Wednesday, May 22, 2013

မြန်မာသို့ပေးသည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန် ကင်းလွတ်ခွင့် (GSP) အပေါ် တရုတ် လုပ်ငန်းရှင်များက အမြတ်ထုတ်မှုအား အီးယူမှ ခွင့်မပြု

အီးယူနိုင်ငံများမှ မြန်မာနိုင်ငံသို့ပေးသည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန် ကင်းလွတ်ခွင့် (GSP) အပေါ် တရုတ် လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ တစ်ဆင့်ခံ၍ အမြတ်ထုတ်မှုအား အီးယူမှ ခွင့်ပြုမည် မဟုတ်ကြောင်း မေ ၂၁ ရက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် GSP ဆိုင်ရာ ရှင်းလင်းပွဲတွင် အီးယူဘက်မှ ပြောကြားလိုက်ကြောင်း သိရသည်။

"မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ် ဇွန်လကစပြီး GSP နဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေ ပေးခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ အဲဒီအတွက် back date နဲ့ပြန်ပြီး လျှောက်လို့ရပါတယ်။ အခွန်ကင်းလွတ်ခွင့်နဲ့ ပတ်သက်ရင် ရိုးရိုး GSP နဲ့ GSP Plus ဆိုပြီး ရှိပါတယ်။ မြန်မာနိုင်ငံကိုတော့ GSP Plus ပေးမထားပါဘူး။ GSP ကိုလျှောက်တဲ့ အချိန်မှာတော့ လိုအပ်တဲ့ Requirement တွေ ရှိပါတယ်။ ပြီးလို့ရှိရင် Rules of Origin (ROO) က အရေးကြီးပါတယ်။ မြန်မာနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းဟာ အမှန်တကယ် မြန်မာနိုင်ငံက ထွက်တာမျိုးပဲ ဖြစ်ရမှာပါ" ဟု International Trade Relation မှ Mr.Atty Stefan F.Moser က ပြောကြားခဲ့သည်။

အဆိုပါ အီးယူနိုင်ငံမှပေးသော ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့်မှာ ပစ္စည်းအမျိုးအစားပေါ် လိုက်၍ ကွဲပြားကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပါက အထည်ချုပ်လုပ်ငန်းများ အပေါ်၌ ၁၅ ရာခိုင်နှုန်း အခွန်သက်သာခွင့် ပေးထားကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံကို ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန် ကင်းလွတ်ခွင့် ပေးတဲ့အခါ တရုတ်လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ဆီမှာရှိတဲ့ ကုန်ပစ္စည်းတွေကို မြန်မာပြည် တစ်ဆင့်ပို့ပြီး မြန်မာနိုင်ငံ ထွက်ကုန်အမည်ခံပြီး တင်ပို့ခြင်းကိုတော့ အီးယူက ခွင့်ပြုမှာ မဟုတ်ပါဘူး။ တရုတ်က တကယ်တော့ GSP နဲ့ပတ်သက်ရင် The Great User တွေ ဖြစ်ပါတယ်။ ဒါကြောင့် လျှောက်ထားသူ အနေနဲ့ Requirement တွေကိုတော့ မှန်ကန်အောင် ဖြည့်ဖို့ လိုအပ်ပါတယ်" ဟု International Trade Relation မှ Mr.Atty Stefan F.Moser က ပြောကြားခဲ့သည်။

အဆိုပါ GSP ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး သုံးနှစ်ကျော်သွားပါက နောက်တစ်ကြိမ် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။ 

(ဓာတ်ပုံ - တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ သယ်ဆောင်လာသော ယာဉ်တန်းများအား ကွတ်ခိုင်မြို့ အလွန်တွင် တွေ့ရစဉ်)
Eleven Media Group

No comments: