ခုတစ်လောကျွန်တော်ဟာအဲဒီလိုစာနာတတ်သူတွေအကြောင်းကိုပိုဖတ်ချင်စိတ်ရှိနေပါတယ်။
အထူးသဖြင့်မနက်ခင်း
လမ်းလျှောက် ကအပြန် ဈေးထဲဝင်မိချိန်မှာဒီစိတ်ဆန္ဒဟာ အလိုလိုပေါ်လာတတ်ပါတယ်။
ကျွန်တော်ကဈေးကို
တစ်ပတ်သုံးရက်လောက်အနည်းဆုံးရောက်နေရသူပါ။နှစ်ရက်စာထက်ပိုမဝယ်တာမို့
ဒီလောက် ရက်စိပ်စိပ်ဈေး သွားရတယ်ဆိုပါစို့။ သင်္ကြန်အကြိုနေ့ မနက်ခင်း ၂
ရက်၊ ၃ ရက်လောက်တုန်းက ကျွန်တော် ဈေးသွားတယ်။ အဲဒီနေ့က သိသိသာ သာ
ထူးခြားတာက ခရမ်းချဉ်သီးဈေးနှုန်းခင်ဗျာ့။
ခရမ်းချဉ်သီးကတော့ဈေးနှစ်ခါသွားရင် တစ်ခါတော့ဝယ်ရမြဲမို့
သူ့ဈေးကိုအလိုလို သိနေပါတယ်။ တစ်ပိဿာ ၇ဝဝ၊ ၈ဝဝ ပေါ့။ ဒါပေမယ့်
အကြိုနေ့မတိုင်ခင် ၂ ရက်၊ ၃ ရက်ဈေးရောက်တော့ ခရမ်းချဉ်သီး ၅ဝ သားကို ၁ဝဝဝ
ပေးခဲ့ရပါတယ်။ မဝယ်မဖြစ်လို့သာ ဝယ်လိုက်ရပေမယ့် တော်တော်တော့အောင့်သက်သက်
ဖြစ်သွားတာပေါ့။
အိမ်ရောက်လို့ချက်ပြုတ်ပြီးနေ့လယ်စာ
စားကြတော့ ကျွန်တော်က ထမင်းဝိုင်းမှာ ''ခရမ်းချဉ်သီးကတော့ တစ်ပိဿာ ၂ဝဝဝ
ဖြစ်သွား ပြီ'' လို့ ပြောပြ လိုက်တဲ့အခါ စားသောက်ကုန်ဈေး နှုန်းများနဲ့
အလှမ်းဝေးတဲ့ သား ငယ်ကတောင် ''ဗျာ- တစ်ပိဿာ ၂ဝဝဝ ဟုတ်လားလို့'' အံ့သြသွား
ပုံနဲ့ မေးလိုက်ပါတယ်။
ဟော- ဒီနေ့ကတော့ အကြိုနေ့ခင်ဗျ။ ၂ ရက်၊ ၃
ရက် စာလောက် ဝယ်ထားချင်လို့ ဈေး ထဲ ဆင်းလာခဲ့ပါတယ်။ ခရမ်းချဉ် သီးက
ကျွန်တော်တို့အိမ်မှာ အသုံး များလို့ အများအားဖြင့် ၅ဝ သား လောက်တော့
ဝယ်တာများပါ တယ်။ ခုလည်း အသင့်အတင့် ရွေးပြီး ချိန်ခိုင်းလိုက်ပါတယ်။
''ဘယ်နှဆယ်သားချိန်ရမလဲဦး''
''အရှိပေါ့ကွယ်'' ဈေးသည်က အလေး ချိန်ပြီး ''၅ဝ သား ဦး'' ''အေး- ဘယ်လောက်
ကျသလဲကွယ့်'' ''ထောင့်နှစ်ရာနဲ့ ငါးဆယ်ဦး''
ကျွန်တော်အတော်လေးကြောင်သွားပါတယ်။ ဝယ်နေကျဆိုင်မို့ ဆိုင်ရှင်အပေါ်
တစ်စိုးတစ်စိလေးမှ မယုံသင်္ကာတော့ မဖြစ်မိပါဘူး။ ဒါပေမယ့် အထွန့်လေးတော့
တက်လိုက်မိတယ်။ ''သိပ်များတယ်နော်'' ''ဟုတ်တယ် ဦး၊ သင်္ကြန် တွင်းဆို
ဒီလိုပဲ။ ဈေးက တက်တာ ပဲ''
ဒီအချိန်မှာပဲ
ကျွန်တော့်နဲ့ဘေးချင်းယှဉ်ရပ်ပြီး အမျိုးသမီးတစ်ယောက်က ခရမ်းချဉ်သီးဗန်းထဲက
ခရမ်းချဉ်သီး ၃ လုံးရွေးပြီး ဆိုင်ရှင်ကို ''ရော့ညီမ၊
၂ဝဝဖိုးလောက်ရောင်းပေးပါ'' လို့ပြောလိုက်တော့ ''အစ်မရေ ၂ဝဝ ဖိုး
ရောင်းလို့မရဘူး။ လက်လီဆိုရင် တစ်ဆယ်သားကို ၃ဝဝ အစ်မရဲ့''
လို့ပြောပြလိုက်တော့ဝယ်သူခမျာရွေးထားတဲ့ ခရမ်းချဉ်သီးလေးသုံးလုံးကို
ဗန်းထဲပြန်ထည့်လိုက်ပြီး ထွက်သွားပါတော့ တယ်။
ဟုတ်ကဲ့။ ခုလို
အခြေခံစားကုန်တွေနိုင်ငံခြားကမှာယူတင်သွင်းရတာမဟုတ်ပါဘဲ
ခုလောက်အထိဈေးတွေကြီးနေတာ ဘာကြောင့်ပါ လဲ။ စားသောက်ကုန်ဆိုင်ရာ
တာဝန်ရှိသူတွေကရော ခုလို စားသုံးသူတွေဘက်က
မတန်တဆပေးဝယ်စားနေရတဲ့အဖြစ်တွေကို သိပါ သလား။
သိရင်လျော်ကန်တဲ့နှုန်းထားမျိုးအထိကျဆင်းသွားအောင် ဘာတွေလုပ်နေပါသလဲ။
ဒါမှမဟုတ် ဘာမှမလုပ်ကြ ဘူးလား ။ ရှေးတုန်းက
ဘုရင်တချို့လိုရုပ်ဖျက်ကွင်းဆင်းဖို့ မလိုအပ် သော်လည်း ပြည်သူလူထုရဲ့
စားဝတ်နေရေးပြဿနာဆိုင်ရာ မမှန် ကန်၊ မသင့်လျော်တဲ့ ဖြစ်ရပ်မျိုး တွေကိုတော့
မဖြစ်မနေသိအောင်လုပ်ပြီး အနေအထားတွေ ပုံမှန် ပြန် အမြန်ဆုံးရောက်အောင် တာ
ဝန်သိသိတာဝန်ရှိရှိ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။
ဒီလိုမှမဟုတ်ဘဲစားပွဲမှာထိုင်ပြီးသဘောတရားရေးသက်သက်တွေသာပြော
နေကြမယ်ဆိုရင်တော့ ပြည် သူအများစုဟာ ကြီးမြင့်တဲ့ ကုန်ဈေးနှုန်းဝဲဂယက်ထဲက ရုန်းထွက်နိုင်ကြတော့မှာ မဟုတ်ပါဘူး။
တိုင်းပြည်တိုင်းမှာ
အခြေခံလူတန်းစားဟာအများစုဖြစ်ပါတယ်။ အများစုရဲ့ နေထိုင်စားသောက်မှု
စားရိတ်တွေသက်သာမှ ဒီအများစုရဲ့ ဘဝတွေ အဆင်ပြေချောမွေ့မှာပါ။ ဟုတ်ကဲ့။
သူတို့တစ်တွေရဲ့ ဘဝတွေအဆင်မပြေမချောမွေ့သေးဘူးဆိုရင်တော့ ကျွန်တော်
တို့နိုင်ငံရဲ့ အလားအလာဟာလည်း သိပ်ကောင်းနိုင်စရာမရှိနိုင်ပါဘူး။
ရသမျှလေးစားတဲ့အထဲကိုပဲ အကုန်ထည့်နေရတဲ့ အနေအထား မှာပညာရေး၊ ကျန်းမာရေးနဲ့
လူမှုရေးတွေကရော တိုးတက်လာနိုင်ပါ့မလား။ လုံးဝမတိုး တက်နိုင်ပါဘူး။
လုံးဝမတိုးတက်တဲ့ အနေ အထားတွေကိုတော့ မမြင်ချင်မှအဆုံး
မကြားချင်အဆုံးဆိုသလိုပါပဲ။
ဟောဒါလေးတွေ တင်ပြပါရစေ။
''သားရဲ့ကျူရှင်ဆရာမကလေသူ့ကျူရှင်ကိုအပ်ထားတဲ့ကျောင်းသားလေးရဲ့
မိခင်ကိုခပ်ထန် ထန်လေးပြောနေတာသမီး ကြားလိုက်ရတယ်။
'ကျွန်မကျူရှင်မှာမထားတဲ့ ဟိုကလေးရဲ့မိခင်ကိုရှင်က စာမေးပွဲမှာဒါတွေဒါတွေ
ပါနိုင် တယ်လို့ ဆရာမကပြောတယ်လို့ ဘာကြောင့်သွားဖောက် သည်ပြန်ချရတာလဲရှင်'
တဲ့ ဖေဖေရယ်''
''မင်းသမီး ၄ တန်း အောင်သွားတော့
အဲဒီမြို့လယ်ခေါင်ကအထင်ကရ အထက်တန်းကျောင်းကြီးကိုပြောင်းထားတာဘယ်လောက်
ကုန်သွားသလဲ'' ''အဆက်အသွယ်နဲ့ဝင်လို့ ခုနစ်သိန်းလောက်ပဲကုန်တယ် ဖေဖေ။
တော်သေးတာပေါ့''
ခရီးသွားလုပ်ငန်းလုပ်မယ့်
သမီးရဲ့သူငယ်ချင်းမလေး တစ်နေ့ကျွန်တော့်ဆီ အကြောင်းတစ်ခုနဲ့ရောက်လာခိုက်
စပ်မိစပ်ရာပောမိ ကြတယ်။ ''လုပ်ငန်းစရတာ အဆင်ပြေရဲ့လားသမီးရဲ့'' ''မပြေဘူး
ဘဘ၊ ငွေနဲ့ လိုက်နေရတာပဲ။ တစ်နေ့ကပဲ လုပ်ငန်းနဲ့ပတ်သက် ဆက်နွယ်နေတဲ့
ဌာနတစ်ခုကို သမီးဖုန်းဆက် အခြေအနေမေးကြည့်တော့ပြန်ပြီးပြောတယ် ဘဘရဲ့ 'ရပြီ
ရပြီ မအားရင်မလာခဲ့ နဲ့၊ ငွေသာပို့ပေးလိုက်' တဲ့''။
ကျွန်တော့်သားကြီးက အဆက်အသွယ်ကောင်းတွေကို
ရှာတတ်ပါတယ်။ သူ့အဆက်အသွယ်နဲ့ အကူအညီနဲ့အတော်ကြီးကြီးမား မားလုပ်ငန်းတွေ
ရတတ်ပါတယ်။ ဟုတ်ကဲ့၊ လုပ်ငန်းပြီးလို့ နယ်ဘက်ကအပ်ထည်တွေအတွက်
ငွေသွားရှင်းတဲ့အခါမျိုးမှာ သားကြီးက ကျွန်တော့်ခေါ်ခေါ် သွားတတ်ပါတယ်။
ရုံးချိန်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရှင်းလင်းပြီး ညဘက်တည်းခိုရာ
ဟိုတယ်ပြန် ရောက်၊ ညစာစားပြီးတဲ့အခါ - ''ဖေဖေ သား ဘဘနဲ့ အစ်မကို
သွားကန်တော့လိုက်ဦး မယ်'' လို့ပြော၊ စာအိတ်ကြီးနှစ်အိတ်ယူထွက် သွားပါ တယ်။
ဒီတော့ ကျွန်တော်က ''အေး- မင်း ကြည့်ပြီးဖေဖေ ဟိုကာတွန်းလေးအမှတ်ရမိတယ်။
စားပွဲမှာအမိန့်သား ထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးက သူ့ဘေးက စားပွဲပေါ်တင်ထားတဲ့
အထုပ်မျိုးစုံ၊ စာအိတ်မျိုးစုံကို လက်ညှိုးထိုးပြရင်း သူ့ရှေ့ကဧည့်သည်ကို
ပြောလိုက် တာက ''အဲဒါတွေက ကျုပ်တောင်းတာ မဟုတ်ဘူး၊
သူ့တို့ဘာသာသူတို့ယူလာပြီး ထားခဲ့ကြတာတွေဗျ'' တဲ့။
ဟုတ်ကဲ့။ ဒါတွေပျောက်အောင်
မလုပ်နိုင်သေးသမျှ
ကျွန်တော်တို့ရည်မှန်းထားတဲ့ပန်းတိုင်ကိုလှမ်းကိုင်နိုင်ရေး
အလွန့်အလွန်ဝေးနေ ဦးမှာ ဖြစ်ပါတယ်။
ခင်မောင်တိုး ( မိုးမိတ် ) |
Sunday, May 5, 2013
လောလောဆယ် ရှင်သန်နေသောပေါင်းပင်များ
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment