Thursday, January 17, 2013

“ရန်ကုန်မြို့ဟောင်းတနေရာ”


by Soe Min on Thursday, January 17, 2013 at 3:18am ·
          နေမ၀င်ခင် နဲ့ နေမထွက်ခင်ဆိုတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ကားနှစ်ကားကို အင်မတန် နှစ်ခြိုက်ခဲ့ဖူးပါတယ်။ သွားရင်းလာရင်း ရထားပေါ်မှာတွေ့တဲ့ လူစိမ်းနှစ်ယောက် တော်ကီတွေအပွားလွန်ပြီး အမျှင်တန်းကြတဲ့အခါ တစ်ညလောက် အတူတူလျှောက်လည်ကြရအောင် ဆိုတဲ့ဇာတ်လမ်းပါ။ ဒါပေမယ့် သူတို့သဘောတူတဲ့တစ်ညဆိုတာ တရေးချစ်ခွင့် ကြင်ရနိုးလို့ အဲဒီကိစ္စသက်သက် ရည်ရွယ်တာတော့ မဟုတ်ပါဘူး။ (ဒါပေမယ့်လည်း ကျွဲကူးရေပါပါကွယ်။ သူတို့အဖြူတွေအကြောင်းများ မသိရင်ခက်မယ်) နောက်တနေ့မနက် လေယာဉ်နဲ့ အမေရိကပြန်ရမယ့် ကောင်လေးရယ်၊ သူ့ဘာသာ ခရီးဆက်စရာရှိသေးတဲ့ ကောင်မလေးရယ်က စကားလက်ဆုံ ပြောမကုန်ဖြစ်နေတာနဲ့ ဥရောပရထားကြီးပေါ်ကဆင်းပြီး နှစ်ယောက်သား ဘောက်ခါးစို့လားမောင်ရယ် လုပ်ကြသတဲ့။ ဇာတ်ကားရဲ့အသက်ကတော့ လူစိမ်းနှစ်ယောက် အဲသလောက်အချိန်တိုအတွင်းမှာ ဘယ်လိုချစ်ကျွမ်းဝင်သွားကြသလဲဆိုတာကို ပြပါတယ်။ မိုးလည်းလင်းရော ခွာကိုမခွာနိုင်ကြတော့ဘူး။ ပြန်ဆုံကြရအောင်နော် လို့ အထပ်ထပ်အခါခါ ကတိတွေတောင်းပြီး ခွဲရမှာသည်းမြညှာရယ် လုပ်နေလိုက်ကြတာ ကြည့်ရတဲ့သူတောင် မနေနိုင်မထိုင်နိုင်  ဇာတ်လမ်းထဲမျောသွားရော။ ဇာတ်သိမ်းပြီးတော့မှ သတိရတယ်။ ဟင် သူတို့က ပြန်ဆုံမယ် ပြန်ဆုံမယ်သာပြောနေတာ တစ်ယောက်နဲ့တစ်ယောက် နံမည်လေးတောင် မေးမသွားကြဘူး။ ဘယ်သူမှန်းလည်း မသိကြဘူး။ တစ်ညလုံး ကရားရေလွှတ် တတွတ်တွတ်သာ ပြောနေတာ တဘက်လူဟာ ဘယ်သူဘယ်ဝါ၊ ဘယ်ကလာ၊ ဘယ်မှာနေ၊ ဘာတစ်ခုမှ မေးဖို့သတိမရကြဘူး။ ကိုယ်လည်းတူတူပဲ။ သူတို့နဲ့လိုက်ကြည့်နေပြီး ဇာတ်လမ်းဆုံးမှ သတိရတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ရုပ်ရှင်ကို ခုကျမှ ကောက်ကာငင်ကာ ပြန်သတိရမိတာကတော့ အဲဒီကားထဲက စကားတစ်ခွန်းပါ။ ကောင်လေးက ကောင်မလေးကိုမေးတယ်။ “နောက်ဘ၀ ရှိတယ်ဆိုတာ ယုံသလား။” တဲ့။ (သူ့ကြည့်ရတာ ဘာသာမဲ့နဲ့တူပါတယ်)။ ကောင်မလေးက ယုံတယ်လို့ ဖြေတဲ့အခါ သူဆက်မေးတာက “ဒါဆိုရင် လူတွေက သေပြီးရင် နောက်ဘ၀ကို ပြန်ဝင်စားကြမှာပေါ့။ အဲဒါဆို ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအရေအတွက်တွေက တသမတ်တည်း ရှိသင့်တယ်လေ။ ဒီဘ၀က သေလွန်ရင် ဟိုဘ၀မှာ ပြန်ဝင်စားရမှာ မဟုတ်လား။ အခုတော့ လူဦးရေတစ်ခုတည်းတောင် အဆပေါင်းများစွာ တိုးပွားလာတာ။ အဲဒီဘ၀အသစ်တွေက ဘယ်ကရောက်လာသလဲ။” တဲ့။ သူပြောတော့လည်း ဟုတ်နိုးယောင်နော်။ အခုဆို လွန်ခဲ့တဲ့ ခုနှစ်နှစ်က ရန်ကုန်မြို့ကြီးက ထွက်ခွာသွားခဲ့တဲ့ မောင်စံဖားတစ်ယောက် အရမ်းအရမ်းကို တိုးပွားနေတဲ့ ရန်ကုန်သူရန်ကုန်သားတွေကိုကြည့်ပြီး အဲသည်လူတွေ ဘယ်ကများ ရောက်လာကြပါလိမ့်လို့ အံ့သြမိပါတယ်။ (မန္တလေးဆိုရင်တော့ မေးစရာမလိုဘူး။ လူတိုင်းသိတယ်)
          ကိုယ်ငယ်ငယ်ကလေးဘ၀တုန်းကတော့ ရန်ကုန်မြို့ရဲ့လူဦးရေဟာ အခုလက်ရှိရဲ့ အပုံနှစ်ဆယ်ပုံလို့ တစ်ပုံ မရှိသေးဘူး။ ကျောက်မြောင်း နဲ့ အလုံဆိုတာ ဆင်ခြေဖုံးလို့ ပြောတဲ့သူက ပြောတယ်။ ကိုးမိုင်က တရုတ်သင်္ချိုင်းကို သွားကန်တော့တဲ့ အိမ်နီးချင်းတွေဟာ တစ်မြို့တစ်ရွာကို သွားသလို ကြောင့်ကြစိုက်ပြီး သွားရတယ်။ ရေကျော်တို့ စမ်းချောင်းတို့ဆိုတာ ပျဉ်ထောင်မြေစိုက်အိမ်ကလေးတွေကို ခြံဝင်းကလေးနဲ့နေကြတဲ့အရပ်။ ကိုယ်နေတဲ့ ဗိုလ်ချုပ်လမ်းမကြီးမှာတောင် ၄၇ လမ်းထိပ်ကနေ ၄၈ လမ်းထိပ်အထိ နှစ်ထပ်တိုက်တန်းလျား နှစ်လုံးပဲ ရှိတယ်။ အရှေ့လည်း ခုနှစ်အိမ် မစေ့ဘူး။ အနောက်လည်း ခုနှစ်အိမ် မရှိဘူး။ အဲဒီအိမ်တွေအကုန် မိုးလင်းမိုးချုပ် တက်တက်လည်နေလို့ ခိုင်းစရာရှိရင် အိမ်ကလိုက်လိုက်ခေါ်ရတယ်။ အိမ်ရှေ့ပလက်ဖောင်းက ကိုယ်တို့ကလေးတွေပိုင်တယ်။ ဘာကစားကွင်းမှ သွားစရာမလိုဘူး။ လူသာစုမိ အမျိုးကိုစုံနေအောင်ဆော့တာ။ နွေဘက်အိုက်လို့ အိမ်ထဲမှာ မအိပ်နိုင်ရင် ပက်လက်ကုလားထိုင်တစ်လုံးနဲ့ အိမ်ရှေ့လမ်းမထွက်အိပ်ရော။ လူကြီးတွေလာနှိုးမှ အိပ်မှုန်စုံမွှား အထဲဝင်တယ်။ ပူတဲ့ရာသီဆို ညနေ နေစောင်းတာနဲ့ အိမ်ရှေ့ပလက်ဖောင်းကို ရေတွေရွှဲနေအောင် လောင်းထားတယ်။ အပူတွေ ပျံကုန်တဲ့အထိ။ အိမ်ရှေ့မှာ ပိတောက်ပင်လေးပျိုးထားပြီး နေ့တိုင်းရေလောင်းရတယ်။ ဗာဒံပင်ပတ်လည်က ရေအိုးကလေးတွေကို ဆေးကြောရေဖြည့်။ ရေတွေမီးတွေဆိုတာများ ပေါလွန်လွန်းလို့ အခုလို တိုင်းထွာသုံးစွဲနေစရာ မလိုပေါင်။ ငွေကိုရေလိုသုံးတယ် လို့တောင် ဆိုရိုးစကားရှိခဲ့တယ်။ အညာကလူတွေဆို “မင်းတို့ရန်ကုန်သားတွေ ကံကောင်းတယ်။ ရေဘဲကလေးဖွင့်လိုက်ရင် ရေလာတဲ့အရပ်” လို့ ပြောကြတယ်။ သူတို့လို ငင်စရာ ခပ်စရာမှ မလိုပဲကိုး။ မြူနီစီပယ်ကလူတွေက မနက်တစ်ခါ ညတစ်ခါ တံမျက်စည်းလာလှည်းတယ်။ ကိုယ့်အိမ်ရှေ့ ပလက်ဖောင်းကျောက်ပြားတွေ ကျိုးပဲ့နေရင် ကိုယ့်ဘာသာပဲ အကောင်းနဲ့ ရှာကြံလဲလိုက်တယ်။ လမ်းဘေးဈေးသည် နည်းနည်းပါးပါးပဲ ရှိတယ်။ ဘာအကောက်အခံ အခွန်အတုပ်မှ မရှိဘူး။
          သွားရေးလာရေးက သိပ်ပြီး ရှုပ်ရှုပ်ပွေပွေ မရှိဘူး။ ဘတ်စကားတွေက သိပ်မှ မကြပ်ပဲနဲ့။ အစတုန်းက ဗိုလ်ချုပ်လမ်းက နှစ်လမ်းမောင်းကြီး။ အိမ်ရှေ့ကတက်စီးသွား စကော့ဈေးရောက်တယ်။ စကော့ဈေးကတက်စီး အိမ်ရှေ့ပြန်ရောက်တယ်။ အဖွားကတော့ လမ်းနံမယ်တွေ မြန်မာလိုတောင် မှတ်မထားဘူး။ ဘိုလိုပဲတတ်တယ်။ မောင်ဂိုမာရီတဲ့။ ဖရေဇာတဲ့၊ ဒါလဟိုဇီတဲ့။ စပတ်လမ်း၊ သော်မဆင်၊ ဂေါ်ဒွင်၊ ၀င်ဒါမီယာ၊ အကုန်လုံး ဘိုနံမယ်တွေနဲ့ဗျ။ ရုပ်ရှင်ရုံတွေလည်း ဘိုနံမယ်ပဲ။ ကာလတန်၊ အိတ်ဆယ်စီယာ၊ ပလေဒီယံ၊ တယ်လည်းဘိုဆန်ကြတာကိုး။ ဒါကြောင့်လည်း တောကတက်လာတဲ့ ကိုယ့်ဖွားအေဟာ သူ့မြေးကလေး ဆေးကျောင်းတက်တော့ ဘလေဇာကုတ်နဲ့ ဟပ်ဖ်ရှူးဆိုတာကို ဆင်ချင်တာနေလိမ့်မယ်။ ကိုယ့်ထက်ဖက်ရှင်ကျသေးလို့ ပြောရမလိုပဲ။ အဖိုးကျန်ခဲ့တဲ့ ဘန်ကောက်လုံချည်ဆိုတာတွေက သူ့မြေးအရွယ်မရောက်ခင်ကတည်းက ကုန်နှင့်တယ်။ ပုဆိုးမြဲအောင် ၀တ်တတ်ကတည်းက သွားစရာလာစရာရှိတိုင်း အဖွားသေတ္တာကြီး သွားဖွင့်ပြီး ကြိုက်တဲ့ပုဆိုးကို ဖြတ်ချုပ်ပြီးဝတ်တယ်။ (တော်ပါသေးရဲ့။ နို့မို့ အဲဒါကြီးတွေနဲ့ ဆေးကျောင်းတက်မိမှ ရှက်စရာ) ဒါပေသိ ကြိုက်တာတော့ ကြိုက်တယ်ဗျ။ နံမယ်လေးတွေကိုက မြောက်ပြင်လုံချည်တဲ့။ ထားဝယ်လုံချည်တဲ့။ ကျေးတစ်ရာတဲ့။ ယောလုံချည်တွေက နှစ်နံစပ်ဆိုတော့ အလယ်ကချုပ်ရိုးဖြုတ်လိုက်ရင် ကိုယ့်အရပ်ကလေးနဲ့အတော်ပဲ။
          အဖွားက သွားလေရာခေါ်သွားလို့ ခဏခဏ ရောက်ဖြစ်တာကတော့ ဘုန်းကြီးကျောင်းနဲ့ တရားပွဲတွေပါပဲ။ သိမ်ဖြူက မင်္ဂလာရာမကျောင်းကို နေ့တိုင်းဆွမ်းချိုင့်ပို့တယ်။ ကျောင်းသားတွေ လာမယူခိုင်းဘူး။ အိမ်ကမြေးတွေ အားတဲ့သူ ကိုယ်တိုင်ပို့ခိုင်းတယ်။ ဘုန်းကြီးရဟန်းနဲ့ အကျွမ်းတ၀င် တင်တတ်လျှောက်တတ်သွားတာပေါ့။ ညဘက်တွေမှာ ရွှေဘုန်းပွင့်ဘုရားထဲ တရားပွဲရှိတိုင်း သွားနာကြတယ်။ ကြီးလာမှ မိုက်ချင်သလောက်မိုက် ငယ်တုန်းမှာတော့ ဘာသာတရား အဆုံးအမလေးတွေ မျိုးစေ့ချပေးခဲ့တာ ထင်ပါရဲ့။ တခါတလေ စိတ်လိုလက်ရရှိရင် သိမ်ဖြူလမ်းထောင့် ကျန်းမာရေးရုံးကြီးနေရာက စတော့ဂိတ်ဆိုတဲ့ ညဈေးတန်းကလေးမှာ ဆီချက်ခေါက်ဆွဲ သွားစားကြတယ်။ အဲဒီတုန်းကတော့ အဲဒါ နတ်သုဒ္ဓာပဲ။ ရန်ကုန်ကလူတွေများ ရှာရှာဖွေဖွေ ရေခဲကိုတောင် လက်သုပ်လုပ်စားကြသကိုး လို့ ထင်တဲ့ ရေခဲသုပ်ကိုလည်း ကြိုက်တာပဲ။ ဖာလူဒါ နဲ့ ဒန်ပေါက်ဆိုတာ မင်းတုန်းမင်းကြီးတောင် စားဖူးရှာမှာ မဟုတ်ဘူး လို့ လှမ်းသနားလိုက်သေးတယ်။
          လည်တာပတ်တာကတော့ အိမ်ကလိုက်ပို့လေ့မရှိဘူး။ ဒါပေမယ့် အဖေ့ညီမ အဒေါ်မိသားစုက သူ့မွေးချင်း၊ ကိုယ့်မွေးချင်း အကုန်ခေါ်ပြီး တိရစ္ဆာန်ရုံ၊ ကန်တော်ကြီးတင့်ကားကုန်း၊ ဗိုလ်ချုပ်ပန်းခြံ ပျော်ပွဲစားထွက်လေ့ရှိတယ်။ လျှောစီးတာ၊ ဒန်းစီးတာ အခုမှသာ ဘာမှမဟုတ်တာ။ အဲ့တုန်းကတော့ လွှတ်ပျော်စရာကောင်းတယ်ဗျာ။ ကလေးဆိုတော့ တိရစ္ဆာန်ရုံကြီးဟာ အဆုံးမရှိတဲ့ ၀င်္ကပါကြီးလို မသွားတတ်၊ မလာတတ်။ ရေကျော်မှာ သီတင်းကျွတ်မီးထွန်းပွဲလုပ်တော့ ချားတွေ ရဟတ်တွေ စီးရတာလည်း ပိုက်ဆံကုန်သွားလို့သာ တော်လိုက်ရတယ်။ နည်းနည်းလေးမှ မတင်းတိမ်နိုင်ဘူး။ လမ်းဘေးမှာ ပိတ်ကားထောင်ပြီး ရုပ်ရှင်ပြရင်လည်း ရှေ့တိုးရင် မြင်ရနိုးနိုးထင်ပြီး ဟိုးပိတ်ကားရှေ့တည့်တည့်အောက်မှာ နေရာသွားဦးတာ။ ပြချင်တဲ့ကားပြ သုံးလေးရက်လောက် ပြောလို့မဆုံးဘူး။ ဘယ်လ်ဂျီယန်သံရုံးမှာလုပ်တဲ့ အဖေ့သူငယ်ချင်းအိမ်မှာ တယ်လီဗေးရှင်း ဆိုတဲ့ဟာကလေးကို ပထမဦးဆုံး မြင်ဖူးလိုက်တော့ “သြော်။ သူတို့တတွေ နေ့တိုင်း အိမ်မှာနေရင်း ရုပ်ရှင်ကြည့်လို့ ရနေပြီပေါ့။” လို့တွေးမိပြီး လူသာမန်တွေ မဟုတ်တော့ဘူးလို့ အားကျမိတယ်။ ကြည့်မိတဲ့ကားက ဂေါ်ဇီလာနဲ့ ကင်းကောင်။ ကိုယ်မြင်ဖူးထားတာ ဆင်က အကြီးဆုံး။ အံ့သြကုန်နိုင်ဖွယ်ဟဲ့။ ရုပ်ရှင်တွေကတော့ အမေနဲ့ အဖွားနဲ့ အဖေနဲ့ ကြုံသလို ကြည့်ဖူးပါတယ်။ သူတို့အကြိုက်ကို ကိုယ်ကလိုက်ကြည့်ရတာပေါ့။ ၀ါဝါ၀င်းရွှေ နဲ့ ဆွေဇင်ထိုက် အကယ်ဒမီရတဲ့ မိန်းကလေးရှင်ရဲ့ဆန္ဒ သွားကြည့်တော့ ရုံထဲကလူတွေ အကုန်ငိုကြတယ်။ ကိုယ်လည်းငိုတယ်။ အမေလည်းငိုတာပဲ။ ရုပ်ရှင်လည်းဆင်းရော လူတွေအကုန်လုံး မျက်လုံးကြီးတွေရဲ နှာခေါင်းကြီးတွေနီလို့။ ကမ္ဘာဦးလူသားတွေ ရသပထ၀ီမြေဆီအာဟာရကို မှီဝဲတယ်ဆိုတာ ဟုတ်လောက်တယ်။ အတိတ်ဆိုတဲ့အရပ်မှာ ဘယ်အရာမဆို အရသာပိုတတ်စမြဲပဲ။
          ခရီးထွက်တာကတော့ နွေကျောင်းပိတ်ရင် တစ်နှစ်တစ်ခါ အညာပြန်တာပါ။ အစတုန်းကတော့ ထွန်းပ၀င်းဆိုတဲ့ ဘတ်စကားအိုကြီးတွေ ရှိတယ်။ ကုန်ဈေးတန်းက စီးရတယ်။ ခြေထောက်ချထိုင်လို့မရဘူး။ ထိုင်ခုံအောက်မှာ ကုန်အိတ်တွေပါတယ်။ မလှုပ်သာမလှည့်သာ တစ်ယောက်တစ်ယောက်မှီပြီး စီးရတာ။ ရန်ကုန်က ဒီနေ့ညနေ ၃ နာရီလောက်ထွက်ရင် ရေနံချောင်းကို နောက်တနေ့ မွန်းတည့်ခါနီးမှ ရောက်တယ်။ လမ်းမှာ ရှေ့ကားဓါးပြတိုက်နေတယ်လို့ သတင်းကြားရင် ဆက်မမောင်းရဲဘူး။ ကိုယ့်ကားလည်း ဘယ်တော့ဓါးပြတိုက်ခံရမလဲလို့ ရင်တထိတ်ထိတ်နဲ့ စီးရတယ်။ နောက်တော့ ကပရ ကနေ ဧရာအရှေ့ဆိုပြီး ဟီးနိုးကားတွေထွက်တော့ အရမ်းအဆင်ပြေသွားတယ်။ သူတို့က ကုန်လည်းမတင်ဘူး။ အချိန်လည်း မြန်တယ်။ လက်မှတ်ဝယ်ရ နည်းနည်းခက်တယ်။ မဂိုလမ်းထိပ်က ထွက်ပြီး ပြန်ရင်လည်း မဂိုလမ်းထိပ်မှာ ဂိတ်ဆုံးတယ်။ ဒါပေမယ့် ခရီးသည်ကုန်ရင် လင်းစဒေါင်းမှာ ကားသိပ်မှာဆိုတော့ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းလာရင် ကိုယ့်အိမ်ရှေ့ရောက်မှ ရပ်ပေးပါပြောပြီး ဆင်းလို့ရတယ်။ ပိုက်ဆံအပို ပေးစရာ မလိုဘူး။ (ခုတော့ အောင်မင်္ဂလာရောက်တိုင်း အဲဒါတွေးမိရင် သေချင်စိတ်ပေါက်တယ်)။
          အဖေဆုံးတော့ အိမ်မှာမောင်းမယ့်သူမရှိလို့ ရောင်းပလိုက်ရတဲ့ အော်စတင်ကားကြီးဟာ
မြန်မာငွေနှစ်သောင်းလေးထောင်ရပါတယ်။ ကိုယ်ကတော့ အဲဒီကားကြီးကို ရှက်လို့မစီးပါဘူး။ ကျောင်းကလူတွေက ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ကားကြီး လို့ စကြတာကိုး။ မီးလုံးကြီးတစ်လုံးတစ်လုံး ထမင်းအုပ်လောက်ရှိတယ်။ ရှင်ပြုတဲ့အခါ အညာကပွင့်ဖြူထိအောင် အဲဒီကားကြီးနဲ့တက်ဖူးတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်လမ်းတွေပေါ်မှာ ကားတွေရှုတ်ရှက်ခတ်မနေပါဘူး။ အကောင်းဆုံးကားက ကော်ရိုလာ လို့ခေါ်တယ်။ မာဇဒါ ဘီ၆၀၀ လို့ခေါ်တဲ့ လေးဘီးကလေးတွေဟာ အခုခေတ် လူကြီးတွေကိုပေးထားတဲ့ ဖင်ကောက်ကားကလေးတွေနဲ့ တူတူပဲ။ မာဇဒါဂျစ်ဆိုတာ ဆိုက်ကနပ်လောက်တွက်ရမယ်။ လူကြီး အကြီးကြီးမှ စီးနိုင်တာ။ ကိုယ့်အဖို့တော့ ကားမှမလိုတာ။ လိုင်းကားတွေ ကျွမ်းကျွမ်းကျင်ကျင် စီးတတ်နေပြီ။ ကားပေါ်မတက်ခင် ကားပေါ်ကအဆင်း လည်ပင်းကလေးစမ်းစမ်းကြည့်တာ အကျင့်တောင်ပါနေတယ်။ အဲဒီတုန်းက အဖွားက ဆွဲကြိုးလေးတစ်ကုံး ဆင်ပေးထားတာကိုး။ ပြီးရင် လွယ်အိတ်ထဲက ခေါက်ထီးကလေး တချက်ပြန်စမ်းတယ်။ ဘာသုံးသုံး အိပ်ကပ်ထဲက ပိုက်ဆံကို အပြန်ကားခချန်သုံးတယ်။ လက်လွန်သွားတော့လည်း လမ်းလျှောက်ပြန်ပလိုက်တာပါပဲ။ ဘာခက်တာလိုက်လို့။
          ပွဲလမ်းသဘင် အထင်ကရကတော့ ရွှေတိဂုံဘုရားက တပေါင်းပွဲတော်ရှိတယ်။ ရေကျော်က သီတင်းကျွတ်မီးထွန်းပွဲ နဲ့ လမ်းမတော်က တန်ဆောင်တိုင်ပွဲတွေ ကြိတ်ကြိတ်တိုးစည်တယ်။ နိုင်ငံတော်က တခမ်းတနားလုပ်လေ့ရှိတာကတော့ ပြည်ထောင်စုပွဲပါ။ တိုင်းနဲ့ပြည်နယ်တွေအထိ အလံတော်လှည့်သယ်လာပြီး ရန်ကုန်ကျိုက္ကဆံကွင်းမှာ ပြခန်းပေါင်းများစွာနဲ့ ခြိမ့်ခြိမ့်သည်းသည်း ကျင်းပတယ်။ ၀န်ကြီးဌာနပေါင်းစုံက ကိုယ့်ဌာနလုပ်ငန်းစဉ်တွေ၊ စီမံကိန်းတွေကို စိတ်ဝင်စားစဖွယ် ခင်းကျင်းပြသရတယ်။ အကောင်းဆုံးပြခန်းကို ဆုပေးတယ်။ ပြည်နယ်နဲ့တိုင်းတွေကလည်း ပြခန်းတစ်ခုစီတင်မကဘူး အရောင်းဆိုင်ပါ တစ်ဆိုင်စီဖွင့်ရတယ်။ ပြည်သူ့ဆိုင်ကထုတ်ဈေးနဲ့ ဒေသထွက်ကုန်တွေကို ခင်းကျင်းရောင်းချရတဲ့အတွက် အင်မတန် စည်ကားတယ်။ အမှန်ကတော့ အခု ၀င်းသူဇာမှာ ၀ယ်လို့ရတဲ့ဟာမျိုးတွေချည့်ပါပဲ။ ဒါပေမယ်လို့ အဲဒီတုန်းက အဲဒါတွေထက်ကောင်းတာ ဘာမှမရှိဘူး။ တရုတ်ကလည်း မ၀င်ဘူး။ ယိုးဒယားက၀င်လာရင် အဲဒါမှောင်ခိုပစ္စည်းပဲ။ ဖမ်းဖို့ဆီးဖို့ ရှာဖွေရေးဆိုတဲ့ အလွန်မုန်းစရာကောင်းသော ၀န်ထမ်းတွေရှိတယ်။ လူတွေလက်ထဲမှာ ဒေါ်လာတစ်ရွက်တွေ့ရင် ဖမ်းပြီးထောင်ချလို့ရတယ်။ နိုင်ငံခြားက ပြန်လာတဲ့သူတိုင်းကို လေဆိပ်မှာ အကန့်အသတ်မရှိ စစ်ဆေးပြီး လိုချင်တာကို မထင်ရင်မထင်သလို သိမ်းခွင့်ပေးထားတယ်။ အဲဒါကြောင့် ကိုယ်ငယ်ငယ်တုန်းက ချောကလက်လည်း မစားဖူးဘူး။ ပန်းသီးလည်း မစားဖူးဘူး။ (အတော်ပါပဲ။ ဒီကအကောင်ကလည်း ယှဉ်ရွေးကြေးဆို မုန့်ပျားသလက်ပဲ အာသာရှိတာ)။
          ဟိုးရှေးရှေးက ရန်ကုန်မြို့ဟောင်းကြီးအကြောင်းကို ကြားရတာ နောက်လူတွေတော့ ပါးစပ်အဟောင်းသားနဲ့ တအံ့တသြတွေ ဖြစ်ကုန်မလား မသိပါဘူး။ ဒီကနေ့ခေတ် မြို့တော်ရန်ကုန်ကတော့ ကိုယ်တိုင် ပါဝင်ကျင်လည်နေကြရတာဆိုတော့ တစေ့တစောင်း အကဲခတ်ကြည့်လိုက်ပေါ့။ အဟောင်းကိုလည်း မတမ်းတပါဘူး။ အသစ်ကိုလည်း မတောင့်တပါဘူး။ မတူတော့ဘူး ပြောင်းသွားပြီ ဆိုတာကလေးပဲ မြင်ပေးစေချင်တာပါ။ ဘာဖြစ်လို့ဆိုတော့ မြို့တော်အခင်းအကျင်းသစ်ကြီးမှာ အစွဲအလန်းဟောင်းကြီးတွေကို လက်မလွှတ်နိုင်ရင် အံဝင်ခွင်ကျတဲ့ အတွေးအမြင် မရနိုင်ပါဘူး။ အထူးသဖြင့်တော့ ကိုယ်တို့ဆရာဝန်တွေနဲ့ ပတ်သက်လို့ပေါ့။ ဒီဆရာဝန်တွေကလည်း ပညာသာတတ်တာ။ လူပါးမ၀ကြဘူးထင်ပါရဲ့။ ခေတ်ရေစီးကြောင်းကို ဆရာတော်ဘုရားများလောက်မှ အပ်ချမတ်ချ အမှီမလိုက်နိုင်ကြဘူး။ စဉ်းစားကြည့်လေ။ အရင်တုန်းက သိမ်ဝင်ကံဆောင်ရုံနဲ့ ဘွဲ့မည်နာမတပ်လာတဲ့ ကိုယ်တော်တွေဟာ သည်ကနေ့တော့ ဆေးကျောင်းဆင်းဆရာဝန်တွေနဲ့ နင်လားငါလား ဒေါက်တာတပ်နိုင်တဲ့ သူတွေချည့်ပဲ။ အဖွားတို့ခေတ်တုန်းက ရွှေဘုန်းပွင့်တန်ဆောင်းမှာ တရားပွဲလုပ်ကြရာက သည်ကနေ့ဘုန်းဘုန်းတွေက မြို့ထဲလမ်းရှိသမျှ မုခ်ဦးမုခ်ဝကြီးစွာ၊ ရှေ့ရောနောက်ပါ ပရိုဂျက်တာ ဆလိုက်ရှိုးများနဲ့ “ရေစက်ချလို့ပြီးပါပြီ။ တရားနာလို့ ပြီးပါပြီ။” ဆို ဟိန်းနေအောင် ဓမ္မပူဇာသဘင် ဆင်ယင်နိုင်ကြတယ်။ ဘယ်ဆရာဝန်ပုံကိုမှ ဗီနိုင်းထွက်ပြီး ၀ယ်အချိတ်မခံရဘူး။ ဆရာတော်ဘုရားများ ပုံတော်ကတော့ ဟိန်းဝေယံ၊ နေတိုး၊ မိုးအောင်ရင်တို့ထက် အရောင်းသွက်သေးတယ်။ ဘုရားစူးရပါစေ့။ ကြည်ညိုလွန်းလို့ အတုယူဖွယ်ဖြစ်အောင် ပြောပြတာနော်။ မနာလိုစိတ်နဲ့ အပုပ်ချတယ် ထင်နေဦးမယ်။
          ဆရာဝန်တွေဟာ ပြောင်းလဲတိုးပွားလာတဲ့ မြို့ပြရဲ့လူဦးရေက တောင်းဆိုသလောက် ၀န်ဆောင်မှုကို အားရကျေနပ်ဖွယ်ဖြစ်အောင် မပေးနိုင်သေးဘူး လို့ ပြောရင် အခံရခက်ကောင်းခက်ပေမယ့် အဲဒါ အမှန်တရားပါပဲ။ သူတို့ မကြိုးစားဘူးလို့ မဆိုလိုပါဘူး။ အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ဒါပေမယ့် လိုက်မမီသေးဘူး။ လက်အကျိုးကြီးတန်းလန်းနဲ့ အလုပ်ခွင်မ၀င်ရသေးခင်မှာ လူနာရှင်အဖြစ်နဲ့ပဲ ရန်ကုန်ဆေးရုံကြီးကို တခေါက်ရောက်ရပြန်ပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်နှစ် ကိုယ်ထွက်မသွားခင်အခါကနဲ့တောင် မတူတော့ပါဘူး။ နေရာတိုင်းမှာ လူနာတွေ ပုံနေအောင်များလာတယ်။ ဆရာဝန်ကလေးတွေလည်း ပျားပန်းကိုခပ်လို့။ လပ်ကီးဆဲဗင်း လက်ဘက်ရည်ဆိုင်က စားပွဲထိုးကလေးတွေ ကျနေတာပဲ။ ပြေးကာလွှားကာ အလုပ်လုပ်နေကြရတယ်။ အမှားအယွင်းလည်း မရှိပါဘူး။ အငေါက်အငမ်းလည်း ကင်းပါတယ်။ လူနာပေါင်းများစွာကို စိန်ဗေဒါပတ်စမ်းသလို တရစပ်မွှေပြီး လုပ်ပေးနေကြတယ်။ လူနာစောင့်တွေကလည်း ပျားပန်းခပ်ရတာပါပဲ။ ဟောတစ်ရွက်၊ ဟောတစ်ရွက်ထွက်လာတဲ့ လိုအပ်သော ဆေးဝါးကိရိယာမှန်သမျှကို မိနစ်မဆိုင်း စိတ်တိုင်းကျရစေရမယ်။ နှစ်ဘက်စလုံးမှာ အသက်၀၀မရှူနိုင်အောင် ဇောကပ်နေကြရတဲ့အတွက် လူနာတွေဘက်က မျှော်လင့်ထားသလို “ထမင်းစားပြီးပလား။ နေကောင်းတယ်နော်။” တွေ ရှည်ရှည်ဝေးဝေး ဆွေးနွေးရှင်းပြနေဖို့ အချိန်မရကြတော့ပါဘူး။ အသက်ကိုအဓိကထားတဲ့အတွက်။ ဒီအသက်ပြီးရင် နောက်တစ်သက်ကို ကူးရပါတယ်။ (ဆေးရုံကြီး အရေးပေါ်ကို အအေးမိ နှာစေးတွေ မလာပါဘူး)။ တခါတခါကျတော့ လူနာရှင်ဘက်က ကျေနပ်မှုပါမလာတော့ဘူး။ သူတို့မှာ လူနာနဲ့ပတ်သက်လို့ အလုံးစုံကို သိခွင့်ရှိတယ်။ ဆရာဝန်ဘက်က ရှင်းပြဖို့တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အလုပ်ဝန်ထုပ်ဝန်ပိုးတွေက မနိုင်ရင်ကာပိနေတဲ့အတွက် အာလူးကိုတတ်နိုင်သလောက် လျှော့လိုက်ရတဲ့အခါ လိုရင်းကိုပဲ မနည်းအကျဉ်းရုန်းလိုက်ရပါတယ်။ ဒီအခါ လူနာဘက်က နားမလည်သော်ငြား ပြန်မမေးနိုင်ဖြစ်ရပြန်ရော။ အဓိကပြဿနာကတော့ ၀န်နဲ့အား မမျှတာ (Overload) လို့ပဲ မြင်ပါတယ်။ ဒီတော့မှ ကိုယ့်ဆရာကြီးတစ်ယောက် ဘာလို့များ သည်လောက်ဆရာဝန်တွေ ပုံနေအောင် ထုတ်သွားသလဲဆိုတာ သဘောပေါက်လာပါတယ်။ ခုဟာက ထုတ်တော့ထုတ်ထားပြီးပြီ။ ဘတ်ဂျက်မရှိလို့ အလုပ်မခန့်နိုင်သေးတဲ့ ကိစ္စကိုး။ ကလေးတွေကို အင်္ကျီင်္ီချုပ်ပေးသလိုပေါ့။ ချုပ်တုန်းကတော့ သေသေချာချာ တိုင်းချုပ်ပေးလိုက်တာပဲ။ ဘာမှမကြာဘူး။ ကလေးကထွားလာတော့ ကြပ်ကုန်ရော။ ရန်ကုန်မြို့ကြီးမှာ တိုးပွားလာတဲ့ လူဦးရေပမာဏဟာ ဘူတန်တစ်နိုင်ငံလုံးက လူဦးရေထက် ဆယ်ဆသာပါတယ်။ အဲဒီလူတွေအားလုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကြီး ဖြစ်လာဖို့ဆိုတာ ကျွန်တော်တို့ဘက်က အများကြီး ကြိုးစားရဦးမှာပါ။ စိတ်ရှည်စွာ နားလည်ပေးနိုင်ခဲ့ရင် အစစအရာရာ အဆင်ပြေလွယ်ကူ ချောမွေ့သွားပါလိမ့်မယ်။ များမကြာခင်တော့ ကိုယ်ကိုယ်တိုင် အဲဒီယန္တယားကြီးထဲ မီးကုန်ယမ်းကုန် ပါဝင်ဆင်နွှဲရတော့မှာဆိုတော့ လိုအပ်သော ကျန်းမာရေးအကူအညီများကို လူကိုယ်တိုင်သော်လည်းကောင်း၊ ဓါတ်ချောစာဖြင့်သော်လည်းကောင်း မကျေလည်သည်များ မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ တတ်စွမ်းသမျှ ကူညီရန် အသင့်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။ (ကြော်ငြာဝင်တာ ဟုတ်ဘူးနော်။ ဆေးခန်းထိုင်ဖို့တော့  စိတ်ကူးမရှိသေးဘူးဗျ။ ဒါပေသိ ပြောနိုင်တာမှတ်လို့။ တော်တော်ကြာ “မို့ ဗီဒီယိုမရိုက်ဘူး။ ဇီးယိုဇီးပေါင်း မရောင်းဘူး။” ဆိုတာမျိုး ဖြစ်နေမယ်။)

No comments: