Monday, October 7, 2013

Airbus ကုမ္ပဏီက ဂျပန် လေကြောင်းလိုင်းကို လေယာဉ် ၃၁ စင်း ရောင်းချဖို့ စာချုပ်ချုပ်

Airbus ကုမ္ပဏီက ဂျပန် လေကြောင်းလိုင်းကို လေယာဉ် ၃၁ စင်း ရောင်းချဖို့ စာချုပ်ချုပ်လိုက်ပြီလို့ သိရပါတယ်။

Airbus အနေနဲ့ ဒီလို စာချုပ်ချုပ်လိုက်နိုင်တာဟာ အစဉ်အလာပြိုင်ဘက် အမေရိကန်က Boeing ဘိုးရင်း လွှမ်းမိုးထားတဲ့ လေယာဉ် အရောင်းဈေးကွက်ကို ကြီးကြီးမားမား ထိုးဖောက် လိုက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။

A 350 အမျိုးအစား လေယာဉ်တွေကို ဂျပန်လေကြောင်းလိုင်းကို ရောင်းချဖို့ ဖြစ်ပြီး တန်ဖိုးကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၉ ထောင် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ စီးပွားရေးအရ ဗျူဟာမြောက် ဆက်ဆံရေးတွေရှိတဲ့ ဂျပန်ဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာ Boeing ဘိုးရင်း ကုမ္ပဏီ ဆီကသာ လေယာဉ်တွေ ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဘိုးရင်းရဲ့ Boeing 787 Dreamliner မှာ ပြဿနာတွေ ရှိနေလို့ Airbus ဆီက ပြောင်းပြီး အခုလို ဝယ်ယူခဲ့တာတော့ မဟုတ်ပါဘူးလို့ ဂျပန် လေကြောင်းလိုင်းက ငြင်းဆိုထားပါတယ်။

No comments: