Saturday, May 4, 2013

ထီးခီး ရင်ခုန်သံ

ထီးခီး ရင်ခုန်သံ

မကြာခင်ရက်ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း(၂)ခုဖြစ်တဲ့မောတောင်နဲ့ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုဖွင့်လှစ်တော့မှာပါ။ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေကိုအားဖြည့်လုပ်ဆောင်နေကြတာကိုလည်းကြားသိမြင်တွေ့နေရပါတယ်။တကယ်တော့ ထိုင်း - မြန်မာ နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်း (၃)ခု ဖွင့်နိုင်ဖို့
လျာထားတာပါ။ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ဘုရားသုံးဆူရယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း မြိတ်ခရိုင်မှာရှိတဲ့ မောတောင်၊ထားဝယ်ခရိုင်မှာရှိတဲ့ ထီးခီးစခန်းတွေဖြစ်ပါတယ်။ခု လတ်တလောမှာ ဘရူးနိုင်းမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး
မှာထိုင်းဝန်ကြီးချုပ်နဲ့မြန်မာသမ္မတတို့တွေ့ဆုံခဲ့မှုအပြီးမောတောင်နဲ့ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွေဖွင့်ဖို့ ဖြစ်လာတာပါ။ဒါဟာတိုက်ဆိုင်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။တကယ်တော့ ဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်ဖို့ရည်ရွယ်နေတာတော့ကြာပါပြီ။ မောတောင် ဆိုရင် တစ်ကျော့ပြန်ဖွင့်ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းပါ။မောတောင်အိပ်မက်တွေနဲ့ ဆက်နွယ်ပြီး ၊မြိတ်မှာအပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတောင် ပြင်သစ်ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ခဲ့တာအမှတ်ရပါသေးတယ်။နောက်တော့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးလည်းတိတ်ဆိတ်။ငါးလှေတွေလည်း မြန်မာ့ရေပိုင်နက်ကနေ ထိုင်းနိုင်ငံ ၊ရနောင်းဆိပ်ကမ်းဘက်သွားမြဲတိုင်းသွား။ဒီလိုအခြေအနေမှာ မောတောင်အိပ်မက်က ပြန်လည်ရှင်သန်လာတာသတိပြုမိပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်က ထီးခီးစခန်းဆိုရင်လည်း ထားဝယ်မှာ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့အကောင်အထည်ဖော်နေတဲ့ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ဆက်စပ်ကာ ထားဝယ် -ကန်ချနဘူရီ -ဘန်ကောက် အဝေးပြေးလမ်းစီမံကိန်း
လမ်းပေါ်မှာ အဓိကဖြစ်လာနိုင်တဲ့ ၀င်ပေါက်တစ်ခုပါ။အရင်ကတော့ KNU တွေလွှမ်းမိုးမှုရှိခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ထီးခီးကိုနယ်စပ်ဝင်ပေါက်တစ်ခုအပြင် ကုန်သွယ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်လာဖို့ နှစ်နိုင်ငံအစိုးရတွေက အိပ်မက်
မက်ထားကြပေမယ့်အဲဒီအိပ်မက်ကိုထိုင်းဘက်ကပိုမက်ဟန်တူပါတယ်။စီမံခန့်ခွဲမှုနဲ့လုပ်ကိုင်နိုင်စွမ်းတွေအရ ထိုင်းဘက်ကအကောင်အထည်ဖော်မှုတွေမှာ ပိုမိုခရီးရောက်နေဟန်ရှိပြီး ၊ ဒီဘက်တော့ မီးစင်ကြည့်ကနေရတဲ့အခြေအနေမျိုးပါ။နယ်စပ်ကိုအခေါက်ခေါက်အခါခါရောက်နေတဲ့မိတ်ဆွေတစ်ဦးရဲ့ ပြောပြချက်အရဆိုရင်..ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းသာဖွင့်လိုက်
ထိုင်းဘက်ကနေကုန်ကားတွေအချိန်မရွေးဝင်လာနိုင်တဲ့အခြေအနေမျိုးပါလို့တောင်သိရပါတယ်။ထိုင်းဘက်ကသာဒီလိုအဆင်သင့်ဖြစ် ၀င်လာနိုင်ပေမယ့် မြန်မာဘက်ကတော့ ခုချိန်ထိသေသေချာချာပြင်ဆင်ထားပုံတော့မရသေးပါဘူး။ဒေသခံစီးပွားရေး
သမားတွေအနေနဲ့လည်းငါတို့ဒေသမှာနယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်နိုင်ပြီကွ..လို့ဂုဏ်ယူစိတ်လေးထားမိနိုင်တာကလွဲလို့တစ်ဖက်နိုင်ငံပို့နိုင်တဲ့ ကုန်ပစ္စည်းတွေအတွက် ဘယ်လောက်ထိများပြင်ဆင်ထားနိုင်ပြီလဲဆိုတာကလည်း စဉ်းစားဆင်ခြင်စရာ
မေးခွန်းတစ်ခုပါ။ဖွင့်ပွဲပြီးရင် ပွဲပြီးမီးသေဖြစ်သွားနိုင်သလားဆိုတာကို အချို့စီးပွားရေသမားတွေက ရင်လေးနေကြပါတယ်။တကယ်က ထီးခီးဒေသမှာ နယ်စပ်ကုန်သွယ်ရေးအတွက် လိုအပ်တဲ့အခြေခံအဆောက်အဦတွေပြီးပြည့်စုံခြင်းတော့မရှိသေးပါဘူး။တစ်ချို့အဆောက်အဦတွေဆို ဖုတ်ပူမီးတိုက်လုပ်ကိုင်ဆောင်ရွက်နေကြဆဲပါ။ဒါကြောင့်လည်း မကြာခင်ဖွင့်လှစ်မယ့်
နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို မောတောင်ကတော့ Grand Opening ၊ ထီးခီး ကတော့ soft opening ဆိုပြီး ပြောနေကြဟန်တူပါတယ်။ထီးခီးနယ်စပ်တရားဝင် မဖွင့်လှစ်မီမှာကို အကျိုးအမြတ်ရနေတာက ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။
ITDကဖောက်လုပ်ထားတဲ့လမ်းတွေမှာသူတို့ယာဉ်တန်းတွေပဲအများဆုံးအသုံးပြုဖြတ်သန်းနိုင်ခဲ့ကြသလို မော်တော်ဆိုင်ကယ်ကအစ အသီးအနှံ ဟင်းသီးဟင်းရွက်အဆုံး ထားဝယ်ဈေးကွက်ထဲကို ထိုင်းကုန်ပစ္စည်းတွေရောက်လာတာပါပဲ။ဒေသခံတွေရဲ့ပြောကြားချက်အရဆိုရင် ထိုင်းဘက်က ဈေးကားတွေဟာ ထားဝယ်မြို့နယ် ၊မေတ္တာ ၊တောင်သုံးလုံး ၊ပကာရီတွေအထိ ၀င်
ရောက်လာတာကြောင့်ဒေသခံဆိုင်ကယ်နဲ့ဈေးရောင်းသူတွေနစ်နာမှုတွေရှိခဲ့တယ်လိုသိရပါတယ်။နောက်ပြီး ခရီးသွားလုပ်ငန်းတိုးတက်လာဖို့ရှိတယ်ဆိုတဲ့အိပ်မက်တွေရှိနေပေမယ့် လက်ရှိသွားလာနေကြတာကတော့ ဒေသခံထားဝယ်နယ်သားတွေပဲဖြစ်ပါ
တယ်။ ထိုင်းခရီးသွားဆိုတာမတွေ့ရသေးပါဘူး။ဒီဘက်ကသွားကြတယ်ဆိုတာကလည်း ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာရှိတဲ့မြဘုရားကို ဦးတည်သွားကြတာများပါတယ်။ခရီးသွားတွေ လောလောဆယ်သွားလာကြတယ်ဆိုဦးတော့.ဒီထီးခီးဘက်မှာတည်းခိုစရာဘာမှမရှိသေးတာဟာလည်း အစကနဦးကတည်းက မြန်မာတွေခံလိုက်ရတဲ့ အခြေအနေဖြစ်နေပါပြီ။ခရီးသွားအား
လုံးက ထိုင်းဘက်မှာတည်းခိုဖို့ချည်းရည်ရွယ်ထားတာကြောင့်ပါ။ယုတ်စွအဆုံး ဖွင့်ပွဲလုပ်ရင်တောင် ထိုင်းဘက်မှာတည်းကြမလားမြန်မာဘက်မှာတည်းကြမလား ဆိုတာကိုက ဈေးဦးပေါက်စဉ်းစားစရာကိစ္စတစ်ခုပါ။ဒါကြောင့်မို့..မကြာမီဖွင့်လှစ်တော့မယ့်
ထီးခီးနယ်စပ်ကုန်သွယ်ရေးအခင်းအကျင်းဟာ ထိုင်းနဲ့မြန်မာ ဘယ်သူအသာစီးရနိုင်မလဲဆိုတာ အဖြေသိပြီးသား မေးခွန်းတစ်ခုဖြစ်ပြီး ၊ထားဝယ်ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်နေတဲ့ ITDကပဲကြားထဲကနေအမြတ်ထွက်သွားနိုင်မလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။တကယ်တော့ ထီးခီးနယ်စပ်ကုန်သွယ်ရေးဟာ လမစေ့မီမွေးဖွားလိုက်ရတဲ့အဖြစ်မျိုး၊
သန္ဒေသားလျှောရတဲ့အဖြစ်မျိုး၊အခင်းအကျင်းမျိုးမဖြစ်ဖို့အရေးကြီးနေပြီးလစ်ဟာချက်တွေကိုဘယ်လိုဖြည့်ဆည်းနိုင်မလဲဆိုတာရယ်၊ဗျူဟာကျကျဘယ်လိုစီမံခန့်ခွဲပြီးအခင်းအကျင်းသစ်တစ်ခုကိုအိုင်ကျူမြင့်တဲ့ဒေသခံစီးပွားရေသမားတွေကဘယ်လိုတုံ့ပြန်နိုင်ကြမလဲဆိုတာတော့Game တစ်ခုအနေနဲ့စောင့်ကြည့်နေရမှာဖြစ်ကြောင်းပါ။

ဖိုးဇော်(ထားဝယ်)
၎ မေ ၂၀၁၃
(ပုံမှာ - နယ်စပ်စခန်းအစပျိုးစဉ်က… ထီးခီးနယ်စပ်တစ်နေရာ)

No comments: