Monday, January 28, 2013

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင် ခင် ဖြစ် လာနိုင်

အထွေထွေ....( ၂၀၁၅ မတိုင်ခင် ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်)

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင် ခင် ဖြစ် လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား

Monday, 28 January 2013 16:13

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ် လာ လိမ့် မည်ဟု မျှော်မှန်း လို့ ရကြောင်း   ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္က ဋ္ဌ   ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပါတယ်။ သမ္မတကြီး အနေနဲ့ ထူးထူးခြားခြား ဒီမိုကရေစီ စနစ် မှာ ပထမဆုံးတက်လာတဲ့ သမ္မတကြီးဖြစ်တယ်။ နိုင်ငံတကာကလည်း ထောက်ခံတယ် အများအတွက် တကယ်လိုအပ်တဲ့ အလုပ်တွေကိုလည်း လုပ်နေတာ။ ဒီထဲမှာ စဉ်းစားတဲ့ အထဲမှာ ပါတာပေါ့။ တစ်နေ့တော့ ဖြစ်လာမယ်။၂၀၁၅ မတိုင်ခင် ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ဦးစိုးမိုး ထွန်း က နိုင်ငံရေး အကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်တောင်းဆိုသည့် အပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က “ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားကို အကိုတို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်တာကို လိုလားပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေချိန်မှာ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ မရှိသင့်တော့ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာကို အချိန်ဆွဲရင် ဆွဲသလို တိုင်းပြည်အတွက် အများကြီး နစ်နာစေတယ်” ဟု ပြောကြားခဲ့ပါသည်။

“အခုဆိုရင် ICRC လည်း ထောင်တွေကို ၀င်ရောက်စစ်ဆေးခွင့် ရသွားပြီ။ ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် စိစစ် မယ်လို့ ပြောတယ်။ ပြည်ထဲရေး အနေနဲ့ လုပ်တာထက်စာရင် ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စ တွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေပါ ပါဝင်ပြီး ပူးပေါင်းဆောင် ရွက် တာသည် ပိုပြီးတော့ အရွေ့တစ်ခုကို ရွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် ချင်တယ်” ဟု ကိုထွန်းကြည်က ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ပေး ခဲ့ပြီး လေးကြိမ် တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက် လာခဲ့ သည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက် လာပြီး နောက် ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု ဖြစ်ခဲ့သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီ၏ ထောက်ခံချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စာရင်းပြုစုထားရာတွင် ၈၈ မျိုးဆက် ကျောင်း သား များ အဖွဲ့စာရင်း၊ NLD စာရင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်း၊ AAPP စာရင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပြီး အစိုးရဘက်မှမူ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်းဆန်ထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ အကျဉ်းထောင်များ ထဲ တွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော် ရှိကြောင်း၊ ယင်းတို့ကိုလည်း သမိုင်းတစ်ခု အဖြစ် ရေးထိုးသွားကာ ၎င်းတို့ မိသားစုဝင်များနှင့် ကူးလူးဆက်ဆံမှုတွေ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး မိုးထိမိုးမိ ရွှေလုပ်သားများ ကိစ္စတွင် အဖမ်းခံရသူ လေးဦးကိုပါ ထည့်သွင်းထားပါက ၎င်း တို့စာရင်းတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၂၂ ဦးရှိကြောင်း AAPP မှ ကိုဘိုကြည် က ပြောကြား ခဲ့သည်။

အလားတူ အမည်ပျက်စာရင်း (Black List) စာရင်း သွင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ် ဦး အပါအ၀င် အမည်ပျက် စာရင်းဝင် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစ၍ အမည်ပျက်စာရင်း မှပယ်ဖျက်ပေး ခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့အား အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
Eleven Media Group

No comments: