Friday, January 25, 2013

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ

  (သူရိယသာရ)



(၁)
ထိုအိမ်ခြံကို တောင်ပေါ်ကျ မယ်တုကွီစမ်းချောင်းလေးက ရစ်ဝိုက်ခွေနေ၏။ စမ်းရေညိုတို့စီးသံကို တရံမလပ် ကြားနေရသည်။ အတက်တောင်ကုန်းထက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ကျောင်းတော်မှ ဆွမ်းစားကြေးစည်သံ။ ခပ်လှမ်းလှမ်းမှ မီးစက်မောင်းသံ။ ကားများဖြတ်သွားသံများ မပြတ်မလပ် ကြားနေရတတ်သည်။
မယ်တုကွီချောင်း၏ အခြားတဖက်ကမ်း၌မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆောက်အဦများ။ မကြာမတင်ကမှ အမည်သစ်ပေးထားသည့် ဒေါ်အောင်ဆန်းစုကြည်လမ်း။ လမ်းအဝင်၌ ထူရာစိုး (မြန်မာပြန်လျှင် အဓိပတိ အာဇာနည်) ကော်ဖီဆိုင် ရှိသည်။ လမ်းအထက်၌ ဒီအေဘီ ကုန်းမြင့်ရှိသည်။ လမ်းအဆုံးပိုင်း၌ နိုဘယ်လ် ငြိမ်းချမ်းရေး လက်ဖက်ရည်ဆိုင် ရှိသည်။ မာနယ်ပလောကား မြို့ပြဆန်လာခဲ့လေပြီ။
မာနယ်ပလော တော်လှန်ရေးမြို့ကလေးမှ သတင်းများသည် မြန်မာပြည်ကို လှုပ်ကိုင်နေသည်။ ကမ္ဘာ့အသံများထံ ပေါက်ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုဂုဏ်ပြုပွဲအခမ်းအနား သတင်း။ ကျောင်းသားများ၏ တတိယ ညီလာခံ သတင်း။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အလံအား ရန်ကုန် ကျောက်ကုန်း ဗဟိုဌာနချုပ်မှဖြုတ်ယူ၍ မာနယ်ပလော တော်လှန်ရေးမြို့တော်၌ ပြောင်းရွှေ့စိုက်ထူလိုက်ခြင်း သတင်း။

“ဥပဒေဘောင်တွင်းတိုက်ပွဲမှ လက်နက်ကိုင်တော်လှန်ရေးသို့ …”

ဤသတင်းသည် မြန်မာပြည်တဝှမ်းလုံးအတွက် အရေးကြီးလှပေသည်။ မယ်တုကွီချောင်းက ကွေ့ဝိုက်ခွေထားသည့် ခြံကလေးထဲမှ အိမ်ပေါ်တွင် စာရေးသူက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်၊ အတွင်းရေးမှူး ရဲဘော်အောင်မိုးဇော်တို့နှင့်တွေ့ဆုံကာ လူ့ဘောင်သစ်ပါတီ၏သတင်းကို ယူနေသည်။ အခြား ဗဟိုကော်မတီဝင်များနှင့် တိုင်းကော်မတီများလည်း အိမ်ပေါ်ရောက်နေသည်။

သူတို့သည် အသက် ၃၀ ကျော်ဟန် မတူသေးသည့် လူငယ်များဖြစ်၏။ လူလတ်အရွယ်သို့နီးကပ်နေသူ တဦးတလေမျှ မပါ။
ဤလူငယ်များသည် မြန်မာပြည် လူ့ဘောင်ကြီးတရပ်လုံးကို အသစ်တည်ဆောက်မည်ဟူသော … အဓိပ္ပာယ်ရှိသော ပါတီအလံကို ကိုင်ထားကြ၏။

လူ့ဘောင်သစ်ပါတီဟာ ဥပဒေအတွင်းပါတီတွေထဲမှာ ဒုတိယအင်အားအကြီးဆုံးပါတီလို့ ကျနော်တို့ သိထားပါတယ်။ အန်အယ်လ်ဒီပြီးရင် ... လူ့ဘောင်သစ်ဟာ ဒုတိယပါတီကြီးပဲ။ ပါတီဝင် ၆ သိန်းကျော်တယ်။ ဘာကြောင့် လူ့ဘောင်သစ်ပါတီဟာ ဒုတိယ အင်အားအကြီးမားဆုံး ပါတီကြီးဖြစ်လာရပါသလဲ။

စာရေးသူ၏ မေးခွန်းမှာ ထိုမျှသာဖြစ်၏။ သူတို့ကမူ တရက်နီးပါးမျှ ဖြေနေရ၏။

ဤဖြေဆိုမှုများကို ပြန်၍အနှစ်ချုပ်လိုက်လျှင် ဖြေကြားမှုထဲတွင် အချက်ကြီး ၂ ရပ်ကို ပင်မအဖြစ် မြင်ရသည်။ ပထမအချက်၌ ၎င်းတို့သည် ကျောင်းသားထုကိုအခြေခံပြီး တပြည်လုံးရှိ လယ်သမား၊ အလုပ်သမားနှင့် ဆင်းရဲသားပြည်သူလူထုများထဲမှ လူငယ်ထုကြီးတရပ်လုံးကို စည်းရုံးမိခြင်းဖြစ်၏။

ဒုတိယအချက်၌ ၎င်းတို့သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဥပဒေအတွင်း၌ အပြတ်သားဆုံးတိုက်နေခြင်းနှင့် … ထိုကဲ့သို့ တိုက်နေချိန်၌ပင် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် အတွင်းပိုင်း၌ ဆုံးဖြတ်ချက်ချ အသင့်ပြင်မှုများ ရှိခဲ့ခြင်းဖြစ်၏။

ရှစ်လေးလုံး အရေးတော်ပုံကြီး၌ ဗကသကို ပြန်လည်ဖော်ထုတ်သောအခါ မင်းကိုနိုင်သည် ဥက္ကဋ္ဌဖြစ်လာခဲ့၏။ မိုးသီးဇွန်က အတွင်းရေးမှူးဖြစ်လာခဲ့သည်။

ဖက်ဆစ်များက အရေးတော်ပုံကြီးကို စစ်တပ်ဖြင့် ထပ်မံ ပစ်သတ် အာဏာသိမ်းသောအခါ ဗကသသည် စစ်ကြောင်းကြီး ၃ ကြောင်းကို ခွဲဖြန့်လိုက်လေသည်။

ပထမစစ်ကြောင်းမှာ ဥပဒေအတွင်း နေမရသူများဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲသို့ ကူးပြောင်းသွားရန် ဖြစ်၏။ ၎င်းစစ်ကြောင်း၏ တပ်မှူးကြီးများအဖြစ်ဖြင့် မောင်မောင်ကျော်၊ ဝင်းမိုး၊ အောင်နိုင် တို့က တာဝန်ယူခဲ့ရလေသည်။

ဒုတိယ စစ်ကြောင်းမှာ ဗကသ အဖြစ် ဆက်လုပ်ရေးဖြစ်၏။ ဥက္ကဋ္ဌ မင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ ကိုကိုကြီး၊ အောင်ဒင်၊ အထွေထွေအတွင်းရေးမှူး ကိုညိုထွန်းတို့ တာဝန်ယူခဲ့သည်။ ဒုတိယစစ်ကြောင်းသည် ရန်သူက အကြမ်းဖက်ဖမ်းဆီး အဖြိုခွဲခံခဲ့ရသည်။

တတိယစစ်ကြောင်းသည် ဥပဒေအတွင်း ပါတီတည်ထောင်ရေး ဖြစ်၏။ မိုးသီးဇွန် ခေါင်းဆောင်သည့် စစ်ကြောင်းဖြစ်၏။ ပါတီဖွဲ့သောအခါ ဥက္ကဋ္ဌ မိုးသီးဇွန်၊ ဒု ဥက္ကဋ္ဌ ကိုသက်ထွန်း၊ အထွေထွေအတွင်းရေးမှူး မိုးဟိန်းနှင့် တွဲဘက် ရဲနိုင်အောင် ဖြစ်လာလေသည်။

ဒါကြောင့် ဒေါ်ခင်ကြည် ဈာပနမှာတုန်းက
ကျနော်တို့ ကြွေးကြော်သံထုတ်ခဲ့ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တိုင်းသည် ဗကသ ဖြစ်ရမည်လို့ ကျနော်တို့ ကြွေးကြော်သံထုတ်ခဲ့ပါတယ် ဟူ၍ လက်ရှိဥက္ကဋ္ဌ ရဲဘော်မြင့်ဇော် က ပြောပြလေသည်။

ဒုတိယအချက်မှာ ဥပဒေတွင်းတိုက်ပွဲ၌ ထိပ်တိုက်ရင်ဆိုင်မှုများကို ပြတ်သားစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာအာဏာမသိမ်းမီအထိ ဥပဒေအတွင်းလှုပ်ရှားသော နိုင်ငံရေးခေါင်းဆောင်တိုင်း အဖွဲ့အစည်းတိုင်းသည် ကြားဖြတ်အစိုးရ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။

ဗကသသည်လည်း ထိုတောင်းဆိုချက်အတိုင်းလျှောက်ခဲ့သည်။ သို့ရာတွင် စက်တင်ဘာလုပ်ကြံမှုကြီးအပြီး ဖက်ဆစ် စစ်တပ်က တင်းကြပ်စွာချုပ်ကိုင်လိုက်သောအခါ ဖက်ဆစ်များချမှတ်ပေးသည့် ၎င်းတို့၏ မဲကော်မရှင်အောက်တွင် ရွေးကောက်ပွဲဝင်ရေးသို့ အရောင်ပြောင်းကုန်ကြသည်။ ဖက်ဆစ်များကလည်း အတင်းအကျပ် ဖိအားပေးသည်။

လူ့ဘောင်သစ်ကမူ ကြားဖြတ်အစိုးရဖော်ဆောင်ရေး တောင်းဆိုချက်များကို နောက်ဆုံး တပါတီတည်းကျန်ရစ်သည်အထိ ဖိအားအပြင်းအထန်ဆုံးအချိန်အထိ ရပ်တည်နေသည်။ ရန်သူ၏ ဖမ်းဆီးနှိပ်စက်မှုများအောက်တွင် ဒု ဥက္ကဋ္ဌ ကိုသက်ထွန်းသည် ရန်သူ့လမ်းကြောင်းအတိုင်းလိုက်ရေး ဝင်လာလေသည်။
ထို့ကြောင့် တပြည်လုံး၌ အရွေးမခံရေးဖြစ်သော်လည်း ကိုသက်ထွန်း ခေါင်းဆောင်မှုအောက်တွင် ၁၁ နေရာ ဝင်ရောက် အရွေးခံသွားကြသည်။ သို့ရာတွင် ပြည်သူလူထုကြီးနှင့် လူငယ်ထုကြီးကမူ လူ့ဘောင်သစ်သည် ကြားဖြတ်အစိုးရ ရပ်တည်ချက်၌ပင် ရပ်တည်နေသည်ကို သိလေသည်။

ကြားဖြတ်အစိုးရ တောင်းဆိုမှုသည် ဖက်ဆစ်အား ထိပ်တိုက်အန်တုခြင်းဖြစ်၏။ ထို့ကြောင့် တပြည်လုံး လူငယ်ထုကြီးသည် လူ့ဘောင်သစ်အပေါ်၌ ယုံကြည်ကိုးစားလာကြလေသည်။
ဒုတိယအချက်မှာ အန်အယ်လ်ဒီ၏ ဂန္ဓီကြေငြာချက်ကို လက်ခံအတည်ပြုပြီး … လွှတ်တော်ခေါ်ယူရေးအတွက် ဗကသ၊ ဗလသများနှင့် ပေါင်းစည်းကာ တိုက်ပွဲဝင်ခြင်းဖြစ်၏။ ဖက်ဆစ်များ၏ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပစ်ရေးနှင့် ဖက်ဆစ်ဖွဲ့စည်းပုံရေးဆွဲရေး လုပ်ဆောင်ချက်ဖြစ်သည့် ၁/၉ဝ ကို နောက်ဆုံး တပါတီတည်း ကျန်နေရစ်သည်အထိ လက်မှတ်မထိုးဘဲ ရပ်တည်နေခြင်းဖြစ်၏။

ထို့ကြောင့် ကမ္ဘာ့သတင်းများ၌ပင် ၁/၉ဝ ကို ငြင်းဆန်အန်တုနေသည့် တခုတည်းသောပါတီအဖြစ် ဖော်ပြခဲ့ကြရသည်။ နောက်ဆုံး၌ ရန်သူက ၁/၉ဝ လက်မှတ်မထိုးသဖြင့် အမှုဆောင်တဖွဲ့လုံး ဖမ်းသည်။ ဖက်ဆစ်များက လက်မှတ်မထိုးလျှင် ပါတီဖျက်သိမ်းမည်။ ဖမ်းဆီးထောင်ချမည်ဟု ဗြောင်အတိအလင်း ထုတ်ပြန်ချက်လုပ်လာသည့်အခါ၌ လက်မှတ်ထိုးခဲ့သည်။ သို့ရာတွင် ဖက်ဆစ်များကို အန်အတုဆုံးပါတီအဖြစ်ဖြင့် ပိုမိုပေါ်လွင် ထင်ရှားလာလေသည်။

နောက်တချက်မှာ ပါတီသည် ထုတ်ပြန်ချက်များ ကြေငြာချက်များ ဗဟိုမှ၎င်း၊ တိုင်းအသီးသီးမှ၎င်း၊ မြို့နယ်အဆင့်ထိမှ၎င်း ထုတ်ပြန်ကြေငြာကာ ပြည်သူအပေါ် ဖိနှိပ်မှု၊ လယ်သမားအပေါ် လုယက် သွေးစုတ်မှုများကို အဆက်မပြတ် လှုပ်ရှားတိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်၏။

ဖက်ဆစ်များကို ဖွင့်ချတိုက်ပွဲဝင်နေသဖြင့် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူများ၏ တိုင်တန်းရာကြီးတခုအဖြစ် ဖြစ်တည်လာခဲ့လေသည်။ ဤသည်မှာ ပါတီသည် ဒုတိယ အင်အားအကြီးမားဆုံးဖြစ်လာခြင်း၌ အလွန်အရေးကြီးသည့် အချက်ကြီးတခု ဖြစ်သည်။

နောက်တချက်မှာ ပါတီတည်ထောင်တာဟာ နည်းပရိယာယ်အရသာ ဖြစ်တယ်။ နောက်ဆုံးတိုက်ပွဲကြီးအတွက် ပြင်ဆင်ချက်သာဖြစ်တယ်ဆိုသည်ကို ပါတီတရပ်လုံးသိနေရန် အနည်းနည်းအဖုံဖုံဖြင့် ထုတ်ပြန်ချက်များဖြင့် ရိပ်မိနေစေခဲ့ခြင်း ဖြစ်၏။
၎င်းမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းအတိုင်း လိုက်ရေးဖြစ်၏။ ထို့ကြောင့် လူ့ဘောင်သစ်သည် ရန်သူ ဖြိုဖျက်မရအောင် ကြီးထွားနေရခြင်းဖြစ်၏။

ထို့ကြောင့် လူ့ဘောင်သစ်ပါတီသို့ လယ်သမားလူငယ်၊ အလုပ်သမားလူငယ်များ ဝင်လာနေကြသည်။ လက်နက်ကိုင်ဖို့ ပြင်ဆင်ခြင်းသည် လူ့ဘောင်သစ်အင်အားကြီးမားရခြင်း အကြောင်းပေါင်းများစွာအနက် အဓိကအကျဆုံးဖြစ်၏။
မြန်မာပြည်တော်လှန်ရေးအား အဆုံးအဖြတ်ပေးသည့်လမ်းသည် လက်နက်ကိုင်လမ်းသာလျှင်ဖြစ်၏။ ဤသည်ကို လူထုကြီးက သိ၏။
သိသောကြောင့် လူ့ဘောင်သစ်သည် တဟုန်ထိုးကြီးထွားလာနေခဲ့လေသည်။ စသည်ဖြင့် လက်ရှိ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးက ရှင်းပြလေသည်။
လူ့ဘောင်သစ်ဟူသည့် အမည်နာမ၏ ခန်းနားကြီးမားမှုကလည်း သူတို့ကို မေးခွန်းများစွာ မေးလာပေလိမ့်ဦးမည်။

(၂)

လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ယတိပြတ်တက်လှမ်းလိုက်သည့် အထူးအစည်းအဝေး
စာရေးသူက ၉ဝ/ဇူလိုင် ၁၇/၁၈ အထူးအစည်းအဝေးကို ထိုသို့ အမည်ပေးလိုက်ပါသည်။ ၎င်းကို ကွန်ဂရက်ဟု မှတ်တမ်း မတင်ခဲ့ကြဘဲ (လူ့ဘောင်သစ်နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေး)ဟု ၎င်းတို့ ပါတီသမိုင်း၌ မှတ်တမ်း တင်ထားခဲ့လေသည်။

သို့ရာတွင် ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ယာယီဥက္ကဋ္ဌသဖွယ်ဖြစ်နေသည့် ရန်သူခင်းပေးသည့် လမ်းကြောင်းအတိုင်း နာခံရေးသမားဖြစ်သွားသူ ကိုသက်ထွန်းနှင့် အပေါင်းအပါ ၂ ဦးကို နှုတ်ထွက်ခွင့်ပေးကာ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်လေသည်။

ထိုအစည်းအဝေး၌ ရန်ကုန်တိုင်းမှ ကိုမြင့်ဇော်သည် ဥက္ကဋ္ဌတာဝန်ယူလာခဲ့၏။ ပဲခူးတိုင်းအနောက်ခြမ်းမှ ကိုအောင်မိုးဇော်သည် အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့၏။ ဒု ဥက္ကဋ္ဌ ကျော်ဝင်းသိန်း (ယခုထောင်ထဲ) နှင့် ကိုဇေယျသည် တွဲဘက်အတွင်းရေးမှူး ဖြစ်လာခဲ့၏။

ဗဟိုကော်မတီသစ်ကို ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့လေသည်။
ထိုအစည်းအဝေး၏ ထူးခြားချက်မှာ ဗဟိုကော်မတီအတွင်း၌ ဗဟိုကော်မတီ ၃ ဦးကိုသာ အသိမပေးဘဲ ကျန်ဗဟိုကော်မတီများဖြင့် အလံရွှေ့ပြောင်းရေးကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

ထို့နောက် ပါတီသည် တဖက်မှလည်း ဂန္ဓီကြေငြာစာတမ်းထောက်ခံရေးနှင့် လွှတ်တော်အမြန်ခေါ်ယူရေး တိုက်ပွဲများကို အခြားပါတီ အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ သံဃာတော်များဖြင့် တိုက်ပွဲဖော်ထုတ်သည်။ တဖက်မှလည်း တာဝန်ပေးကာ တောတွင်းနှင့်ဆက်သွယ်ရေးလုပ်ကာ အလံပြောင်းရွှေ့ရေး ကြိုးပမ်းသည်။

အလံပြောင်းရွှေ့ရေး ဆက်သွယ်တာဝန်ပေးအပ်လိုက်သည့် တသုတ်သည် မာနယ်ပလောသို့ရောက်ရှိလေသည်

ထို့နောက် အထွေထွေအတွင်းရေးမှူးကိုလွှတ်ကာ အလံပြောင်းရွှေ့စိုက်ထူရေးကို ပြင်ဆင်လေသည်။ ယခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့၌ ဥက္ကဋ္ဌ ကိုမြင့်ဇော် ရှောင်တိမ်းလာနိုင်ခဲ့သည်။
အောက်တိုဘာ ၂၅ ရက်နေ့၌ သူတို့ မာနယ်ပလောသို့ ရောက်လာကြလေသည်။ ယခုရောက်ရှိလာသူများမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင် ၄ ဦးဖြစ်သည်။

တိုင်းခေါင်းဆောင်များမှာ ရန်ကုန်တိုင်းမှ ၁ ဦး၊ ပဲခူးတိုင်းမှ ၁ ဦး၊ စစ်ကိုင်းတိုင်းမှ ၂ ဦး နှင့် မန္တလေးတိုင်းမှ ၂ ဦးဖြစ်၏။
မန္တလေးတိုင်းမှ တဦးသည် လူ့ဘောင်သစ်ခေါင်းဆောင်လည်းဖြစ်လျှက်(ဗလသ) ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဋ္ဌလည်းဖြစ်သူ ကိုမင်းမင်းဦး ဖြစ်သည်။

ဥက္ကဋ္ဌတို့ အလံပြောင်းရွှေ့မှုဟာ ပါတီတရပ်လုံး လက္ခဏာဆောင်ပါသလား။ ဆိုလိုတာက အောက်ခြေထုတခုလုံး သိပါသလားဟု စာရေးသူက မေးသည်။
ဤမေးခွန်းကို စာရေးသူက အရေးကြီးသည်ဟုမြင်သည်။ လူ့ဘောင်သစ် အနာဂတ်ကို မှန်းဆကြည့်နိုင်ရန် အခြေခံကျပါသည်။ ဥက္ကဋ္ဌက ဖြေသည်။ ‘သိတယ်’ ။

ဘာကြောင့်လဲဆိုတော့ လူ့ဘောင်သစ်ဟာ ပါတီ။ ပါတီဖွဲ့တာဟာ နည်းပရိယာယ်အရသာဖြစ်တယ်ဆိုတာ ပါတီဝင်ထုတရပ်လုံး အမြဲတမ်း သဘောပေါက်နေအောင် အဲဒီသဘောဆောင်တဲ့ ထုတ်ပြန်ကြေငြာချက်တွေ ပါတီက လုပ်နေခဲ့လို့ပဲ။

ဒုတိယအချက်ကတော့ ၂၁ ထဲမှာ ၆ ဦးနှုတ်ထွက်၊ ဒု ဥက္ကဋ္ဌ ပါတဲ့ ၃ ဦး အဖမ်းခံနေရတယ်။ ၂ ဦးက ပျောက်ဆုံးနေတယ်။ ရန်သူဖမ်းထားတယ်ဆိုတဲ့သတင်း ရထားတယ်။ ထောင်ထဲမှာလည်း မရှိဘူး။ ရန်သူ သတ်ပစ်တာဖြစ်နိုင်တယ်လို့ ထင်တယ်။

၂ ယောက်ကတော့ တိမ်းရှောင်နေတယ်၊ သူတို့နဲ့ ကျနော်တို့ ခုရက်ပိုင်းမှာပဲ ပြန်ဆုံမိတော့မယ်။ ၂ ယောက်ကတော့ မန္တလေးမှာ အကျယ်ချုပ်ကျနေတယ်။ ရန်ကုန် ဗဟိုမှာ မရှိဘူး။ ဒါကြောင့် ဗဟိုခေါင်းဆောင်ဆိုလို့ ဗဟိုမှာတယောက်မှ မရှိတော့ဘူး။ ခု ကျနော်တို့ ဒီကိုရွှေ့လာတာ ပါတီဗဟိုတခုလုံးပဲ။

နောက်တခုက လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မြို့နယ်အဆင့်ထိ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်ချချင်ရင် ချခွင့်ပြုထားခဲ့တယ်။ ပါတီထုတရပ်လုံးဟာ ပါတီစပြီး တည်ထောင်ကတည်းက နည်းပရိယာယ်အရ ပါတီ တည်ထောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနေကြပါတယ် ဟု ဥက္ကဋ္ဌက ရှင်းပြလေသည်။

(၃)

ပုံဖော်ကောက်ကြောင်း မေးခွန်းလေးရပ်
လူ့ဘောင်သစ်နှင့်တွေ့ဆုံသည့် နှစ်ရက်မှာ … ဆက်ရက် မဟုတ်ပေ။ စာရေးသူက မေးမည့်မေးခွန်းလေးရပ်ကို ကြိုတင်၍ တင်ပြထားနှင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းလေးရပ်သည် လူ့ဘောင်သစ်ပါတီ၏ အနာဂတ်လမ်းကြောင်းအား ပုံကြမ်းခြစ်ခြင်းလည်း ဖြစ်နေ၍ဖြစ်ပါသည်။

ကြားထဲ လေးရက်ခြားပြီး ပြန်တွေ့ဆုံဖြစ်သည်။
ပထမ ဤမေးခွန်းဖြင့် လူ့ဘောင်သစ်ပါတီ၏ ဥပဒေတွင်းမှ ပုံရိပ်ကို ဖော်ကြည့်လေသည်။ လူ့ဘောင်သစ်ပါတီ တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာဘာလဲ။
ကျနော်တို့ ရည်ရွယ်ချက်သုံးရပ် ဖော်ထုတ်တင်ပြခဲ့ပါတယ်။

၁။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားရေး

၂။ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး

၃။ တပ်ပေါင်းစုကြီးတရပ်ပေါ်ထွန်းရေး

အဲဒီသုံးရပ်ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။

ဒုတိယမေးခွန်းဖြင့် ပုံကြမ်းဖော်ယူကြည့်ပါသည်။

ဒီဘက်မှာ လွတ်မြောက်ဒေသမှာ စိုက်ထူထားသော ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လူ့ဘောင်သစ်အနေနဲ့ ဘယ်လိုခံယူပါသလဲ။

အတွင်းရေးမှူးက ဖြေသည်။

အမျိုးသားတိုင်းရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အမျိုးသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ အတိအကျ ဖြေရရင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်မှုအာဏာ … ဒီ အာဏာ ၃ ရပ် ပါဝင်ပါတယ်။
ဒီအာဏာ ၃ ရပ်ဟာ ဘယ်သူက အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ဘူး။ အမျိုးသားအခွင့်အရေးအဖြစ် တည်ရှိပြီးသား ဖြစ်နေပါတယ်။ ဒါကို ဖြေဆိုနေရတယ်ဆိုတာ ကိုယ်၌က အားနာစရာဖြစ်နေပြီတောင် ခံစားမိပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ပတ်သက်၍တော့ အဲ့ဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပေါ် အခြေခံတဲ့ ပြည်နယ်တွေ ဘယ်လိုပေါင်းစုမလဲဆိုတဲ့ပြဿနာလို့ ကျနော်တို့ နားလည်ပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရကြား အာဏာ ဘယ်လိုခွဲဝေမလဲ၊ ဘယ်လိုပြန်လည်စည်းရုံးဖွဲ့စည်းမလဲဆိုတဲ့ ပြဿနာပါ။

ဒါနဲ့ပတ်သက်၍ အခု ဒီအေဘီရဲ့ဖက်ဒရယ်ပြည်ထောင်စုမူကို အခြေခံအားဖြင့် ကျနော်တို့ သဘောတူပါတယ်။
တတိယ မေးခွန်းမှာမူ လူ့ဘောင်သစ်ပါတီတရပ်တည်းအတွက်သာ ဦးတည်ချက်မဟုတ်တော့။ မြန်မာပြည် တပြည်လုံးရှိ ဥပဒေတွင်းပါတီများ၏ ဘဝနှင့်အတွေးအခေါ်များ အခြေအနေကိုပါ စမ်းသပ်ကြည့်ရှုခြင်းလည်း ဖြစ်ပါသည်။
လူ့ဘောင်သစ်ပါတီဟာ ဒီကိုရွှေ့မလာဘဲ ဥပဒေအတွင်းမှာ နေလို့မရဘူးလား။

မရပါဘူး။

ဘာကြောင့်မရတာလဲ။

အကျဉ်းချုပ်ပြောရရင် ဟိုမှာနေရင် ၁/၉ဝ ကို ထောက်ခံ၊ သူတို့လုပ်တဲ့ အမျိုးသားညီလာခံ နေရှင်နယ် ကွန်ဗင်းရှင်းကို တက်။ အဲဒီမှာ သူတို့ရေးဆွဲမယ့် အခြေခံဥပဒေကို ခေါင်းညိတ်ရမှာပဲ။ ဒါ မလုပ်လို့မရဘူး။ ဒါလုပ်တာဟာ ပြည်သူတွေအပေါ် သစ္စာစောင့်သိရာကျမတဲ့လား။

တခြားအကြောင်းတွေအများကြီးထဲမှာ … ဥပမာဆို ပါတီရဲ့ စာပေထုတ်ဝေခွင့် န/သ ကို ပိတ်ထားတယ်။ ဘာမှ ဝါဒဖြန့်ချိခွင့် မရှိတော့ဘူး။ ပါတီရဲ့ရံပုံငွေ ရောင်းချပွဲတွေ ပိတ်တယ်၊ ဖက်ဆစ်တွေ အတင်းအကြပ်မေးနေတဲ့ မေးခွန်းတွေကို မဖြေမနေရ ဖြေနေရတယ်။ လှုပ်ခနဲ သန့်ခနဲဆိုရင် ဖမ်းတာပဲ။ အခုအထိ အဖမ်းခံနေရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ပြီ။

ကျနော်တို့ဟာ ဟိုမှာ နေနေတာကိုက ပြည်သူတွေအပေါ် သစ္စာစောင့်သိရာ မရောက်တော့ဘူးလို့ ခံစားလာရတယ်။ မြန်မာပြည်တော်လှန်ရေးဟာ ဥပဒေအတွင်းမှာ လုံးဝ လုပ်မရတော့ဘူး။ လက်နက်ကိုင်နည်း တခုပဲရှိတော့တယ်။ ဒါကို မသိလို့ မရဘူး။

ဤ စတုတ္ထမေးခွန်းသည် ပါတီလမ်းကြောင်းကြီးတခုလုံးအား ချမှတ်ရာ၌ သေနင်္ဂဗျူဟာကျသော အချက်အချာကျသော မေးခွန်းကြီးဖြစ်နေပါသည်။

ရန်သူရဲ့လက္ခဏာသတ်မှတ်တာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။
ရန်သူကို ဘယ်လိုမြင်ပါသလဲ။

ဖက်ဆစ်လို့ မြင်ပါတယ်။

ဥက္ကဋ္ဌ ခင်ဗျား … ရန်သူကို ဖက်ဆစ်လို့ လက္ခဏာသဘောအရ သတ်မှတ်လိုက်ရင် … ချေမှုန်းပစ်ရေး တခုတည်းပဲရှိတယ်လို့ နိုင်ငံရေးပညာရှင်ကြီးတွေက ကောက်ချက်ချကြပါတယ်။

ဥပမာ ဒုတိယကမ္ဘာစစ်မှာဆိုရင် ရန်သူကြီးတွေဖြစ်နေကြတဲ့ နယ်ချဲ့စနစ်နဲ့ ကွန်မြူနစ်စနစ်ဟာ … ရန်ဖြစ်နေတာ ခဏရပ်ထားပြီး မဟာမိတ်ဖွဲ့ပြီး ဖက်ဆစ်ကို ချေမှုန်းပစ်ကြပါတယ်။ ဒါ သမိုင်းပါပဲ။

ဖက်ဆစ်လို့ပြောရာမှာ ဟိုတကွက် သည်တကွက် ကြည့်ပြီး ပြောတာမဟုတ်ဘဲ တခုလုံးခံပြီး စနစ်အရသုံးသပ်ပြီး ဖက်ဆစ်လို့ ပြောလိုက်ပြီဆိုလျှင် ချေမှုန်းပစ်ရေး သေနင်္ဂဗျူဟာကလွဲပြီး ဘာမျှ ချလို့မရတော့ပါဘူး။ ဒါကြောင့် ရှင်းအောင် ထပ်ပြောစေချင်ပါတယ်။
ဖက်ဆစ်လို့ မြင်ပါတယ်လို့ ကျနော် ထပ်ပြီး အတည်ပြုပြောပါမယ်။ ရန်သူဖက်ဆစ်တွေ ကျင့်သုံးနေတာ စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။

ဖက်ဆစ်အာဏာရှင်စနစ်ကို မချေမှုန်းပစ်သမျှ ပြည်သူတွေ မလွတ်မြောက်ပါဘူး။ ဖက်ဆစ်တွေရဲ့ စစ်တပ်ဗျူရိုကရက် အုပ်ချုပ်ရေးယန္တယားကိုပါ ချေမှုန်းဖျက်ဆီး သုတ်သင်ဖယ်ရှင်းပစ်ပြီးမှသာ ပြည်သူတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ထုတ်နိုင်မယ်။

ဆက်ပြောရရင် စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်လို့ ရပါမယ်။

ဆက်ပြောရရင် ပြည်သူတွေအချင်းချင်းအတွင်းမှာရှိနေတဲ့ ပဋိပက္ခတွေကို လက်နက်မကိုင်တဲ့နည်း၊ ညှိနှိုင်းဆွေးနွေးနည်းတွေနဲ့ ဖြေရှင်းပြီး … ပြည်တွင်းငြိမ်းချမ်းရေးရမှာပဲ။

ရန်သူဟာ ဖက်ဆစ်ဖြစ်တဲ့အတွက် ဖက်ဆစ်နဲ့စေ့စပ်သူတွေဟာ ပြည်သူရဲ့ စိတ်ဆန္ဒတွေကို မျက်ကွယ်ပြုသွားသူတွေချည်းပါပဲ။
ဒုတိယတခေါက် တွေ့ဆုံခြင်းမှာ အထက်ပါမေးခွန်းလေးရပ်ဖြင့် အဆုံးသတ်သွားလေသည်။ သူတို့သည် စာပေကလပ် ဟု အသိအမှတ်ပြုထားရာ မယ်တုကွီချောင်းကွေ့ချိုးထဲရှိ အိမ်ပေါ်မှ နှုတ်ခွန်းဆက်ကာ ဆင်းသက်သွားလေသည်။

မယ်တုကွီစမ်းချောင်းရေကို ဖြတ်လျှက်တဖက်ရှိ ကမ်းသို့တက်သွားနေသည်။ အနာဂတ်ကို မျှော်လင့်ချက် ကြီးမားလှသည့် အသက် ၃၀ မပြည့်တတ်သေးသည့် ထိုလူငယ် ၂ ယောက်၏ ကျောပြင်သည် ပျောက်ကွယ်သွားလေပြီ။

စာရေးသူစိတ်ထဲ၌မူ သူတို့အားရတက်ကြွစွာ ပြောသွားသည့်စကားများလည်း ရိုက်ခတ်ကျန်နေခဲ့၏။ မေးချိန်မတိုင်သေးသော မေးခွန်းတခုလည်း စိတ်ထဲ၌ ကြွင်းကျန်နေရစ်ခဲ့သေးသည်။

ဤမေးခွန်းကား နှင်းကြွင်းကျန်များပမာနှယ် စာရေးသူစိတ်၌ အုံ့ပျံနေသည်။ သူတို့၏ ပြောကြားချက်များထဲ၌ အဖန်တလဲလဲ ကြားနေရသည့်စကားမှာ စစ်မှန်သော ဒီမိုကရေစီဟူ၍ ဖြစ်၏။

ဤအသုံးအနှုန်းမှာ ၁၉၈၈ နောက်ပိုင်း၌ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူတိုင်းပြောနေသည့် စကားဖြစ်သဖြင့် ယေဘူယျစကား ဖြစ်၏။
သူတို့ပါတီ၏အမည်ကား လူ့ဘောင်သစ် ဟု ထူးခြားချက်ပါရှိနေသည်။ ထို့ကြောင့် ကျနော့်အတွက်ကား မေးခွန်းတခုသည် ကြွင်းကျန်ရစ်နေခဲ့၍ သူတို့အဖြေများကမူ ပြည့်စုံသွားကြပြီလား မဆိုနိုင်။

သမိုင်းကလည်း လက်တွေ့ထဲ၌မေးရန် မေးခွန်းများစွာဖြင့် သူတို့ကို စောင့်ကြိုနေသည်။ သူတို့ဖြေကြားရတော့မည်။
ပါတီကို လက်နက်ကိုင်တော်လှန်ရေးနှင့် အံဝင်ခွင်ကျအောင် မည်သို့ပြန်လည်တည်ဆောက်မည်နည်း။

မည့်သည့် လမ်းညွှန်အတွေးအခေါ်နှင့် မည်သည့် သေနင်္ဂဗျူဟာလမ်းစဉ် ချမှတ်မည်နည်း။ မည်သည့်ပုံစံဖြင့် တော်လှန်ရေးတပ်မတော် တည်ဆောက်မည်နည်း။

လူ့ဘောင်သစ်ဟူသည့် အမည်နာမ၏ ခမ်းနားကြီးမားမှုကလည်း သူတို့ကို မေးခွန်းများစွာ မေးလာပေလိမ့်ဦးမည်။
ရန်ကုန် ဖက်ဆစ်နေပြည်တော်မှ သူတို့အလံကိုကား မာနယ်ပလောတော်လှန်ရေးမြို့တော်သို့ သယ်ယူ ရွှေ့ပြောင်းလာခဲ့ပြီးလေပြီ။

သရုပ်ဖော်ပုံကတော့ ‘လူ့ဘောင်သစ် ဂျာနယ်’ ခေါင်းစီးအတွက် ကိုဒေါင်းနီ (ခ) တင်ဦးလွင် ရေးဆွဲပေးခဲ့တဲ့ပုံပါ။
Ko Pouk shared Ko Oo's photo.
သူရိယသာရဟာ ... ဆရာနိုင်ဝင်းဆွေဖြစ်တယ် ...
 

No comments: