသားသား အားကိုးတကြီးပြောခဲ့တာလို့ပဲ မှတ်ယူလိုက်ပါတယ်။ ဒါပေမဲ့ မသင်းသင်းရဲ့အကိုကြီး ဘာတွေလုပ်နေ ကိုင်နေတယ်ဆိုတာ မသင်းသင်း မသိခဲ့ရသလိုပါပဲ။
အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြ ၊ ခံခဲ့ကြရတဲ့သူတွေတောင် “ဘာကြောင့် အဲဒီလိုတွေ ဖြစ်ပျက်သွားခဲ့ကြရတယ် ထင်ပါသလဲ“ဆိုတဲ့ မေးခွန်းကို အခုထိ အတိအကျ မပြောနိုင်သေးပဲ ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးဖြေဆိုလျှက်သာ ရှိနေပါလျက်နဲ့ ကိုယ်တိုင်လည်းမပါဝင်ခဲ့၊ ဘာတွေဖြစ်ပျက်ခဲ့ကြတယ်ဆိုတာလည်း သူများပြောသလောက်သာ သိခွင့်ရကြတဲ့၊ ဘယ်သူ့ ကိုမှလည်း မမြင်ဖူးခဲ့၊ မဆက်ဆံဖူးခဲ့ကြတဲ့သူတွေက ဘယ်လိုနည်းနဲ့များ အမှန်တရား ဖော်ထုတ်ပေးကြမှာပါလိမ့်လို့ စိတ်ဝင်စားမိတာက လွဲရင် ကျမ သိလည်းမသိခဲ့ဘူး။ သိဖို့လည်း မကြိုးစားခဲ့ဘူး။ သိဖို့လည်း မလိုဘူးလို့ ယူဆပါ တယ်။

ဒါကြောင့် ကျမအမျိုးသားက ကျမကို ” မတော်တဆ အဖမ်းခံခဲ့ရလို့ကတော့ ဉက္ကဌမိန်းမလုပ် ပြီး မင်းဘာမှမသိဘူးဆို မင်းကို ဟိုကောင်တွေ ယုံမှာမဟုတ်ဘူး။ အတီးခံရတာနဲ့ပဲ မင်းတော့ သွားတွေ အကုန်ကျွတ်ကုန်မှာပဲ။”လို့ ပြောဖူးပါတယ်။
လင်မယားဆိုတာ ဆိုင်သာဆိုင်တာပါ ။ စိတ်ချင်း အလုပ်ချင်း ပေါင်းနေကြတာမျိုး မဟုတ်ပါ ဘူး။ သူ့စိတ်နဲ့ သူ့ယုံကြည်ချက်နဲ့ သူ့ဘာသာဆုံးဖြတ်လုပ်ခဲ့သမျှ သူဖြစ်ရင် သူ့ဘာသာသူပဲ ခံရမှာဖြစ်သလို ကျမစိတ်နဲ့ ကျမယုံကြည်ချက်နဲ့ ကျမဘာသာ ဆုံးဖြတ် လုပ်ခဲ့သမျှ ကျမဖြစ်ရင် လည်း ကျမဘာသာခံဖို့ ဝန်မလေးပါ။ အဲဒီသဘောနဲ့ပဲ သူလုပ်တာက သူနဲ့ပဲဆိုင်တယ် ကျမ တစုံတရာ ဝင်ရောက်ပြောဆိုတာမျိုး မရှိသလို ကျမလုပ်တာက ကျမနဲ့ပဲဆိုင်တယ် သူတစုံတ ရာ ဝင်ရောက်ပြောဆိုချင်ရင်တောင် ကျမ လက်ခံနိုင်မှ ဖြစ်မဲ့ကိစ္စပါ။ ဒါက ကျမတို့ နှစ်ယောက် ရဲ့ ဆက်ဆံရေးပါ။

လင်မယားဖြစ်တာနဲ့ ရောကြိတ်တတ်တဲ့ အိမ်ထောင်ဉီးစီးရာထူးလေသံနဲ့ ပြောတတ်ဆိုတတ် တာတွေ ကျင့်သားရနေကြ ရင်တော့ဖြင့် မတတ်နိုင်ပါ။ သေချာတာက ကျမအိမ်ရဲ့ အိမ်ထောင် ဉီးစီးက ကျမကိုယ်တိုင်ပဲ ဖြစ်သလို ကျမအမျိုးသားအတွက် ကျမ “လူ”ဖြစ်လာတာ မဟုတ်ပါ။

ဒါကြောင့် ကိုသံခဲက သူ့မိန်းမနဲ့သူ့သမီးကိုတော့ နိုင်ငံခြားပို့ထားပြီး----လို့ ပြောတာ ဆိုတာမျိုး ကြားရရင် ကျမနဲ့ကျမသမီးကို အဝတ်လိုသဘောထား သပ်သပ်ရပ်ရပ်ခေါက် သေတ္တာထဲထည့်ပိတ်ပြီး စာတိုက်သွားပို့နေတဲ့ ကိုသံခဲပုံကြီးကိုပဲ မြင်ယောင်နေမိ ပါတယ်။

“ဉက္ကဌသံခဲကတော်”ဆိုတဲ့ အသုံးအနူန်းကို ကြားရတိုင်းလည်း ထားရာနေ၊စေရာသွား၊ ယောကျာ်းအားကိုး၊ ယောကျာ်းသနားမှ နွားချမ်းသာရဆိုသလို ယောကျာ်းမျက်နှာအရိပ် တကြည့်ကြည့်နဲ့ အများသတ်မှတ်လေ့ရှိတဲ့ ဇနီးကောင်းတယောက်အဖြစ် သူသွားလေရာ သူ့ဘေးမှာ မားမားမတ်မတ်ကြီးရပ်နေတဲ့ပုံကို ကိုယ့်ဘာသာကိုယ်ပြေးမြင်ယောင်ကြည့်မိပြီး ရယ်မိတာများ မျက်ရည်တောင်ကျမိပါတယ်။ အဟုတ်။

စိန်နံကပ်အရောင်နဲ့ ပါးပြောင်ရတဲ့ဘဝမျိုးကို ကျမ အလွန်ရွံပါတယ်။ အဲဒါတွေထက်စာရင် ဘာမှအသုံးမကျပါဘူးဆိုတဲ့ ကျမရဲ့ ရဲမေဘဝကိုပဲ ကျမ ပိုမြတ်နိုးပါတယ်။ ကျမပြောဆို လုပ်ကိုင် ဆောင်ရွက်သမျှ ကျမနဲ့ပဲဆိုင်ပါတယ်။ ကျမအမျိုးသားဉက္ကဌ ဆိုတာကြီးနဲ့ မဆိုင်သလို အဖွဲ့အစည်းရဲ့သဘောထားလည်း မဟုတ်ပါ။

ရေးတဲ့သူတွေက အမှန်တကယ်ရိုးသားခဲ့ကြရင် ရဲမေခင်ရွှေလှိုင်ပဲ သုံးရရေးကြရမှာပါ။ မဆီမဆိုင် ကျမအမျိုးသားနာမည်နဲ့ ရာထူးကို တွဲဘက် ဖော်ပြခေါင်းစဉ်တပ် နေကြစရာ မလိုပါ ။ ဒီလိုသုံးနူန်းခြင်းကိုက မရိုးသားမှု့တွေကို ပြဆိုနေခြင်း ပဲ ဖြစ်တယ်လို့ ကျမယူဆပါတယ်။

ထိုနည်းတူ အေဘီဉက္ကဌကိုသံခဲနဲ့အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း ကျမ သိလည်းမသိပါ ၊ ပါဝင်ပတ်သက်မှု့မရှိသလို ကျမနဲ့လည်းမသက်ဆိုင်ပါ။  ဒီလောက်ဆို ကျမ အနေအထားကို မသင်းသင်း သဘောပေါက်လိမ့်မယ် ထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မသင်းသင်းကို ကျမ ပြောနိုင်တာက လက်ဖဝါးလည်းမဟုတ် လက်ဖမိုးလည်း မဟုတ်တဲ့ မဇ္ဈိမပဋိပဒါနည်းကျကျ အမှန်တရားကိုသာ ကျမ လိုလားတယ်။ အဲဒီအတွက် ကိုအောင်နိုင် ၊ကိုလှဆိုင်း၊ ကိုစိန်အေး၊ ကိုလှဌေး၊ ကိုစိုးလင်း ၊ ကိုညီညီကျော်၊ ကိုရဲလင်းစတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသာမက ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ နန်းအောင်ထွေးကြည်၊ ကိုညီညီဆမား၊ ကိုခင်မောင်ဇော် (ခ) ခို၊ ကြောင် (ခ) ကိုကျော်နိုင်ဉီး တို့ပါမကျန် မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မိဘပြည်သူတွေရဲ့ရှေ့မှာ မျက်နှာချင်းဆိုင် စုစုံဖြေရှင်းရမဲ့အချိန်ကို ကျမ စောင့်ကြိုနေပါတယ်။

ရင်နှင့်အမျှပါ ---- မသင်းသင်း။
ရဲမေ ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော်  (မြန်မာပြည်မြောက်ပိုင်း)

No comments: