Saturday, January 5, 2013

“အာကာယံထဲ”


by Soe Min on Sunday, January 6, 2013 at 1:19am ·
          “အာကာယံထဲ စံမြဲမြန်းလို့ နန်းဖလ်ဆောင် လှိုင်းရွှေတိမ်တောင်။ မြအရောင်လို တစ်တောင်လုံး ပြိုမည့်ဟန်လို မိုးဆင်လာဖုံး။” တဲ့။
          ပတ်ပျိုးသီချင်းကြီးတွေထဲမှာ တော်တော်ကြီးကို နှစ်ခြိုက်မိတဲ့ မိုးဖွဲ့သီချင်းကလေးပါ။ ကောင်းကင်အာကာ အဇဋ္ဌာဆိုတာ လူတွေနဲ့ သက်ဆိုင်တယ်လို့ ထင်မထားတဲ့ခေတ်ကတည်းက စိတ်ကူးယဉ်ဇာတ်ကောင်များဟာ မိုးပေါ်မှာပျံသန်းသွားလာနိုင်တဲ့ စက်ကြိုးယာဉ်ပျံတွေကို စေလိုရာစေ နှင်ခဲ့ကြသေးတယ်။ “စာမရီသို့ ထူးမခြား နတ်မြင်းပျံမို့ မြူးကြွားကြွား။” ဆိုတဲ့ အဿထိုရ်မြင်းပျံကြီးတွေ ရှိသလို “နီတွေးတွေး ရောင်ဖွေးဖွေး၊ ဘက်မဲ့သာ ပြိုင်နှိုင်းဝေး။” ဆိုတဲ့ ဆင်ဖြူရတနာများဟာလည်း အလိုရှိရင် ကောင်းကင်မှာ ပျံနိုင်သတဲ့။ ဒီလိုဆိုတော့ ကိုယ်တို့ မြန်မာတွေဟာလည်း ဂရိဒဏ္ဍာရီထဲကလိုပဲ ကောင်းကင်အိပ်မက်တွေ ရှိခဲ့ကြသားပဲ။ ဒီ့ထက်ပိုပြီး နီးနီးစပ်စပ် စိတ်ကူးယဉ်လာတော့ နံမယ်လှလှကလေးပါ ပေးထားနှင့်ကြတယ်။ ပန်းမြိုင်လယ် ယိုးဒယားထဲမှာတော့ “ညာနန်းနတ်ကယ်သွင် လေယာဉ်ပျံ တိမ်ယံတောင်စွယ် မိုးလယ်ဝေယံဖျား။” တဲ့။ ဘိုးတော်ဘုရား လေးဘက်တွားကတည်းက ကင်ပွန်းတပ်ထားတဲ့ “လေယာဉ်ပျံ” ဆိုတဲ့ ဝေါဟာရကလေးဟာ ကိုလိုနီခေတ်ကိုရောက်တဲ့အခါမှာတော့ သူတို့ဆီက aeroplane ဆိုတဲ့ဟာကြီးကို ဘာသာပြန်ယူဖို့ ဂွပ်ကနဲ ကွက်တိကျသွားရော။ ကိုယ်တွေငယ်ငယ်ကတော့ အဲဒီလေယာဉ်ပျံဆိုတဲ့ဟာကြီးကို မိုးပေါ်မှာ မြင်လိုက်ရရင်တောင် လက်ညှိုးတထိုးထိုးနဲ့ ဟစ်ကာအော်ကာ ငေးကြည့်ခဲ့ရဖူးတယ်။ လေယာဉ်မှူးတွေ၊ လေယာဉ်မောင်တွေ၊ လေယာဉ်မယ်တွေဆိုတာ မိုးပေါ်မှာ အလုပ်လုပ်ကြရတာမို့ တော်တော်ကို အဆင့်မြင့်တဲ့ အလုပ်လို့ အားကျခဲ့ရသေး။ ဒါပေမယ့် သတင်းစာထဲမှာ လေယာဉ်ပျံပျက်ကျတဲ့ သတင်းတွေ ဖတ်ရတဲ့အခါမှာတော့ သူတို့အလုပ်ကြီးက တယ်လည်း ကြောက်စရာကောင်းပါလား လို့ သတိထားမိလာတယ်။ ဒီလိုနဲ့ အလုပ်ဝင်ကာနီး လားရှိုးကိုသွားလည်တဲ့အခါ လေယာဉ်ပျံဆိုတာကြီးကို ပထမဆုံးအကြိမ် စီးဖူးသွားတယ်။  အဲဒီလေယာဉ်ပျံကြီးကို မြန်မာ့လေကြောင်း အမှုထမ်းတွေနဲ့ မျက်မှန်းတန်းလာတဲ့အထိ အခေါက်ခေါက်အခါခါ စီးဖြစ်တာကတော့ အမ်းရွှေမြို့တော်ကလေးကို ရောက်တဲ့အခါကျမှပါ။ အသက်ကို ဖက်နဲ့မကလို့ ကြွတ်ကြွတ်အိပ်နဲ့ပဲ ထုပ်ရထုပ်ရ၊ အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူးဆို ဒါပဲစီးစရာရှိတယ်လေ။ လတ်တလော အင်္ဂလိပ်သင်္ကြန်စာအရ လေယာဉ်ပျံတွေ တာစားနေတာမို့ ကိုယ်လည်းပဲ အဆင့်မြင့်သွားအောင် မိုးပေါ်မှာ လေယာဉ်ပျံစီးလုံးငှားပြီး ရေးထည့်လိုက်စမ်းမယ်။ ထိုင်ခုံခါးပတ်ပတ်ပြီးသာ ဖတ်ကြပေတော့ဗျာ။
          သဘာဝတရားအရ လူဆိုတာ ကုန်းသတ္တ၀ါမို့ ရွာလွန်ရွက်တိုက်ပြီး ရေကြောင်းခရီး၊ ဝေဟင်ခရီးဆန့်ရတဲ့အခါ အနည်းနဲ့အများ ဘေးအန္တရာယ် ကြုံရတတ်တာ မဆန်းပါဘူး။ လူတိုင်းလူတိုင်း ဒီတစ်ခေါက်တော့ မဖြစ်လောက်သေးပါဘူး ဆိုတဲ့စိတ်နဲ့သာ သေခြင်းတရားကို မေ့ချင်ယောင်ဆောင်ပြီး ခရီးပန်းတိုင် တူရူစိတ်ထားပြီး သွားကြလာကြရတာ။ ဖြစ်မယ်မှန်းသိရင် ဘယ်သူကလိုက်မှာတုန်း။ အဲဒါကို အင်္ဂလိပ်လိုတော့ risk ယူတယ် လို့ ပြောလေ့ရှိတယ်။ မလွှဲမရှောင်သာလို့ မယူမဖြစ်ယူရတဲ့ အဲဒီ risk ဆိုတာကြီးကို နည်းနိုင်သမျှ နည်းအောင်တော့ လုပ်ထားရတာပေါ့။ ဒီအခါမှာတော့ ကိုယ်တို့ဆေးပညာနယ်ပယ်ထဲက မေ့ဆေးပေးတာနဲ့ သိပ်တူတာပဲ။ ခွဲစိတ်ကုသတဲ့အခါ မေ့ဆေးမပါပဲ ဘာမှလုပ်လို့မရဘူး။ မေ့ဆေးပေးတဲ့အခါမှာလည်း အန္တရာယ်ကင်းတာ ဘယ်ဟာမှ မရှိဘူး။ ဒါပေမယ့် ခွဲစိတ်ကုသမှုအတွက် မေ့ဆေးထုံဆေးရဲ့ အန္တရာယ်ဆိုတာ ဘယ်သူမဆို ယူကြရတာပဲ။ သူလည်းပဲ အဲဒီ risk တွေကို နည်းနိုင်သမျှနည်းအောင် ပြင်ဆင်ပြီးမှ မေ့ဆေးပေးရတာပေါ့။
          မေ့ဆေးပေးတယ်ဆိုတာ ရောဂါကို ခွဲစိတ်ကုသနေတုန်း နာကျင်မှုတွေဖြစ်မလာအောင်၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မသွားအောင် အတတ်နိုင်ဆုံး ထိန်းညှိစောင့်ရှောက်ပေးတာကို ခေါ်ပါတယ်။ မခွဲခင်မှာ လူနာရဲ့ ပုံမှန် နဲ့ ပုံမှန်မဟုတ်သော ရောဂါအခြေအနေတွေကို စမ်းသပ်စစ်ဆေးမေးမြန်းရသလိုပဲ လေယာဉ်ပျံမောင်းတယ်ဆိုတာ သွားကာနီးမှ တက်ထိုင် စက်နှိုးပြီး ထွက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ အားလုံးစစ်ဆေး ပြည့်စုံပြီးလို့ စထွက်တဲ့အခါ သူ့အတွက် စပြီး ရင်ဆိုင်ရမှာက ဒီဆင်ပြောင်ငါးစီး အတ္တဘောကြီးကို ကောင်းကင်ယံမှာ လေဟုန်စီးနိုင်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆွဲတင်ယူရတာကို သူတို့ဘာသာနဲ့ Take off လို့ခေါ်တယ်။ လူနာကို မေ့ဆေးပေးတဲ့အခါမှာလည်း သတိတရား (Concious level) ကလေးကို ကိုယ်လိုချင်တဲ့နေရာအရောက် နောက်ကောက်ချလိုက်ပြီး လူတစ်ကိုယ်လုံး ကိုယ်ဆွဲရာပါလာစေဖို့လုပ်တာကိုလည်း အဲဒီစကားလုံးပဲ သုံးတယ်။ နှစ်နေရာစလုံး အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာ ပိုင်းလော့ကြီးတွေရော၊ မေ့ဆေးဆရာဝန်ကြီးတွေပါ ကောင်းကောင်း သဘောပေါက်ကြတယ်။ အဲဒီအချိန်မှာ ဘယ်သူကမှ ပေါ့တီးပေါ့ဆ မလုပ်ဘူး။ ဒီအဆင့်ပြီးရင် စက်ကိရိယာတွေက ၀င်ပြီးတာဝန်ယူပေးလို့ရနိုင်အောင် လိုအပ်သမျှအားလုံးကို အချိန်တိုတိုအတွင်း ဇယ်ဆက်သလို စီစဉ်ပေးရတယ်။ များသောအားဖြင့် ဒီအဆင့်မပြီးမချင်း ဘယ်သူမှ အသက်၀၀မရှူနိုင်ဘူး။ အခန့်မသင့်တဲ့ မတော်တဆမှုဆိုတာ အဲဒီအခိုက်အတန့်မှာ အများဆုံးဖြစ်လေ့ရှိတာကိုး။
         ဒီအဆင့်လွန်သွားရင်တော့ သက်ပြင်းကလေးချပြီး ခဏတဖြုတ် အမောအပန်းဖြေလို့ရတယ်။ မျက်ခြေမပြတ်သာ စောင့်ကြည့်နေ။ “လူနာမေ့သွားပြီပဲ။ ခွဲလို့ပြီးတော့ ပြောလေ။ ပြန်နှိုးပေးမယ်။” ဆိုပြီး ဂိမ်းထိုင်ဆော့နေလို့တော့ ဘယ်ရမလဲ။ (ပရိတ်ထိုင်ရွတ်တဲ့သူတော့ ရွတ်ကြသား) ဒီအချိန်မှာ လူနာက သူ့အသက်ကို ကိုယ့်လက်ထဲ အပ်သွားပြီလေ။ သူဘာမှ မပြောနိုင်တော့ဘူး။ အဲဒီအခါကျ ကိုယ်ပေါ့ရင်ပေါ့သလို လူနာခံရတာပဲ။ လူနာအေးမှာစိုးလို့ ရေနွေးအိပ်ပူပူတွေ ကပ်ထားပေးတာ အပူလောင်ကုန်တယ်ဆိုတာမျိုးက အဲဒီအချိန်မှာ ဖြစ်တတ်တာပေါ့။ မိုးပေါ်ရောက်နေပြီပဲဆို အော်တိုပိုင်းလော့လေးနဲ့လွှတ်ထားပြီး လေယာဉ်မယ်လေးတွေနဲ့ ပလီနေရင်လည်း အလားတူ ပြဿနာတွေ ပေါ်နိုင်တာပဲ။ တကယ်တော့ ဖတ်ကနဲဖတ်ကနဲလုပ်ရတဲ့ ခြေတွေလက်တွေကသာ ခဏအနားရသွားတာ မျက်စိကတော့ ဒေါက်ထောက်ကြည့်နေရသေးတာပဲ။ ဒီအဆင့်ကတော့ Maintenance လို့ခေါ်တယ်။ Flying လို့လည်း နှစ်ခုစလုံးမှာ သုံးတယ်။ လိုချင်တဲ့နေရာကိုရောက်အောင် တည်တည်ငြိမ်ငြိမ် ငြိမ့်ငြိမ့်ငြောင်းငြောင်း သွားရတယ်။ တက်လိုက်ကြလိုက် ဗြောင်းဆန်နေလို့ မရဘူး။
         ခွဲတဲ့စိတ်တဲ့အမှုပြီးသွားပြီ။ လေယာဉ်ပျံကြီးလည်း လိုရာခရီးကိုရောက်သွားပြီဆိုရင် “ရောက်ပြီ။ ဆင်းတော့။” လုပ်လို့မရဘူး။ မြေပြင်ပေါ်ပြန်ဆင်းပေးရသလို မေ့နေတဲ့လူနာကို ပြန်နှိုးပေးရသေးတယ်။ “Landing” လို့ နှစ်ခုစလုံးမှာ သုံးတယ်။ သစ်ပင်ပေါ်က ခုန်ချတဲ့ကြောင်တောင် ကြောင်ကျကျဖို့ အသားသေဖို့လိုတယ်ဆိုရင် ဟိုးမိုးပေါ် ပေတစ်သောင်းကျော်အထက်က လေယာဉ်ပျံကြီး ဘုံကြိုးပြတ်ကျလာတာလည်း အလေ့အကျင့်တော်တော်များဖို့ လိုတာပေါ့။ မေ့ချင်တိုင်းမေ့ခိုင်းထားပြီး အရာရာ ကိုယ့်လက်နဲ့ကြိုးကိုင်လာခဲ့ရာက ခွဲလို့လည်းပြီးရော ဖုတ်ဖက်ခါ ထခိုင်းဖို့ကလည်း မလွယ်တာ အမှန်ပါ။ စောစောတုန်းကတော့ စက်တွေနဲ့ရှူခိုင်းမှာမို့လို့ လူနာကို အသက်မရှူနိုင်အောင် အတင်းနှိပ်ကွပ်ထားရာက အခုတော့ စက်တွေဖြုတ်ချင်ပြီ။ ကိုယ့်ဘာကိုယ် ပြန်ရှူချေဦးဆိုတော့ အချိန်တစ်ခုတော့ အသားကျအောင် ပြန်စောင့်သေးတာပေါ့။ စက်အရပ်နဲ့ လူကောင်းကောင်းမနိုးခင်မှာ လေယာဉ်ပျံတက်တုန်းကလိုပဲ အသက်ကို ဖက်နဲ့ပြန်ထုပ်ရပါတယ်။ လေယာဉ်အဆင်းမှာ ဘယ်လောက် အန္တရာယ်များတတ်သလဲ ဆိုတာကတော့ ဥပမာပေးစရာတောင် မလိုတော့ဘူးထင်ပါတယ်။
         ဒီအကြောင်းတွေကို မိကျောင်းမင်း ရေကင်းပြနေရတဲ့အကြောင်းကတော့ လတ်တလော မီဒီယာတွေပေါ်မှာ တံတွေးခွက် ပက်လက်မျောသလို ပြစ်တင်ဝေဖန်ခံနေကြရတဲ့ မေ့ဆေးဆရာဝန်တွေရော၊ လေယာဉ်အမှုထမ်းတွေဘက်ကရော စာနာနားလည်စွာ စဉ်းစားတွေးတောပေးချင်လို့ပါ။ ဖြစ်ခဲ့တဲ့ သေဆုံးမှုတွေမှာ တာဝန်ရှိသူမှန်ပေမယ့်လည်း သူတို့ကျင်လည်ရာ အသက်မွေးမှုရဲ့ လုပ်ငန်းသဘာဝအရ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့၊ သူများအသက်ကို ဖက်နဲ့ထုပ်ပေးရတဲ့အလုပ်ဖြစ်တယ်ဆိုတာ လူသတိထားမိအောင် ရှင်းပြတာသာဖြစ်ပါတယ်။ သူတို့ရဲ့ ပေါ့လျော့မှု ပါမပါဆိုတာကတော့ ဘေးလူဖြစ်တဲ့ကိုယ့်အဖို့ ၀င်ပြောနိုင်လောက်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့် ခါတိုင်းသုံးသလို ရှေ့နေလိုက်တယ်ဆိုတဲ့စကားတောင် သုံးမထားဘူး။ ဘာဖြစ်လို့ဆိုတော့ အဖြစ်အပျက် တစုံတရာကို ကိုယ်ကိုယ်တိုင်မသိပဲနဲ့ တစုံတယောက်ဘက်ကနေ ကာကွယ်တုန့်ပြန်ပေးသလို၊ တစုံတယောက်ကို ထိခိုက်နစ်နာစေသလို ဖြစ်နေမှာစိုးလို့။ ဒါကြောင့် အကြောင်းအရာကိုပဲ ခြုံငုံသုံးသပ်ဆွေးနွေးတာ ကောင်းပါတယ်။ ဘယ်သူမဆို ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဖြည့်တွေးနိုင်ခဲ့ရင် အဆင်ပြေမှာပါ။
         လူတစ်ယောက်အသက်ဆုံးရှုံးသွားတဲ့အခါ အရင်ဆုံးထွက်လာတဲ့မေးခွန်းကတော့ ဘာကြောင့်လဲ ဆိုတာပါ။ ဒီမေးခွန်းရဲ့အဖြေဟာ သေသွားပြီးသားလူအတွက် မထူးတော့ဘူးဆိုပေမယ့်လည်း ကျန်ရစ်ခဲ့တဲ့သူတွေအတွက် ယူကြုံးမရ သောကဗျာပါဒတွေကို ဖြေသိမ့်နိုင်တဲ့အခါ ရှိသလို၊ နောက်လူတွေ အဲလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံရအောင် ရှောင်ရှားနိုင်တဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ သို့သော် အဲဒီအဖြေဟာ ကြားရသူအတွက် အခါခပ်သိမ်း ကြေနပ်မှုပေးစွမ်းနိုင်ဖို့တော့ ခံယဉ်းပါတယ်။ အထူးသဖြင့် မဖြစ်သင့်သော အကြောင်းအရာများနဲ့ ရေတိမ်နစ်ခဲ့သည်ရှိသော် သူတို့ဘက်က ဆက်ပြီးလိုက်လာတဲ့မေးခွန်းကတော့ “တရားခံ ဘယ်သူလဲဟေ့။” ဖြစ်ပါတယ်။ ခွင့်လွှတ်တယ် ခွင့်မလွှတ်ဘူးဆိုတာကတော့ နောက်မှ ဆက်စဉ်းစား။ လောလောဆယ်တော့ ဒါက ဘယ်လိုဖြစ်ရတာလဲ ဆိုတာကို သိချင်ပါလိမ့်မယ်။ ဒီနေရာမှာ လိမ္မာပါးနပ်ပြေပြစ်စွာ မကိုင်တွယ်နိုင်ခဲ့ရင် ငယ်သောအမှုက အကြီးကြီး ကြီးတော့မှာပါ။ သူ့ဆီကနေ ဖြစ်နိုင်စရာက နှစ်လမ်းပဲရှိတယ်လေ။ ပြေလည်တဲ့လမ်း မဟုတ်ဘူးဆိုရင် တရားခံလို့ စွပ်စွဲခံရတဲ့သူကို ဖြေရှင်းခွင့် ပေးရမှာပေါ့။   ခိုင်လုံတဲ့အချက်အလက် အထောက်အထားတွေနဲ့ စစ်ဆေးလို့ နောက်ဆုံးရလာတဲ့အဖြေဟာ မပြတ်မသားနဲ့ သံသယဖြစ်စရာပဲ ရှိနေသေးတယ်ဆိုရင် အဲဒီသံသယရဲ့အကျိုးကို တရားဥပဒေအရ တရားခံသာလျှင် ခံစားခွင့် ရှိပါသတဲ့။ ဆိုလိုတာက စွပ်စွဲချက် မခိုင်လုံရင် သူပြောတာသာ ယုံပေးလိုက်ဖို့ ရှိတယ် လို့ ပြောတာပါ။ သံသယဖြစ်ဖွယ်ရာ မရှိဘူး။ သူ့ကြောင့် တဘက်လူ အသက်ဆုံးရှုံးသွားရတာ သေချာတယ် လို့ အဖြေထွက်လာပြီ ဆိုပါစို့။ ပေါင်ချိန်လို ဓါးစက်ကြီး ထပြင်ခိုင်းလို့ မရသေးပါဘူး။ တရားခံမှာ အဲဒီအချိန်တုန်းက သေစေလိုသော စေတနာ (Intention to kill)၊ သေစေလိုသော ရည်ရွယ်ချက် (Motive) ရှိနေခဲ့သလားဆိုတာကို ဆက်သက်သေပြရပါသေးတယ်။ အဲဒါတွေ မရှိခဲ့ရင် လူသတ်မှုတောင်မှ လူသေမှု၊ မတော်တဆမှုအဖြစ် ပြောင်းသွားနိုင်သေးတာကိုး။ သို့သော်လည်း မကြာသေးခင်က လေယာဉ်ပျက်ကျတဲ့ကိစ္စမှာရော၊ မေ့ဆေးပေးရင်း လူနာ အသက်ဆုံးသွားတဲ့ကိစ္စမှာရော၊ အဲဒီအဆင့်တွေ တစ်ဆင့်မှ မပါလိုက်ပဲ လေသံကြား တရားနာပြီး ပုဂ္ဂလိကခံစားချက်တွေနဲ့ တဘက်သတ်စွပ်စွဲ၊ ကောက်ချက်ချ၊ ပြစ်တင် ဝေဖန်၊ ပြောဆိုတာတွေ အများကြီးမှ အများကြီး ကြားလိုက်ဖတ်လိုက်ရပါတယ်။ စောစောက ပြောခဲ့တဲ့ မေးခွန်းတွေရဲ့အဖြေကို မသိပဲနဲ့ စွပ်စွဲထားတဲ့သူတွေမှာ အပြစ်မရှိဘူးလို့လည်း ဘုရားသခင်ကိုတိုင်တည်ရုံနဲ့ သက်သေပြလို့ မရပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီအခြေအနေအထိ ရောက်လာရင်တော့ စွပ်စွဲခံရသူဘက်ကလည်း မဖြစ်မနေ ဖြေရှင်းလိုက်တာ ကောင်းပါတယ်။ တရားမျှတတဲ့ အဆုံးအဖြတ်တစ်ခုထွက်လာရင်တော့ နှစ်ဘက်စလုံးက စောဒကမတက်တော့ပဲ လက်ခံလိုက်၊ ပြီးခဲ့တဲ့အဖြစ်တွေကို မေ့ပစ်လိုက်။ အဲဒါအကောင်းဆုံး နိဂုံးပါပဲ။
         လက်တွေ့ဘ၀မှာတော့ အဆိုးဆုံး အဆုံးသတ်တွေ မကြာခဏ တွေ့နေရပါတယ်။ အရပ်ထဲမှာ ခွေးရူးကိုက်လို့ စည်ပင်က အမဲတုံးပစ်တဲ့အခါ အရူးရောအကောင်းပါမကျန် ခွေးဇာတ်တုံးကုန်သလိုပါပဲ။ ကံအကြောင်းမလှလို့ တကယ်ပဲ ကျင့်ဝတ်စည်းကမ်း မစောင့်ထိန်းတဲ့ အသပြာဆရာဝန်၊ အာပလာဆရာဝန်တွေနဲ့တွေ့ပြီး ရေတိမ်နစ်ရတဲ့အတွက် အရိုးကျေကျေ အရေခန်းခန်း လက်တုန့်ပြန်တော့မယ်ဆိုရင် အခက်တွေ့ရတာက အလုပ်ထဲမှာရှိနေတဲ့ တခြားဆရာဝန်တွေအပေါ်မှာ မလိုလားအပ်တဲ့ အပိုဖိစီးမှုတွေ အဆမတန်တက်လာပြီး လက်တွေ့မှာ နစ်နာရတာက ဘာမှမဆိုင်တဲ့ တခြားလူနာပေါင်းများစွာပါ။ အရင်ဆုံးကတော့ နေ့စဉ်လည်ပတ်နေတဲ့ လုပ်ငန်းယန္တရားတွေ အကုန် ရပ်တန့်သွားတာပေါ့။ လက်ကလေးဗိုက်ပေါ်တင်ရုံနဲ့ ခွဲမယ်မခွဲဘူး ဆုံးဖြတ်လို့ရနေပေမယ့် အရေးအကြောင်းဆို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေ အထောက်အထားဖြစ်စေဖို့ ကွန်ပြူတာဓါတ်မှန်အဖြေမရမချင်း မခွဲဘူး ဖြစ်လာသတဲ့။ အဲဒါကြောင့် အမေရိကန်တွေဆီမှာ ဆေးကုစားရိတ်တွေ ကြောက်ခမန်းလိလိ တက်ကုန်တာဆိုပဲ။ ဟိုမှာက ပြဿနာမရှိဘူးလေ။ အစိုးရကပေးတာ။ ဒီမှာ အဲဒီစားရိတ် လူနာကပေးရတာ၊ ဆရာဝန်လည်း ရတာမဟုတ်။ စွန့်စားရတော့ကိုယ်က၊ ကောင်းသွားတော့ ကိုယ့်ကျေးဇူးတင်မှာလည်း မဟုတ်၊ ပြဿနာဖြစ်တော့ ကိုယ့်ခေါင်းပေါ်လာပုံတာလို့ မေ့ဆေးဆရာဝန်တွေက တွေးကုန်ရင် ကျုပ်တို့လည်း အူခေါက်တဲ့လူနာခွဲချင်ရင် ဆရာဇီဝကတုန်းကလို ရေကူးညှာတင်နည်းနဲ့ “ခုနှစ်နှစ် အိပ်နိုင်ပါမည်လော။” က စ မေးနေရမယ်။
         အာကာယံထဲ စံမြဲမြန်းလို့ကနေ လေယာဉ်ပျံအကြောင်း စလိုက်တာ အခုတော့ မေ့ဆေးမိပြီး အိပ်မက်ကမ္ဘာထဲ အကြာကြီးပါပဲကွယ် ဖြစ်သွားပြီ။ နိဂုံးမချုပ်ခင် အစဆွဲထုတ်စရာ တစ်ခုကျန်ပါသေးတယ်။ ဒီကနေ့ခေတ် သတင်းမီဒီယာတွေက သတင်းတက်တာ အင်မတန်မြန်သဗျ။ အဲဒီနေ့ နေ့လည်မရောက်ခင်မှာကို ဟဲဟိုးမှာ အဲယားပုဂံလေယာဉ်ပျက်ကျတယ်လို့ ဖေ့စ်ဘုတ်ပေါ်တက်နေပြီ။ ဘာမှမကြာဘူး။ အဲဒါ သတင်းအမှားကြီးပါလို့ ဖြေရှင်းတာတွေ တက်လာရော။ ခဏနေတော့ ပျက်ကျတာတော့မှန်တယ်။ လူအသေအပျောက် မရှိပါဘူး ဖြစ်သွားပြန်တယ်။ လေယာဉ်မယ်လေးနဲ့ အင်တာဗျူးတော့ ခရီးသည်အားလုံး ကယ်ထုတ်နိုင်ခဲ့တယ်တဲ့။ မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ထားတာပြပြီး ကလေးငယ်တစ်ယောက်ရဲ့ အလောင်း တွေ့တယ် လို့ တခါ ဖြစ်လာပြန်ရော။ နောက်တော့မှ ခရီးသည်စာရင်းနဲ့တိုက်ပြီး မနွယ်လင်းရှိန်ဆိုတဲ့ ဧည့်လမ်းညွှန်အမျိုးသမီးလေးရဲ့အလောင်းပါလို့ အတည်ပြုလာတယ်။ နောက်ရက်မှာ နိုင်ငံခြားသား ခရီးသည်တွေနဲ့ အင်တာဗျူးတဲ့အခါ အဲဒီမိန်းကလေးက ခရီးသည်တွေ အသက်ကိုကယ်တင်ဖို့ ကြိုးစားရင်း လေယာဉ်ထဲမှာ ကျန်နေခဲ့တယ်လို့ ဆိုပြန်တယ်။ ဒီအခါမှာ အာဇာနည်စန်းစန်းက နှစ်ယောက်ဖြစ်သွားတယ်။ တချို့က လေယာဉ်မယ်ကလေးရဲ့ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ပုံတွေကို အသားပေးပြီး တချို့ကတော့ ဧည့်လမ်းညွှန်မကလေးက သူ့အသက်ကို ပဓာနမထားပဲ ခရီးသည်တွေကို ကယ်တင်ပေးခဲ့ပုံကို ချီးမွှန်းခန်းဖွင့်တယ်။
          မိနစ်ပိုင်းအတွင်းမှာ ခရီးသည်တွေကို တစ်ယောက်မကျန် ဘေးလွတ်ရာပို့ဆောင်နိုင်တဲ့အတွက် ဒီခြေရာလက်ရာမျိုးဟာ တစ်ဦးကောင်းတစ်ယောက်ကောင်း လူစွမ်းကောင်းလုပ်သွားတဲ့ အကျိုးရလပ် မဟုတ်မှန်းတော့ သိသာပါတယ်။ စံနစ်တကျ လေ့ကျင့်သင်ကြားထားပေးတဲ့အတိုင်း အဖွဲ့လိုက် ကျွမ်းကျင်စွာဆောင်ရွက်သွားလို့သာ ဒီအချိန်ကလေးနဲ့ ဒီလောက်လူအများကြီး အပြင်ကိုရောက်သွားတယ်။ နို့မို့ဆို ကိုယ့်လူမျိုးတွေ အပေါက်ဝပိတ်အောင် အတင်းတိုးပုံကို သိတယ် မဟုတ်လား။ ဘယ်သူမှတောင် အပြင်ရောက်လိုက်မှာ မဟုတ်ဘူး။ “နှလုံးသားနဲ့ စစ်တာဝန်” ဇာတ်ကားထဲက ကြောက်ကြောက်နဲ့ အထဲမ၀င် အပြင်မထွက် အပေါက်ဝပိတ် ငုတ်တုတ်ထိုင်ချတဲ့ ဝေသာလီမောင်ဖုန်းကြီးလို ခရီးသည်တွေလည်း ပါဦးမှာပေါ့။ လေယာဉ်အမှုထမ်းတွေဆိုတာက ဟိုးရှေ့ကပြောခဲ့သလို risk တွေ မှန်သမျှ လျှော့ချဖို့အတွက် အရေးပေါ်အခြေအနေမှာ ဘယ်လိုထွက်ပေါက်ပေးရတယ် ဆိုတာ အကြိမ်ကြိမ် အခါခါ လေ့ကျင့်ထားပြီးသားပါ။ ခရီးစဉ်တိုင်းမှာ လေယာဉ်မယ်ကလေးတွေက အသက်ကယ်ဝတ်စုံကလေးတွေ ၀တ်ပြတာ။ ပြေးလမ်းဘယ်လိုရှာရမလဲ။ အရေးပေါ်တံခါးပေါက် ဘယ်မှာရှိသလဲ ပြပေးတာဟာ သူတို့ရဲ့ လှတပတ ရုပ်ရည်ကလေးတွေကို ပြပြီး နမ်းမလားမောင်ရဲ့ မွှေးတယ်ရှင် လုပ်ဖို့မှ မဟုတ်တာ။ လုပ်ငန်းသဘောသဘာဝကိုက ကော်ဖီတိုက်ရုံ၊ သကြားလုံးဝေရုံ ခန့်ထားတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့လည်း အဲဒီဘက်မှာ ကျွမ်းကျင်ရာ လိမ္မာတဲ့သဘောရှိတယ်။ ခရီးသည်တွေ အားလုံးကုန်မှ လေယာဉ်ပေါ်ကဆင်းခဲ့ပါတယ် ဆိုတာ လိမ်ပြောတာတော့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ခရီးသည်တစ်ယောက် အသက်ဆုံးခဲ့ရတာကလည်း အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။
         ဧည့်လမ်းညွှန်ကလေးမလေးက ဧည့်သည်တွေကို ဦးစားပေးပြီး ထွက်ပေါက်ပေးတယ်ဆိုတာလည်း သူ့အသက်မွေးဝမ်းကျောင်းအရကို ကျင့်သားရပြီးသား အနေအထားပါ။ အရေးကြုံလာလို့ ဧည့်သည်ကိုပစ်ပြီး ကိုယ်လွတ်ရုန်းပြေးတယ်ဆိုတဲ့ ဂိုက်က မြန်မာတွေထဲမှာ တော်တော်ရှားပါလိမ့်မယ်။ အတက်အဆင်း လှေကားထစ်ကလေးတွေမှာတောင် “Watch your step.” “Mind your head.” နဲ့ ခလုပ်မထိ ဆူးမညိအောင် စောင့်ရှောက်နေကြတာ လေယာဉ်ပျံကြီး မီးလောင်ကာနီးမှ အတင်းလုပြီး ကျော်ခွတက်စရာ အကြောင်း မရှိပါဘူး။ ဒါကြောင့်မို့ အဲဒီကလေးမကလေးကိုလည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေရှေ့မှာ မြန်မာ့သတ္တိနဲ့ အနစ်နာခံမှုကို ပြလိုက်နိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီကလေးမလေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပို့ပေးပြီး စာတစ်ပုဒ်ရေးပါဦးလို့ တိုက်တွန်းလာတဲ့အခါ (ဒါကတော့ သူလည်း ဖတ်ချင်လို့ ဖြစ်ပါလိမ့်မယ်) ကိုယ့်ဘက်က အဖြေတစ်ခု ပြတ်ပြတ်သားသား ထွက်လာတဲ့အထိတော့ စောင့်ကြည့်ချင်ပါသေးတယ်။ ကလောင်ကျွံသွားရင် စကားကျွံတာထက် ဆိုးတယ်လေ။ ကိုယ်ကလည်းသတင်းထောက် မဟုတ်တဲ့အတွက် အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ မလိုဘူး ထင်တာပဲ။ အချက်အလက် အဖြစ်အပျက်ထက်စာရင် အတွေးအမြင် ခံစားချက်တစ်ခုခု ရလာတဲ့အထိ ခေါင်းထဲကို Data input လုပ်ရတာပေါ့။
        ပုလဲကုံးကလေးများသီသလို အစပျိုးထားတဲ့ ပြစ်တင်ဝေဖန် စွပ်စွဲပြောဆိုမှုတွေကို ပြန်ကောက်လိုက်ပါဦးမယ်။  ကိုယ်ကိုယ်တိုင်ပါမသွားတဲ့ လေယာဉ်ကြီးကိစ္စမှာ မနွယ်လင်းရှိန်ကို အာဇာနည်မွှန်းပြီး လေယာဉ်အဖွဲ့သားတွေ တာဝန်မကျေဘူး။  လေယာဉ်မှူးကြီး အဲဒီညက မူးလိုက်တာ ဒေါင်ချာစိုင်းနေတယ်။ ဆိုတဲ့ မှတ်ချက်မျိုးကို သဘောမတူပါဘူး။ အလားတူပဲ လေယာဉ်မယ်တွေက အကုန်လုံးရအောင် ကယ်ထုတ်တဲ့အချိန်မှာ သူက ကြောက်လွန်းလို့ သတိလစ်ပြီး ကျန်ခဲ့တာနေမှာပေါ့ ဆိုတဲ့ ထင်ကြေးမျိုးကိုလည်း လက်မခံနိုင်ပါဘူး။ (ခုန်အချမှာ ဘီးကြားထဲကျသွားလို့ ဦးခေါင်းကို ဒဏ်ရာရသွားတာ လို့ အတည်မပြုနိုင်သေးတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။) ဒီအခါမှာ ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ Dustin Hoffman ရဲ့ “Hero” ဆိုတဲ့ ရုပ်ရှင်ကားကလေးကို ပြေးသတိရမိပါတယ်။ လေယာဉ်ပျံပျက်ကြတဲ့အချိန်မှာ မဆီမဆိုင် ခရီးသည်တွေကို ဘေးလွတ်ရာကယ်ထုတ်ပေးပြီး ကိုယ့်အိမ်ကိုယ်ပြန်သွားတဲ့ ကားသမားလေးဟာ စင်ဒရဲလားပုံပြင်ထဲကလို ဘိနပ်ကလေးတစ်ရံတော့ အဲဒီမှာ ကျန်ခဲ့သတဲ့။ ခုံဘိနပ်ကို တော်တဲ့သူ တွေ့အောင်ကြိုးစားတဲ့အခါ တကယ်မဟုတ်ပဲ ရောင်တော်ပြန်နဲ့ရောလွှတ်တဲ့ ကယ်တင်ရှင်အတုကြီးက မီဒီယာတွေမှာ ဟိုးဟိုးကြော်တဲ့ သူရဲကောင်းကြီးဖြစ်လာပြီး ဆုငွေဒေါ်လာသန်းပေါင်းများစွာနဲ့ ဇာတ်လိုက်ကြီးဖြစ်လာတဲ့အခါ အဲဒီဘိနပ် အမှားတစ်ရံကနေ အမှန်တရားဖြစ်ဖို့ ပြန်ကြိုးစားရတဲ့ ဇာတ်လမ်းကလေးပါ။ ဇာတ်သိမ်းခန်းရောက်လို့ နောက်တစ်ခါသွားကယ်ဖို့ ကြုံလာတဲ့အခါမှာတော့ သူ့သားလေးကို စိတ်ချရအောင် မှာထားခဲ့တယ်။ “ငါ့ဘိနပ်ကို သေချာကြည့်ထားဦး။” တဲ့။
          ကိုယ့်ဆီကအဖြစ်အပျက်မှာတော့ ကယ်တင်ရှင်ဆိုတာ တစ်ယောက်တည်းရှိရမယ် လို့ ဘယ်သူကများ ကန့်သတ်သွားတယ် မသိပါဘူး။ တကယ်ဆို နှစ်ယောက်လုံးတောင် ကမယ်မထင်ဘူး။ အားလုံးပါတယ်။ ခရီးသည်တွေ စည်းကမ်းတကျ နဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာလို့လည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကယ်လို့ရတဲ့အထဲမှာ တစ်ယောက်လျော့နေတဲ့အတွက် လူတိုင်းလူတိုင်း ယူကြုံးမရ ခံစားကြရမှာချည့်ပဲ။ ဒါကြောင့်မို့လို့ ဒီကလေးမလေးဟာ သူ့အသက်ကိုမငဲ့ပဲ ခရီးသည်တွေကို ဦးစားပေးရင်း ရေတိမ်နစ်ခဲ့ရရှာတယ် ဆိုတဲ့အထိကို ချွင်းချက်မရှိ လက်ခံတယ်။ ဒီလိုဖြစ်ရတာ ဘယ်သူဘယ်ဝါ တာဝန်မကျေလို့ ဆိုတာကတော့ သက်သေရှိမှ လက်ခံနိုင်မယ်။ အဲဒီလို သက်သေပြတဲ့အခါ သံသယဖြစ်ဖွယ်ရှိလာရင်လည်း သံသယ၏အကျိုးကို စွပ်စွဲခံရသူကိုသာ ခံစားထိုက်တယ်။ သက်သေခိုင်လုံတယ်ဆိုတာတောင် အသေခံဗုံးခွဲတိုက်ခိုက်တာမျိုး မဟုတ်တဲ့အတွက် ဘယ်သူ့မှာမှ သေစေလိုသောဆန္ဒဆိုတာ မရှိဘူး။ မတော်တဆမှုတစ်ခုသာဖြစ်တယ်။ မေ့ဆေးဆရာဝန်များနဲ့ ပတ်သက်တဲ့ကိစ္စမှာလည်း အတူတူပဲ။
        ဒီတခါတော့လေ သည်ကောင်ကလေးကို အရွဲ့တိုက်တယ်လို့ ဆိုပါမည် ဖြစ်ဦးမယ်။ ဒီစကားကိုကြားရတဲ့အခါ မောင်စံဖားကလေးတော့ သူတို့ဆရာဝန်တွေဘက်က ပင်းပြန်ပြီ။ ဦးတေဇကြီးဘက်က လာဘ်စားထားလိုက်ပြန်ပြီ။ စသည်ဖြင့် တွေးကောင်းတွေးမယ်ဗျ။ အဲသလိုရင် ဆက်တွေးကြည့်လိုက်ပါဦးဗျာ။ အခုပြောသွားတဲ့ တရားချစကားတွေဟာ ဘယ်သူတွေကို နှလုံးစိတ်ဝမ်း ငြိမ်းချမ်းသွားစေသလဲဆိုတာ။ အဓိကကတော့ အသက်ဆုံးရှုံးသူရဲ့ ကျန်ရစ်သူမိသားစုအတွက် ပြေရာပြေကြောင်း၊ သောကဗျာပါဒတွေအပေါ်မှာ ဒေါသ၊ ဒေါမနဿမီးတွေ ဆက်မလောင်ပဲ ငြိမ်းရာငြိမ်းကြောင်းကိုသာ ရည်ရွယ်ပါတယ်။ “ကလျာဏံဝါ ကောင်းသည်လည်းဖြစ်သော၊ ပါပကံဝါ မကောင်းသည်လည်းဖြစ်သော၊ ယံကမ္မံ အကြင်ကံကို ကရိသာမိ ပြုငြားအံ့။ တဿကမ္မဿ ထိုကောင်းမှု မကောင်းမှုကံ၏၊ ဒါယာဒေါ ကောင်းမွေဆိုးမွေခံသည်၊ ဘ၀ိဿတိ ဖြစ်ရချေ၏။” တဲ့။ အဲဒါ ဘုရားဟော ဖြစ်ပါတယ်ဗျာ။ အကုသိုလ်အမှုရဲ့ အတုံအလှည့်ဆိုတာ လွတ်ရိုးထုံးစံ မရှိပါဘူး။ သူများပြုတဲ့အကုသိုလ်အပေါ်မှာ ကိုယ်က လိုက်လောင်မြိုက်နေရင် မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ရမှာစိုးလို့ ရွှေပြည်အေးတရားဟောပါတယ်နော်။ သေဆုံးသွားသူတွေလည်း ကောင်းရာသုဂတိလားပါစေ။ ကိုယ့်အလှည့်ကျတော့လည်း လားရာဂတိမြဲပါစေသားပေါ့။ နောက်တခါ ကောင်းကင်ထက်မှာ ဝေဇယန္တာနတ်ရထားကြီးနဲ့ လာဆုံကြရင်တော့ တာ့တာပြပြီး ဖလိုင်းကစ်စ်ပေးလိုက်မယ်။ မွ။ မွ။

No comments: