Thursday, January 24, 2013

တပ်ရဲ့ လုံခြုံရေး ကွန်ယက် ဇကာပေါက်ကြီးကို တပ်ချုပ် ခေါင်းကိုက်နေခြင်း

ကချင် လွတ်မြောက်ရေး တပ်မတော်၏ အခြေစိုက် စခန်းတခုအတွင်းမှ ရဲဘော်စစ်သည်များ (ဓာတ်ပုံ - http://www.scmp.com)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျင်းပ ပြီးစီးသွားသည့် လေးလပတ် အစည်းအဝေးမှာ ချမှတ်ထားသော တပ်မများ လဲလှယ်ရန်နှင့် စီမံချက်၊ စစ်ဆင်ရေး ပြုလုပ်ရန် တပ်များ ဆွဲထုတ်နိုင်ရေး အခက်အခဲများ ကြုံတွေ့ နေရသည်ဟု စစ်ရုံးနဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်း ပေးပို့လာပါသည်။ မြန်မာနိုင်ငံရေး အခင်းအကျင်းအရ KIA စစ်မျက်နှာမှ လွဲ၍ ကျန်သည့် စစ်မျက်နှာများတွင် လက်နက်ကိုင် တိုင်းရင်းသား အများစုနှင့် အပစ်ရပ်ထားသဖြင့် တပ်မများ စစ်ကစား၍ ရနိုင်သည်ဟု ယေဘုယျ တွက်ကြည့်နိုင်ပါသည်။ သို့သော် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ရခိုင် အရေးအခင်းတွင် ရဲတပ်ဖွဲ့များနှင့် နယ်မြေ တည်ငြိမ်အေးချမ်း နိုင်ရန် မဖြစ်နိုင်သဖြင့် ပြည်နယ် အခြေစိုက် စကခ (၅/၉/၁၅) တို့ဖြင့် ထိန်းထားရပါသည်။ အဆိုပါ တပ်မများသည် အမှန်စင်စစ် ကက(ကြည်း)မှ စစ်ဆင်ရေးအရ အနားပေးလိုသော တပ်မများကို ဆွဲထုတ်လိုပါက သုံးစွဲသည့် တပ်မများ ဖြစ်ပါသည်။ တဖန် ရှမ်းပြည်နယ်တွင် ရှိသော တပ်မများ ဖြစ်သည့် စကခ (၁/၂/၁၆/၁၇/၁၈) တပ်မများသည် UWSA နှင့် SSA တို့အား KIA နှင့် မပူးပေါင်း မိနိုင်စေရေးအတွက် ကာထားတဲ့အပြင် နယ်မြေကြီးမား ကျယ်ပြန့်သောကြောင့် ကလေးတွင် အခြေစိုက်ထားသော စကခ (၁၀) ကိုပါ ရှမ်းပြည်နယ်အတွင်း သွတ်သွင်းထား၍ ဆွဲထုတ်ရန် အခက်အခဲ ရှိနေပါသည်။ ယခုတလော KNU နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အလားအလာ ပိုမိုရရှိလာသဖြင့် ကရင်ပြည်နယ်တွင် စစ်ဆင်ရေး ထိုးထားသည့် တပ်မများကို ဆွဲထုတ်လျှင် ရနိုင်သော်လည်း ယနေ့ အချိန်ထိ ဆွဲမထုတ်နိုင်ဘဲ ရှိနေသည်မှာ စစ်ဖက် လေ့လာသူများ အနေဖြင့် စဉ်းစားစရာ ဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် KIA ကို ထိုးစစ်ကြီး ဆင်နွှဲ နေသောကြောင့် စစ်ဆင်ရေး ၀င်နေသည့် တပ်မ (၃၃/၈၈/၉၉/၁၀၁) နှင့် စကခ (၃/၂၁) စုစုပေါင်း တပ်မ (၆) ခု အင်အားဖြင့် သုံးစွဲနေရာ တချို့ တပ်မများမှာ တစ်နှစ်ကျော်သွားပြီ ဖြစ်ရာ လဲလှယ်ရန်တွင် အချိန်စေ့နေသောကြောင့် ကက(ကြည်း) အရံ တပ်မများမှ စစ်ဆင်ရေး လဲလှယ်ရေး အစီအစဉ်အရ ညွှန်ကြားချက် ပေးရတော့မည် ဖြစ်ပါသည်။ သို့သော်လည်း အောက်ပါ အခြေအနေများကြောင့် တပ်ချုပ် အနေဖြင့် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရှိရပါသည် -
(၁) ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွာထောင် (စစ်ကိုင်း) အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ကွပ်ကဲမှုနည်းဗျူဟာများနှင့် တိုက်ခိုက်ရေး တပ်ရင်းများသည် ညအချိန် ရထားများဖြင့် ကချင်ပြည်နယ်သို့ စစ်ဆင်ရေး ပြုလုပ်ရန် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ ညအချိန်တွင် ကချင်ပြည်နယ်သို့ ချီတက်ခဲ့သည်။
(၂) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကျီးကုန်းအခြေစိုက် အမှတ် (၁ဝ) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်တလျှောက် တပ်ဖြန့်ခွဲထားပြီး အိန္ဒိယနိုင်ငံ၏ ရန်မှကာကွယ်ရန်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လက်နက်ကိုင်သူပုန်များကို နှိပ်ကွပ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော်လည်း စကခ (၁ဝ) သည် ကိုးကန့် လောက်ကိုင်ဒေသတွင် ကေအိုင်အေ (ကချင်) နှင့် ယူဒဘလျူ အက်စ်အေ (ဝ) တို့အား ဆက်သွယ်မှုလမ်းကြောင်းများ ဖြတ်တောက် ထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်ကို ပို့ပြီး နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေးများကို ဆောင်ရွက်ခိုင်းခြင်း ဖြစ်သည်။ လစ်လပ်နေသည့် စကခ (၁ဝ) နယ်မြေများ အစားထိုးနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ရွာထောင် အခြေစိုက် တမခ (၃၃) အား ကလေးမြို့ရှိ အမှတ် (၁ဝ) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက) တွင် မွမ်းမံသင်တန်းတက်စေခဲ့ပြီး ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စစ်ကူပို့ဆောင်ပါသည်။ ၄င်းအပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှု တပ်ရင်းများကို ကလေးမြို့ အမှတ် (၁ဝ) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် မွမ်းမံသင်တန်း တက်ရောက်စေပြီး ကချင်ပြည်နယ်ရှိ ကေအိုင်အေအား ထိုးစစ်ဆင်ရန် ကလေးမြို့မှ ကချင်ပြည်နယ် စစ်ဆင်ရေးနယ်မြေများသို့ ရောက်ရှိ နေပါသည်။
(၃) ထို့အပြင် အိန္ဒိယနယ်နိမိတ်နှင့် ထိစပ်နေသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှု ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ) ရင်းသည်လည်း ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အခြေပြု၍ ကေအိုင်အေအား ထိုးစစ်ဆင်ရေး ဆောင်ရွက်နေပါသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တော်သို့ ချီတက်လာသော မြန်မာ့ တပ်မတော်မှ စစ်ကြောင်း (ဓာတ်ပုံ - The Nation)
(၄) ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ယခင်က ကက(ကြည်း) အရန်တပ်မအဖြစ် စကခ တခု နောက်ချန်ထားပြီး စကခ နှစ်ခုကို ကရင်ပြည်နယ်သို့ နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ရန် အလှည့်ကျစေလွှတ်လျက် ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်းများကြောင့် စကခ သုံးခုစလုံးအား ရခိုင်ပြည်နယ်အတွင်း နယ်မြေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်စေခဲ့သည်။ ယခု လေးလပတ် အစည်းအဝေး ပြီးပါက ဘင်္ဂါလီအရေးအခင်းတွင် တာဝန်ယူနေသော စကခ (၉) သို့မဟုတ် စကခ (၁၅) အား ကချင်ပြည်နယ်သို့ စစ်ကူ စစ်ဆင်ရေးတာဝန် လဲလှယ်ထမ်းဆောင်ရန် ရည်ရွယ်ချက် ရှိသည်ဟု သိရသည်။
(၅) မြန်မာပြည်မထဲတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ အရန်အဖြစ်ထားရှိသော ပျဉ်းမနား အခြေစိုက် အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သာ ရှိနေသည်ကို တွေ့ရသည်။ ပဲခူးတိုင်းဒေသကြီး အင်းမအခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်၊ ပဲခူးအခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဖူးကြီးအခြေစိုက် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့သည် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက် ရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီး အင်းတိုင် - လှည်ကူးအခြေစိုက် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်သည် ကရင်ပြည်နယ် အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေသော အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်ကို လဲလှယ် တာဝန်ပေးနိုင်သည်ဟု ခန့်မှန်းရသည်။ ထိုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မပင် မရှိတော့သည်ကို တွေ့ရသည်။ ထို့အပြင် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၏ စစ်ဆင်ရေးတာဝန် တနှစ်ပြည့်သော်လည်း လဲလှယ် တာဝန် ထမ်းဆောင်မည့် အရန် တပ်မ လက်ကျန်မရှိ ဖြစ်နေသည်ကို တွေ့ရပါသည်။
(၆) ကရင်ပြည်နယ်အတွင်း တည်ငြိမ်မှုရှိပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ရယူနိုင်ခဲ့ပြီဟု ပြောကြားနေသော်လည်း ကရင်ပြည်နယ်အတွင်းရှိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန် စေလွှတ်ထားသော တပ်မများကို ရုတ်သိမ်းခြင်း မရှိသေးဘဲ ရှိမြဲ အတိုင်းသာ ရှိနေဆဲ ဖြစ်သည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အိမ်ရှင်တပ်မများ ဖြစ်ကြသော ကျိုက်ထိုအခြေစိုက် အမှတ် (၄၄) ခြေမြန် တပ်မဌာနချုပ်၊ ဘားအံအခြေစိုက် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်၊ ကော့ကရိတ်အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ရေးအခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့သည်လည်း သက်ဆိုင်ရာ တပ်မများ အခြေစိုက်သည့်နယ်မြေများ၌ လှုပ်ရှားနေ ကြရသည်။ တမခ (၇၇) သည် လှိုင်းဘွဲ့ဒေသ၊ တမခ (၆၆) သည် ရွှေကျင် - ကျောက်ကြီးဒေသ၊ စကခ (၄) သည် သံတောင်ကြီးဒေသတို့တွင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နေသည့်အပြင် ရိက္ခာဖြည့် အခိုင်အမာ တပ်စခန်းများ တည်ဆောက် နေဆဲ ဖြစ်သည်။ စစ်ဆင်ရေးကာလ တနှစ်ပြည့်နေပြီ ဖြစ်သော တမခ (၆၆) က တမခ (၁၁) ဖြင့် လဲလှယ်မည် ဆိုပါက တမခ (၇၇) ကို အစားထိုးလဲလှယ်မည့် အရန် တပ်မ မရှိဖြစ်နေကြောင်း တွေ့ရသည်။ ယခင် စစ်ဆင်ရေး အစီအစဉ်အရ တပ်မ (၁၁) နှင့် (၇၇) လဲလှယ်သည့် ထုံးစံတော့ ရှိခဲ့သည်။

(၇) တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကေအင်န်ယူ တပ်မဟာ (၄) အား ထိန်းချုပ် ထားနိုင်ရန်နှင့် နယ်စပ်စခန်း၊ ကျွန်းစခန်းများကို နယ်မြေစိုးမိုးထားနိုင်ရန် ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဘုတ်ပြင်းအခြေစိုက် အမှတ် (၁၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ ခမောက်ကြီးအခြေစိုက် အမှတ် (၂ဝ) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တို့အား တပ်မ ဌာနချုပ်များ အခြေစိုက် နယ်မြေမှ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်း ဖြစ်နေသည်။ ယခင် ရခိုင်ပြည်နယ်အတွင်းမှ စကခများမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဆင်ရေး တာဝန်များကို လာရောက်၍ စစ်ဆင်ရေး တာဝန် ထမ်းဆောင် ပေးနေခဲ့သော်လည်း ယခုအခါ မည်သည့် အရန် တပ်မမှ လာရောက်ခြင်းမရှိ၍ အရန်တပ်မ မရှိဖြစ်နေပေသည်။
(၈) ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်တွင်လှုပ်ရှားနေသော ဖယ်ခုံအခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် နေပြည်တော် အရှေ့ဖက်ခြမ်းတွင် အရန်အဖြစ် လှုပ်ရှားသည်က တွေ့ရသည်။ နောက်ဆုံး သတင်းအရ စကခ (၇) ကို ကချင်ပြည်နယ် ဖားကန့် နယ်မြေထံ စစ်ဆင်ရေးအဖြစ် စေလွှတ်လိုက်ကြောင်း သိရှိရသည်။ ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ကလော အခြေစိုက် အမှတ် (၅၅) ခြေမြန်တပ်မ ဌာနချုပ်အား ကယားပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နေသည်။ ၄င်း တမခ (၅၅) အား ကယားပြည်နယ်အတွင်းမှ ဆွဲထုတ်၍ ကချင်ပြည်နယ် စစ်ဆင်ရေးတွင် အသုံးပြုရန် စီစဉ်နိုင်သည်။ တမခ (၅၅) ထဲမှ တပ်ရင်း (၅) ရင်းဟာ ကယားပြည်နယ် စစ်ဆင်ရေး ထွက်နေရပြီး နောက် တပ်ရင်း (၅)ရင်း ကတော့ နောက်တန်း နားစနစ်ဖြင့် စစ်ဆင်ရေး လုပ်နေ ရပါသည်။
(၉) ရှမ်းပြည်နယ် (အရှေ့ပိုင်း) (အလယ်ပိုင်း) (တောင်ပိုင်း) တွင် အက်စ်အက်စ်အေ (အာစီအက်စ်အက်စ်)၊ ယူဒဘလျူအက်စ်အေ၊ အက်စ်အက်စ်အေ(အက်စ်အက်စ်ပီပီ) လက်နက်ကိုင် အဖွဲ့များကို ဝိုင်းပတ်ထိန်းချုပ်ထားရသော မိုင်းနောင်အခြေစိုက် အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ မိုင်းပန်အခြေစိုက် အမှတ် (၁၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ မိုင်းဖြတ်အခြေစိုက် အမှတ် (၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များသည်လည်း ထုတ်နှုတ်၍ လှုပ်ရှားမရ ဖြစ်နေသည်။
(၁ဝ) ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ သိန္နီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့သည့် ကေအိုင်အေ တပ်မဟာ (၄) နှင့် ပလောင် လက်နက်ကိုင် တပ်များကို ထိန်းချုပ် စစ်ဆင်လျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စကခ (၁ဝ) သည် ကိုးကန့် - လောက်ကိုင်ဒေသတွင် အခြေပြု၍ ကေအိုင်အေ၊ ယူဒဘလျူအက်စ်အေ၊ အက်စ်အက်စ်အေ (အက်စ်အက်စ်ပီပီ) အဖွဲ့များ ဆက်စပ်မှုမလုပ်နိုင်ရန် ပိတ်ဆို့ ကာရန်ထားခြင်းဖြစ်သည်။

No comments: