Thursday, January 17, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၇)

“ကြိတ်ထားဟ..ကြိတ်လိုက်စမ်း“.
“ဝက်ကြီးကွ”…. “ညိုကြီးကွ…”
“ဝါးမနေနဲ့ မျိုချလိုက် မျိုချလိုက်”
“ရော့.. နောက်တတုံး”
“မောင်ညိုအရှုံးမပေးနဲ့.. ကြိတ်ထား.. ဘိုက်ကလေးလှုပ်ပြီးဝါး”
“ဝေး၊ ဝေး၊ ဝေး၊ ဝေး…”

ABSDF 102 ဟွေးကော့စခန်း ဘုရားသုံးဆူ
ABSDF 102 ဟွေးကော့စခန်း ဘုရားသုံးဆူ
ကျနော့ စားပွဲခုန်ရှည်ကြီးမှာ မျက်နှာချင်းဆိုင်မတ်တပ်ရပ်ပြီး ဝက်ဆီတုံးကြီးတွေ ပလုတ်ပလောင်းမျိုနေတဲ့ ဝက်ကြီး (ဇော်နိုင် မန်းဆေးတက္ကသိုလ်) ရဲ့ အခြေအနေဘယ်လိုနေမယ်မသိ၊ ကျနော်ကတော့ ခေါင်းတွေမူးပြီး မျက်လုံးတွေဝါး နေပြီ၊ ဘိုက်လည်းပြည့်လျှံပြီး အီလည်လည်ဖြစ်နေပြီ။ ဒါပေမဲ့ ဝက်ကြီးကိုတော့ အရှုံးပေးလို့မဖြစ်၊ သူက ဝက်သားကို ဘယ်နှစ်ပိဿာကုန်အောင် တထိုင်ထဲအပြတ်စားနိုင်တယ် ဘာညာနဲ့ အသားငတ်ရတဲ့အထဲ တချိန်လုံးကြွားခဲ့တာ။
တကယ်လည်း သူက တရုတ်လူမျိုးပီပီ ဝက်သားကကြိုက်သလို ဖြူဖြူဝဝနဲ့ အသကုန်ဆွဲနေတယ်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ဝက်သားကြိုက်။ ဝက်သားဆိုရင် အဆီတုံးမှဝါးတာ။ ဘေးကလူတွေအကုန်လုံး ကျနော်တို့ ၂ ယောက် အကြိတ်အနယ် ဝက်ဆီတုံးအစားပြိုင်နေတာကို လက်ခုတ်လက်ဝါးတီး ဝိုင်းအားပေးနေတယ်။

ဟိုက ဒီက တယောက်ပြီးတယောက် စားမကုန်လို့ပစ်ထည့်ပေးနေတဲ့ လက်သီးဆုတ်လောက် ဝက်ဆီတုံးကြီးတွေက တတုံးပြီးတတုံး သူ့ပန်းကန်ရော၊ ကိုယ့်ပန်းကန်မှာရော ပြည့်နေတယ်။ တချို့အတုံးတွေက အခေါက်တောင်ပါမလာ၊ အ ဆီချည်းသက်သက် ဖွေးလို့။ ၂ ယောက်လုံး အလျော့မပေးဘူး။ ပန်းကန်ထဲက အဆီတုံးအပုံလိုက်ကိုကြည့်ပြီး တတုံးပြီး တတုံး ဖြိုနေတယ်။ ဘေးကလည်း ကျနော်တို့ ဝက်ဆီတုံးတွေ အီလည်လည်ဝါးနေတဲ့မျက်နှာတွေကြည့်ပြီး ဟားတိုက် နေကြတယ်။
နောက်ဆုံးတော့ ဝက်ကြီးတချက်လောက် “အေ့” ကနဲ တချက်ပျို့တက်လာပြီး၊ “မရတော့ဖူးဗျာ ကျနော်အရှုံးပေးတယ်” လို့ ပြောပြီး အစားရပ်လိုက်တယ်။ ကျနော်ကတော့ မဆလ စစ်တပ်ကြီးကို (ရမ်ဘိုလို) တကိုယ်တော် ချေမှုန်းအောင် နိုင်တဲ့ဟန်နဲ့ ဝက်ဆီတုံးအပြည့်ပန်းကန် ၂ချပ်လုံးကို ပင့်မြှောက်ပြီး အောင်ပွဲခံလိုက်ပါတယ်။
“ဝေး..ဟေး.. ညိုကြီးကွ၊ မန္တလေးသား ဝက်ကြီးကို အလဲထိုးပြီး ဝက်ဆီဖတ် ချန်ပီယံဆု ဆွတ်ခူးသွားပါပြီခင်ဗျား”
ကိုကျော်ကြီး (ကျောက်မဲကျော်ကြီး) က ကျယ်လောင်တဲ့အသံကြီးနဲ့ ဝက်ဆီတုံးဟဲဗီးအစားပြိုင်ပွဲကြီးကို အဆုံးသပ်ပေး လိုက်ပါတယ်။
တကယ်တော့ ကျနော်တို့တတွေ တလနီးပါးအသားမစားရဘဲ ငတ်ပြတ်နေရာက၊ ခရစ္စမတ်ပွဲတော်ရက်မှာ စားဖို့ဆိုပြီး ကျနော်တို့ဒုက္ခသည်စခန်းနဲ့ ၅ မိုင်ကျော်ဝေးတဲ့ “ကွန်မလာသာဗီ” ဆိုတဲ့ နာဂရွာကရွာသူကြီး (ဦးချို၊ မြန်မာပြည်ပေါက် နယ်မြေခံအမတ်၊ မြန်မာစကားတတ်) နဲ့ မဏိပူရပြည်နယ် (အား/ကာ ဝန်ကြီး၊ ယခင်မြန်မာပြည်သား၊ နာမည်မေ့နေ) တို့ ဝက်တကောင်ကိုပေါ်ပြီး ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေ ညစာစားဖို့လာပေးတာပါ။ ပြီးတော့၊ ဘောလုံး၊ ဘော်လီဘောဘော်လုံး၊ ပိုက်၊ စတဲ့ အားကစားပစ္စည်းတွေလည်း လာလှူပါတယ်။
အဲဒါ ပထမဆုံးအသားကို ဝေပုံကျခွဲတမ်းရာရှင်နဲ့ မဟုတ်ဘဲ၊ အဝစားကျွေးခဲ့တာပါ။ နောက်ပိုင်းလအတန်ကြာတော့ သူ ကြီးဦးချိုအိမ်ကို ကျောင်းသားတွေ ချောင်းဖောက်တော့တာပဲ။ မနှစ်ကပဲ ဦးချိုဆုံးသွားတယ်။ ဦးချိုနဲ့ဇနီး ကျောင်းဆရာမ က စခန်းကလူတွေကို သားသမီးတွေလို ချစ်တာ။ အစောပိုင်းကာလတွေက စခန်းအပြင်ထွက်ဖို့နေနေသာသာ စခန်း အောက်တောင်ခြေက ချောင်းထဲအသုတ်လိုက်၊ အသုတ်လိုက်ရေချိုးသွားရင်တောင်၊ ကသဲအစောင့်က သေနတ်နဲ့ လုံ ခြုံရေးလိုက်တာ။ ပထမတော့ ကျနော်တို့ကိုစောင့်ရှောက်တာလို့ ထင်တာ။ နောက်မှ ကျနော်တို့ဘဝက အကျဉ်းသား တွေလိုဖြစ်နေမှန်း သိတာ။
ကျနော်တို့ Leikun စခန်း (ကိုယ့်ဖာသာလိပ်ခွံလို့ နာမည်ပေးထားတယ်၊ အတ္တစွဲတွေများနေလို့) ရောက်စက အဖွဲ့နာ မည်ပေးဖို့ စဉ်းစားကြတယ်။ ဦးစီးအဖွဲ့ထဲမှာလည်း နာမည်နဲ့ပတ်သက်ပြီး သဘောထားကအမျိုးမျိုး။ နောက်ဆုံး “ဒီမို ကရက်တစ် မြန်မာကျောင်းသားတပ်ဦး” (BDSF) ဆိုတဲ့ နာမည်နဲ့ မြေပေါ်နိုင်ငံရေးလောကမှာဝါဒဖြန့်မယ်။ မြေအောက် တော်လှန်ရေးအဖြစ် (BDGF) ဒီမိုကရက်တစ် ပြောက်ကျားတပ်ဦး (မြန်မာနိုင်ငံ) ကို ဆုံးဖြတ်တယ်။
အဲဒီနောက် ပန်းချီစစ်ငြိမ်းအေးက ဦးဆောင်ပြီး မြေအောက်ဝါဒဖြန့်စာဆောင်၊ စာစဉ်တွေကို ဒီဇိုင်းလှလှတွေနဲ့ နယ်စပ် ကတဆင့် ဖြန့်ချိကြတယ်။ စခန်းမှာလည်း နံရံကပ်စာဆောင်တွေ တလ ၂ ခါလောက် လုပ်တယ်။ အဲဒီတုန်းက လူတိုင်း နီးနီး ကဗျာတွေစာတွေ ရေးကြတယ်။ ကလောင်သွေးကြတယ်။ စာရေးဆရာ ကောလ်ထန်မောရိယာယ်ကလည်း ည ပိုင်းထမင်းစားပြီးရင် လသာမှန်အိမ်ကြီးနဲ့လုပ်တဲ့ ဟောပြောပွဲမှာ အားရပါးရကဗျာတွေရွတ်တော့တာပဲ။ သူရွတ်တဲ့ “မဏိပူရတောင်တန်းပေါ်က ကြယ်နီများ” ဆိုတဲ့ ကဗျာကို ကျနော်တို့ သိပ်သဘောကျတယ်။
“အို.. အမိမြန်မာပြည်.. မျက်ရည်သုတ်လော့၊ မဏိပူရတောင်တန်းမှဆီ.. ဧရာဝတီသို့.. မကြာမီလာမည် ကြယ်နီများ..” တဲ့
တချို့က သူ့ကို မကြားတကြားနောက်တယ်၊ “မကြာမီလာမည်၊ ရဖြူဂျီ” ဆိုပြီး။ အဲဒီရဖြူဂျီ (Refugees = ဒုက္ခသည်) ဆိုတဲ့ စကားကလည်း ကျနော်တို့အတွက် တဒုက္ခ။ ကသဲစစ်သားတွေ၊ အရာရှိတွေက ရဖြူဂျီလို့ပဲအလွယ်ခေါ်တယ်။ ဘရူးမား ရဖြူဂျီပေါ့ သူတို့ကတော့ ခတ်လွယ်လွယ်ပဲခေါ်တာပေါ့။ မရဘူး၊ ကျနော်တို့ဗမာတွေက သိပ်ပြီးဇာတိမာန်ပြင်း ထန်တာ။
“No..No..,Don’t call a refugees. We are Freedom fighter”
(ကျနော်တို့ကို ဒုက္ခသည်လို့မခေါ်ပါနဲ့၊ တော်လှန်ရေးသမားတွေဖြစ်တယ်) လို့ ပြောတယ်။ တကယ်တမ်းဆို ကျနော်တို့ ဟာ ဒုက္ခသည်ဆိုတဲ့စကားလုံးကို အဲဒီအချိန်ကျမှ ကြားဖူးကြတာပါ။ ဒုက္ခသည်လို့ ဘယ်သူမှမခံယူချင်ဘူး။ ကျနော်တို့ ဟာ ဒုက္ခသည်အဖြစ် ဒီနေရာကိုခိုလှုံဖို့လာတာမှုတ်ဘူး၊ အမိနိုင်ငံကိုကယ်တင်ဖို့ လာတာဖြစ်တယ်။ ကျနော်တို့ဟာ တော်လှန်ရေးသမားတွေ၊ ပြောက်ကျားစစ်သည်တွေလို့ ကိုယ့်ကိုယ်ကို ခံယူထားကြသူတွေ ဖြစ်တယ်။
ဒါကြောင့် ရဖြူဂျီလို့ခေါ်ရင် အတော်နာတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပီဘိရဖြူဂျီ။ ဒုက္ခသည်မှ ဒုက္ခသည် အစစ်။ ဘယ်လောက်ဒုက္ခသည်စစ်သလဲဆိုရင်၊ ခြေပြတ်နေသလို ဒီတောင်ကုန်းပေါ်ကနေ ဒီစခန်းကနေ ဘယ်လူတော ထဲမှ သွားခွင့်မရှိဘူး၊ မျက်စေ့ကမ်းနေသလို၊ ပြင်ပကမ္ဘာကြီးကိုကြည့်ရှုခွင့် မရှိဘူး၊ ယုတ်စွအဆုံး အဖြူအမဲ ရုပ်မြင်သံ ကြားလေးတောင် မရှိဘူး။
ကျနော်တို့ဖာသာ အစုအစည်းလေးနဲ့သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံ ပြောကြ၊ ဆွေးနွေးကြ၊ ရီစရာတွေကြံဖန်လုပ် ကြနဲ့မို့သာ၊ ရူးသွပ်မသွားကြတာ။ ဒါတောင် ကိုယ်ရည်မှန်းတာနဲ့လက်တွေ့ မိုးနဲ့မြေကွာနေလို့ စိတ်ဓာတ်တွေကျပြီး ဂေါက်မလိုလိုဖြစ်နေသူတွေ ရှိသေးတယ်။ အဖြစ်တွေက အတော်ဆိုး။ ဒီနေရာမှာ စားသောက်ရတဲ့အခြေအနေလေး ပြောပြအုံးမယ်။
ကျနော်တို့က ကိုယ့်ဖာသာချက်စားမယ်ပြောထားလို့ အာလူး၊ ဆန်၊ ပဲ၊ ဆီ၊ ငြုပ်သီးခြောက်၊ ကြက်သွန်နီ၊ ဆား၊ သကြား စတာတွေကို လူတယောက်ဘယ်လောက်နှုံးဆိုပြီး ခွဲတမ်းရပါတယ်။ ရုံးခန်းဘေးက ဂိုဒေါင်လေးထဲမှာ တပတ်စာ လာပို့ ထားတယ်။ ရိက္ခာထုတ်ပေးတဲ့ မဏိပူရနယ်သား ဇိုမီးချင်းကြီးနာမည်က ရိုခူးမားတဲ့။ သူလာပြီဆို မျက်နှာနီနီ၊ ဝီစကီနံ့ သင်းသင်းနဲ့ ဒရီးဒယိုင်။ နောက်ပိုင်း ရိက္ခာမလောက်ငှရင်၊ အောက်စော်နံဆန်နဲ့၊ အာလူးအပုတ်တွေပေးတာကြောင့် သူ့ ကို ဒုက္ခသည်ရိက္ခာနဲ့ ကြီးပွားနေသူလို့ပဲ အားလုံးကမြင်လာတယ်။
ထင်လည်းထင်စရာ၊ ကျနော်တို့ကို ပေးတဲ့ဆန်က မဲညစ်ပြီး အောက်စော်နံရုံမက ကြွက်ချေး၊ ခဲ၊ သလဲတွေ ရောနေတဲ့ အပြင် ဂုံနီအိပ်အောက်ပိုင်းကအစိုပြန်ပြီး အတောင့်လိုက်အတောင့်လိုက် ပုတ်နေတဲ့ ဆန်တွေပါ ရောပါနေပါတယ်။ ပုံမှန်ပေးဝေတဲ့ဆန်ကိုက ဂဲသလဲနဲ့မှိုတက်တာတွေပါနေတယ်။ နောက်ပိုင်းတော့ ရိုးသွားပြီး အဲဒီဝက်စားတဲ့ဆန်တွေကို လည်း မပြစ်မမြင်ကြတော့ပါဘူး။
မနက်ပိုင်း ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ပြီးရင် ထမင်းချက်တာဝန်ကျတဲ့ ရဲဘော်တွေက မိုးဗြဲဒယ်ကြီးထဲ ဆန်အသိုး တွေထည့်ပြီး ချောင်းထဲဆင်းတယ်။ ဆန်ထည့်ထားတဲ့ မိုးဗြဲဒယ်ကြီးထဲ ချောင်းရေခတ်ထည့်ပြီး ဆေးပါတယ်။ ၃ ခေါက် လောက်ဆေးပြီးရင် လူ ၂ယောက်က ဒယ်ကြီးကိုလှဲ့ပြီး ရွှေကျင်သလိုမွှေရတယ်။ အဲဒီနောက် အပေါ်ကဆန်၊ အောက် ခြေမှာ သဲနဲ့ကျောက် ခဲမဲမဲတွေပေါ်လာပြီး၊ ဆန်နဲ့သလဲ ကွဲပြားသွားတယ်။ အဲဒီတော့ မိုးဗြဲဒယ်အပေါ်ယံကဆန်တွေကို သီးခြားကော်ခတ်လိုက်တယ်။ တခေါက်ပြီးတခေါက် ရေဖြည့်လိုက်၊ ဒယ်အိုးလှုပ်ပြီး ရွှေလိုကျင်လိုက်နဲ့ အောက်ဆုံးက ဆန်နည်းနည်းနဲ့ ကျောက်ခဲသလဲတွေ သီးခြားကျန်တဲ့အထိ ကျင်ရပါတယ်။ ဒါက နေ့စဉ် မနက်တကြိမ် ညတကြိမ် ထမင်းချက်တာဝန်ကျတဲ့ တပ်စုတိုင်း လုပ်နေကျပါ။
ဟင်းကတော့၊ နနွင်းမှုန့်နိုင်နိုင်နဲ့ ချက်ထားတဲ့ အာလူးစိတ်သေးသေးလေး ရေကျဲကျဲနဲ့ ပဲနီလေးအရည်ကျဲကျဲ (နည်းနည်း ပျစ်အောင် ထမင်းရေရောကြတယ်) ဖြစ်တယ်။ စခန်းမှာ ထမင်းရေကလည်း သိပ်တန်ဘိုးကြီးတာ။ အဲဒီကျမှ ထမင်းရေ ဆိုတာ အင်မတန်အရသာထူးကဲမှန်း သိသွားတာ။ မနက် ဗိုက်ဟောင်းလောင်းနဲ့ ပြေးလွှား လေ့ကျင့်ခန်းလုပ်ရပေမယ့် ဘရိတ်ဖတ်စ် (Breakfast) မနက်စာက ကျွေးစရာမရှိဘူး။ ဒါပေမဲ့ “ကျငန်း” လို့ခေါ်တဲ့ လက်ဘက်ခြောက်နှပ်ရည်ထဲ သကြားထဲ့သောက်တယ်။ နို့မပါဘူး။ နောက်တခါ ထမင်းချက်အဖွဲ့ရဲ့ “သာလွန်ဂျုစ်” ဆိုတဲ့ အသံကိုမျော်ကြတယ်။ အသံကြားတာနဲ့ ခွက်လေးတွေကိုင်ပြီး တန်းစီရတယ်။
သူငယ်တန်း သမိုင်းဖတ်စာထဲက၊ သာလွန်မင်းတရားကြီးရဲ့ ခြွေတာရေးသာဓကကို အစွဲပြုပြီး ထမင်းရည်ကို “သာလွန် ဂျုစ်” လို့ပဲ နာမည်ပေးထားတယ်။
ဟင်းက နေ့စဉ်ပဲဟင်းနဲ့ အာလူးချည်းပဲ။ ချက်တာလည်း တပုံစံထဲ။ ပေးတဲ့ရာရှင်နဲ့က ဒီပုံစံပဲချက်မှ အားလုံးလောက်ငှ မှာလေ။ တခါတလေ ထမင်းတောင်မဝဘူး။ အထူးသဖြင့် လူသစ်တွေတိုးလာတဲ့အချိန်။ ဒီလိုရှိတယ်။ ကျနော်တို့ရတဲ့ ခွဲတမ်းက လူဦးရည်နဲ့ပေးတာဆိုတော့၊ ဥပမာ လူ ၁ဝဝ စာဆိုပြီး ရိက္ခာထုတ်ပေးလိုက်တယ်၊ ဒါပေမဲ့ နောက်တနေ့ လူ သစ်တွေ ၂ဝ-၃ဝ တိုးလာပြီဆို ရိက္ခာမလောက်ငှတော့ဘူး။ အဲဒီအတိုင်း တပတ်လုံးမလောက်မငစားရတာ။ နောက်တ ပတ်ကျမှ ရိက္ခာတိုးတယ်။ ဒါပေမဲ့ လူသစ်ရောက်လေ မလောက်ငလေပဲ။ ဒီလိုထမင်းမဝလို့လဲ ကျနော်တို့မှာ လုံးစိတ် မပျက်ပါဘူး၊ လူသစ်တွေရောက်ရင် စိတ်ဓာတ်တွေတက်ကြွပြီး ပျော်ကြတယ်။ ကိုယ့်မှာရှိတဲ့စောင်တွေ အတူမျှခြုံကြ တယ်။ အရင်က လူတယောက်စောင် ၂ ထည်ကနေ နောက်တော့ စောင်တထည်လူ ၂ ယောက် ဖြစ်သွားတယ်။
လူသစ်တွေလာပြီဆို ကျနော်တို့တတွေ စခန်းအဝင်ဂိတ်ပေါက်ဝမှာတန်းစီပြီး “ကျောင်းသားသမဂ္ဂ” သီချင်းတွေ“ဘီအိုင် အေခေတ် စစ်ချီတေးတွေ လက်ခုတ်တီးသံပြိုင်ဆိုပြီး ကြိုဆိုကြတယ်။
“ငါတို့ရဲ့ ဦးခေါင်းများသည်.. သွေးချင်းချင်းနီပြီ၊ သို့သော်.. ညွှတ်ကားမညွှတ်ပါပြီ.. နာဇီတပါတီအမြစ်ကမကျန်.. တိုက်ခဲ့ပြီ.. ကျောင်းသားသမဂ္ဂတပ်ဦးချီလာပြီ..”
တော်လှန်သီချင်းတွေ ဝိုင်းဆိုတော့ စခန်းထဲဝင်လာသူတွေလည်း စိတ်ဓာတ်တွေတက်ကြွ၊ ကျနော်တို့လည်း ပျော်မြူး ကြ။ အဲ..နောက်နောက်ပြောင်ပြောင်တွေလည်း ရှိတယ်။ လူသစ်တွေဝင်လာပြီဆို တယောက်ကဘောပင်၊ စာရွက်လေး ကိုင်ပြီး
“အသားမစားတဲ့လူ ဘယ်သူရှိလည်း၊ စာရင်းပေးပါ” “အမဲသားစားလား” “ဝက်သားစားလား” “သက်သတ်လွတ်ဘယ်နှစ်ယောက်ပါလဲ” ဆိုပြီး အတည်ပေါက်စာရင်းတောင်းကြတာမျိုး။ လူသစ်တွေက ဘယ်သိလိမ့်မလဲ၊ “အကုန်စားပါတယ်” “ကျနော်အမဲသားမစားဘူး”၊ “ကျနော် ဝက်သားမစားဘူး” နဲ့ အဟုတ်မှတ်ပြီး စာရင်းပေးကြတယ်။
အစအနောက် သန်တဲ့ထဲမှာ အခု ခေတ်သစ်ပန်းချီဆရာဆိုပြီး နာမည်ကြီးနေတဲ့ ပန်းချီ ထိန်လင်းနဲ့ စစ်နိုင် (နယ်စပ်မှာ ကွယ်လွန်) တို့ လူရွှင်တော်၂ယောက်ကအကဲဆုံး။ လူသစ်တွေလာပြီဆို၊ “စစ်နိုင်”က၊ ကသဲ စစ်ဘိုပုံစံဖမ်းပြီး(စစ်အင်္ကျီ၊ စစ်ဦးထုတ်နဲ့) ထိန်လင်းက စကားပြန်ပုံစံနဲ့ အင်တာဗျူးလုပ်တာပေါ့။ လူသစ်တယောက်ဖြစ်တဲ့ ဖျာပုံနယ်က“ကိုတာရာ” ဆို အတော်ခံလိုက်ရတယ်။
စစ်နိုင်က ကသဲ စကားလိုလိုနဲ့ ပါးစပ်ထဲတွေ့တာ ဗလွတ်ချလွတ်တွေ လျှောက်ပြောတာ။ ကိုထိန်လင်းက သူစိတ်ကူး တည့်ရာ ဘာသာပြန်ချင်ရာပြန်တာ။
ဥပမာ “ခင်ဗျား ဘယ်လိုစွန့်စွန့်စားစား ထွက်လာခဲ့တာလဲ၊ အခုစစ်သင်တန်းပေးပြီးရင် လက်နက်ကိုင်ပြီး ခင်ဗျား တကယ်တိုက်ရဲလား ခင်ဗျားမိသားစုကိုမလွမ်းဘူးလား..ရီးစားမရှိဘူးလား?.. ဘာညာပေါ့”
ဟိုကလည်း အဟုတ်ထင်ပြီး အပီအပြင်တွေဖြေတာ။ ဘေးကလူတွေက နားထောင်ပြီး ကြိတ်ရီကြတယ်။ အဲလို မဟုတ် တာကို အဟုတ်ထင်အောင် အတည်ပေါက်မြှောက်ပင့်လိမ်ညာပြောတာကို ကျနော်တို့က “ကြပ်တယ်” လို့ ခေါ်တယ်။ လူသစ်ဆိုရင် အများစုက “ကြပ်” လေ့ရှိတယ်။ နောက်တော့ ကျနော်တို့နေတဲ့ လိပ်ခွန်းတောင်ကုန်းတောင် “ကြပ်ကုန်း” လို့ နာမည်တွင်သွားသေးတယ်။ အဲလောက်ဆိုးတာ။
ဘာပဲဖြစ်ဖြစ် မြန်မာပြည်သားတွေပီပီ ဆင်းရဲတာ၊ စိတ်မွန်းကြပ်တာ၊ ဒုက္ခရောက်တာမျိုးဆိုလည်း ကြံဖန်ပြီး ရီစရာတွေ လုပ်၊ နောက်နောက်ပြောင်ပြောင်နဲ့ စိတ်ထွက်ပေါက်ရှာကြတာပေါ့လေ။ နောက်ပိုင်းကျတော့ ရာသီဥတုဒဏ်၊ အဟာရ ချို့တဲ့ပြီး ခတ်ညံ့ညံ့ အစားအသောက်ဒဏ်၊ ကျန်းမာရေးချို့တဲ့တဲ့ဒဏ်တွေနဲ့ အဓိကကျတဲ့ လက်နက်ကိုင်သင်တန်း မရှိဘဲ၊ နဂိုရည်မှန်းချက်အတိုင်း ဖြစ်မလာတဲ့ဒဏ်၊ အိမ်လွမ်းတဲ့ဒဏ်တွေကြောင့် စိတ်ပျက်ပြီး ပြန်သွားသူတွေ အစု လိုက် အပြုံလိုက်ပဲ။
အဓိက ကတော့ လက်နက်ကိုင်တော်လှန်ရေးလိုအင်တွေ မပြည့်ကြလို့ပါ။ နောက်ပိုင်း ရန်ကုန်စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ ပြည်တော်ပြန်တယောက်ဆိုရင် သူမပြန်ခင် ပြောသွားတာလေး သတိရမိသေးတယ်။
“နောက်ဆုံးတော့ အာလူးနဲ့ ပဲ ကြာကြာစားနိုင်တဲ့သူတွေပဲ ဟောဒီတောင်ကုန်းကြီးမှာ ကျန်ရစ်မှာ” ဆိုတာလေးပေါ့။
ကိုညို (အော်စလို)

No comments: