Thursday, May 2, 2013
သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၅) (၁၆)
by Ko Nyo (Notes) on Friday, April 19, 2013 at 12:31pm
သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား(၁၅)
ကျနော်တို့ တောထဲကနေ မိုးရေးမြို့ပေါ်ပြန်ရောက်လာတယ်။ ကိုကူးမားဆိုင်နောက်က မြေကွက်လပ်ကြီးမှာစတည်းချကြတယ်။ မိုးရေးမြို့က ပူတော့ ညဆိုရင် ဆိုင်နောက်က ကွက်လပ်မြေကြီးပေါ်မှာပဲ ဖျာခင်းအိပ်ကြတယ်။နေ့ခင်းလည်း ထင်ထင်ပေါ်ပေါ်အပြင်မထွက်ရဖူး။ ရဲဖမ်းမှာကြောက်လို့။ စားလည်း အဲဒီမှာ၊ အိပ်လည်းအဲဒီမှာပဲ။ လူစိမ်းတွေလာရင် ပန်ချာလှမြင့်(ကွယ်လွန်) က လာသတိပေးတယ်။ ဆိုင်ထဲက ဂိုဒေါင်ထဲခဏအောင်းနေလိုက်တယ်။
ကျနော်တို့ဟာ နှစ်ဝက်နီးပါး ဒီလူနဲ့ ဒီလူပဲမြင်နေရပြီး လူများများစားစားလည်းမတွေ့ရတော့ အူကြောင်ကြောင်တွေဖြစ်ကြတယ်။ တောထဲကနေ မိုးရေးမြို့ပေါ်ရောက်တော့ လူတွေအများကြီးကိုတွေ့ရပြီး ဟိုငေးလိုက် ဒီငေးလိုက်နဲ့ တောသားမြို့ရောက်သလို ဖြစ်နေတယ်။ ခလေးအသံကြားလည်းထူးဆန်းသလိုလို၊တမူးကကုန်သည် ဈေးသည်တွေ အမျိုးသမီးကြီးတွေ သွားလာရင်း စကားပြောနေတာကိုလည်းမဆီမဆိုင် လိုက်နားထောင်နေမိတယ်။ ဟိုလူ့လှမ်းကြည့် ဒီလူ့လှမ်းကြည့်နဲ့ အိနြေ္ဒမရဖြစ်နေတယ်။ပုဆိုးတွေ ထမီတွေနဲ့ လွတ်လွတ်လပ်လပ်သွားလာနေတဲ့ တမူးဘက်က ဗမာတွေကို ဗမာစကားတွေ ဟောင်ဖွာဟောင်ဖွာပြောနေတော့ကိုယ်လည်း သွားပြီးနှုတ်ဆက်ချင်သလိုလို၊ ရောနှောပြောချင်သလိုလို စိတ်ထဲယားကျိကျိကြီးဖြစ်နေတယ်။နှစ်အတော်ကြာ လူသူကင်းတဲ့ ကျွန်းပေါ် သောင်တင်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးရဲ့ ဘ၀ကိုဘာမဆိုင်ညာမဆိုင် သွားပြီးစာနာနေမိသေးတယ်။  ကျောင်းလုံခြည်စိမ်းလေးဝတ်ထားပြီးရေခဲချောင်းပုံးကိုယ်စီလွယ်ရင်း မင်းဘယ်လောက်ရောင်းရတယ်၊ ငါဘယ်လောက်ရောင်းကောင်းတယ်နဲ့ငြင်းခုံစကားပြောနေတဲ့ ၁၀နှစ်အရွယ် ခလေးတွေကို မြင်တော့ သူတို့နဲ့ စကားအရမ်းပြောချင်တယ်။သူတို့ကိုကြည့်ပြီး အားရပါးရပြုံးပြမိတယ်။ ရင်ထဲမှာ အရမ်းသနားနေတယ်။ သူတို့ကို စာသင်းခန်းနဲ့ကစားကွင်းတွေကလွဲလို့ ရေခဲပုံးတွေ၊ တောင်းပလုံးတွေ၊လင်ဗန်းတွေနဲ့ မပတ်သက်စေချင်ဖူး။ကျနော်တို့တောထဲကနေ မိုးရေးမြို့ကိုရောက်တော့ ဒါန်အိုး ဒါန်ခွက်နဲ့ အိန္ဒိယစောင်တွေပုဆိုးတွေ ရောင်းတဲ့ ကိုကူးမားဆိုင်ခန်းတဖက်က အခန်းကျဉ်းလေးထဲ ခဏခိုနေခဲ့ဖူးတယ်။ အခန်းနံရံအပေါက်ကလေးကနေလမ်းမပေါ်မှာ ဖြတ်သွားဖြတ်လာနဲ့ ကိုယ့်နိုင်ငံသားဈေးသည်တွေကို ချေင်းကြည့်နေမိတယ်။သူတို့အချင်းချင်း ပြောသွားတဲ့ ဗမာစကားသံတွေကို စိတ်ပါလက်ပါ ခိုးနားထောင်နေမိတယ်။ အဲဒီအချိန်ကကျနော်တို့ဟာ တဘက်နိုင်ငံမှာ တရားမ၀င်တဲ့၊ အိမ်ရှင်နိုင်ငံက လက်မခံလို့ မောင်းနှင်ထုတ်ခံထားရတဲ့လူတွေဖြစ်နေတယ်။ ခိုးကြောင်ခိုးဝှက်နေရသလို၊ ဘယ်သူမှနဲ့ နှုတ်မဆက်ရဲဖူး၊ ဗမာလိုလည်းမပြောရဲဖူး။ကျနော်တို့ဟာ ကိုယ့်ဗမာလူမျိုးတွေအချင်းချင်းကို နံရံအပေါက်သေးသေးလေးက ချောင်းကြည့်ပြီးချစ်နေကြတယ်။ ကိုယ့်ဗမာအချင်းချင်း ရဲရဲအတွေ့မခံရဲဖူး။ မမြင်ကွယ်ရာက ခိုးကြည့်ပြီးငါတို့ပြည်သူတွေပါလားဆိုတဲ့ မျိုးချစ်စိတ်နဲ့ အချစ်ကြီး ချစ်နေမိတယ်။ သူများနိုင်ငံမှာလအတန်ကြာနေလိုက်ရတော့ ကိုယ့်လူမျိုးအပေါ် သိတ်ပြီးမေတ္တာထားနေမိတာမျိုး။ အဲဒီခံစားမှုမျိုးအဲဒီတုံးက ပထမဆုံးရလိုက်တာပဲ။ အဲဒီတုံးက ကျနော်တို့ အဖြစ်ဟာ အင်မတန်မှသဘာဝမကျတဲ့ ဟာသကြီးလိုပါပဲ။မလွတ်မလပ်နေထိုင်နေတဲ့ လူတွေက မဆိုစလောက်လေးလွတ်လပ်နေကြတဲ့ ကိုယ့်ပြည်သူတွေကို ကယ်တင်ပြီးလွတ်လပ်ရေးအတွက်လှုပ်ရှားနေကြတဲ့ဘ၀ပါ။ခါးမသန်ပေမဲ့ မာန်ကြီးတဲ့ခါချဉ်ကောင်တွေပါ။
ကျနော်တို့အားလုံး တောထဲကနေ အရင်ဆုံး မိုးရေး ရဲစခန်းဝင်ကြတယ်။ မိုးရေးက ဆရာမန်းတို့ကိုကူးမားတို့က ရဲစခန်းကို ဘာပြောထားလဲတော့မသိဖူး။ အမှန်တော့ အဲဒီတုံးက ကျနော်တို့ဟာဗမာပြည်က အခုမှထွက်လာတဲ့ ပြည်ပြေးကျောင်းသားတွေပုံစံနဲ့ တကြော့ပြန်ပြီး ရဲစခန်းကိုဝင်တာဖြစ်တယ်။ ပုံမှားရိုက်ဝင်တာဖြစ်တယ်။ အဲဒီအချိန်က မဏိပူရ အာဏာပိုင်တွေကလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အကြပ်ရိုက်နေတယ်။ တကယ်တန်းဆို အိန္ဒိယအာဏာပိုင်တွေက မြန်မာပြည်က ဒုက္ခသည်တွေကိုတရားဝင် ဒုက္ခသည်စခန်းဖွင့်ပြီးလက်ခံနေပါပြီလို့ ကမ္ဘာသိကြေငြာထားတာဖြစ်တယ်။ ၆လလောက်မှာစခန်းကလူတွေ မကြေမနပ်ဆန္ဒပြလို့ နောက်ဆုံး စခန်းကနေမောင်းနှင်ထုတ်လိုက်ရတဲ့အထိဖြစ်ကုန်တော့မဏိပူရအာဏာပိုင်တွေဟာ အကြံအိုက်ခဲ့ရတယ်။ ဒုက္ခသည်တွေကို လက်ခံရတာလည်း ဘာမှကြိုတင်ပြင်ဆင်လုပ်ဆောင်တာမျိုးမရှိဖူး။တခြားအိမ်နီးချင်းနိုင်ငံတွေက(ဥပမာ ဘင်္ဂလား၊ဒေခ်ျ့၊နီပေါ၊ သီရိလင်္ကာက ဒုက္ခသည်ဆိုတာက သဘာဝဘေးဒါဏ်တွေစစ်ပွဲနဲ့ လူမျိုးရေး၊ ဘာသာရေး နိုင်ငံရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ခလေးသူငယ်နဲ့အမျိုးသမီးတွေ၊ မိသားစုတွေ အလုံးအရင်းနဲ့ ခိုလှုံကြတာမျိုး။ စားနပ်ရိက္ခာနဲ့ အ၀တ်အထည်ခိုစရာ နဲ့ အန္တရာယ်ကင်းရင် လုံလောက်တယ်။ အခုကျနော်တို့လို ဒုက္ခသည်က သာမန်စစ်ပြေးဒုက္ခသည်တွေလိုမဟုတ်ဖူး။တိုင်းပြည်လွတ်လပ်ရေးအတွက်ထွက်လာသူတွေ။ လာတဲ့ လူတွေကလည်း ကျောင်းသားလူငယ်တွေကများများ။ငတ်လို့လာတာ၊ သေမှာကြောက်လို့လာတာ မဟုတ်ကြ။ ဓားဓားချင်း၊သေနပ်သေနပ်ချင်း ယှဉ်ပြိုင်တိုက်ဖို့အကူအညီလာတောင်းတာဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်ကိုသွားပြီး စစ်ပညာသင်ဖို့ထွက်သွားကြတဲ့ရဲဘော်သုံးကျိတ် လို ဒုတိယကမ္ဘာစစ်က သမိုင်းကို ပြန်ပြီးအိပ်မက်မက်ကြတာဖြစ်တယ်။ တောင့်တကြတာဖြစ်တယ်။ဒါပေမဲ့ နိုင်ငံရေးအသိမရှိ၊ ပြည်ပနိုင်ငံရေး ဗဟုသုတလည်းမရှိတဲ့ ကျနော်တို့ဟာ စစ်အေးခေတ်ထဲကနိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲတွေကို သတိမမူမိခဲ့ဖူး။ ဟိုတုံးကခြေရာအတိုင်းတထပ်တည်းဖြစ်လာမယ်လို့ မျော်လင့်ခဲ့ကြတယ်။ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်၊လွတ်လပ်ရေးရပြီးစ ရောင်စုံသူပုံထကြွစဉ်မှာဝန်ကြီးချုပ် ဦးနအစိုးရကိုလက်နက်တွေထောက်ပံ့ခဲ့တာစိတ်ကူးယဉ်ပြီး အိန္ဒိယကို အထင်ကြီးခဲ့ကြတယ်။ သမိုင်းဖြစ်ရပ်ဟာ ခတ်ဆင်ဆင်တူပေမဲ့ တထပ်တည်းမကျဖူးဆိုတာကျနော်တို့ မတွက်ချက်နိုင်ခဲ့ဖူး။
             မိုးရေးရဲအရာရှိတွေကို ကျနော်တို့ဗမာပြည်ကအသစ်ရောက်လာတဲ့ ကျောင်းသားတွေအသွင် ပုံမှားရိုက်နိုင်ခဲ့ပါတယ်။ အရွယ်တူ၊ ပုံစံတူ အသွေးအရောင်တူတွေမို့သူတို့လည်း ဘယ်မှတ်မိနိုင်မလဲ။ ပြီးတော့ ကျနော်တို့လူဟောင်းတွေချည်းမဟုတ်ဖူး။ အစောကတည်းကရောက်နေတဲ့လူသစ်တယောက်စ နှစ်ယောက်စလည်း ညှပ်ပါလာသေးတယ်။ ဒီလိုနဲ့ ဗမာပြည်ထဲလည်း မ၀င်ချင်၊တခြားနေရာလည်းသွားဖို့မရှိတဲ့ ကျနော်တို့ အုပ်စု အယောက်၂၀ လောက် မူလဒုက္ခသည်စခန်းထဲကိုပဲပြန်အောင်းဖို့ လမ်းကြောင်းပဲ ရွေးလိုက်ရတယ်။ ဒီလိုရွေးဖြစ်အောင်လည်း ဆရာမန်း(ဒေါက်တာမန်းမြင့်ဆိုင်)ကအားပေးတယ်။ သူခေါင်းဆောင်မယ်။ စခန်းကို စိတ်သစ်လူသစ်ပြန်တည်ဆောက်မယ်။ သူ့ခေါင်းဆောင်မှုအောက်မနေလိုသူတွေ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ အိန္ဒိယက ရုပ်ဝတ္တုပိုင်း အထောက်အပံ့ရအောင်ကျိုးစားမယ်။မြန်မာပြည်လွတ်မြောက်ရေးအတွက် ကျနော်တို့ ပြည်ပကနေ ဆက်လုပ်ဖို့လိုအပ်တယ်။ ဒီလိုနဲ့မဏိပူရစခန်းမှာမနေလိုတဲ့ ကိုမြင့်ဆန်း၊ ကိုကျော်သန်းနဲ့ ကိုမြင့်အေး တို့အဖွဲ့တွေကတော့မီဇိုရမ်နယ်စပ်ဘက်ခရီးဆက်သွားပါတယ်။ မီဇိုရမ်နယ်ဘက်မှာလည်း မြန်မာကျောင်းသားစခန်းရှိပြီးစားဝတ်နေရေးပြဿနာတော့မရှိဖူး၊ အဲဒီဘက်မှာ ပိုပြီးလွတ်လပ်သလို ပြင်ပအဖွဲ့အစည်းနဲ့ အိန္ဒိယအာဏာပိုင်တွေကိုဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း ပိုရနိုင်တယ်လို့ တွက်ချက်ခဲ့သူတွေလည်းဖြစ်တယ်။
   တကယ်လည်း မီဇိုရမ်နယ် ကျန်ဖိုင်းမြို့မှာအိန္ဒိယအာဏာပိုင်တွေက ဒုက္ခသည်စခန်းတခုဖွင့်ထားပြီး မဏိပူရထက် အတော်လေးလွတ်လပ်တယ်။ ကျန်ဖိုင်းစခန်းကဆောက်လက်စ အကျဉ်းထောင် အသစ်ကြီးကို (အကျဉ်းသားမရှိ) ဒုက္ခသည်စခန်းအဖြစ် နေထိုင်ခွင့်ပေးထားတာပါ။ရန်ကုန်၊မုံရွာ ကလေးမြို့နယ်က ကျောင်းသားလူငယ် တွေအပြင် ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေအများအပြားလည်းပူးပေါင်းနေထိုင်တယ်။စခန်းကအကျဉ်းထောင်ဖြစ်ပြီး နံရံမြင့်ကြီးတွေနဲ့ လုံခြုံပေမဲ့ မဏိပူရလို ၂၄နာရီ သေနပ်ကိုင်အစောင့်နဲ့အကျဉ်းသားတွေလိုနေရတာမဟုတ်ဖူး။  လွတ်လပ်တယ်။အပြင်ထွက်လို့ရတယ်။ အပြင်ထွက် အလုပ်လုပ်နေသူတွေလည်းရှိတယ်။ ချင်းအမျိုးသားတပ်ဦး(CNF) ဆိုတာ အဲဒီကျန်ဖိုင်းစခန်းကနေ သနေတည်သွားတာပဲ။ အပြင်ထွက် အလုပ်လုပ်ကြ၊ ရုံပုံငွေရှာဖွေစုဆောင်းကြနဲ့နောက်ပိုင်း ကချင်ပြည်နယ် ကေအိုင်အေ ဆီက စစ်သင်တန်းတွေတက်ပြီး ချင်းလက်နက်ကိုင်တပ်ထောင်ခဲ့တာပဲ။သူတို့ထဲက တပ်မှုးတယောက် ပြန်ပြောပြတာကတော့ သူတို့လည်း စားဝတ်နေရေး ဒုက္ခတွေနဲ့ ကြုံခဲ့ပြီးဆင်းဆင်းရဲရဲနဲ့ KIA ကချင်တပ်ကနေ လေ့ကျင့်သင်ကြားခဲ့ရတယ်လို့ပြောတယ်။ အဲဒီချင်းတပ်ဗိုလ်ကြီးဆလိုင်းမန်လျှာန်း ပြောတာက “ ကျနော်တို့ ဘင်္ဂလားနယ်စပ်မှာ စခန်းတခုစထောင်တယ်။ ၁၉၈၉မှာCNA ချင်းအမျိုးသားတပ်မတော်ထောင်တယ်။ သေနပ်မလုံလောက်ဖူး၊ ၀ါးချွန်ကိုင်ပြီးတညလုံးကင်းစောင့်ရတယ်။၁၉၉၃ ကျမှ ချင်းပြည်နယ်ထဲပြန်ခြေချနိုင်တာ၊ ပြည်သူတွေဆီကထောက်ပံ့ငွေနဲ့စားသောက်ရတယ်။ကုန်သည်တွေဆီက ၅ရာခိုင်နှုံး အခွန်ကောက်ပြီး တော်လှန်ရေးလုပ်ခဲ့ရတယ်။ ခေတ်မှီလက်နက်ဆိုတာလည်းမရှိပါဖူး၊ ရန်သူ့လက်နက် ကိုယ့်လက်နက်မူနဲ့ နယ်စပ်က ရဲစခန်းတွေ၊ တပ်စခန်းတွေကို ပြောက်ကျားတိုက်ပြီးလက်နက်စုရတာပါ” လို့ ပြောခဲ့ဖူးတယ်။ တကယ်တမ်းဆို ကျနော်တို့ တတွေဟာ တိုင်းရင်းသားတွေလောက်တော်လှန်ရေးလုပ်တာ လက်တွေ့မကျဖူးလို့ သုံးသပ်ရင် မမှားပါဖူး။
        ကျန်ဖိုင်းဒုက္ခသည်စခန်း လည်းနောက်ပိုင်းမှာ ဖရိုဖရဲတွေဖြစ်ကုန်တာပဲ။ တချို့လည်း စခန်းထဲဝင်လိုက်၊ ပြည်တွင်းပြန်ဝင်လိုက်၊ပြန်ထွက်လာလိုက်၊ တချို့လည်း အပြင်ထွက် အလုပ်ကလေးဘာလေးရှာလုပ်ရင်း ရပ်တည်ကြတယ်။ မီဇိုရမ်ပြည်နယ်မှာကမြန်မာနိုင်ငံသား ချင်းလူမျိုးတွေ၊ လူရှိုင်းလူမျိုးတွေအများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာပိုပြီးများလာတယ်။ ၀ပ်ရှော့လုပ်ငန်း၊ဈေးရောင်း၊ ကုန်သည်၊ ဓာတ်ပုံဆိုင်၊ တီးဝိုင်းနဲ့တေးသံသွင်း၊စတူဒီယိုလုပ်ငန်း၊အပြင် ၀န်ထမ်းတွေ၊ အားကစားသမားတွေ၊ စီးပွားရေးသမားတွေအများကြီး နေကြတယ်။
          ကျနော်တို့တတွေလည်း စိတ်ဓာတ်ကပြင်းထန်ကြပေမဲ့ကိုမျော်မှန်းထားတဲ့ ရေခံမြေခံမျိုး မဟုတ်လေတော့ သစ်ရွက်တွေလို ဟိုလွင့်ဒီလွင့်နဲ့ပေါ့။နောက်ဆုံးတော့ လေထန်ကုန်းဒုက္ခသည်ဘူတာကိုပဲ ပြန်ရောက်လာပါတယ်။ ကျနော်တို့ရောက်တော့ စခန်းမှာမျက်နှာစိမ်းတချို့ကိုတွေ့ရတယ်။ ကိုသံဒုတ်(မဲဆောက်-အလုပ်သမားသွေးစည်းညီညွတ်ရေး)နဲ့ကိုသံခဲ(ABSDF)တို့ညီအကိုရယ် သံလျှင်လူ့ဘောင်သစ်အဖွဲ့က ကိုမျိုးကြီးတို့ အဖွဲ့တွေကိုတွေ့ရတယ်။ စခန်းကလူတွေပြန်ပြောလို့ကျနော်တို့ကိုနယ်စပ်ပို့နေစဉ် သူတို့အခြေအနေတချို့ပြန်သိရတယ်။ စခန်းမှာ ကျန်ရစ်သူတွေက ပြန်ပို့ခံရသူတွေနဲ့လည်းအဆက်ပြတ်နေပြီးနောက်ပိုင်းမှ အခြေအနေမကောင်းမှန်းသိရတယ်။ သူတို့လည်း သပိတ်မှောက်တဲ့အနေနဲ့ဘားတိုက်ထဲပြန်မ၀င်ဖူး။ မီးဖိုချောင်က သွပ်ပြားတွေကာပြီး မိုးထဲလေထဲအပြင်မှာပဲ နေကြတယ်။လေပြင်းတွေတိုက်တဲ့တနေ့ သွပ်ပြားတွေလွင့်စင်ပြီး ကိုကျော်ကြီး(ကျောက်မဲ) နောက်စေ့ကိုသွပ်ပြားမှန်ပြီးဒါဏ်ရာအကြီးအကျယ်ရခဲ့တယ်။ နောက်တော့ လူသစ်တွေလည်းဝင်လာတော့ သပိတ်လှန်ပြီး ဘားတိုက်ထဲပြန်နေတယ်။
      ဒုက္ခသည်စခန်းမှာ လူ ၄၀-၅၀လောက်ပဲရှိတော့တယ်။အစားအသောက်ပြဿနာတွေမရှိပေမဲ့ ၀ိဥာဉ်ပျောက်နေသလိုပဲ၊ ခြောက်ကပ်ကပ်နဲ့။ ဆရာမန်းကတော့မိုးရေးကနေ စာပုံမှန်ရေးပို့ပြီး အားပေးနေတယ်။ ကျနော်တို့ရောက်ပြီး သိတ်မကြာခင် ကိုမျိုးကြီးတို့သံလျှင်အဖွဲ့တွေပြည်တော်ပြန်ဝင်သွားတယ်။ သူတို့မျော်လင့်တဲ့ လိုချင်တဲ့အရာလည်း ဒီနေရာမှာမရှိဘူးလေ။
      ထူးခြားတာတခုက ကျနော်တို့ရောက်ပြီးတလလောက်အကြာ မူလဘားတိုက်ရဲ့ အနောက်ဖက် တောင်ကုန်းမှာ စခန်းအသစ်တခုပြန်ဆောက်တယ်။ နေ့စဉ်မြေညှိ၊ သစ်မြစ်ခုတ် ပြီး မဏိပူရစစ်သားတွေနဲ့အတူ စခန်းနေရာသစ်ကို ပြန်ဆောက်တယ်။ မကြာခင်မှာကျနော်တို့အဲဒီသွပ်မိုး ထရံကာ ဘားတိုက်ကြီးကိုရွှေ့လိုက်ကြတယ်။ အဲဒီဘားတိုက်မရွှေ့ခင်မိုးရေးကလူကြုံနဲ့ ဆရာထူးဆီက စာတစောင်ကျနော့ဆီရောက်လာတယ်။ ဆရာထူးက ကျနော်တို့ တောထဲမှာနေစဉ်တုံးကမိုးရေးကနေ ညီညီလွင်(မန္တလေး)နဲ့အတူ တောထဲလာပြီးအတူနေကြသေးတယ်။ ဆရာ့ကျန်းမာရေးက သိတ်မကောင်းဖူးအဆစ်အမြစ်တွေကိုက်ခဲတတ်တယ်။ ဆရာဦးရွှေထူးရေးလိုက်တဲ့ စာထဲမှာ “ မောင်ညို..ငါတော့ဒီမှာခြေကုန်ပြီလို့ယူဆတယ်။ မကြာခင်အထဲပြန်ဝင်မယ်။ မင်းကိုယ့်ဖာသာ ဆုံးဖြတ်ပြီး ငါနဲ့ပြန်လိုက်ချင်ရင်မိုးရေးကိုလိုက်လာခဲ့။ငါစောင့်မယ်။ အကြောင်းပြန်ပါ” လို့ရေးထားတယ်။ တပည့်ရင်းတယောက်ဖြစ်သလိုအတူလာခဲ့သူမို့ ဆရာက ကျနော့ကို ချန်မထားချင်ဖူး။ ဒါပေမဲ့ ကျနော်ကလည်း ပြည်တော်မပြန်ချင်ဖူး။တခုခုတော့ ဖြစ်အောင်လုပ်ချင်နေတယ်။ ဒါပေမဲ့ ဆန္ဒပဲရှိတာ၊ လက်တွေ့ကျကျ မျော်လင့်နိုင်တာကမရှိဖူး။ဆရာထူးကို ကျနော် ပြန်မလိုက်ချင်ဘူးလို့ စာရေးအကြောင်းကြားလိုက်တယ်။ ဆရာထူး ကျနော့ကိုရေးပို့တဲ့စာလေးမှာကဗျာတိုလေးတခုပါ ရေးထဲ့ပေးသေးတယ်။ ခေါင်းစဉ်တော့တပ်မထားဖူး။ ကဗျာလေးကတော့…။
         “ ရဲခေါင်မြောက်ဟု၊ ဟိန်းဟောက်သံပ
           ကြွေးကြော်ပြပြီး၊
           ဓားသွားလှံဖျား၊ ဝေးရံရှား၍၊
           တောကြားမြိုင်ဂျောက်၊ ပြေးကွယ်ပျောက်သည်၊
          ဘယ်လောက်ဈေးလဲ၊ တော်လှန်ရေး”
ဆရာထူးရဲ့ ကဗျာဟာ ကျနော်တို့အားလုံးရဲ့ နားရွက်တံတွေးဆွတ်လှောင်ပြောင်လိုက်သလိုပဲ။ရင်းနှီးသူတချို့ကို ဆရာ့ကဗျာပေးဖတ်တယ်။ ကြိုက်သူတွေရှိသလို၊ အောက်သက်သက်ခံစားရသူတွေလည်းရှိတယ်။ကဗျာကတော်လှန်ရေးဟာ ဘေးရန်ကင်းတဲ့ တောထဲမှာ မရှိဖူး၊ အန္တရာယ်နဲ့နီးတဲ့ မြို့ပေါ်မှာလည်း တော်လှန်ရဲသူအတွက်တိုက်ပွဲရှိတယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတယ်။ မြေအောက်တော်လှန်ရေးကို လုပ်ဖို့ ပြည်တော်ဝင်ရမယ်ဆိုတဲ့အယူအဆရှိတဲ့ ဆရာထူးဟာ သူယုံကြည်တဲ့အတိုင်း မန္တလေး မစိုးရိမ်တိုက်ထဲ ခိုပြီး ကျောင်းသားတွေကိုကချင်မြောက်ပိုင်းဘက် ဆက်သွယ်ပို့ပေးတယ်။ မြောက်ပိုင်းမှာ လုပ်ကြံခံလို့ကျဆုံးသွားတဲ့မန္တလေးက ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားလူငယ်တွေဟာ ဆရာထူးနဲ့ ဆက်စပ်ပြီးအလုပ်အတူလုပ်ခဲ့သူတွေဖြစ်တယ်။ဆရာထူးရဲ့ မြေအောက်လှုပ်ရှားမှုဟာ ထိရောက်တယ်လို့ဆိုရမယ်။ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ရေဒီယိုမိန့်ခွန်းတွေမှာ ဆရာထူးနဲ့အဖွဲ့တွေ မန္တလေး သံဃာ့တော်တွေ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်လှုပ်ရှားမှုတွေနဲ့  အမျိုးသားညီလာခံဆန့်ကျင်ရေးကိစ္စတွေလုပ်နေတဲ့အကြောင်းပါလာတယ်။ နောက်ပိုင်းမှာတော့ ကျနော့ဆရာ ဦးရွှေထူးလည်း အဖမ်းခံလိုက်ရတယ်လို့ သတင်းပြန်ကြားတယ်။ကျနော့်ဆရာ အတွက်  သိတ်ကိုစိတ်ပူခဲ့ရတယ်။
ကိုညို
သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၆)
by Ko Nyo (Notes) on Thursday, May 2, 2013 at 7:20pm
သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား(၁၆)
“ဒိုင်း..ဒိုင်း..ဒိုင်း. ဒက်ဒက်ဒက်..ဒက်ဒက်ဒက်”
“ထုန်း.ထုန်း..ထုန်း.ဒိုင်း ဒိုင်းဒိုင်း..ဒိုင်း”
အဆက်မပြတ်..ပစ်ခတ်နေတဲ့ အသံတွေကမဏိပူရဒုက္ခသည်စခန်းသစ် နောက်ကျောက နို့နှစ်လုံးတောင်ကြောတခုလုံးကိုပဲ့သင်ရိုက်ပြီး တတောလုံးဆူညံနေတယ်။ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဟာ သိတ်ကိုပြင်းထန်တယ်။ပစ်ခတ်သံတွေ တော်တော်ကြာလာတော့ ထင်းရူးပင်အကွယ်က ကိုရဲမြင့်စိုးထွက်လာပြီး  သူ့ရဲ့ သေနပ်ကို လက်နှစ်ဘက်နဲ့ စုံကိုင်  ဗိုက်မှာထောက်ရင်းသတ္တိပြောင်ပြောင်နဲ့ အသေခံ ရှေ့တက်လာတယ်။
တောင်ကမူနောက်ကွယ်က စူးစူးဝါးဝါး အသံပေးပြီး သဲကြီးမဲကြီး ပစ်ခတ်နေတဲ့ ကိုလေးပွက(သူ့နာမည်ရင်းရဲမင်းသိန်းကို  တင်အောင်နီရဲ့ ပြာလောင် ကာတွန်းထဲကဇာတ်ကောင်ကိုလေးပွ ဆံပင်နဲ့ပုံစံနဲ့တူလို့ ကိုလေးပွလို့ပဲခေါ်တယ်) ရန်သူကို ဘာမထီတဲ့ဟန်နဲ့အသေခံပြီး  ကျူးကျော်လာတဲ့ ရဲမြင့်စိုးကို သေနပ်နဲ့သေချာချိန်ပြီးအားရပါးရပစ်ထဲ့လိုက်တယ်။ “ဒိုင်းညှောင့်”
ကိုလေးပွ ကျီဆံလွဲချော်သွားလားမသိ၊ ရဲမြင့်စိုး လုံးဝမဖြုံ၊ ပြိုလဲမကျ။ ရင်ကိုကော့ပြီးရှေ့ကို တလှမ်းချင်း တိုးထွက်လာတယ်။ သူ့လိုပဲ နောက်ထပ် ရန်သူတွေတောင် ထင်းရူးပင်နောက်ကွယ်ကတယောက်ပြီးတယောက်ထပ်ထွက်လာတယ်။
“ ကျား..ကျား..လှံစွပ်တပ်..ချီတက်..ကျား..ကျား..” “ပစ်..ပစ်”  “ဒိုင်းညှောင့်..မအေးညျွန့်..”
ကိုလေးပွ မကြေမနပ်တွေဖြစ်နြေတယ်၊ “ ကိုရဲ..သေလေဗျာ..ကျုပ်ပစ်တာ အပိုင်တွေချည်းပဲ၊ကျီဆံမှန်ပြီး တကိုယ်လုံး ဇကာပေါက်ဖြစ်နေပြီ”  “ဘာကြောင့်သေရမှာလဲ..မင်းသေနပ်က ကျီဆံမှ မထွက်တာ”..
“၀ါးဟားဟားဟား”  ပွဲပျက်သွားပြီ။ ကိုလေးပွကိုအားလုံးဝိုင်းဟားကြတယ်။ တကယ်လည်း သေနပ်ကျီဆံက မထွက်။ သေနပ်တွေကလည်း သစ်သားသေနပ်။ သေနပ်သံတွေကလည်းပါးစပ်က ထွက်နေတာ။ ငယ်ငယ်တုံးက စစ်တိုက်တန်းကစားသလိုမျိုး။ သေနပ် အတု၊ သေနပ်သံအတု ဆိုပေမဲ့စစ်ဆင်ရေးကတော့ တကယ့် စစ်ဆင်ရေးပုံစံ၊ တကယ့်တိုက်ပွဲပုံစံ၊ တကယ့်ခြုံခိုတိုက်ပွဲ လေ့ကျင့်ခန်းအတိုင်းပြောက်ကျားစစ်ဆင်နည်းတွေ လေ့ကျင့်သင်ကြားရတာဖြစ်တယ်။ ပြောက်ကျားစစ်လေ့ကျင့်ဖို့ တောင်ကုန်းတွေ၊ကြိုတန်း၊ဘားတမ်း ၀ပ်ကျင်းတွေနဲ့။
နယ်စပ်ကို ပြန်ပို့ခံရတဲ့နောက် ကျနော်တို့ စခန်းကိုပြန်ဝင်လာပြီး ဆရာမန်းရဲ့အစီအစဉ်နဲ့ တပ်ဖွဲ့တွေပြန်ဖွဲ့တယ်။ စစ်ရေးလေ့ကျင့်ခမ်းတွေပြန်လုပ်တယ်။ ကျနော်တို့လည်းအရင်လို ဆေးရုံဟောင်းရှိရာ စခန်းဟောင်း လေထန်ကုန်းကနေ နို့နှစ်လုံးတောင်ခြေ(မိမိတို့ဖာသာနာမည်ပေးထားတာ) နားက တောင်ကုန်းကြီးကို ရှင်းလင်းခုတ်ထွင်ပြီး သွပ်မိုး ၀ါးထရံကာ စခန်းကြီး၂ခု မှာ ပြောင်းရွှေ့ကြတယ်။ ပိုလွတ်လပ်သလို အစောင့်လည်း မတင်းကြပ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ရေချိုးနိုင်တယ်။ အပြင်လည်းထွက်လည်နိုင်တယ်၊ အဆောင်ဒေါင့်မှာမဏိပူရ စစ်သားအစောင့် ကင်းတဲတော့ ရှိတယ်။ ညနေပိုင်း လူစစ်ပြီး စာရင်းပေးရုံပဲ။ လူဦးရေစာရင်းမပြည့်ရင်လည်း (တချို့ ပြန်သွားရင်) ပြဿနာမရှိဖူး။ အရင်လို ရိက္ခာပြဿနာမရှိဖူး၊စခန်းကို တခါတလေ ရောက်လာတတ်တဲ့ မဏိပူရ လူမှုအဖွဲ့အစည်းတချို့က စောင်၊ ခြင်ထောင် နဲ့လေခေါင်းအုံးတွေ ဝေငှပေးတတ်တယ်။ ခြင်ထောင်မလိုသူတွေက ခြင်ထောင်ရောင်းပြီး မုန့်ဖိုးရှာတယ်။စခန်းရဲ့ တောင်ကုန်းအောက်မှာ ကသဲရွာလေးရှိတယ်။ လဘက်ရေဆိုင်လေးလည်းရှိတယ်။ သူတို့ဖျော်တဲ့လဘက်ရေကသောက်လို့လည်းမကောင်းပေမဲ့ ဆိုင်မှာထိုင်ပြီး အာရိုက်နေလို့ရတယ်။ နို့မပါ၊ ချက်နို့ဆီမပါ၊ကရဝေးရွက်နဲ့ လဘက်ခြောက်ပြုတ်ထားတဲ့ နှပ်ရည်ကျဲကျဲထဲ သကြားနည်းနည်းထဲ့မွှေ သောက်ရတဲ့ကျငမ်း လို့ခေါ်တဲ့ မဏိပူရ လဘက်ရေပါ။ နေ့လည်ခင်း စစ်ရေးလေ့ကျင့်ခန်း  မရှိရင် ထင်းရှုးတွေ တန်းစီပေါက်နေတဲ့ တောင်ကုန်းပေါ်ကမြေနီလမ်းလေးအတိုင်း တောင်အောက်ဆင်းပြီး ချောင်းထဲဆင်းတယ်။ ခြင်ထောင်ဟောင်းတွေကို ငါးဖမ်းပိုက်လိုအသုံးချပြီး ချောင်းထဲဆင်း ပုဇွန်ဆိတ်နဲ့ ငါးဖမ်းတယ်၊  ဂဏန်းကျင်းနှိုက်တယ်။ တခါတလေ ငါးမျှားကြတယ်။ ငါးမရလည်းရေချိုးပြန်ပေါ့။ တခါတလေ ကျနော်တို့တတွေ ထင်းခုတ်ရင်း တောလည်ကြတယ်။  ကျနော်တို့ အနီးအနားက မဏိပူရတောင်ကုန်းတွေဟာ သိတ်ပြီးထူထဲထဲနက်တာတော့မဟုတ်ဖူး။ဗမာပြည်လို စားစရာအပင်သိတ်မပေါဖူး။ ပေါက်တာက ထင်းရှုးနဲ့ စကပ်ပင်တွေများတယ်။ စကပ်ပင်တွေကလူကြီးလက်မောင်း၊ ခြေတလုံး လောက်ပဲတုတ်တာမို့ ခုတ်လှဲခွဲခြမ်းပြီး ထင်းအဖြစ်သုံးတယ်။ထင်းခုတ်သွားရင်း ဇီးဖြူသီး တို့ ကုန်းသဖန်း သီးတွေတွေ့ရင်လည်း ခူးလာတာပေါ့။ တောထဲမှာစားစရာကသိတ်များများစားစားမရှိပါဖူး၊ ကျနော်ကတော့ တောထဲသွားတိုင်း အောက်ကို ဟိုဟိုဒီဒီလိုက်ကြည့်ရင်း တုတ်တချောင်းနဲ့မြွေ တွေ့လိုတွေ့ငြား လိုက်ကြည့်နေတာပဲ။ မဏိပူရ စစ်သားတွေကျနော်တို့မြွေစားတတ်မှန်းသိလို့ မြွေရိုက်ပြီး လာပေးတတ်တယ်။ မြွေကိုခေါင်းဖြတ် အရေခွံကိုဆွဲခွါလိုက်ပြီးဆားနနွင်း နယ်ပြီး မီးကင်စားရတဲ့ အရသာကကောင်းတယ်။ ငါးရှဉ့်တောင်စားသေးတာပဲလေ၊ သိတ်မထူးပါဖူး။မဏိပူရွာသားတချို့ကလည်း တောထဲမှာ ထင်းရှုးပင်တွေ တရားမ၀င်ခုတ်လှဲပြီး ထင်းရှုးနှစ်သားတွေကိုရောင်းတတ်တာကြောင့် ကျနော်တို့ကိုလည်း မဏိပူရ တပ်ရင်းမှုးက  ထင်းရှုးပင်တွေမခုတ်ဖို့သတိပေးထားတယ်။ ကျနော်တို့လည်းသူတို့စည်းကမ်းလိုက်နာပါတယ်။ အဲ..ကိုယ့်နိုင်ငံမဟုတ်လို့လားမသိဘူး၊ ကိုယ့်တောတောင်တွေလိုကြောက်ရွံ့လေးစားမှုတော့မရှိဖူး။ ရီစရာလိုလိုနဲ့ တွေးစရာတခု ပြောအုံးမယ်။ ကျနော်တို့ဗမာပြည်တောထဲတောင်ထဲမှာဆို အပေါ့အပါး နဲ့ အခင်းကြီးစွန့်မယ်ဆို တောစောင့်နတ် တောင်စောင့်နတ်ဆိုတာကိုလေးစားသမှုနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပါးစပ်က “ ကန်တော့..ကန့်တော့” တို့ “ မအောင်းမအီးနိုင်လို့စွန့်မိတာကို တောစောင့်နတ် တောင်စောင့်နတ်မင်းတို့ ခွင့်လွှတ်ပါ” လို့ တောင်းပန် ခွင့်တောင်းတတ်တဲ့အကျင့်က ပါပြီးသား။ မဏိပူရ တောထဲမှာ အစောပိုင်းကတော့ ဗမာပြည် အကျင့်အတိုင်း “ကန်တော့..ကန်တော့”လုပ်မိသေးတယ်။ နောက်ပိုင်းကြတော့လည်း ဟာ..ဒါကိုယ့်နိုင်ငံမှ မဟုတ်တာ တောစောင့်နတ်လည်းရှိချင်မှ ရှိမှာ၊ ရှိလည်း ဒီကနတ်တွေ ဗမာစကားနားလည်မှာမှ မဟုတ်တာ ဆိုပြီး ဘာမှ ခွင့်မတောင်းတော့ဖူး၊အပင်ကြီးကြီးအောက်လည်း ပန်းထည့်လိုက်တာပဲ။ တကယ်တော့ ကိုယ့်ရေမြေ တောတောင်ကိုပဲ ကိုယ်က တန်ဘိုးထားတတ်တာပါ။ သူများရေမြေတောတောင်ဆိုတာကိုယ်ချစ်ခင် တွယ်တာရမဲ့အရာလည်း မဟုတ်တော့ ကိုယ်နဲ့ မဆိုင်ဖူးလို့ စိတ်ထဲထင်နေတယ်။ကျနော်တို့ အိမ်နီးချင်းနိုင်ငံ တွေက ကျနော့်တို့တောတောင် သစ်ပင်တွေကို အလေးမမူ တန်ဘိုးမထားခံစားမှုကင်းကင်းနဲ့  အမြစ်ပါမကျန် စိတ်ကြိုက်ထင်သလိုတူးဆွခုတ်လှဲနေတာကို မြင်ရကြားရတော့ ဒေါသထွက်ရတယ်။ တကယ်တော့ သူများပိုင်ဆိုင်တာပဲဖြစ်ဖြစ်သူ့နိုင်ငံပဲဖြစ်ဖြစ် သူ့မြေပဲဖြစ်ဖြစ် တန်ဘိုးထား လေးစားရမဲ့ အရာတွေကို လျှစ်လျှူရှုပစ်ပယ်တာမျိုးက လုံးဝ မလုပ်ကောင်းတဲ့အရာပဲလေ။
မနက်စောစော ချမ်းချမ်းစီးစီးမို့အားလုံးစောင်ခြုံထဲကွေးနေပေမဲ့ ကျနော်ကတော့ စောစောထ ရေဒီယို ဖွင့် သတင်း နားထောင်ရတယ်။ကျနော်က သီချင်းလေးတွေဝါသနာပါတော့ AIR ရေဒီယိုကလွှင့်တဲ့ သီချင်းတွေကို အသံကူးထားတယ်။ဆောင်းတွင်းဆို၊ ဆောင်းနဲ့ပတ်သက်တဲ့သီချင်းတွေချည်းပဲဆက်တိုက်စီပြီးသွင်းထားတာ။ ဥပမာဆောင်းရယ်နှင်းရယ်ကိုယ့်ချစ်သူရယ်၊ ဆောင်းကတ္တီပါ၊ ဒီဆောင်းဟေမာန်၊ မဲဇာမြိုင်ခြေ စသဖြစ်ပေါ့၊စောစောထပြီး သီချင်းလေးတိုးတိုးဖွင့်ပေးထားရင် ရဲဘော်တွေအားလုံး ကွေးပြီးဇိမ်ခံနားထောင်တတ်ကြတယ်။ ကျနော်သီချင်းဖွင့်ပြီး မနက်၆နာရီဆို အိပ်ဆောင်ထဲကို ကသဲစစ်သားတယောက် ၀ီဇီမှုတ်ပြီး အမြဲဝင်လာတတ်တယ်။ ပါးစပ်ကလည်း“ အကိုတို့ ငါ့ညီမယူပါ၊ အကိုတို့ ငါ့ညီမယူပါ” နဲ့ အော်နေတတ်တယ်။ ၀ီဇီသံစူးစူးကြောင့်အိပ်မရတော့ အားလုံးထရတယ်။ပြုံးစိပြုံးစိတွေနဲ့ “ အေး..ယူပါ့မယ်ဟ ယူပါ့မယ်ဟ” နဲ့ သံယောင်လိုက်ရတယ်။အမှန်တော့ အဲဒီကသဲ ပြောချင်တာက “ အားလုံး ထကြပါ၊ အားလုံးထကြပါ” ဆိုတဲ့စကားပါ။ ကျနော်တို့ထဲကဘယ်သူမှန်းမသိ ဗရုတ်ကျပြီး ပေါက်ကရ ဘာသာပြန် သင်ပေးလိုက်တော့ ဘာမှ မသိရှာတဲ့ ကိုရွှေကသဲမနက်တိုင်း သူ့ညီမနဲ့ လူတကာ လိုက်ပေးစားသလို ဖြစ်သွားတာပေါ့။
 ကျနော်တို့ မနက်အိပ်ရာထတာနဲ့ ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုသင်တန်းမှုး ကိုညီညီလွင် ရဲ့ ဦးဆောင်မှုနဲ့လုပ်ကြတယ်။ မဏိပူရကို ကျနော်တို့ စရောက်ခါစကတည်းက ကိုညီညီလွင်ကပဲ အခြေခံစစ်ပညာနဲ့ ကာယလေ့ကျင့်ခန်းတွေကို သင်ကြားပေးတာဖြစ်တယ်။သူက တက္ကသိုလ် အရံတပ်(UTC) မှာ တက်ရောက်သင်ကြားခဲ့တော့ စနစ်တကျ သင်ပေးနိုင်တယ်။ မနက်လဘက်ရေသောက် ထမင်းကျော်စားပြီးရင် စစ်ရေးလေ့ကျင့်ခန်းတွေလုပ်တယ်။ တန်းစီ၊ ဘယ်ညာညှိ၊တန်းညှိ၊ဘယ်ကွေ့ ညာကွေ့ အနှေးလျှောက် အမြန်လျှောက်နဲ့ အမိန့်နာခံမှုတွေ၊ ပစ် ထောက်မှောက်လှိမ့်မိကျောင်းတွား၊ အတက် အဆုတ် စတဲ့ အခြေခံစစ်ပညာတွေကို လပေါင်းမြားစွာ ထပ်ခါထပ်ခါ သင်ခဲ့ရလို့လူတော်တော်များများက စိတ်ညစ်နေပြီ။ နောက်ပိုင်း သေနပ်ကိုင်လေ့ကျင့်မယ်ဆိုတော့ စကပ်ပင်သားတွေ၊ထင်းရှုးသားတွေကို သေနပ်ခုတ်ကြတယ်။ ကွယ်လွန်သွားတဲ့ ကိုစစ်နိုင်နဲ့ ကိုရဲတို့က သေနပ်ကိုအဟုတ်လှအောင်ခုတ်ထစ်နိုင်တယ်။ကျနော်ကတော့ ခတ်ပျင်းပျင်းဆိုတော့ နည်းနည်းကောက်ကွေးကွေး ထင်းချောင်းတချောင်းကို သေနပ်အသွင်ကိုင်လို့သင်တန်းမှုးက သတိပေးတယ်။ ဘယ်တော့မှ ကိုင်ရမယ်မှန်းမသိတဲ့ သေနပ်ကိုစိတ်ကမှန်းပြီး နေပူပူထဲသစ်သားသေနပ်တွေနဲ့ မငြီးမငြူ စစ်ရေးလေ့ကျင့်ကြတယ်။ သစ်သားသေနပ်သာဆိုတယ်၊ အဲဒီသစ်သားသေနပ်ကိုမလေးမစားလုပ်ရင် သင်တန်းမှုးညီညီလွင်က မှတ်ထားပြီး မပြစ်ပေးလေ့ရှိတယ်။ (ညီညီလွင်ရဲ့အပြစ်ပေးတဲ့မှတ်တမ်းလေး၊ စာဖတ်သူတွေကြည့်နိုင်အောင် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်)
ဆရာမန်းမြင့်ဆိုင်ကလည်း (၃)လအတွင်းလက်နက်ရစေရမယ်ဆိုပြီးဂတိပေးလိုက်၊ (၃) လပြည့်တော့ ရက်ပေါင်း(၁၀၀) အတွင်း လက်နက်ကိုင်ရမယ်လို့ ဖြောင့်ဖျလိုက် ၊ ရက်(၁၀၀)ပြည့်တော့ လက်နက်ကိုင်တော်လှန်ရေး မကြာခင် စရတော့မယ်ဆိုပြီးပျားရည်နဲ့ ၀မ်းချလိုက်နဲ့ မိုးရေးနယ်စပ်မှာထိုင်ပြီး ဆင်ဖြူတော်စီမံကိန်းကြီးတွေချပြနေတယ်။စခန်းကရဲဘော်တွေက ကြာတော့လည်း  စိတ်ဓာတ်တွေကျကုန်တယ်။စစ်ရေးလေ့ကျင့်တော့မယ်ဆို ၀မ်းကိုက်တယ်၊ ဖျားတယ် နာတယ် အကြောင်းပြပြီး ခွေနေတဲ့လူတွေများလာတယ်။တချို့ရဲဘော်တွေကလည်း ဗြောင်ကျကျပဲ စစ်ရေးလေ့ကျင့်ခန်းဆို သွားမလုပ်တော့ဖူး။ တနှစ်နီးပါးဒါချည်းပဲ လုပ်နေရတော့ စိတ်ပျက်နေပြီ။ ကျနော်လည်း သတင်းနဲ့ပြန်ကြားရေးမှုးရာထူးကို ထိထိရောက်ရောက်အသုံးချတဲ့အနေနဲ့စစ်ရေးလေ့ကျင့်ခန်းလုပ်မယ်ဟေ့ဆိုရင် ရေဒီယိုသတင်းတွေနားထောင်ပြီးကူးနေလိုက်တယ်။ အလုပ်တွေအရမ်းရှုတ်ပြလိုက်တယ်။သင်တန်းမှုးညီညီလွင်က ရိပ်မိရင် စခန်းတာဝန်ခံ ဒေါက်တာအောင်ကျော်ဦးကို လက်တို့တိုင်တယ်။ဒီတော့လည်း စိတ်မပါပဲ စစ်ရေးလေ့ကျင့်ခန်းလုပ်ရပြန်တယ်။
စိတ်ကျနေတဲ့ ကျနော်တို့အတွက်ရဲဘော်တချို့က ထွက်ပေါက် တခုရအောင်ရှာလာခဲ့တယ်။ ကျနော်က ညမိုးချုပ်၊ မြန်မာ့အသံ ဘီဘီစီ၊အေအိုင်အာ၊ ဗွီအိုအေ သတင်းတွေကို ရေဒီယိုကနေ အသံဖမ်း တယ်။ရေဒီယို ကက်ဆက်ကလည်းတလုံးထဲရယ်။ဒါတောင် အိန္ဒိယ ထောက်လှမ်းရေးကပေးထားတာ။ မနက်နဲ့ညတိုင်း အသံဖမ်းထားတဲ့ ထူးထူးခြားခြားသတင်းတွေကို သတင်းမှတ်တမ်းစာအုပ်ကြီးထဲ လက်ရေးနဲ့ပြန်ကူးပြီး အရေးကြီးတဲ့ သတင်းဆိုရင်စခန်းကလူတွေသိအောင်ချက်ခြင်းဖတ်ပြတယ်။  မြန်မာပြည်ကသတင်းစာတချို့နဲ့ စာဆောင်တွေ သတင်းမှတ်တမ်းတွေကို ကျနော်က ထိမ်းသိမ်းထားရတယ်။ တည သတင်းတွေကူးနေတုံးမျက်မှန်အထူကြီး တပ်လေ့ရှိတဲ့ ကျောက်ခဲ(ကလေးမြို့) ကျနော် အလုပ်လုပ်နေတုံး ရောက်လာတယ်။  ဘာထူးလဲကိုညို ဘာညာနဲ့ပြောပြီး ကျနော့ဆီက မြန်မာ့အလင်းသတင်းစာအဟောင်းတရွက်လောက်တောင်းတယ်။  သူက စခန်းမှာစကားအရမ်းနည်းပြီးခတ်အေးအေးပဲနေတတ်တယ်။ သူတခုခုအသုံးပြုချင်လို့နေမှာပဲဆိုပြီး အရေးမပါတဲ့ သတင်းစာတဖောင်ကို ပေးလိုက်တယ်။ “ကိုညို အလုပ်ပြီးရင် အနောက်ဘက်ထဲ လာခဲ့လေ” လို့မှာတယ်။ ကျနော်လည်းအလုပ်ပြီးတော့ အဆောင်(၁) နောက်ဖက် စကပ်တောထဲလိုက်သွားတယ်။ တခါတလေ တောထဲက လရိပ်အောက်မှာကျနော်တို့သူငယ်ချင်းတချို့ စားစရာလေးတွေနဲ့ ဟိုအကြောင်း ဒီအကြောင်း ၊ သူ့အတွေ့အကြုံကိုယ့်အတွေ့အကြုံ ဖြစ်ဖြစ် ကြည့်ဖူးတဲ့ ရုပ်ရှင် ဖတ်ဖူးတဲ့စာအုပ် တွေအကြောင်းဖြစ်ဖြစ်ထွေရာလေးပါး ပြောတတ်ကြတယ်။ တခါတရံ စခန်းထဲက လူတချို့ရဲ့ အတင်းအဖျင်းတွေလည်းပါတယ်။ အများအားဖြစ်တော့လက်ရှိအနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောကြ သုံးသပ်ကြတာပါပဲ။ အဆောင်နောက်ဖက်စကပ်ပင်အောက် ခါတိုင်းထိုင်နေကျနေရာမှာ ဘယ်သူမှမတွေ့ရလို့ အသံပေးခေါ်ကြည့်တော့ ခတ်လှမ်းလှမ်းတောင်ကြောတနေရာမှာရဲကနဲ ရဲကနဲ ဆေးလိပ်မီးတွေ့လို့ လိုက်သွားလိုက်တယ်။
သူတို့အနားရောက်သွားတော့ ထူးခြားတဲ့အနံ့တချို့ရလိုက်တယ်။ “လာ..ဘရောင်း..ဘာထူးသေးလဲ” ဇော်လွင်ထွန်းက ခေါ်ခေါ်မေးမေးပြောလိုက်ရင်းနေရာပေးတယ်။ “ သိတ်မထူးပါဘူး၊ အဖမ်းခံရတဲ့ သတင်းတွေချည်းပဲ”ကျနော် ကြည့်လိုက်တော့ လူတိုင်းပြုံစိစိအမူအရာတွေနဲ့။အောင်ဆန်းလင်းက သတင်းစာနဲ့ လိပ်ထားတဲ့ ပွတ်ချွန်းတလိပ် လှမ်းပေးတယ်။ မီးညှိပြီးသောက်ကြည့်တော့  အရသာခတ်ပေါ့ပေါ့ပဲ၊ အနံ့လည်းပြင်းတယ်။ လရောင်အောက်ကမျက်နှာတွေဟာ ကျနော့ကို ရီဖြဲဖြဲနဲ့  ကြည့်နေတယ်။နောက်တော့ ကျနော်ရိပ်မိသွားတယ်။ “ မားတွေလား” ၀ါးဟားဟားနဲ့ ၀ိုင်းရီကြတယ်။ သူတို့အားလုံးဆေးခြောက်မှန်နေပြီ။ ကျနော် အတော်လေးစိတ်ဝင်စားသွားတယ်။ ဘိုထိန်က ပလပ်စတစ်နဲ့ထုတ်ထားတဲ့အထုတ်ကြီး ထုတ်ပြတယ်။ “ဘယ်ကရတာလဲ၊များလှချေလား” “နွားတင်းကုတ်က” ။
မနက်က ရဲဘော်တချို့  တောလည်သွားရင်း စခန်းနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ဂေါ်ရခါးယာတဲ တလုံးကိုသွားတွေ့တယ်။ ယာတဲထဲထိုင်အပမ်းဖြေရင်း ထပ်ခိုးတနေရာမှာ ဆေးခြောက်ပင်တချို့ကြပ်တင်ထားတာတွေ့ကြတယ်။ နည်းနည်းပါးပါးသိတဲ့ ရဲဘော်တယောက်က ဒါဆေးခြောက်တွေဆိုတာ ရိပ်မိတော့ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာမှာ ဂေါ်ရခါးနွားတင်းကုတ် နောကက လူတရပ်လောက်ရှိတဲ့ ဆေးခြောက်ပင်တွေတောထနေတာတွေ့လိုက်တယ်။ အလေ့ကျပေါက်နေတာပေါ့။ အိန္ဒိယမှာတော့ ဆေးခြောက်ပင်တွေဟာ လမ်းဘေးမှာထူထူထဲထဲအလေ့ကျပေါက်နေတာပဲ။ ဒီလိုနဲ့ ညစဉ်ညတိုင်း မားကလေးရှိုက်လိုက်၊ သကြားကလေးယက်လိုက်၊ မိုးဗြဲဒယ်ကြီးနဲ့ထမင်းခြောက်တွေလှော်စားလိုက်၊ ထွေရာလေးပါးအာလိုက်၊ တဟီးဟီး တဟားဟားနဲ့ ကျနော်တို့ရဲ့စိတ်ကျဝေဒနာတွေကို ထွက်ပေါက်အလွဲတွေပေးနေခဲ့တယ်။
တနေ့ မိုးရေးကနေ ဆရာမန်းနဲ့အိန္ဒိယစစ်ထောက်လှမ်းရေး တချို့ စခန်းကိုရောက်လာတယ်။ သူတို့နဲ့အတူ မြန်မာ့တပ်မတော့ကအရာရှိတယောက်လည်းပါလာတယ်။ ဗိုလ်မှုးစိုးမြင့်လို့ ခေါ်တယ်။ အသားညိုညို ခတ်သွယ်သွယ်၊ စစ်သားဥပဓိပဲ။သူက စခန်းထဲမ၀င်ဖူး၊ စခန်းရှိတဲ့ တောင်ကုန်းမရောက်ခင် တနေရာကနေ ရဲဘော်အားလုံးကိုခေါ်ပြီးစကားပြောတယ်။ ဆရာမန်းကတော့ စိတ်ဓာတ်မကျဖို့၊ အားမွေးထားဖို့ မကြာမီ အလားအလာကောင်းတွေပေါ်လာမယ်ပေါ့။ ဗိုလ်မှုးစိုးမြင့်ကတော့ သူမကြာမီ ရဲဘော်တို့ဆီလာပြီး စစ်သင်တန်းပေးမဲ့အကြောင်း၊ကျောင်းသားတွေ စိတ်ဓာတ်ကို သဘောပေါက်တဲ့အကြောင်း၊ စစ်ပညာစနစ်တကျမတတ်ပဲ စစ်တိုက်လို့မရနိုင်ကြောင်း၊ ဗမာ့တပ်မတော်ကို အခုလိုပုံစံမျိုးနဲ့ လည်း တိုက်လို့ မရနိုင်ကြောင်း၊ပျောက်ကျားစစ်ဆင်ရေးကို သင်ပေးမဲ့အကြောင်း၊ ပြည်သူတွေက ခင်ဗျားတို့ ကို မျော်လင့်နေကြောင်း၊စိတ်ဓာတ်မကျဖို့ ပြောသွားတယ်။ တပ်မတော်ဗိုလ်မှုးတယောက် ကိယ့်ဘက်ပါလာပြီဆိုတော့ ကျနော်တို့ရဲ့ ငုတ်နေတဲ့ စိတ်ဓာတ်တွေက ပါးပျဉ်းထလာပြန်တယ်။ ချက်ချင်းပဲ အားတက်ကုန်တယ်။ စခန်းထဲမှာပြန်လည်တက်ကြွလာပြီး စိတ်ကူးတွေ ပြန်ယဉ်လာတယ်။ သိတ်မကြာခင် တမူးလူ့ဘောင်သစ်က ကိုတင်ဝင်းနဲ့အသက်၄၀ကျော ၅၀ကျော် အရွယ် လူလတ်ပိုင်းတွေ စခန်းထဲရောက်လာတယ်။ ဗိုလ်သင်တန်းဆိုပြီး ထပ်ပြီးသင်တန်းတွေပေးပြန်တယ်။ဒါပေမဲ့ ညီညီလွင် သင်ပေးတာလောက်တောင် စနစ်ကမကျဖူး။ နောက်တော့လည်း အီလည်လည် ပြန်ဖြစ်သွားတယ်။ဗိုလ်မှုးစိုးမြင့်အသံလည်း ပြန်ပျောက်သွားတယ်။ အားလုံးဟာ ထုံးစံအတိုင်း ဒုံရင်းဒုံရင်းပြန်ဖြစ်သွားတယ်။
မသေချာတဲ့ မျော်လင့်ချက်တွေနဲ့နေရတဲ့ ဘ၀ဟာ အတော်လေး စိတ်ပင်ပမ်းကြပါတယ်။ ထိုင်းနယ်စပ် ရောက်သွားတဲ့ ကျောင်းသားရဲဘော်တွေကအနိမ့်ဆုံးအဆင့် လက်နက်ကိုင်ရတယ်၊ လက်နက်အစစ်တွေပစ်ခတ်လေ့ကျင့်ရသေးတော့ ကျနော်တို့ထက်ကံကောင်းကြတယ်လို့ ပြောရမှာပါ။ ကျနော်တို့ အနောက်ဖက် ရောက်ကျောင်းသားလူငယ်တွေက တနှစ်ပတ်လုံးသစ်သားသေနပ်နဲ့ ပစ်ထောက်မှောက်လှိမ့်တွေ လုပ်လိုက်၊ စိတ်ဓာတ်ကျပြီး လေနေလိုက်၊ တခါမျော်လင့်ချက်အသစ်တွေပေးလို့  ဖြစ်လာနိုးနဲ့စိတ်တွေပြန်တင်းပြီး ပြန်ထောင်တက်လာလိုက်၊ တခါပြန်ပြီးကျသွားလိုက်နဲ့ ကမ်းမမြင် လမ်းမမြင်တဲ့တော်လှန်ပင်လယ်ကြီးထဲမြုပ်ချီပေါ်ချီဖြစ်နေကြတယ်။ ရည်ရွယ်ရာကို မနည်းကူးခတ်ရပါတယ်။ လိုအင်ဆန္ဒတွေမပြည့်ဝ၊အနေအထိုင်လည်း ဆင်းရဲ၊ ရာသီဥတုလည်းဆိုးဝါး ပေမဲ့ စိတ်ဓာတ်ဘုန်းဘုန်းမလဲအောင် တင်းထားရတယ်။စိတ်ထွက်ပေါက် ပိတ်နေတော့ အချင်းချင်းတွေရန်ရှာကြတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမစွမ်းသာတဲ့ခေါင်းဆောင်တွေကို အပြစ်သွားမြင်နေတယ်။ သိတ်ကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့လည်း အပြစ်တွေမြင်ပြီးတယောက်နဲ့တယောက် မခေါ်မပြောနိုင်ကြဖူး။  လက်နက်ကိုင်တော်လှန်ရေးထက် ခက်ခဲ သိမ်မွေ့တဲ့ စိတ်ဓာတ်တော်လှန်ရေးကို ကျနော်တို့တတွေ ခက်ခက်ခဲခဲအစမ်းသပ်ခံပြီးဖြတ်ကျော်ရတယ်။ ထောင်ကျနေတာမဟုတ်ပေမဲ့  ထောင်အချုပ်ထဲရောက်နေသူနဲ့ မခြား စိတ်ကျဉ်းကြပ်မှုတွေဖြစ်ခဲ့တယ်။ ကျနော်တို့ ကိုယ်တိုင် သတိမမူမိပဲစိတ်ဓာတ်ရေးရာခံနိုင်ရည်အားတွေ ရခဲ့ကြတယ်။ တချိန်မှာ အဲဒီခံနိုင်ရည် စိတ်ဓာတ်တွေကနေ ခွန်အား တွေဖြစ်လာခဲ့ကြတယ်။အဲဒီ စိတ်ဓာတ်ခွန်အား နဲ့ပဲ အနှစ် ၂၀ကျော် အကြမ်းမဖက်နိုင်ငံရေးကို နည်းလမ်းမျိုးစုံသုံးပြီးတစိုက်မတ်မတ်လုပ်ခဲ့ကြတယ်။ ပန်းချီစစ်ငြိမ်းအေးရဲ့ ကဗျာတပိုင်းတစကိုသွားသတိရလိုက်တယ်။
 “ အသံသာ ရှိပါစေ
  ဒီမှာ ဂီတ ရှိတယ်၊
  စိတ်ဓာတ်သာ ရှိပါစေ
 ဒီမှာ အောင်ပွဲရှိတယ်”
ကိုညို။  မေ၂၊၂၀၁၃
No comments: